ဟားဟားးဟားဟား ဟီးဟီးဟီးဟီး
Vol. 12 Ch. 158
"အဲ့ဒါ သခင်လေးယဲ့၊ သူက ယဲ့ကျွင်းလင်တဲ့လား?!" အန်းမြောင်ယိသည် ဦးနှောက်ပေါက်ကွဲမတတ် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
ထိုချောမောသောမျက်နှာကို တအံ့တသြငေးမောလျက် တည်းခိုခန်း၌ အရင်ကသူပြောခဲ့ဖူးသော စိတ်လိုက်မာန်ပါစကားများအား ပြန်သတိရမိသောအခါ ဓားဆင့်ခေါ်ဂိုဏ်း၏ ဂုဏ်ဆောင်သမီးပျိုလေးခမျာ မျက်နှာလှလှလေးတစ်ခုလုံး ပန်းသီးကြီးတစ်လုံးလို နီရဲသွားပြီး ရှက်စိတ်ဖြင့် တွင်းတူးလျက် ဝင်သာအောင်းနေလိုက်ချင်တော့၏။
"တည်းခိုခန်းမှာတွေ့ကတည်းက ဒီလူက သာမန်လူမဟုတ်ဘူးလို့ ဦးလေးခံစားခဲ့ရတာ။ ဆေးဘုရင်တောင်ကြားရောက်တော့ ဒီခံစားချက်က ပိုပြီးသေချာလာတာပါပဲ။"
ဖန်းသယ်ကျန့်သည် ကြည်ညိုလေးစားသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။ "တကယ်ကို ကြားထားတဲ့အတိုင်း ကောင်းကင်နဂါးကြီး နတ်ဘုံကိုးထပ်ကို ပျံတက်နေသလိုပါပဲ၊ ငါတို့လို ပုရွက်ဆိတ်လေးတွေ လက်လှမ်းမမီနိုင်တဲ့ အဆင့်အတန်းဆိုတာ မှန်ပါပေတယ်"
"ဦးလေးဖန်း၊ ဦးလေးက အစကတည်းက သိနေတာပဲ၊ ဘာလို့ ကျွန်မကို မသတိပေးတာလဲ၊ သခင်လေးယဲ့ရှေ့မှာ ကျွန်မ ရှက်စရာကောင်းတာတွေ အများကြီးလုပ်လိုက်မိတာ..." အန်းမြောင်ယိက အပြစ်တင်သော လေသံဖြင့် ငြူစူလိုက်သည်။ သူမ၏ မျက်နှာမှာ ရှက်ရွံ့မှုဖြင့် နီရဲတောက်လောင်လျက်။
ဖန်းသယ်ကျန့်လည်း အလွန်အားမလိုအားမရ ဖြစ်နေရသည်။
သတိမပေးလို့များ ပြောရတယ်ရှိသေး၊ မမလေးကိုက အရိပ်အကဲတစ်ချက်မှ မသိတာပါနော်။
ထိုအချိန်တွင်။
ဆရာတော်ရန်သမ်လည်း ပါးစပ်အဟောင်းသားဖြင့်။
ကြောက်ရွံ့ပြီး အပြစ်ရှိသလို ခံစားနေရသော ဆံဖြူအဘိုးကြီးကို လှည့်ကြည့်လိုက်သောအခါ မည်သူကအော်ရဂျင်နယ်ဖြစ်ပြီး မည်သူကကော်ပီမှန်း မျက်စိပါသူတိုင်းမြင်နိုင်သည့်အခြေအနေ ရောက်နေလေပြီ။
သူက ဒီအတုအယောင်ကို ဒီလောက်ထိမျက်နှာလုပ်ခဲ့မိတာလား?
"အော်မီထော်ဖော၊ ဒကာကြီးက အတော်လှည့်စားတတ်တာပဲ" ဆရာတော်ရန်သမ်သည် အံကြိတ်သံကြီးဖြင့် ခပ်ပြုံးပြုံးဆိုကာ သူ၏မျက်လုံးများက ဆံဖြူအဘိုးကြီးကို ဖောက်ထွင်းတော့မတတ် စူးစူးရဲရဲ စိုက်ကြည့်နေသည်။
တစ်ဖက်လူကတော့ နဖူးတွင်ချွေးစက်များသီးလျက် တိုက်ရိုက်ပင်ပြန်မကြည့်ရဲတော့။
ဆရာတော်ရန်သမ်သည် မျက်လုံးများကို အတုထံမှဖယ်ခွာကာ အစစ်ထံပြန်ပို့လိုက်သည်။ သူ၏မျက်လုံးများမှ ကမ္ဘာလောကကို ဖောက်ခွဲထွက်တော့မတတ် အေးစက်စက်အလင်းတန်းများထွက်ပေါ်လာပြီး ကြိမ်းဝါးလာ၏။ "မင်း မကောင်းဆိုးဝါးကောင်၊ ဆေးဘုရင်တောင်ကြားမှာတုန်းက ဒီရဟန်းအိုကြီးကို ဆန့်ကျင်ခဲ့တာ မေ့လိမ့်မယ်မထင်နဲ့။ ဒီရဟန်းအိုကြီးက အပြင်ရောက်ရင် မင်းကို သတ်ပစ်ပြီး မသေမျိုးမှိုဘုရင်ကို ယူသွားဖို့ စီစဉ်ထားတာ။ မင်းက ယဲ့ကျွင်းလင်အစစ်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး၊ တောင်ကြားမှာ ဒီလောက်အစွမ်းပြနိုင်နေတာ အံ့သြစရာမရှိတော့ပါဘူး။"
"မြည်းကတုံးရေ၊ ခင်ဗျားပြောထားဆိုထားသမျှအကုန် ကျုပ်တပည့်ရဲ့ အရိပ်ဘောလုံးထဲမှာ မှတ်တမ်းတင်ထားပြီးသားနော်။ အဲဒါကို လူသိရှင်ကြားချပြလိုက်ရင် လေပေါ်ဘုရားကျောင်းရဲ့ ဂုဏ်သတင်းတော့ ဘယ်အဆင့်ထိကျသွားမယ်ထင်လဲ?" ယဲ့ကျွင်းလင်က ရွှတ်နောက်နောက်ဟန်ဖြင့် ရန်စလိုက်သည်။
ဆရာတော်ရန်သမ်က ဒေါသတကြီးဖြင့် ရယ်မောလာသည်။ "မင်းနဲ့ ဒီမှာရှိတဲ့ လူတိုင်းကို ငါအကုန်သတ်လိုက်မယ်ဆိုရင် ဒီကိစ္စတွေကို ဘယ်သူသိနိုင်မှာတဲ့လဲ? မင်းကိုတောင် ပြန်အပြစ်ဖို့လို့ရသေးတယ်!"
ယဲ့ကျွင်းလင်က မျက်ခုံးပင့်သည်။ "အိုး? ဆရာတော်က ယုံကြည်မှုတွေလွန်ကဲလှချည်လား?"
"ဟားဟား၊ ဒီရဟန်းအိုကြီးက အရှေ့ပိုင်းစီရင်စုကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းလောက်ကတည်းက လွှမ်းမိုးထားပြီးသား၊ မင်းလိုကောင်အကြောင်း ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး! ဒါ့အပြင် ဆေးဘုရင်တောင်ကြားမှာတုန်းက ဒီရဟန်းအိုကြီးရဲ့ စွမ်းအားတွေ ဖိနှိပ်ခံထားရလို့ နည်းလမ်းတွေ အများကြီး အသုံးမပြုနိုင်ခဲ့တာပဲ။ ငါ့ရဲ့ မပျက်စီးနိုင်တဲ့ ဝိဇ္ဇာခန္ဓာတောင် အပြည့်အဝ အစွမ်းမထုတ်နိုင်လို့ အလျှော့ပေးခဲ့ရတာ!"
"ဒါပေမယ့် အခုတော့..."
'ဘုန်း!'
ဆရာတော်ရန်သမ်၏ အရှိန်အဝါသည် တည်ငြိမ်စွာ မြင့်တက်လာပြီး သူ၏သွယ်လျသော မျက်ခုံးဖြူများက လေနှင့်အတူတဝဲဝဲလွင့်နေသည်။ သူ၏မျက်နှာသွင်ပြင်သည် တည်ငြိမ်နေပြီး ခန္ဓာကိုယ်သည် နတ်ဘုရားတစ်ပါး၏ အရောင်အဝါကဲ့သို့ တောက်ပသန့်ရှင်းလျက်ရှိ၏။ မျက်စိကျိန်းလောက်စရာ အသွင်အပြင်ဖြင့် ဖျက်ဆီး၍မရနိုင်လောက်အောင် ခမ်းနားကြီးကျယ်သော စွမ်းအင်ထုထည်ကြီးပါပေ။
သူ၏ခန္ဓာကိုယ်ပတ်လည်တွင် နားလည်ရခက်သော ရွှေရောင်ပါဠိအက္ခရာများ ဝန်းရံထားပြီး ဒိုင်းကာတစ်ခုကဲ့သို့ ခြံရံဖုံးအုပ်ထားလေသည်။
ဘယ်လောက်တောင် ခိုင်မာတည်မြဲလိုက်မယ့် အကာအကွယ်မျိုးဖြစ်မလဲ?
"မကောင်းဆိုးဝါးကောင်၊ သေဖို့ပြင်ထားတော့!" ဆရာတော်ရန်သမ်သည် ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူထဲသိပ်သည်းသော မှော်စွမ်းအားများ စီးဆင်းလည်ပတ်နေသည်။ ထိုစွမ်းအားများဖြင့် ဖြည့်သွင်းထားသော လက်တစ်ဖက်ကိုမြှောက်ပြီး ရိုက်ချလိုက်ရာ သူ၏လက်ဖဝါးတွင် ရွှေရောင်တောက်ပနေသော အမှတ်အသားတစ်ခု ပေါ်ထွက်လာ၏။
သူခံစားသိရှိထားသလောက် ယဲ့ကျွင်းလင်၏အရှိန်အဝါကာ ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့်သာပင်။
သူကတော့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ အထွဋ်အထိပ်တွင်ရှိ၏!
ချက်ချင်းပင် ဆရာတော်ရန်သမ်၏ နှလုံးသားထဲတွင် ယဲ့ကျွင်းလင်နှင့်ပတ်သက်သော ကြောက်ရွံ့စိုးထိတ်မှုများ ရေးရေးမှ မကျန်ရှိတော့ပေ။ ယဲ့ကျွင်းလင်၏စွမ်းအားသည် အလွန်နက်နဲပြီး သူ၏ ကျင့်ကြံဆင့်ကို တိုင်းတာ၍မရနိုင်ဟူသော သတင်းများသည်ကား ကောလဟလသက်သက်သာ ဖြစ်နိုင်သည်။
ရှင်သန်လာတာ သိပ်ကြာလှပြီဆို၊ ကျင့်ကြံဆင့်က ဒီရဟန်းအိုကြီးကိုတောင် မမီသေးဘူးလား?
ဒါဆို မင်းကို ကိုင်တွယ်ရတာလည်း အရုပ်ကလေးနဲ့ကစားရသလို လွယ်ကူနေတော့မှာပေါ့?
ကျယ်ပြန့်သော ဖိအားသည် ပတ်ဝန်းကျင်ကို ချက်ချင်းသက်ရောက်လာပြီး လူများကို လှိုင်းပုတ်ခံနေရသော လှေပျက်တစ်စင်းကဲ့သို့ ကူကယ်ရာမဲ့ခံစားရစေကာ မည်သည့်အချိန်မဆို မှောက်မှောက်လှန်လှန် အမြုပ်သာခံရတော့မည့် အနေအထားပင်။
"ဘုရားရေ ကယ်ပါ!" ကျင့်ကြံသူအများအပြား ကြောက်လန့်တကြားဖြင့် ကိုယ်တွင်းအင်္ဂါများအာ းဖိအားသက်ရောက်မည်စိုးသောကြောင့် ရနိုင်သမျှ နောက်ဆုတ်လိုက်ကြသည်။
"ဒီမြည်းကတုံးက ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ရဲ့ အထွဋ်အထိပ်ပဲ၊ ဆရာသခင်က ဒီတစ်ခါ အန္တရာယ်ရှိနိုင်တယ်" လီဝူကျယ်က နည်းနည်း စိတ်ပူနေသည်။
ဟုန်ချန်ရဲက သူ့ကို တစ်ချက်စောင်းကြည့်ကာ လှောင်ပြောင်ရင်း ခေါင်းကိုအသာခါယမ်းလိုက်သည်။
သူ့အသိဉာဏ်အရ အကဲဖြတ်ရလျှင်တော့ ထိုသူတွင် လျှို့ဝှက်စွမ်းအားတစ်ခုခု သေချာပေါက် ရှိနေသည်သာ!
ဘာပဲဖြစ်ဖြစ် မသေမျိုးတစ်ပါး သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖျက်နိုင်တဲ့ ဒီလိုလူမျိုးက တကယ်တမ်း ဒီလောက် ရိုးရှင်းနေပါ့မလား။
မှိုဘုရင်လေးမှာလည်း ကြောက်စိတ်ဖြင့် ဦးရေပြားတစ်ပြင်လုံး ကျဉ်တက်သွားရသည်။ ဆေးဘုရင်တောင်ကြားမှာတုန်းက ဤလူသားကျင့်ကြံသူများသည် အဆင့်အတန်း ဖိနှိပ်ခံထားရသောကြောင့် သူတို့မည်မျှအစွမ်းထက်သည်ကို မမြင်နိုင်ခဲ့ပေ။ အခု အပြင်ရောက်လာတော့ သူတို့တစ်ယောက်ချင်းစီက သူ့ထက်ပိုပြီး အစွမ်းထက်လာခဲ့ကြ၏။
ဆရာတော်ရန်သမ်၏ လက်ဖဝါးမှ သင်္ကေတကြီးသည် အဆုံးမဲ့ကြီးမားလာပြီး ဗုဒ္ဓ၏ရောင်ခြည်တော်ကား ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားကာ အတိုင်းအဆမရှိ သန့်စင်မြင့်မြတ်နေသည်။
ယဲ့ကျွင်းလင်သည် ခပ်မြူးမြူးပြုံးလိုက်သည်။ ဤသည်မှာ သူစောင့်ဆိုင်းနေသော အခိုက်အတန့်ပင်!
【တင်၊ ပိုင်ရှင်ဟာ ဘေးဒုက္ခကျော်လွှားခြင်း အထွဋ်အထိပ်အဆင့်ရန်သူရဲ့ တိုက်ခိုက်ခြင်းခံနေရကြောင်း ခြေရာခံသိရှိရတဲ့အတွက် အားကောင်းသောရန်သူနှင့်ရင်ဆိုင်ပြီး ပိုမိုအားကောင်းလာခြင်း စွမ်းရည်အရ ပိုင်ရှင်ကို ပြီးပြည့်စုံသော ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူအဖြစ် တိုးမြှင့်ပေးလိုက်ပါပြီရှင့်!】
စနစ်အချက်ပြသံ မြည်လာသည်နှင့်အမျှ။
ယဲ့ကျွင်းလင်၏ အရှိန်အဝါသည် ပို၍မြင့်တက်လာပြီး ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ အလယ်အလတ်အဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ ချက်ချင်းကျော်ဖြတ်သွားသည်။
ဒဏ္ဍာရီလာ စစ်မှန်သော မသေမျိုးအဆင့်နှင့် တစ်လှမ်းသာ ကွာဝေးတော့လေ၏။
သူ့ထက် အများကြီး ပိုအစွမ်းထက်သော ကျင့်ကြံဆင့်အရှိန်အဝါကို ခံစားလိုက်ရသော် အောင်ပွဲရယူရန်အတွက် ယုံကြည်မှုအပြည့်ရှိနေခဲ့သော ဆရာတော်ရန်သမ်၏ မျက်နှာထားမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး အံ့သြထိတ်လန့်စွာဖြင့် အထစ်ထစ်အငေါ့ငေါ့ မေးလာသည်။
"မင်း၊ မင်းဘယ်လိုလုပ်ပြီး?!"
“ဟားဟားဟားဟား ဟီးဟီးဟီးဟီးဟီး”