တိုက်ခိုက်ရေးသူတော်စင် လက်သီး
Vol. 12 Ch. 159
ဆံဖြူသောက်ပျင်းမှာ စိတ်မနှံ့သူတစ်ဦးကဲ့သို့ ရယ်မောလျက် အားအင်ကိုစုစည်းကာ လက်ဝါးဖြင့် တစ်ချက်ရိုက်ထုတ်လိုက်၏။ လက်ဝါးထံမှပေါက်ကွဲထွက်လာသော ပြင်းအားမှာ ကောင်းကင်ကိုဖြိုချတော့မတတ်ပြင်းထန်လှကာ အရှိန်နှုန်းကား ကြောက်မက်ဖွယ်မြန်ဆန်သည်။
'ဘုန်း!'
ရွှေရောင်ပါဠိစာလုံးများ ပုံပျက်သွားပြီး ကျင့်စဥ်ပျက်ပြားမှု၏ ကြောက်မက်ဖွယ်သက်ရောက်အားကြောင့် ဆရာတော်ရန်သမ်၏ လက်မောင်းတစ်ဖက်လုံး ဂျွတ်ခနဲမြည်အောင် သွင်သွင်ကျိုးသွားတော့သည်။
“အွတ်”
ဆရာတော်ရန်သမ် ဆယ်ကျန်းကျော်လောက် နောက်ဆုတ်သွားရပြီး ကျိုးသွားသောလက်တစ်ဖက်ကို ကျောနောက်တွင် ဖွက်ကွယ်ထားကာ ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် အနည်းငယ်တုန်ရီနေသည်။ ကျန်လက်တစ်ဖက်ကတော့ ရင်ဘတ်ရှေ့မှာ တည့်တည့်တွင်ရှိနေကာ အိုမင်းသောမျက်နှာကြီးမှာ ပို၍တည်ကြည်လေးနက်လာပြီး စကားဆိုသည်။ “ဒီရဟန်းအိုကြီးက မင်းကို အထင်သေးမိသွားတာပဲ”
ပြီးပြည့်စုံသော ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားပေမဲ့ တစ်ချိန်လုံးဖုံးကွယ်ထားတာက ဘယ်လိုတောင်ထူးဆန်းတဲ့ အကျင့်စရိုက်မျိုးလဲ?
ဒီလူသာ သူ့ရဲ့အဆင့်ကို စောစောက ထုတ်ဖော်ခဲ့ရင် လေပေါ်ဘုရားကျောင်းက ယွီဟွားဂိုဏ်းနဲ့တိုက်ပွဲမှာ သက်သက်လျှာရှည်ပြီး ကြားဝင်စွက်ဖက်နေတော့မှာ မဟုတ်ပေ!
ဒါက ငါးစာချပြီး လူတွေကိုသက်သက်မျှားခေါ်တာပဲ!
ယဲ့ကျွင်းလင်က လက်ဆစ်များကို တဖျောက်ဖျောက်ချိုးလျက် မေးငေါ့သည်။ “ပြော၊ ဘယ်လိုသေချင်လဲ?”
ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့်မှ ရုတ်တရက် ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ခုန်ကျော်သွားဖို့ဆိုတာ သာမန်ကျင့်ကြံသူတွေအတွက်တော့ နှစ်သောင်းချီ သိန်းချီ ထိုင်ရာမထ ကျင့်ကြံအားထုတ်မှသာ ရနိုင်လိမ့်မည်။
ထို့ကြောင့် ဒီလိုခုန်ကျော်ဖို့အခွင့်အရေး ပေးခဲ့ပါသော မြည်းကတုံးအား ယဲ့ကျွင်းလင်က သဘောထားကြီးစွာ အထူးဆုလာဘ်အနေဖြင့် သေမည့်နည်းကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးလိုက်သည်။
ဆရာတော်ရန်သမ် ဒေါသူပုန်ထသွားသည်။ "ယဲ့ကျွင်းလင်၊ မင်းရဲ့ကျင့်ကြံဆင့်က လူတွေပြောသလိုပဲ လျှို့ဝှက်နက်နဲတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် ဒီရဟန်းအိုကြီးက အလွယ်တကူ အသေခံလိမ့်မယ်လို့တော့ မထင်နဲ့!"
ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ရောက်ရှိသွားပြီဆိုလျှင် ကျင့်ကြံသူ၏ အသက်ဝိညာဥ်က အလွန်အားကောင်းလာတတ်၏။ ခန္ဓာကိုယ်တစ်ခုလုံး ညက်ညက်ကျေအောင် ပျက်စီးသွားတာ မဟုတ်ပါလျှင်၊ သွေးတစ်စက် ဒါမှမဟုတ် အသားစတစ်ပိုင်းပဲ ကျန်ရှိနေရင်တောင် ပြန်လည်မွေးဖွားဖို့ဆိုတာ မဖြစ်နိုင်သည့်ကိစ္စမဟုတ်။
ဒါ့အပြင် သူက ဗုဒ္ဓကျင့်စဥ်နည်းလမ်းများစွာကို ကျွမ်းကျင်ထားပြီး မဖျက်ဆီးနိုင်သော ဝိဇ္ဇာခန္ဓာအား ပိုင်ဆိုင်ထားသော စွမ်းအားရှင်တစ်ဦးဖြစ်သည်။ အဆင့်တူချင်း ယှဥ်တိုက်လျှင်ပင် သူ့ကိုတစ်စမကျန်ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်ပေ။
ထိုသို့ ယုံကြည်အားကိုးထိုက်စရာ စွမ်းရည်အပြည့်ဖြင့် မာနကြီးကြီး ဆရာတော်တစ်ပါးသည် ယဲ့ကျွင်းလင်၏ ထူးချွန်ပြောင်မြောက်လှပါသော ရန်စကားများကို မည်သို့မည်ပုံ သည်းခံနိုင်ပါမည်နည်း?
ယဲ့ကျွင်းလင် ခေါင်းကိုအသာယမ်းလိုက်သည်။ "မင်းကို ငါအခွင့်အရေးပေးခဲ့တယ်နော်။ တန်ဖိုးထားတာမထားတာ မင်းကိစ္စပဲ။ ဒီလိုဆို နောက်ပိုင်းမှာ မင်းဘယ်လိုသေမလဲဆိုတာကို ငါ့ဆုံးဖြတ်ချက်အတိုင်းပဲဆက်သွားမယ်"
ဆရာတော်ရန်သမ် မခံမရပ်နိုင်စွာ ကြုံးဝါးလိုက်၏။ "မကောင်းဆိုးဝါးကောင်၊ မာန်တက်နေတာတော်လောက်ပြီ!"
ထို့နောက် သူသည် လက်ကိုမြှောက်ပြီး သင်္ကေတတစ်ခုကို ဖန်တီးပုံဖော်လိုက်သည်။ ထိုလက်အား ခေါင်းပေါ်ပင့်မြှောက်လိုက်သောအခါ ကြည်လင်သော နဂါးဟိန်းသံသည် အတိုင်းအဆမရှိ ကျယ်လောင်စွာ ပဲ့တင်ထပ်လျက် ပျံ့လွင့်လာတော့၏။ လေကြောင်းနှင့် မိုးတိမ်သားတို့ အရိပ်အယောင် ပြောင်းလဲသွားသည်နှင့်အမျှ ခန့်ညားထည်ဝါသော ကောင်းကင်နဂါးတစ်ကောင်၏ပုံရိပ်သည် သိပ်သည်းစွာထင်ပေါ်လာပြီး ၎င်း၏ ကြီးမားသောကိုယ်ခန္ဓာမှာ လိမ်ကောက်နေသောသဏ္ဍာန်ဖြင့် ဒဏ္ဍာရီလာ တန်ခိုးအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်း၏ မျက်လုံးနှစ်လုံးသည် မိုးကြိုးထစ်ချုန်းနိုင်သော နေမင်းနှစ်စင်းကဲ့သို့ မြင့်သွန်းစွာတည်ရှိပြီး တောက်ပစွာ လင်းလက်နေသည်။
“မဟာကောင်းကင်နဂါးပျံ!”
သူ့ပါးစပ်မှ ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာရာ လူတိုင်း၏ခေါင်းများ ချာချာလည်မူးဝေသွားသည်။
နောက်တစ်စက္ကန့်တွင် နဂါးပျံသည် ကောင်းကင်ယံသို့ ထိုးတက်ပျံသန်းသွားပြီး ၎င်း၏အစွယ်များကို ဖြဲကာ ခြေသည်းများကို ဝှေ့ယမ်းပြသလျက် ပြင်းထန်သောဖိအားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးအား ဖိနှိပ်ချုပ်ကိုင်ထား၏။
"ကျစ် ရွှံ့ကန်ထဲက ငါးလမြွေလေးကများ"
ယဲ့ကျွင်းလင်က သူ့လက်ကို တည်ငြိမ်စွာ ဆန့်ထုတ်လိုက်သည်။
ကောင်းကင်ယံထက်တွင် တဒုန်းဒုန်းမြည်သံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် တောက်ပလင်းချင်းနေသော အဖြူရောင်လက်ကြီးတစ်ဖက် ထွက်ပေါ်လာသည်။ လက်ဖဝါးပေါ်တွင် ရှင်းလင်းပြတ်သားသော လက္ခဏာအကြောင်းများကို မြင်တွေ့နိုင်ပြီး အသားအရည်ကား ကျောက်စိမ်းလို ဖြူဖွေး၏။ ဒီ့ထက်ပိုပြီး အနီးကပ်ကြည့်ရှုလျှင် ဖျက်ဆီးချေမှုန်းခြင်းစွမ်းအားအပြည့်ပါသော သင်္ကေတများစွာအား မြင်တွေ့ရပေမည်။
ထူးကဲ့သန့်စင်အရိုးကျင့်စဥ်ရဲ့ နတ်ဘုရားလက်!
“ဝေါင်း!”
နဂါးဟိန်းသံသည် နားကွဲမတတ် ကျယ်လောင်လှ၏။
လူအုပ်ကြီး၏ ထိတ်လန့်တကြား အကြည့်များကြားတွင် ခန့်ညားထည်ဝါသော နဂါးပျံကို ကြီးမားသော အဖြူရောင်လက်ကြီးတစ်ဖက်က မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ နဂါးပျံသည် သူ၏ကိုယ်ခန္ဓာကို ရူးသွပ်စွာ လှုပ်ခါရုန်းကန်နေသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိပေ။
ဤမြင်ကွင်းသည် ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။
“ဖျက်ဆီးပစ်လိုက်စမ်း!”
ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါးပင် အော်ဟစ်လိုက်သည်။
ထို့နောက် အတိုင်းအဆမဲ့ နတ်စွမ်းအားကို ထုတ်လွှတ်နေသော နတ်ဘုရားလက်သည် ငွေဖြူရောင် နဂါးပျံကို ဖမ်းဆုပ်ဖျစ်ညှစ်ကာ ပေါက်ကွဲထွက်သွားစေတော့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ လွန်စွာသန့်ရှင်းသပ်ရပ်လှပြီး နှောင့်နှေးကျန့်ကြာခြင်းကင်း၏။
“ဘာ?!” ဆရာတော်ရန်သမ် အလွန်အံ့အားသင့်သွားရသည်။ မဟာကောင်းကင်နဂါးပျံသည် လေပေါ်ဘုရားကျောင်း၏ ထူးခြားသော ကျင့်စဉ်များထဲမှ တစ်ခုအပါအဝင်ပင်။ ဤမျှတိုတောင်းလှသောအချိန်အတွင်း လွယ်ကူစွာ ဖျက်ဆီးခံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
'ဝှီး!'
နတ်ဘုရားလက်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားဖြင့် သူ့ဘက်သို့ရိုက်ချလာသည်။
ဆရာတော်ရန်သမ်၏ ဦးရေပြားသည် အကြောက်တရားဖြင့် ကျဉ်တက်သွားပြီး အနည်းငယ်မျှပင် ပေါ့ဆရဲခြင်းမရှိတော့ပေ။ သူ၏ကိုယ်ခန္ဓာတွင်းရှိ မှော်စွမ်းအင်သည် ဆူပွက်နေသော ချော်ရည်ပင်လယ်ကဲ့သို့ သက်ဝင်တက်ကြွနေပြီး သူသည် လက်နှစ်ဖက်ဖြင့် သင်္ကေတစ်ခုဖန်ဆင်းကာ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။
မကြာမီပင် သူ့ခေါင်းပေါ်တွင် ရှေးဟောင်းကြေးနီဆီမီးခွက်တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်မီးလျှံများ တဖျတ်ဖျတ်လင်းနေကာ နားလည်ရန်ခက်ခဲသော နက်နဲသည့် စွမ်းအားများ ပါဝင်နေသည်။
တရှဲရှဲတောက်လောင်သံများနှင့် ထိုကြေးနီမီးခွက် ပေါ်လာသည်နှင့်အမျှ ဆရာတော်ရန်သမ်၏ အရှိန်အဝါသည်လည်း လျင်မြန်စွာ မြင့်တက်လာသည်။ သူ၏ပုံစံသည် တည်ကြည်လေးနက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ဗုဒ္ဓကိုယ်တိုင် ဆင်းသက်ကြွရောက်လာသကဲ့သို့ မြင့်မြတ်ပြီး စော်ကားပြုမူဖို့ရာမသင့်တော်သော အသွင်ကိုဆောင်၏။
သူသည် လက်သင်္ကေတကို အပေါ်သို့ မြင့်မြင့်မြှောက်ကာ မတ်မတ်ရပ်ပြီး နတ်ဘုရားလက်၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်သည်။
'ဘုန်း' ဆရာတော်ရန်သမ်သည် တမုဟုတ်ချင်းပင် ကောင်းကင်ထက်မှ မြေပြင်သို့ ရိုက်ချခံလိုက်၏။ ကြီးစွာသောရိုက်ခတ်အားကြောင့် မြေပြင်ထုကြီးမှာ အုန်းခနဲကျွံဝင်သွားရပြီး ဖုန်မှုန့်တလုံးလုံးတက်လာပုံသည်ကား အမှန်ပင်စိုးထိတ်ဖွယ်ရာ။
လူတိုင်း သံသယဖြင့် စောင့်ကြည့်နေကြစဉ် ဆရာတော်ရန်သမ်၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ပြန်ထလာသည်။ သို့သော် သူ၏အသွင်အပြင်သည် အနည်းငယ် ရှက်ရွံ့တွန့်ဆုတ်နေဟန်ရှိပြီး ပါးစပ်ထောင့်မှ သွေးများကစီးကျနေလျက်။ သူ၏ကိုယ်ခန္ဓာမှ ထုတ်လွှတ်နေသော တောက်ပသည့် ဗုဒ္ဓရောင်ခြည်သည် ယခင်ကထက် များစွာ မှေးမှိန်နေတော့၏။ ဦးခေါင်းထက်ရှိ ကြေးနီရှေးဟောင်းမီးခွက်၏ မူလက တောက်ပလင်းထိန်နေသော မီးတောက်အရှိန်သည်လည်း ငြိမ်းလုနီးပါး ဖြစ်နေလေပြီ။