အော်ရဂျင်နယ်က ဒီမှာလေ
Vol. 12 Ch. 157
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားရ၏။
ဆရာတော်ရန်သမ်သည်လည်း ဤမျှလျင်မြန်စွာ သဘောတူလိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် အံ့အားသင့်သွားရသည်ပင်။ ယွီဟွားဂိုဏ်းကိုပင် ပေါ်တင်စိန်ခေါ်ရဲသော ဘာမထီသွေး ပီသပါပေသည်။
သူလိုချင်သော သဘောတူညီချက်ကို ရလိုက်ပေပြီ။
ဆရာတော်ရန်သမ်၏ အပြုံးသည် အလွန်ချစ်ခင်ကြင်နာဟန်ရှိကာ အပြုအမူကား ပို၍ပင် ရင်းနှီးလာသည်။ "အော်မီထော်ဖော၊ ဒီရဟန်းအိုကြီးက ဒကာယဲ့ကျွင်းလင်ကို အထူးကျေးဇူးတင်ရပါတယ်"
တစ်ဖက်လူသည် သူ၏ညီအစ်ကိုတပည့်များကို သတ်ဖြတ်ချေမှုန်းခဲ့ဖူးပြီး လေပေါ်ဘုရားကျောင်း၏ ထိပ်တိုက်ရန်သူဟု သတ်မှတ်ခံထားရသော်ငြား ဤလောကတွင် ထာဝရရန်သူဟူ၍ မရှိနိုင်ပေ။ အကျိုးတူအလိုတူ ဘက်တူနေသရွေ့ လက်ဆွဲနှုတ်ဆက်ကာ ငြိမ်းချမ်းရေးရယူနိုင်ပေသည်။
အရေးအကြီးဆုံးမှာ ထိုသူနှင့်ပတ်သက်သော ကောလာဟလများမှာ ပို၍ပင် ထူးဆန်းလာခဲ့သည်ပင်။ အချို့က ယဲ့ကျွင်းလင်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ကျင့်ကြံခဲ့သော နတ်ဆိုးအိုကြီးတစ်ပါးဖြစ်သည်ဟု ပြောဆိုကြပြီး၊ အချို့ကတော့ စစ်မှန်သောမသေမျိုးဘဝအား ဖုံးကွယ်ဇာတ်မြှုပ်ထားသည့် ဒဏ္ဍာရီလာ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မည်ဟ ဆို၏။
ဤသို့သော အခြေအနေမျိုးတွင် တစ်ဖက်လူကို ထိပ်တိုက်ရင်ဆိုင်ခြင်းသည်ကား ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် မခြားပေ။
တိုက်ရိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားခြင်းသည် အပါးနပ်ဆုံးသောချဉ်းကပ်မှု ဖြစ်၏။
"ဆံပင်ဖြူနဲ့ နတ်ဆိုးအဘိုးကြီး! ခင်ဗျား အသေဆိုးနဲ့ သေရစေ့မယ်!"
"ယဲ့ကျွင်းလင်နတ်ဆိုးကောင်၊ မင်းရဲ့မျိုးရိုး ရှစ်ဆက်ကို ငါကျိန်ဆဲတယ်!!"
"အရင်က ငါတို့ကို ဓားပြတိုက်ထားသေးတဲ့အပြင် အခု မင်းက ဒီမြည်းကတုံးနဲ့ပါ ပူးပေါင်းနေတယ်ပေါ့၊ မင်း လူရော ဟုတ်ရဲ့လား?!"
... ...
လူအုပ်ကြီး၏ စုစည်းထားသော နာကြည်းမှုများ ပေါက်ကွဲထွက်လာပြီး ကျိန်ဆဲသံများ လေထုထဲတွင် ပြည့်နှက်သွားသည်။
"ဦးလေးဖန်း၊ ဒီယဲ့ကျွင်းလင်က ရူးသွပ်နေတာပဲ၊ လူလို့ခေါ်ဖို့တောင် မထိုက်တန်ဘူး!" အန်းမြောင်ယိ ဒေါသတကြီး ခြေဆောင့်လိုက်သည်။
"မမလေး၊ ကျေးဇူးပြု၍ အသံကို တိုးပေးပါ..." တစ်ဖက်လူကြားသွားမည်ကို စိုးကြောက်စွာဖြင့် ဖန်းသယ်ကျန့် ထိတ်လန့်သွားရ၏။
အောက်မှ ဆူညံပြီး ဒေါသထွက်နေသော ကျိန်ဆဲသံများကို ခေါင်းမော့ရင်ဆိုင်ရင်း ဆံဖြူအဘိုးကြီး၏ မျက်လုံးများ လျှပ်စီးပမာ ဖျတ်ခနဲလက်သွားကာ ဆံမုတ်ဆိတ်ဖြူများ ထောင်ထသည်အထိ ဒေါသထွက်လာပြီး ခြင်္သေ့အိုကြီးတစ်ကောင်ကဲ့သို့ ခန့်ညားသောအရှိန်အဝါဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်–
"အားလုံး ပါးစပ်ပိတ်ကြ! ငါက ယဲ့ကျွင်းလင်ပဲ၊ ငါ့လုပ်ရပ်တွေကို မင်းတို့ဆီ ရှင်းပြနေစရာမလိုဘူး!!!!!"
ဆံဖြူလူသတ်နတ်ဘုရား၏ ဒေါသကို မြင်သောအခါ ကျင့်ကြံသူအများအပြား ကြောက်လန့်သွားပြီး ၎င်းတို့၏မျက်နှာများပင် ဖြူဖတ်ဖြူရော် ဖြစ်သွားရသည်။
ဤမြင်ကွင်းကို မြင်သောအခါ ဆရာတော်ရန်သမ်သည် ထိုသူ၏နောက်ခံအင်အားကို ပိုလို့ယုံကြည်သွားရ၏။
ဒီ ယဲ့ကျွင်းလင်က တကယ်ကို အစွမ်းထက်တဲ့ပုံပဲ!
သူနဲ့ မိတ်ဖွဲ့ထားရမယ်!
"တာအိုရောင်းရင်း၊ ကျေးဇူးပြု၍" ဆံဖြူအဘိုးကြီးက လက်ကိုဆန့်ထုတ်ပေးလိုက်သည်။ သူ့ပုံစံက အဆင့်အတန်းမြင့်မား၍ သီးသန့်ဆန်ကာ၊ တည်ငြိမ်ပြီး တစ်လောကလုံးကို လျစ်လျူရှုထားသော အမူအရာဖြင့်။
သူ့နောက်မှ နောက်လိုက်သုံးယောက်လည်း ခေါင်းဆောင်ဖြစ်သူ၏ သရုပ်ဆောင်စွမ်းရည်နှင့် သတ္တိဗျတ္တိကို မချီးကျူးဘဲမနေနိုင်တော့ပေ။
အကယ်ဒမီရှော့ဆိုတာ ဒါမျိုး!
မဟုတ်မှ တကယ်ပဲ ဆံဖြူလူသတ်နတ်ဘုရား ယဲ့ကျွင်းလင်ဖြစ်နေမလား?
ဝါးဦးထုပ်ဆောင်းထားသောလူနှင့် အခြားသူများပင်လျှင် ၎င်းတို့ရှေ့မှ ထိုပုဂ္ဂိုလ်သည် ယဲ့ကျွင်းလင်အစစ်ပေလားဟု ထင်ယောင်ထင်မှား ဖြစ်လာကြတော့သည်။
"ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ၊ ဒီရဟန်းအိုကြီးက နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မ ရွတ်ဖတ်တော့မယ်" ဆရာတော်ရန်သမ်သည် လက်အုပ်ကိုချီကာ ကျမ်းစာများ ရွတ်ဆိုလိုက်ရာ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်ဗုဒ္ဓရောင်ခြည်များ တောက်ပစွာ ထွက်ပေါ်လာသည်။
ကောင်းကင်ယံတွင် ကြီးမားသော ကြာပန်းပုံစံ သဏ္ဍာန်တစ်ခု ပွင့်လန်းထွက်ပေါ်လာပြီး လူအများမှာ စိတ်နှလုံးတင်းကျပ်မောဟိုက်လာကာ ထိတ်လန့်သော အမူအရာများ ပြည့်လျှံလာသည်။ "မဖြစ်ဘူး..."
သူတို့အားလုံးအတွက် မျှော်လင့်ချက်ရောင်ခြည် တစ်မျှင်တောင်မကျန်ရစ်ခဲ့တော့ပေ။
"ဆရာသခင်၊ ဆရာသခင်ရဲ့ ညွှန်ကြားချက်အရ၊ ကျွန်တော် ဒီဖြစ်ရပ်တစ်ခုလုံးကို အရိပ်ဘောလုံးမှာ မှတ်တမ်းတင်ထားပါတယ်!" လီဝူကျယ်က လေးလေးနက်နက် ပြောလိုက်သည်။
ယဲ့ကျွင်းလင်က ခပ်လှောင်လှောင် တစ်ချက်ရယ်သည်။ "စောင့်လိုက်ရတာ ထိုက်တန်သားပဲ။ ဒီသက်သေကို လက်ထဲမှာ အမိအရကိုင်ထားရင် ဒီတစ်ခါ လေပေါ်ဘုရားကျောင်းကို သေချာပေါက် အပြတ်ရှင်းပစ်လို့ရပြီပဲ! ဒီသနားကရုဏာနဲ့ မေတ္တာတရားတွေ အမြဲပြည့်နေတဲ့ မြည်းကတုံးတွေ ဘာများပြောထွက်လာဦးမလဲ ငါ ကြည့်ချင်စမ်းတယ်!"
'ဘုန်း!'
ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးတက်သွားရာ သူ၏ခန္ဓာကိုယ်မှ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။
သူသည် လက်ကိုမြှောက်ပြီး လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်ရာ ပွင့်လန်းနေသော ကြာပန်းပုံစံကို ပြင်းထန်သော စွမ်းအားဖြင့် ကြေမွသွားစေ၏။
"ဘယ်သူလုပ်တာလဲ?!"
ဆရာတော်ရန်သမ် ရုတ်တရတ်ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်လာသည်။ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူ နောက်တစ်ဦး တကယ်ရှိနေတာပဲ!
လေထုအလယ်၌ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လက်နောက်ပစ်ကာ ဟန်ပါပါဖြင့် မတ်တပ်ရပ်နေသည်။ ငွေရောင်ဆံနွယ်များက လေနှင့်အတူဝဲပျံလျက် သူ၏ဓားလိုထက်ရှသော မျက်ခုံးတန်းများနှင့် ကြယ်စင်များလို တောက်ပသော မျက်လုံးလက်လက်တို့ကို ပေါင်းစပ်လိုက်သော် တမူထူးခြားသော ချောမောခန့်ညားမှုဖြင့် နတ်ဘုရားတစ်ပါးနှယ် အသွင်ဆောင်ကာ ကောင်းကင်ထက်မှာ ကြယ်တာရာများပင် ထိုသူနှင့်ယှဥ်လျှင် မှေးမှိန်သွားရတော့မတတ်။
"ရွှယ်ထျန်းဂိုဏ်းက ယဲ့ကျွင်းလင်!"
ကြည်လင်သော အသံသည် သံမဏိပမာ ခိုင်မာတည်တံ့နေပြီး လူတိုင်း၏နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်သွားစေ၏
"ဘာ?! သူက ယဲ့ကျွင်းလင်လို့ ပြောလိုက်တာလား?!"
ကျင့်ကြံသူအပေါင်း ကြောင်အသွားရသည်။
"နေပါဦး၊ အဲ့တစ်ယောက်က ဆေးဘုရင်တောင်ကြားထဲကတစ်ယောက်မဟုတ်လား?"
"ဒီလို အစွမ်းထက်တဲ့ အရှိန်အဝါနဲ့၊ ထူးခြားတဲ့အမှတ်အသားဖြစ်တဲ့ ဆံပင်ဖြူနဲ့၊ အနက်ရောင်ဝတ်ရုံပါဝတ်ထားသေးတာဆိုတော့ တကယ်ပဲ သူဖြစ်နိုင်တယ်!"
"သူသာ ယဲ့ကျွင်းလင်ဆိုရင် ခုနကတစ်ယောက်က အတုလား?!"
'ဝှစ် ဝှစ် ဝှစ်~'
ဒေါသထွက်နေသော အကြည့်ပေါင်းများစွာသည် ဆံဖြူအဘိုးကြီးဆီသို့ ဦးတည်ဆိုက်ရောက်သွားလျက်။
ဆံဖြူအဘိုးကြီးသည် မျက်လုံးများ ပေါက်ထွက်လုနီးပါး ပြူးကျယ်နေပြီး သူ၏ပါးစပ်ဟောင်းလောင်းကြီးမှာ ကြက်ဥတစ်လုံး ဝင်ဆန့်လောက်အောင် ပြဲကားနေလျက်။
သူသည် ဇာတ်ကောင်ထဲတွင် လုံးလုံးနစ်မြုပ်လျက် ဟန်ပါပါသရုပ်ဆောင်နေစဥ်တစ်ချိန်လုံး အော်ရဂျင်နယ်က လူအုပ်ထဲမှ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်တဲ့!
ဒါ၊ ဒါက အရမ်းရှက်စရာကောင်းတာပဲ မဟုတ်လား?!
"ဘယ်လိုလုပ်ရမလဲ၊ အခု ဘာလုပ်ရမလဲ?" ဝါးဦးထုပ်အမျိုးသားနှင့် အခြားသူများသည်လည်း ထိန်းမရအောင် ကြောက်ရွံ့တုန်လှုပ်လာကြသည်။
သူတို့သည် ကျင့်ကြံရေးလောကတွင် သာမန်အဆင့်လူငယ်လေးများသာ ဖြစ်ကြပြီး ယဲ့ကျွင်းလင်၏ တပည့်ကျော်များကို အမည်ငှားအသုံးချ၍ လိမ်လည်လှည့်ဖျားကာ တစ်ချိန်လုံးလေကျယ်ထားခဲ့ကြသည်ပင်။ သို့သော် ယခု ဖော်ထုတ်ခံလိုက်ရသည့်အချိန်မှစ၍ မျက်နှာဖုံးကျွတ်ကျကာ ချက်ချင်းမျက်နှာငယ်လေးများဖြင့် စတင်တုန်ရီလာကြတော့၏။