← Chapters

အခန်း (၁၆၀)

Vol. 12 Ch. 160

အခန်း (၁၆၀)

Vol. 12 Ch. 160

'ဖြောင်း ဖြောင်း ဖြောင်း~'

စည်းချက်ကျသော လက်ခုပ်သံများက ဖောက်ဝင်လာသည်။

ယဲ့ကျွင်းလင် လက်ခုပ်လက်ဝါးတီးပြီး အသာရယ်မောလိုက်သည်။ “တော်တယ်၊ တော်တယ်၊ ပြန်ထ”

ဒီမြည်းကတုံးက နတ်ဘုရားလက်ကိုတောင် ချက်ချင်းမသေဘဲ ခံနိုင်ရည်ရှိတယ်ဆိုတော့ အရည်အချင်းတော့ရှိသားပဲလို့ ဆိုရမပေါ့။

ဆရာတော်ရန်သမ်၏ မျက်ဆံနက်များ တုန်ရီသွားပြီး သူ၏ရင်ထဲမှ တုန်လှုပ်မှုသည် ဖော်ပြ၍မရအောင် ကြီးထွားလာ၏။

သူ၏အင်အားအကောင်းဆုံး ကာကွယ်ရေးပုံစံကို ထုတ်သုံးလိုက်ပြီးလေပြီ။ တစ်ဦးချင်းထိပ်တိုက်ယှဥ်သည့် အခြေအနေတွင် အဆင့်တူ မသေမျိုးအရိပ်များထဲ မည်သူမျှ ၎င်းကာကွယ်မှုကို မချိုးဖျက်နိုင်ဟု သူ ယုံကြည်ထားခဲ့သည်။ ရလဒ်အနေဖြင့် သူသည် ယခုလေးတင် ညက်ညက်‌ကျေလုနီးပါးအထိ ရိုက်နှက်ခံခဲ့ရလေသည်။

ဆရာတော်ရန်သမ်သည် တစ်စုံတစ်ခုကို သတိရမိလိုက်ပြီး လက်ကို လေထဲသို့ မြှောက်လိုက်ရာ ပြင်းထန်သော ဆွဲအားတစ်ခု ပေါ်ထွက်လာသည်။ အနီးအနားရှိ လေပေါ်ဘုရားကျောင်းမှ ရဟန်းကျင့်ကြံသူများသည် လှုပ်ပင်မလှုပ်ဝံ့ဘဲ ၎င်းတို့၏ သိုလှောင်အိတ်များ ပျံတက်သွားကာ ဆရာတော်ရန်သမ်၏လက်ထဲသို့ ရောက်ရှိသွားသည်အား မြေပြင်မှနေ၍ ငြိမ်ကြည့်နေကြရရှာ၏။

"ဆေးဘုရင်တောင်ကြားမှာ ရရှိခဲ့တဲ့ အဖိုးတန်ဆေးဝါးတွေ အသုံးဝင်ဖို့အချိန်ကျပြီ!"

ဆရာတော်ရန်သမ်သည် သူ၏ ခန့်ညားထည်ဝါသော မှော်စွမ်းအားကို အသုံးပြု၍ ထိုအဖိုးတန်ဆေးပင်များကို လျင်မြန်စွာ သန့်စင်လိုက်သည်။ အဖိုးတန်ဆေးပင်များ တစ်ခုပြီးတစ်ခု စင်ကြယ်သော ဆေးစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ အတားအဆီးမရှိ စီးဝင်လာသည်။ အနာတရဖြစ်နေသော ကိုယ်ခန္ဓာတစ်ခုလုံး ပြန်လည်ချောမွေ့တောက်ပလာပြီး အခြေအနေကို ချက်ချင်းပြင်ဆင်ဖာထေးလိုက်နိုင်၏။ အားမာန်အပြည့်ဖြင့် မျက်လုံးအစုံမှာ လျှပ်စီးကဲ့သို့ ထက်မြက်စူးရှလျက်။

"ယဲ့ကျွင်းလင်၊ မာန်တက်မနေနဲ့၊ ဒီတိုက်ပွဲက ခုမှစတာ!" ဆရာတော်ရန်သမ်က အေးစက်စက်ပြောလိုက်သည်။

ယဲ့ကျွင်းလင်က ခေါင်းခါပြသည်။ "ဟင့်အင်း၊ ပြီးသွားပြီ"

"ဘာကိုဆိုလိုတာလဲ?"

ဆရာတော်ရန်သမ်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဆိုလိုရင်းကိုစဥ်းစားရင်း သူ့ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

"မင်းရဲ့ ကာကွယ်မှုပုံစံက အရမ်းအားကောင်းတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒီတိုက်ကွက်ကိုသုံးရင်ရော ဘယ်လိုကာကွယ်မလဲ?"

ထို့နောက် ယဲ့ကျွင်းလင်သည် လက်ကိုပင့်မြှောက်ပြီး လက်ဝှေ့ပွဲတစ်ခုအတွက် အသင့်အနေအထားသို့ ပြောင်းလဲလိုက်သည်။

ချက်ချင်းပင် သူ့နောက်တွင် တောက်ပသော ရွှေရောင် နတ်ဘုရားဘီးလုံးတစ်ခု ပေါ်ထွက်လာ၏။ ထိုဘီးလုံးတွင် နေမင်း၊ လမင်း၊ ကြယ်တာရာများနှင့် မြစ်မင်းများပါ ပါဝင်စီးဆင်းနေပြီး မရှုံးနိမ့်နိုင်သော စစ်နတ်ဘုရားတစ်ပါး၏ အသွင်သဏ္ဍာန်အား ထုတ်လွှတ်ပေးနေသည်။

ကောင်းကင်ယံတွင် လျှပ်စီးများ တဖျတ်ဖျတ်လက်ပြီး မိုးခြိမ်းသံများ မြည်ဟီးထွက်ပေါ်လာသည်။ မုန်တိုင်းများ အရှိန်အဟန်ဖြင့် တိုက်ခတ်နေလျက် မိုးတိမ်များက ပွက်လောရိုက်လွင့်ပျံနေသည်။ ဤကမ္ဘာကြီးသည် ယဲ့ကျွင်းလင်၏ လက်သီးထိုးရန်အသင့်အနေအထားဖြင့်ပင် တုန်ယင်စွာအရှုံးပေးလက်နက်ချလာသကဲ့သို့။

"ဒီ၊ ဒီလက်ဝှေ့ကျင့်စဥ်က..." ဆရာတော်ရန်သမ်၏ နဖူးမှ ချွေးအေးများ စီးကျလာပြီး အကြောင်းရင်းမရှိ ရင်းနှီးနေသောခံစားချက်ကို ရလိုက်သည်။

"ဆေးဘုရင်တောင်ကြားမှာတုန်းကပဲ ဒီလက်သီးနဲ့ အထိုးထားခဲ့ရတာလေ၊ ဒီလောက်မြန်မြန် မေ့သွားပြီလား?"

ယဲ့ကျွင်းလင်၏ အနောက်ရှိ ကျယ်ပြန့်ကြီးမားသော ရွှေရောင် နတ်ဘုရားဘီးလုံးမှာ မျက်နှာပြင်တွင် အမျိုးမျိုးသော ရှေးခေတ်စစ်ပွဲမြင်ကွင်းများကို ရေးဆွဲဖော်ပြထားပြီး နှစ်ပေါင်းများစွာကြာအောင် သက်တမ်းတည်လာသော မသေမျိုးအရှိန်အဝါကို ခံစားရစေသည်။ လူငယ်လေး၏ ဆံပင်ဖြူများက ရူးသွပ်စွာ လွင့်ခါနေလျက် မျက်လုံးများက ရွှေရောင်အလင်းဖြင့် တောက်ပနေသည်။ အသင့်ပြင်ထားသော လက်သီးစွမ်းအားသည် ပေါက်ကွဲလုဆဲဆဲအခြေအနေတွင်ရှိပြီး အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်က မျက်ခုံးဖြူရဟန်းအိုကြီးကို မလှုပ်မယှက်နိုင်အောင် မြဲမြံစွာ ထိန်းချုပ်ထား၏။

ဆရာတော်ရန်သမ်သည် ပထမတော့ ကြောင်အသွားပြီး သူ၏ရင်ထဲမှ ထိတ်လန့်မှုကို အတင်းအကျပ် ထိန်းချုပ်ကာ တမင်တကာ လှောင်ပြောင်လိုက်သည်။ "သတိရပြီ၊ အဲဒီလက်သီးက ဘာများအသုံးဝင်နေလို့လဲ၊ ဒီရဟန်းအိုကြီးကို ဘာမှတောင်ထိခိုက်အောင်မလုပ်နိုင်ခဲ့တဲ့ အကွက်ဟောင်းကြီးကို ပြန်သုံးချင်သေးတာလား?"

နှုတ်ကဒီလိုပြောနေရပေမယ့် တကယ်တမ်းတော့ သူ့ခံနိုင်ရည်စွမ်းကို အားကုန်အသင့်ပြင်ပြီး ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ပြင်ဆင်နေရပြီ။

ယဲ့ကျွင်းလင်က ရယ်သွမ်းသွေးသည်။ "ဟဲဟဲ၊ မှတ်မိလို့တော်သေးတာပေါ့ကွာ"

'ဘုန်း!'

ယဲ့ကျွင်းလင် လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။

ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာစကားမျှ ဤလက်သီးထိုးချက်ကို ပုံပေါ်အောင်ဖော်ပြနိုင်မည် မဟုတ်ပေ။

ဆရာတော်ရန်သမ်၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး သူ့မျက်လုံးများတွင် ကမ္ဘာပြိုခြင်း၊ ယင်းယန်စွမ်းအင်တို့ ပြောင်းပြန်လန်ခြင်း၊ ဂလက်ဆီများ ပျက်သုဥ်းခြင်း၊ နေနှင့်လ ပျောက်ဆုံးခြင်း အစရှိသည့် ကြောက်မက်ဖွယ်မြင်ကွင်းပေါင်းစုံကို မြင်တွေ့ခဲ့ရသည်။

ခမ်းနားပြီး ပြိုင်ဘက်ကင်းသော လက်သီးချက်တွင် ပါဝင်လာသော တိုက်ခိုက်ရေးစိတ်ဆန္ဒကား လူအများကို လက်နက်ချအရှုံးပေးလိုစိတ်ဖြစ်ပေါ်စေပြီး တောက်ပသော ရွှေရောင်လက်သီးရာက ကမ္ဘာကြီးကို ဖျက်ဆီးမည့်စွမ်းအားအဟုန်ဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။

ဒါကို တိုက်ခိုက်ရေး သူတော်စင်လက်သီးလို့ ခေါ်တယ်။

“ဟမ့်၊ ပေါက်ကရကျင့်စဥ်တွေ!”

ဆရာတော်ရန်သမ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်နှစ်ဖက်ကို ကြာပန်းသဏ္ဍာန်စုစည်းကာ ဗုဒ္ဓရုပ်ပွားတော်ကြီးကဲ့သို့ မတ်မတ်ရပ်တည်နေသည်။ တောင်တန်းကြီးပမာ ခိုင်ခံ့တည်မြဲစွာဖြင့် ထိုလက်သီးချက်ကို တိုက်ရိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။

ဆေးဘုရင်တောင်ကြားမှာတုန်းက သူ့တောင့်ခံနိုင်ခဲ့တာကြောင့် အပြင်လောကမှာလည်း တောင့်ခံနိုင်လောက်ပေမည်။

'ဘုန်း...'

ကြီးမားတောက်ပသော အလင်းတန်းအစုအဝေးကြီးတစ်ခု ပွင့်လန်းလာပြီး နေလုံးကြီးပေါက်ကွဲသကဲ့သို့ ထောင်ပေါင်းများစွာသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ လူအများမှာ သည်းမခံနိုင်စွာဖြင့် မျက်လုံးမှိတ်ထားကြရတော့၏။

ဆရာတော်ရန်သမ်သည် သွေးတစ်ပွက်အန်ချလိုက်ပြီး အလွန်နာကျင်ခံစားနေရသော မျက်နှာဖြင့် သူ့မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ဒီလက်သီးချက်က ဘယ်လိုလုပ် ဒီလောက်တောင်ကြောက်စရာကောင်းရတာလဲ?!

“သေစမ်း!”

ယဲ့ကျွင်းလင်သည် တိုက်ခိုက်‌ရေးသူတော်စင်လက်သီးကို အပြည့်အဝ အသက်သွင်းလိုက်ပြီး ပြိုင်ဘက်အပေါ်သို့ အားကုန်ပုံအောလိုက်သည်။

“အားးးး…” ဆရာတော်ရန်သမ်၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် မီးအရှိန်ပြင်းပြင်းနှင့် ထိတွေ့လိုက်ရသော နှင်းစက်တစ်စက်ကဲ့သို့ အားနည်းဖျော့တော့စွာဖြင့် အသွေးအသားများမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်စွာ အငွေ့ပျံနေသည်။ တစ်လျှောက်လုံးတည်ဆောက်ခဲ့သော မာနတံတိုင်းကြီးသည်လည်း ဤလက်သီးချက်ဖြင့် ကြေမွသွားခဲ့လေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံးကို ဝန်းရံထားသော သပိတ်ကြီးမှာလည်း သဘာဝအတိုင်း ပျောက်ကွယ်သွားရာ ဖန်တီးသူ လုံးဝသေဆုံးသွားပြီဟု အဓိပ္ပာယ်ရပေ၏။

လောကကြီး ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြီး တောက်ပနေသော တိုက်ခိုက်ရေးအလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည့်အခါ ကျင့်ကြံသူများ မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။ မြင်ကွင်းတွင် ဆရာတော်ရန်သမ်၏ ပုံရိပ်ကို အစအနတောင်မတွေ့ရတော့ဘဲ ဆံပင်ငွေရောင်နှင့် လူငယ်လေးတစ်ယောက်ကပဲ လက်နောက်ပစ်လျက် မတ်တပ်ရပ်နေသည်အား တွေ့လိုက်ရသည်။ ပြိုင်ဘက်ကင်း အောင်နိုင်သူတစ်ဦး၏ ဟန်ပန်အပြည့်ဖြင့်။

ထိုတစ်ခဏတွင် တစ်လောကလုံး တိတ်ဆိတ်လျက်သာရှိ၏။

All Chapters