← Chapters

အခန်း (၁၅၆)

Vol. 12 Ch. 156

အခန်း (၁၅၆)

Vol. 12 Ch. 156

မျက်ခုံးဖြူနှင့် ဘုန်းကြီးအိုကြီးက လက်အုပ်ချီပြီး တည်ငြိမ်စွာ ဗုဒ္ဓအမည်အား မြည်တမ်းရွတ်ဆိုလိုက်သည်။

ထိုစကားများကြောင့် သပိတ်ထဲရှိကျင့်ကြံသူတိုင်း တုန်လှုပ်သွားရလေပြီ။

သူတို့ထဲမှ ကျင့်ကြံသူတစ်ယောက်က တစ်ခုခုကို နားလည်သွားဟန်ဖြင့် တုန်ရီနေသော လက်ညှိုးတစ်ချောင်းကိုထောင်ကာ ထပြောလိုက်သည်။ "ငါနားလည်လိုက်ပြီ၊ ဒီမြည်းကတုံးက ငါတို့အားလုံးကို လက်စားချေချင်နေတာပဲ!"

ဆေးဘုရင်တောင်ကြားမှ ထွက်လာသော အခြားကျင့်ကြံသူများမှာလည်း ဒေါသလည်းထွက်၊ စိုးလည်းစိုးထိတ်လှကာ ဆရာတော်ရန်သမ်တစ်ယောက် မကျေနပ်ချက်များအား သင်ပုန်းချေတော့မည်ကို ရိပ်မိစွာဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်လာကြ၏။

"ကျွန်တော်တို့လည်း အတင်းအကြပ်လုပ်ခိုင်းလို့ လုပ်ခဲ့ရတာပဲ! ဘာလို့ ကျွန်တော်တို့က အပြစ်ခံရမှာလဲ?"

"မစင်လုံးနဲ့ အပစ်ခံရရုံပဲလေ၊ ခင်ဗျားလို အဆင့်အတန်းမြင့်လှပါချည်ရဲ့ဆိုတဲ့ ဘုန်းကြီးက ဒီလောက်တောင် စိတ်သဘောထားကျဉ်းမြောင်းရသလား?!"

"ဆရာသခင်! ကျွန်တော့်ကိုတော့ လွှတ်ပေးပါ၊ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးပါတယ်!"

"ဘုန်းကြီးတွေက သနားကြင်နာတတ်ရတာ မဟုတ်ဘူးလား? ခင်ဗျားက လေပေါ်ဘုရားကျောင်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေတာပဲ!"

စွပ်စွဲသံများ၊ သနားခံသံများ၊ ဒေါသတကြီးပေါက်ကွဲသံများသည် ချက်ချင်းပင် နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။

ဆရာတော်ရန်သမ်၏ စိတ်တည်ငြိမ်မှု ပျက်ပြားသွားပြီး စိတ်ကိုလွှတ်ချလိုက်ဟန်ဖြင့် နဖူးကြောများ ထောင်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "တိတ်စမ်း! မင်းတို့ လူယုတ်မာအုပ်စု! ဒီရဟန်းအိုကြီး ဂုဏ်သိက္ခာကြီးမြင့်တဲ့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူ ဆရာ‌တော်တစ်ပါးပဲ၊ အဲ့လိုလူကို ရိုသေသမှုမရှိ စုပေါင်းပြီးမစင်လုံးနဲ့ပစ်ခဲ့ကြတာ မင်းတို့ပဲလေ"

"ဒီအရှက်ရစရာဖြစ်ရပ်ကို ဒီရဟန်းအိုကြီးက ဘယ်လိုများဖြေလျှော့နိုင်မှာလဲ? မင်းတို့အားလုံးကို ဒီရဟန်းအိုကြီး ကိုယ်တိုင်ပဲ နောင်ဘဝရောက်အောင် ပို့ဆောင်ပေးမယ်! မင်းတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ပေးဆပ်ဖို့က ဒီတစ်နည်းပဲ ရှိတော့တာကွ!"

အဆုံးမဲ့ မှော်စွမ်းအားဖြင့် ပြည့်နှက်နေသော အော်ဟစ်ပေါက်ကွဲသံသည် ပရမ်းပတာ ဆူညံသံများကို ချက်ချင်း ငြိမ်ကျသွားစေပြီး ကျင့်ကြံသူအများအပြားမှာ နားစည်များတုန်ခါကာ စိတ်နှလုံးတို့ တုန်ရီချိနဲ့သွားရတော့၏။

အားလုံးသည် ကြောက်စရာကောင်းလောက်အောင် လောင်မြိုက်နေသော ရဟန်းအိုကြီးကို မျက်စိပျက်မျက်နှာပျက် ကြည့်လိုက်မိကြသည်။ သူ့မျက်နှာသည် ပုံမှန်တည်ငြိမ်အေးချမ်းဟန်တို့ ပျောက်ဆုံးကာ မည်သူ့ကိုမဆို ဝါးမျိုစားသောက်တော့မည့် ဘီလူးသဘက်ပုံစံဖြင့် လွန်စွာစိမ်းသက်သောခံစားချက်ကို ပေးစွမ်းနေ၏။

မစင်လုံးနဲ့ အပစ်ခံရတာလား?

ဘာတွေဖြစ်နေကြတာလဲ?

အပြင်မှာကျန်ရစ်ခဲ့ပြီး ဘာမှမသိနားမလည်ရှာသော အုပ်စုထဲမှ အတုံးအဆုံးသူများသည်ပင် တောင်ကြားတွင်းမှဇာတ်လမ်းများကား ထင်သလောက်မရိုးရှင်းလှကြောင်း သိနားလည်သွားကြသည်။

ဒါပေမယ့် ပြဿနာက ငါတို့နဲ့မှမဆိုင်တာ၊ ဘာကိစ္စ ဒီသပိတ်ကြီးထဲအအုပ်ခံထားရပြီး နှုတ်ပိတ်ခံရမှာလဲ? ငါတို့လည်း ဘာမှမသိ!

စွမ်းအားကြီးကျင့်ကြံသူအများအပြား မျက်နှာမသာမယာဖြစ်ကာ ဆွမ်းခံခွက်ကို စမ်းသပ်တိုက်ခိုက်ကြည့်ကြသော်လည်း တဒုန်းဒုန်းမြည်သံများသာ ထွက်ပေါ်လာပြီး အကျိုးသက်ရောက်မှုမရှိခဲ့ပေ။

ဆရာတော်ရန်သမ်သည် ပေါက်ကွဲလိုက်မိသည်အား သတိထားမိစွာ မျက်နှာဖုံးစွပ်လိုက်သကဲ့သို့ လျင်မြန်စွာ ပြန်လည်တည်ငြိမ်လာပြီး စိတ်ခံစားချက်မဲ့သောမျက်နှာသေဖြင့် ပြောလိုက်သည်။ "မင်းတို့ရဲ့ စွမ်းအင်တွေကို မဖြုန်းတီးပါနဲ့။ ဒီရဟန်းအိုကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီထဲကဘယ်သူမှ ထွက်သွားလို့ မရဘူး"

"ဒီအကြီးအကဲ၊ ကျွန်တော်က မဟာရန်မင်းဆက်ရဲ့ တော်ဝင်မင်းသားပါ။ အကြီးအကဲ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေကို ထည့်စဉ်းစားမိသလား!" ပိုးထည်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ထူးခြားခမ်းနားဟန်ရှိသည့် တော်ဝင်ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ပြရင်း ဒေါသတကြီး အော်လိုက်၏။

"ဒီအဘိုးကြီးက ချမ်ခွန်းဂိုဏ်းရဲ့ အဓိကအကြီးအကဲပဲ၊ ငါသာဒီမှာ တစ်ခုခုဖြစ်ရင် ငါ့ဂိုဏ်းက အဆုံးအထိ ရအောင်စုံစမ်းမှာ သေချာတယ်!" အခြား အဆင့်အတန်းမြင့် လူအိုကြီးတစ်ဦးကလည်း လက်ထဲမှယပ်တောင်ကို ဖျတ်ခနဲခါယမ်းကာ ဝင်ပြောလာသည်။

"ဟမ့်၊ ငါတို့မှာ မင်းလောက်မြင့်တဲ့ ကျင့်ကြံဆင့်မရှိရင်တောင်၊ မင်းက ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ အတင်းအကျပ် လုပ်မယ်ဆိုရင် ငါတို့နောက်ခံအင်အားစုတွေက လုံးဝလွှတ်ထားပေးမှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် မင်းလေပေါ်ဘုရားကျောင်းက ထိုက်တန်တဲ့ပေးဆပ်မှုတစ်ခုခုတော့ ပြန်လုပ်ပေးရမှာပဲ!" အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကလည်း ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်၏။

"ဒါအမှန်ပဲ!"

လူအုပ်ကြီးတစ်ခုလုံး ဒေါသအမျက်‌ချောင်းချောင်းထွက်နေပြီး ဆရာတော်ရန်သမ်စိတ်လျှော့စေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။

လေပေါ်ဘုရားကျောင်းမှ အကြီးအကဲများလည်း ရင်တထိတ်ထိတ်ဖြင့်သာ။ ဆရာတော်ရန်သမ် စိတ်လွတ်သွားပါက သူတို့လေပေါ်ဘုရားကျောင်း ဒုက္ခအကြီးအကျယ် ရောက်တော့မည်မဟုတ်လော။

"ဆရာတော်ရန်သမ်၊ တပည့်တော်ပြောမယ်..." တပည့်ရဟန်းတစ်ဦးက သတ္တိမွေးပြီး ‌ဖျောင်းဖျရန်ပြင်လိုက်သည်။

သို့သော် ဆရာတော်ရန်သမ်က စကားဆုံးအောင်ပင်နားမထောင်ဘဲ လက်တစ်ဖက်ကို မြှောက်လိုက်ရာ ရွှေရောင်လက်ကြီးတစ်ဖက် လျင်မြန်စွာ ပေါ်ထွက်လာသည်။

ထိုလက်ကြီးက ရဟန်းအား တင်းကျစွာဆုပ်ကိုင်ထားရာ အရိုးကျိုးသံတဂျွတ်ဂျွတ်ပင် ထွက်ပေါ်လာသည်အထိ။ ပိုပြင်းထန်လာသော ညှစ်အားကြောင့် ထိုရဟန်း၏မျက်နှာအရောင်မှာ ပြာနှမ်းလို့လာကာ ကြောက်အားလန့်အားဖြင့် အော်ဟစ်လိုက်သည်။ "ရန်သမ်၊ မင်းရူးသွားပြီလား?!"

"ဒီရဟန်းအိုကြီး မှတ်မိပါသေးတယ်၊ အဲဒီပစ်တဲ့အဖွဲ့ထဲမှာ မင်းလည်း ပါခဲ့တာပဲ" ဆရာတော်ရန်သမ်က မျက်နှာသေဖြင့် ရေရွတ်လာ၏။

ထိုရဟန်းသည် နာကျင်မှုကြောင့် ငိုချ‌တော့မတတ်အခြေအနေဖြင့် အသနားခံလာသည်။ "ရန်သမ်၊ ငါတို့က တစ်ဂိုဏ်းတည်းသား ရောင်းရင်းတွေပဲလေ၊ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ရမှာလဲလဲ? ပြီးတော့ ငါလည်း အတင်းအကျပ်ခိုင်းခံရလို့ လုပ်ခဲ့ရတာပဲ!"

'ဘန်း!'

နောက်တစ်စက္ကန့်တွင် ထိုခန္ဓာပေါင်းစည်းခြင်းအဆင့် ရဟန်းတော်မှာ သွေးမှုန်သွေးမွှားများအဖြစ် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး သူ၏စိတ်ဝိညာဉ်သည်ပင် အစအနမကျန်အောင် ဖျက်ဆီးခံလိုက်ရလေသည်။

"ဒုက္ခပဲ!" လူတိုင်း လေးလံစွာ သက်ပြင်းချလိုက်ကြပြီး သူတို့၏ နှလုံးသားများလည်း ကြောက်စိတ်ဖြင့် အေးစက်လို့သွားရသည်။ ဒီမြည်းကတုံးကား ရောင်းရင်းရဟန်းတော်ကိုပင် အမေးအမြန်းမရှိသတ်ပစ်သည်အထိ အညှာအတာကင်းမဲ့လို့နေလေပြီ။ သူတို့အတွက်ရော လွတ်လမ်းရှိနိုင်ပါဦးမလား?

"အော်မီထော်ဖော~"

ဆရာတော်ရမ်သမ်သည် ကြင်နာဟန်မျက်နှာဖုံးကို ပြန်လည်တပ်ဆင်ကာ နောင်တကြီးစွာရသွားဟန် ပုံဖမ်းနေသော်ငြား ၎င်း၏မျက်လုံးများတွင် သွေးဆာနေသော အလင်းရောင်တစ်ခု လျှပ်တပြက် ဖြတ်ပြေးသွား၏။

ဆံဖြူအဘိုးကြီး၏ ဦးရေပြား ကျဉ်တက်သွားသည်။ သူသည် မူလက နောက်ဆုံးအချီကြီးတစ်ခုကို ပြီးစီးလုပ်ဆောင်ပြီးနောက် ဓားပြအလုပ်အားစွန့်လွှတ်ကာ ရရှိထားသောအမြတ်အစွန်းများကို အိတ်ထဲထည့်၍ နှစ်ရာချီကြာအောင် ဂူအောင်းကျင့်ကြံရန် စီစဥ်ထားခြင်းဖြစ်၏။

သို့သော် အခြေအနေတွေက ဤမျှပြင်းထန်ကုန်လိမ့်မည်ဟု လုံးဝမတွေးစဖူး!

အနောက်မှအဖွဲ့ကို လှမ်းကြည့်သောအခါတွင်လည်း လိပ်ပြာလွင့်မတတ်ကြောက်ရွံ့လျက် သူ့ကိုသာ အကူအညီတောင်းဟန် မျက်စလှမ်းပစ်နေကြသည်အား တွေ့လိုက်ရသည်။

ဆံဖြူအဘိုးကြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့လည်း ကိုယ့်အားကိုယ်ပဲ ကိုးရတော့မှာပါလား?

ထို့နောက် ပြိုတော့မည့်မိုးကဲ့သို့ ညို့မှိုင်းနေသောမျက်နှာထားဖြင့် ‌အေးစက်စက်အသံကိုသုံး၍ မေးခွန်းထုတ်လိုက်သည်။ "တာအိုရောင်းရင်းက ကျုပ်ကိုပါရှင်းထုတ်ချင်တာပေါ့လေ?"

ချက်ချင်းပင်။

လူတိုင်း အတွေးများပြန်လည်အသက်ဝင်လာသည်။

ဒီဆံဖြူအဘိုးကြီးသည် ဘွဲ့နာမည်ကိုက ဆံဖြူလူသတ်နတ်ဘုရားဖြစ်ပြီး အနောက်တွင်လည်း ရှေးဟောင်းနတ်ဘုရားဂိုဏ်းတော်ဟု လူပြောများလှသော ရွှယ်ထျန်းဂိုဏ်းက အခိုင်အမာရှိနေသေး၏။ ယွီဟွားဂိုဏ်းကိုတောင် အလေးအနက်မထားသော တဇွတ်ထိုးသတ္တိခဲများ မဟုတ်ပါလော။ ဆရာတော်ရန်သမ်သာ စိတ်မလျှော့လျှင် ယဲ့ကျွင်းလင်နှင့် သေချာပေါက်ရင်ဆိုင်ရပေလိမ့်မည်။ သည်အတိုင်းဆို သူတို့လည်း အသက်ရှင်ဖို့အခွင့်အရေး ရှိနိုင်သေးလောက်မည်ပင်။

အတွေးအမျိုးမျိုးဖြင့် လူအများသည် နဂိုအရင်းခံအထင်အမြင်တို့ပြောင်းလဲကာ ဆံဖြူအဘိုးကြီးအား တစ်ဖန်ပြန်လည်အားကိုးလာရပြန်တော့၏။

ဓားပြတိုက်ခံရသူများသည်ပင် သူ့အား ကယ်တင်ရှင်အဖြစ် မျှော်လင့်တကြီး ကြည့်လာကြသည်။

ဆရာတော်ရန်သမ် တစ်ချက်ပြုံးလိုက်သည်။ "ဒကာယဲ့ကျွင်းလင်ရယ် ဒီလိုဘယ်ဖြစ်နိုင်ပါ့မလဲ? ဒီရဟန်းအိုကြီးက ဒကာကြီးရဲ့ စိတ်နေစိတ်ထားကို အလွန်လေးစားတာပါ။ ဒါပေမယ့် ဒီရဟန်းအိုကြီးမှာလည်း တောင်းဆိုချင်တာတစ်ခု ရှိနေတဲ့အတွက် ဒကာကြီးအနေနဲ့ သေချာစဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။"

ဆံဖြူအဘိုးကြီးသည် အဓိကအချက်ကို ဆုပ်ကိုင်မိလိုက်ပြီး ခပ်တည်တည်ဖြင့် ပြန်မေးလိုက်သည်။ "ဘာတောင်းဆိုမှုလဲ?"

"ဒကာကြီးက စည်းစိမ်ဥစ္စာကိုလိုချင်ပြီး ဘုန်းကြီးက အသက်ကိုလိုချင်တယ်၊ နောက်ပိုင်းကျရင် ဒီကိစ္စကို ဒကာကြီးကပဲ နာမည်ခံတာဝန်ယူပေးနိုင်မယ်ဆိုရင် ဒီရဟန်းအိုကြီးကတော့ အလွန်ကျေးဇူးတင်မိမှာပါပဲ" ဆရာတော်ရန်သမ်၏ ကမ်းလှမ်းမှုကား အဓိပ္ပာယ်ပြည့်ဝလှ၏။

ဆံဖြူအဘိုးကြီး အံ့အားသင့်သွားသည်။

ဘယ်လောက် ကောက်ကျစ်လိုက်တဲ့ မြည်းကတုံးလဲ၊ အတွက်အချက်တော်သားပဲ။ သူက ငါ့ကို၊ မဟုတ်ဘူး၊ သူက ယဲ့ကျွင်းလင်ကို အပြစ်ခံစေချင်တာပဲ!

လူတိုင်း မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် အတော်ဉာဏ်များတာပဲဟုသာ တိတ်တဆိတ် မှတ်ချက်ချနိုင်ကြတော့သည်။

ဒီကိစ္စ ပျံ့နှံ့သွားရင်လည်း လေပေါ်ဘုရားကျောင်းကတော့ ဘာနာမည်မှပျက်လိမ့်မည်မဟုတ်။ ဆံဖြူအဘိုးကြီးမှာလည်း လူတကာ၏အသက်ဖြင့် သွေးစွန်းပြီးသားလက်ပိုင်ရှင်ဖြစ်၏။ ဤသတင်းဆိုးလောက်ကိုတော့ ဖြုံတော့မည့်ပုံမဟုတ်ပေ။

ဆရာတော်ရန်သမ်က စကားဆက်မပြောဘဲ ဆံဖြူအဘိုးကြီး၏ အဖြေကို တိတ်တဆိတ် စောင့်နေသည်။

စည်းစိမ်ဥစ္စာကိုတပ်မက်သူအား စည်းစိမ်ဥစ္စာပေးလိုက်လျှင် ပွဲပြီးလေပြီ။ အပြစ်ကို လိုလိုလားလားခံယူသူရှိ‌နေပါလျှင် သူနှင့် လေပေါ်ဘုရားကျောင်းအတွက် အထိအခိုက်ရှိလှမည်မဟုတ်။

ဆံဖြူအဘိုးကြီးက လက်နောက်ပစ်လျက် တဟားဟားရယ်မောလာသည်။

ညှိနှိုင်းမှု မအောင်မြင်လောက်ဘူးအထင်ဖြင့် ဆရာတော်ရန်သမ် အနည်းငယ်မွန်းကျပ်သွားကာ အပေးအယူကိုပြန်ပြင်ဖို့ စကားစဟန်ပြင်လိုက်သော်ငြား တစ်ဖက်လူပြန်‌ပြောလာသော စကားများက သူမျှော်လင့်ထားသည့်အတိုင်းအတာထက်ပင် ကျော်လွန်ကောင်းမွန်နေလေသည်။

"တာအိုရောင်းရင်း၊ ဘာကိုမှစိတ်မပူဘဲ လုပ်စရာရှိတာလုပ်ပါ။ နောက်ပိုင်းမှာ ကျုပ်ယဲ့ကျွင်းလင်က အပြင်လောကကို အပြည့်အဝ တာဝန်ယူပေးဖို့ ဆန္ဒရှိပါတယ်!!"

နံဘေးမှ ဆံဖြူငပျင်းကောင်အစစ်: ဖာခ့်

All Chapters