← Chapters

ကျုပ်ယဲ့ကျွင်းလင်က အားလုံးကိုတာဝန်ယူပေးမယ်

Vol. 12 Ch. 155

ကျုပ်ယဲ့ကျွင်းလင်က အားလုံးကိုတာဝန်ယူပေးမယ်

Vol. 12 Ch. 155

"ဘယ်လိုလုပ်ကြမလဲ? အဲ့ဘုန်းကြီးက ငါတို့ကို မကြောက်ဘူးနဲ့ တူတယ်"

"သေစမ်း၊ အဲ့ဒါ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူရဲ့ အရှိန်အဝါမလား? သူက မသေမျိုးအရိပ်ပဲ!"

"ဘာတွေလန့်နေကြတာလဲ? ယဲ့ကျွင်းလင်က တစ်ခါက ယွီဟွားဂိုဏ်းရဲ့ မသေမျိုးအရိပ်တစ်ယောက်ကို သတ်ခဲ့တယ်လို့ ငါကြားဖူးတယ်။ အဲ့သတင်းက ကျော်ကြားလိုက်တာမှ မသိသူကိုမရှိတာ။ ငါသာ စိတ်ငြိမ်ငြိမ်နဲ့ အခြေအနေကိုထိန်းထားနိုင်ရင် ဒီမြည်းကတုံးကောင်ကို ခြိမ်းခြောက်လို့ရတယ်!"

သူတို့ တိတ်တဆိတ် ဆက်သွယ်ဆွေးနွေးလိုက်ကြသည်။

အဖွဲ့၏ အဓိကပုဂ္ဂိုလ်ဖြစ်သော ဆံဖြူအဘိုးကြီးက သူ့နှလုံးသားထဲမှ ထိတ်လန့်မှုကို ဟန်မပျက်ဖိနှိပ်ထားပြီး ရဲရဲတင်းတင်း ဟန်လုပ်ကာ အနည်းငယ်လှောင်ပြောင်ရယ်မောလိုက်သည်။ ထို့နောက် လွန်စွာမော်ကြွားထောင်လွှားသော မျက်နှာဟန်ပန်ဖြင့် ခပ်မာမာဆို၏။ "ငါ့တပည့်၊ ဒါ မင်းကိစ္စမဟုတ်ဘူး၊ နောက်ဆုတ်နေလိုက်တော့!"

"ဟုတ်ကဲ့၊ ဆရာသခင်!"

ဝါးဦးထုပ်ဆောင်းထားသောလူမှာလည်း ယခုမှ စိတ်သက်သာရာရသွားပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကွယ်ရာသို့ အသာဆုတ်နေလိုက်သည်။

"ရောင်းရင်း၊ ငါဘယ်သူလဲဆိုတာ မင်းသိရဲ့လား? ဒီအရှေ့ပိုင်းစီရင်စုတစ်ခုလုံးမှာ ငါလုပ်ချင်လို့လုပ်တဲ့ကိစ္စကို လာတားရဲတဲ့သူ ဘယ်နှစ်ယောက်များရှိနိုင်မလဲ ရေတွက်ကြည့်စမ်းပါဦး!"

ဆံဖြူအဘိုးကြီး၏ မျက်လုံးများက ဆောင်းတွင်းနှင်းခဲများကဲ့သို့ အေးစက်စက်အရိပ်အငွေ့သမ်းနေပြီး လေသံမှာလည်း သတိပေးဟန်အပြည့်ပါသည်။

ဆရာတော်ရန်သမ် မျက်ခုံးပင့်လိုက်မိ၏။

သူမြင်သလောက်တော့ ကျန်သုံးယောက်မှာ ကျင့်ကြံမှုအဆင့် အားနည်းလှပေသည့် ဆံဖြူအဘိုးကြီး၏ ကျင့်ကြံဆင့်ကတော့ လွန်စွာနက်နဲလျှို့ဝှက်လှသဖြင့် သူပင်မခန့်မှန်းနိုင်အောင် ရှိရလေသည်။ မြူခိုးများဖုံးအုပ်ထား၍ အရွယ်အစားမခန့်မှန်းနိုင်သော ရေခဲတောင်ကြီးတစ်တောင်ကဲ့သို့။

"ဆရာသခင်၊ အဲ့လူက ဆံဖြူလူသတ်နတ်ဘုရား ယဲ့ကျွင်းလင်ပဲ! သူအရင်က ယွီဟွားဂိုဏ်းရဲ့ စစ်သည်တစ်သန်းပါတဲ့ တပ်မကြီးကို ဖျက်ဆီးချေမှုန်းခဲ့ဖူးတယ်။ အဲဒီတိုက်ပွဲမှာ တပည့်တော်တို့ လေပေါ်ဘုရားကျောင်းကလည်း အကြီးအကဲတွေနဲ့ တပည့်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်လေ!" နောက်လိုက်တပည့်တစ်ဦးက အသည်းအသန် သတိပေးလိုက်သည်။

"ဟမ်?"

ဆရာတော်ရန်သမ်၏ မျက်လုံးများတွင် ထက်ရှသောအလင်းတစ်ချက် ဖျတ်ခနဲလင်းလက်သွားသည်။ သူ သီးသန့်ကျင့်ကြံရာမှ ထွက်လာစဥ်အချိန်က ဤအကြောင်းကို ကြားသိခဲ့ရသည်ပင်။

ပွဲကြမ်းတော့မည့်အချိန်မှ မမျှော်လင့်ထားစွာ ဒီလိုလူနှင့် တွေ့ရလေခြင်း!

ယွီဟွားဂိုဏ်းမှ အဆင့်တက်ခါစ မသေမျိုးအရိပ် ကျွီယန်းကိုတောင် ရွှယ်မိသားစုပွဲမှာ လက်ဗလာနဲ့သတ်ဖြတ်ခဲ့တဲ့လူပဲ။

ကျင့်ကြံဆင့်က ခန့်မှန်းမရအောင်နက်နဲလှပြီး တိုက်ရည်ခိုက်ရည်နှင့် ခွန်အားအရာမှာလည်း ပြစ်ချက်ဆိုဖွယ်ရာမရှိပေ!

တစ်ဖက်လူ၏ တုံ့ပြန်မှုကိုစောင့်ဆိုင်းရင်း ဆံဖြူအဘိုးကြီး ရင်တုန်ပန်းတုန်ဖြစ်လို့နေသည်။

ဒီမြည်းကတုံးကြီးဟာ လေပေါ်ဘုရားကျောင်း၏ အဆင့်မြင့်စွမ်းအားရှင် အကြီးအကဲတစ်ဦးဖြစ်ပြီး လေပေါ်ဘုရားကျောင်းဆိုသည်မှာလည်း ဟွမ်ကျိုးတိုက်ပွဲတွင် ယဲ့ကျွင်းလင်လက်ချက်ဖြင့် အတော်အထိနာခဲ့သည့်အဖွဲ့ပင်။

ရန်သူချင်းထိပ်တိုက်တွေ့သော် တိုက်ပွဲကို ရှောင်လွှဲလို့ရနိုင်မည်လော?

ဒီတစ်ခါတော့ ထောင်‌ချောက်ထဲ တည့်တည့်ခုန်ဆင်းမိလိုက်ပြီပဲ!

ဆူးအပြည့်စိုက်ထားတဲ့ ထောင်ချောက်ကြီးပေါ့လေ!

သို့သော် မည်သူမျှထင်မှတ်မထားစွာ ဆရာတော်ရန်သမ်သည် ထုတ်လွှင့်ထားသော ကြောက်မက်ဖွယ်အရှိန်အဝါကို ဖြည်းဖြည်းချင်း ပြန်လည်လျှော့ချရုတ်သိမ်းလိုက်ကာ အပြုံးတစ်ပွင့်ဖြင့် ခင်မင်ရင်းနှီးသည့်လေသံနှင့် ဆိုလာသည်။ "အော်မီထော်ဖော၊ ဒါဆိုရင် ဒကာကြီးက အဲ့ဒီယဲ့ကျွင်းလင်ပဲကိုး၊ ဒီရဟန်းအိုကြီးက ဒကာကြီးအကြောင်းကို အရင်ကတည်းက ကြားဖူးနားဝရှိပါတယ်"

ဆံဖြူအဘိုးကြီး အံ့အားသင့်သွားပြီး စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်မြူးထူးသွားရတော့၏။

ယဲ့ကျွင်းလင်ရဲ့ နာမည်က အသုံးဝင်နေတုန်းပဲပေါ့၊ လေပေါ်ဘုရား‌ကျောင်းက ဒီရာထူးကြီးရဟန်းတော်တောင် သူ့ကို ချိုချိုသာသာ မျက်နှာသာပေးနေရတယ်တဲ့!

ဘေးပတ်လည်ရှိ ကျင့်ကြံသူများမှာ အံ့သြထိတ်လန့်စွာဖြင့် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။

ဒီယဲ့ကျွင်းလင်က ဒီလောက်ထိတောင် အစွမ်းထက်သွားပြီလား?

ဆရာတော်ရန်သမ်တောင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံရပြီး ဖားယားတဲ့ပုံစံတွေတောင် ပြနေတယ်!

သူတို့က တစ်လောကလုံးသိထားတဲ့ ကမ္ဘာ့ရန်သူတွေလေ!

"ဆရာသခင်၊ ဒီမြည်းကတုံးက ဆရာသခင့်နာမည်ကြားတာနဲ့ တကယ်ကြီးမျက်နှာသာပေးနေတာနော်" လီဝူကျယ် တိတ်တိတ်လေး အသံလွှင့်ပြီး လှမ်းပြောလိုက်သည်။ ဆရာတော်ရန်သမ်၏ မျက်နှာနှစ်ဖက်ကြောင့် သူလည်း အံ့သြနေရသည်ပင်။

ယဲ့ကျွင်းလင်က မျက်လုံးအသာမှေးကာ အကဲခတ်လိုက်ပြီး ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိဟန်ဖြင့် ခပ်လှောင်လှောင်တုံ့ပြန်လိုက်သည်။ "အလှည့်စားမခံလိုက်နဲ့၊ ဒီမြည်းကတုံးခေါင်းထဲမှာ လှည့်ကွက်တွေထောင်သောင်းချီပြည့်နေတာ၊ သေချာစောင့်ကြည့်ထား"

သူ့ခန့်မှန်းချက်အရတော့ ဆရာတော်ရန်သမ်က သူ့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် ထိုယဲ့ကျွင်းလင်အတုကိုအုပ်စုကို အသုံးချရန် ကြံစည်အကွက်ချနေခြင်းပင်။

"အဟမ်း၊ တာအိုရောင်းရင်း၊ ခင်ဗျားလည်း ဆေးဘုရင်တောင်ကြားကနေ ပြန်လာတာလား?" ဆံဖြူအဘိုးကြီးသည် ဆရာတော်ရန်သမ်၏ နှိမ့်ချရိုကျိုးမှုကို မြင်လိုက်ရပြီးနောက် စိုးထိတ်ကြောက်ရွံ့မှုများ လွင့်ပျယ်သွားကာ ပို၍တည်ငြိမ်အေးဆေးလာသည်။

"ဟုတ်ပါတယ်၊ ဆေးဘုရင်တောင်ကြားက တကယ့်ကို ကောင်းမြတ်သာယာတဲ့ နေရာတစ်ခုပါပဲ" ဆရာတော်ရမ်သမ်က သက်ပြင်းတစ်ချက်ချလျက် ခပ်ပြုံးပြုံးဆိုလိုက်သည်။

သူ့ရင်ထဲက ဒေါသမီးတောင်မှာတော့ ချော်ရည်အပြည့်ဖြင့် ဆူပွက်နေခဲ့လေပြီ။

ဆံဖြူအဘိုးကြီးကတော့ ကြိတ်ဝမ်းသာသွားသည်။ ရာထူးအဆင့်အတန်းမြင့်မားလှသော ယုံကြည်စိတ်ချချင်စရာ ဆရာတော်တစ်ဦးထံမှ ဒီလိုအကဲဖြတ်မှုကို ကြားလိုက်ရသောကြောင့် ဆေးဘုရင်‌တောင်ကြားမှာ အမှန်ကိုရတနာမြေဖြစ်ရမည်ဟု သူသတ်မှတ်လိုက်တော့၏။

ဒါဆိုရင် ထွက်လာတဲ့လူတွေတော့ အတော်အိတ်ဖောင်းလာမှာပဲ၊ ဆေးဘုရင်တောင် ပါကောင်းပါနိုင်သေးတယ်!

သူ့ခေါင်းထဲတွင် လောဘဇောတက်နေသော အတွေးများ ဖြတ်သန်းစီးဆင်းသွားပြီးနောက်၊

ဆံဖြူအဘိုးကြီးသည် စိတ်ဆုံးဖြတ်လိုက်ပုံရပြီး၊ ခပ်ကြမ်းကြမ်းလေသံဖြင့် တစ်ချက်ဟောက်လိုက်သည်။ "ဒီလိုဆိုရင်တော့ တွေ့ဆုံခြင်းဟာ ကံကြမ္မာအလိုအရပါပဲ၊ ဆရာတော်အနေနဲ့ ကျေးဇူးပြုပြီး နောက်ထပ်လာမယ့် ကိစ္စတွေကို ဝင်မစွက်ဖက်ပါနဲ့၊ မဟုတ်ရင်တော့... ဟမ့်!"

ပြောရင်းဆိုရင်း ဝတ်ရုံလက်စအား အလွန်ထောင်လွှားစွာဖြင့် တစ်ချက်ခါယမ်းလိုက်သည်။

အနောက်က အယောင်ဆောင်တပည့်များမှာတော့ ပုံမှန်လိုပင် ဟန်မဆောင်နိုင်တော့ဘဲ တိတ်တဆိတ်သာစောင့်ကြည့်နေကြကာ စိတ်ထဲတွင်တော့ မသေမျိုးအရိပ်ကိုတောင် မျက်နှာပြောင်တိုက်နိုင်သေးသည့် ခေါင်းဆောင်ဖြစ်သူအား သြချမဆုံးတော့ပေ။

ထို ရိုင်းစိုင်းသောအမူအရာအား မြင်သော်..

ဆရာတော်ရန်သမ်သည် ဒေါသကင်းစင်စွာဖြင့် တစ်ချက်ပြုံးလိုက်သည်။ "ဒကာယဲ့ကျွင်းလင် ဆိုလိုချင်တဲ့အဓိပ္ပာယ်ကို ဒီရဟန်းအိုကြီး အပြည့်အဝနားလည်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းဆို သိပ်ထိရောက်မှုမရှိမှာစိုးတဲ့အတွက် ဒီရဟန်းအိုကြီးက ကူညီပေးပါရစေ"

'ဝှီး!'

သူသည် လက်တစ်ဖက်တည်းဖြင့် သင်္ကေတတစ်ခုကို ပုံဖော်လိုက်ရာ ကြေးနီရောင် ဆွမ်းခံသပိတ်တစ်ခုသည် သူ့ဦးခေါင်းထက်တွင် ချက်ချင်းပေါ်ထွက်လာပြီးနောက် မယုံကြည်နိုင်လောက်အောင် လျင်မြန်စွာ ကျယ်ပြန့်ကြီးမားလာကာ ကမ္ဘာတစ်ခုလုံးအား အပြီးတိုင်ဖုံးအုပ်တော့မလို ထင်ရစေ၏။

မကြာမီ ထိုကြေးနီရောင်သပိတ်သည် ပြီးပြည့်စုံစွာ ပုံဖော်ပြီးစီးသွားသည်။ အပြစ်အနာအဆာကင်းရှင်းစွာဖြင့် ကျင့်ကြံသူအားလုံးကို အလုံဖုံးအုပ်ထားသည့် လှောင်အိမ်တစ်ခုကဲ့သို့ အလစ်အဟာမရှိ ယင်ကောင်တစ်ကောင်ပင် ထွက်ပြေး၍မရနိုင်ပေ!

ဆွမ်းခံသပိတ်၏ မျက်နှာပြင်တွင် ရွှေရောင်ပါဠိအက္ခရာများ ခပ်မှိန်မှိန်ဖုံးအုပ်ထားပြီး ဘုရားကျောင်းမှ ကျမ်းစာရွတ်ဆိုသံများ နေရာနှံ့မှ သဲ့သဲ့ကြားနေရကာ မင်္ဂလာရှိသော၊ သန့်ရှင်းမြင့်မြတ်သော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။

ထိုဆွမ်းခံသပိတ်ထဲ ပိတ်မိနေသော ကျင့်ကြံသူအားလုံးမှာ သံသယတစ်ဖက်၊ မသေချာမရေရာမှုတစ်ဖက်ဖြင့်။

နှလုံးသားထဲတွင် မကောင်းသောနိမိတ်တစ်ခုကို ခပ်ရေးရေး ခံစားနေမိသကဲ့သို့။

"တာအိုရောင်းရင်း၊ ဒါဘာသဘောလဲ..." ဆံဖြူအဘိုးကြီးမှာ ကြောက်ရွံ့မှုကြောင့် ထုံကျဥ်တောင့်ခဲသွားပြီး စိတ်မသက်မသာဖြစ်မှုအား ထိန်းမထားနိုင်တော့ပေ။ တစ်ဖက်လူ၏ ရုတ်တရက်ထလုပ်လိုက်သော အပြုအမူက သူ့မျှော်လင့်ထားသည်ထက် အများကြီးကျော်လွန်သွားလေပြီ။

သူဘာလုပ်ရမလဲ?!

ထိုအချိန်တွင်၊ ရေတွက်မရနိုင်သော ထိတ်လန့်တကြား အကြည့်များကြားမှ ဆရာတော်ရန်သမ်သည် သနားကြင်နာဟန်ဖြင့် သက်ပြင်းတစ်ချက်ချ၏။ "ကောင်းလေစွ၊ ကောင်းလေစွ၊ တွေ့ဆုံခြင်းသည် ကံကြမ္မာအလိုပါပဲ၊ ဒီရဟန်းအိုကြီးက ဒကာတို့ကို နိဗ္ဗာန်မဂ်ဖိုလ်ဆီ အမြန်ဆုံး ပို့ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီလေ"

"အော်မီထော်ဖော~"

All Chapters