ရုပ်တစ်ရာသခင်
Vol. 12 Ch. 161
အချိန်အတော်ကြာပြီးနောက်တွင် ကျင့်ကြံသူများသည် တဖြည်းဖြည်း သတိပြန်ဝင်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
"ငါတို့ အသက်ချမ်းသာရာရပြီ!"
"ချီးပဲ၊ အစ်ကိုကြီးယဲ့ကို ဗီလိန်လို့ အရင်က ဘယ်သူပြောတာလဲ? ဒါသက်သက် ကောလာဟလ ဖြန့်တာပဲ!"
"ဒီနေ့ကစပြီး အစ်ကိုကြီးယဲ့ရဲ့ ဂုဏ်သတင်းကို ပုတ်ခတ်ဖို့ ကြိုးစားတဲ့လူနဲ့တွေ့ရင် အသက်ချင်းလဲပစ်လိုက်မယ်!"
"ကယ်တင်ပေးတဲ့အတွက် အရှင်ယဲ့ကို ကျေးဇူးတင်ပါတယ်။ လေပေါ်ဘုရားကျောင်းက မိစ္ဆာဘုန်းကြီးကို ချေမှုန်းလိုက်နိုင်ပြီ!"
လူတိုင်းက သူ့ကို လေးစားကြည်ညိုစွာ မျှော်ကြည့်နေကြပြီး လက်သီးဆုပ်ကာ နက်နက်ရှိုင်းရှိုင်း အရိုအသေပြုကြသည်။
အမျိုးသမီး ကျင့်ကြံသူ အများအပြားပင် ပါးပြင်များ နီမြန်းနေကြပြီး ယဲ့ကျွင်းလင် သိမ်မွေ့ယဥ်ကျေးသော ပုံပန်းသဏ္ဌာန်ကို စွဲလမ်းစွာ ငေးကြည့်နေကြကာ လေးစားကြည်ညိုစိတ်များ ရင်ထဲတွင် ပြည့်လျှံလာသည်။
"သခင်လေးယဲ့က အရမ်းတော်တာပဲ" အန်းမြောင်ယိက တိုးတိုးလေး ရေရွတ်လိုက်သည်။
"မမလေး၊ ဒီလို အတုမရှိတဲ့ စွမ်းအားရှင်တွေကို ခေါ်ဆိုတဲ့အခါ အရှင်လို့သုံးတာ ပိုကောင်းပါတယ်" ဖန်းသယ်ကျန့်က စိုးရိမ်တကြီး ပြင်ပေးလိုက်သည်။
ထိုသူ၏ ပြီးပြည့်စုံသော ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်အရဆိုရင် အရှေ့ပိုင်းစီရင်စု၏ ထိပ်သီးစွမ်းအားရှင်များမှ တစ်ဦးအပါအဝင်ဖြစ်မည်မှန်း သံသယဝင်စရာမလိုပေ။
မသေမျိုးအဖြစ် တက်လှမ်းဖို့လည်း အလွန်အလားအလာကောင်း၏။
"ဆရာသခင်က အစွမ်းထက်လိုက်တာ!" လီဝူကျဲ၏ နှလုံးသားလေးလည်း လှုပ်ရှားသွားပြီး ယဲ့ကျွင်းလင်ကို လေးစားကြည်ညိုစိတ်ကြောင့် မြေပေါ်လဲကျချင်ချင်ပင်ဖြစ်သွားရသည်။
ဟုန်ချန်ယဲ့သည်လည်း ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းထသွားရသည်။
ထိုးထွင်းဉာဏ်ကောင်းသူတစ်ဦးအနေဖြင့် သူကတော့ လေးစားကြည်ညိုခြင်းထက် ပိုမြင်နိုင်သည်။
ဆရာတော်ရန်သမ်၏ ထူးခြားဆန်းကြယ်လှသော ကာကွယ်ရေးစွမ်းရည်အရဆိုလျှင် ထိုသူသည် အလယ်ပိုင်းစီရင်စုတွင်ပင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူများထဲမှ ရှားပါးစွမ်းအားရှင်တစ်ဦးဟု သတ်မှတ်လို့ရနိုင်သည်။
အထူးသဖြင့် မသေမျိုးအရိပ်တစ်ပါး၏ အသက်ဓာတ်က အလွန်မာကျောကြံ့ခိုင်သည့်အတွက် သူတို့ကို အသေသတ်ဖို့ရာမှာ လွန်စွာခက်ခဲ၏။ ကျင့်ကြံဆင့်အခွဲ တစ်ဆင့်နှစ်ဆင့်ပိုမြင့်ရုံဖြင့် တစ်ဖက်လူကို လုံးလုံးလျားလျားအသေသတ်ဖို့ အာမမခံနိုင်လောက်ပေ။ ထို့ကြောင့် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတွေကြားက တိုက်ပွဲတွေဟာ အနိုင်အရှုံးရှိပေမဲ့ သေဆုံးသည်အထိတိုက်ခိုက်ခြင်းကတော့ ရှားပါးလေသည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ မနိုင်ရင်တောင်မှ ထွက်ပြေးလို့ရတယ်လေ!
ဆရာတော်ရန်သမ်ကတော့ ပေါ့ဆသွားသည်ဟု ဆိုရပေမည်။ ထိုလက်သီးကို တစ်ကြိမ်မြည်းစမ်းဖူးရုံမျှဖြင့် သူ့ကိုအသေသတ်နိုင်မည်ဟုမထင်သောကြောင့် ထွက်မပြေးခဲ့ရာမှ ဤသို့အမှုန့်ကျေသွားခဲ့ရခြင်းပင်!
"ဒီလူရဲ့စွမ်းအားတွေက အကန့်အသတ်ကိုမရှိတော့တာမျိုးလား?" ဟုန်ချန်ယဲ့၏ မျက်လုံးများမှာ မြူခိုးများဆိုင်းနေသကဲ့သို့ မှုန်မှိုင်းလျက် စိတ်အစဥ်မှာလည်း ရှုပ်ထွေးနေသည်။
ဆရာတော်ရန်သမ် သေဆုံးခြင်းကြောင့် အတူပါလာသော ရဟန်းတပည့်တစ်ဒါဇင်ခန့်နှင့် လေပေါ်ကျောင်းတော်အကြီးအကဲတို့မှာ မျက်နှာအရောင်ဖြူဆုတ်လျက် နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်ယင်စွာဖြင့် လွန်စွာကြောက်လန့်နေကြရလေပြီ။
ဆရာတော်ရန်သမ် သေဆုံးခြင်းသည် လေပေါ်ဘုရားကျောင်း၏ အခြေခံအုတ်မြစ်ကို တစ်ချက်ပြင်းပြင်း ဆွဲခါလိုက်ခြင်းပင်။
"မြန်မြန်၊ မြန်မြန်၊ ဘုရားကျောင်းကို ပြန်ကြစို့!" ဘုန်းကြီးအုပ်စု ပျာယာခတ်စွာဖြင့် လှည့်ပြေးရန်ပြင်လိုက်သည်။
ရုတ်တရက် မိုးခြိမ်းသံလို အော်ဟစ်သံတစ်ခု အနောက်မှ ထွက်ပေါ်လာသည်။ "ဟေ့ မြည်းကတုံးတွေ၊ ဘယ်ပြေးမလို့လဲ?!"
လီဝူကျယ်သည် ပြေးမည့်အသံကြားသည်နှင့် ဓားရှည်ကို ရွှမ်းခနဲဆွဲထုတ်လိုက်ပြီး တုနှိုင်းမဲ့ဓားအလင်းရောင်ဖြင့် စွမ်းအားအဟုန်ကို မြှင့်တင်ကာ ပြေးဝင်လာသည်။
ဘုန်းကြီးများ၏ ခန္ဓာကိုယ်များမှ တစ်ယောက်ပြီးတစ်ယောက် သွေးတွေ ပန်းထွက်လာပြီးနောက် အခြေအနေကို လက်မခံနိုင်သေးချိန်၌ပင် သူတို့၏ကိုယ်ထည်များ အပိုင်းပိုင်းပြတ်ကျသွားရ၏။ ဓားရာတို့က သပ်ရပ်ချောမွေ့လျက်။
လီဝူကျယ် လက်စသတ်ပြီးနောက် ချာခနဲပြန်လှည့်ကာ ဓားကိုပြန်သိမ်းလိုက်သည်။ လုပ်ငန်းစဥ်တစ်ခုလုံးမှာ ချောမွတ်မြန်ဆန်ကာ ခမ်းနားထည်ဝါလျက်။
"မြန်လိုက်တဲ့ဓား!"
လူတိုင်း တံတွေးမျိုချလိုက်မိကြသည်။
ယဲ့ကျွင်းလင်သည် ဟန်ဆောင်သူတစ်စုရှေ့တွင် လျင်မြန်စွာ ပေါ်ထွက်လာပြီး တောက်တစ်ချက်ခေါက်လိုက်သည်။ "ငါ့နာမည်ကို စိတ်ကြိုက်သုံးပြီးတော့ အခုမှထွက်ပြေးချင်တယ်ပေါ့?"
ထိုလူစုက ယခုအချိန်ထိ ထွက်ပြေးဖို့ရာကြိုးစားနေဆဲပင်။ ယဲ့ကျွင်းလင်က သူတို့၏လမ်းကို ပိတ်ဆို့လိုက်သည့်အခါမှ တင်းထားသောစိတ်ဓာတ်များ ချက်ချင်းပြိုလဲကျသွားသည်။ ထို့နောက် အလွန်သနားစဖွယ်ဟန်ဖြင့် ညည်းတွားငိုယိုကာ မြေကြီးပေါ်တွင် ပြားပြားဝပ်လျက် အသနားခံလာကြသည်။ "အရှင်ယဲ့! ကျွန်တော်တို့ကို ချမ်းသာပေးပါ။ ကျွန်တော်တို့ခဏတာ ရူးသွပ်သွားမိတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့လို ပုရွက်ဆိတ်တွေကို ဂရုစိုက်မနေပါနဲ့၊ အချိန်ကုန်ပါတယ်!"
"သူပဲ! သူပဲ! သူ အားလုံးကို စီစဉ်ခဲ့တာ!" ဝါးဦးထုပ်ဆောင်းထားသူက ဆံပင်ဖြူနှင့်လူအိုကို အလျင်အမြန် လက်ညှိုးထိုးပြပြီး လွတ်မြောက်ရန် အသည်းအသန်ကြိုးစားသည်။
"ဟုတ်တယ်! ဒီလူအိုကြီးက အရမ်းယုတ်မာတာ!" မြစ်ကိုဖြတ်ပြီး တံတားကိုဖြိုချသကဲ့သို့ ခေါင်းဆောင်ဖြစ်သူအား ဝိုင်းဝန်အပြစ်ဖို့လာကြတော့၏။
ဆံဖြူလူအိုကြီးသည် အလွန်ဒေါသထွက်နေသဖြင့် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း အခြေအနေဤသို့ဖြစ်လာပြီဖြစ်ရာ အရှုံးမခံချင်တော့ပေ။ သူ အံကြိတ်ကာ ပြောလိုက်သည်။ "အရှင်ယဲ့၊ ကျွန်တော် လောဘကြောင့် မျက်စိမှောက်ပြီး ဒီလိုမိုက်မဲတဲ့အလုပ်ကိုလုပ်မိတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒါတွေအကုန်လုံးကို ကျွန်တော်တစ်ယောက်တည်းလုပ်ဖို့ မဖြစ်နိုင်မှန်း အရှင်လည်းသိမှာပါ၊ ဒါကြောင့် ကျေးဇူးပြုပြီး တရားမျှတစွာ ဆောင်ရွက်ပေးပါ!"
"လူအိုကြီး! မင်းကသေခါနီးတော့ ငါတို့ကိုပါ ဆွဲချချင်တာလား! အသိစိတ်ကို ခွေးချကျွေးလိုက်တာလား?!" ဝါးဦးထုပ်ဆောင်းထားသူက ဒေါသတကြီး ထအော်လိုက်သည်။
"ဝူးဝူး၊ ကျွန်မသိနေတယ်၊ ရှင့်ရဲ့ပေါက်ကရစကားတွေကို နားမထောင်ခဲ့သင့်ဘူး။ ဖီးနစ်နွေဦးပြဇာတ်ရုံ မှာတုန်းက ကျွန်မ ဘယ်လောက်တောင်အောင်မြင်ခဲ့လဲ? ထိပ်တန်းဖျော်ဖြေရေးသမားတောင် ဖြစ်ခဲ့တာ၊ ဒါပေမယ့် ဒီလိုမိုက်မဲပြီး အဆုံးသတ်မလှတဲ့အလုပ်မျိုးလုပ်ဖြစ်အောင် ရှင်ကသွေးဆောင်ခဲ့တာပဲ" အနီရောင်အဝတ်အစားဝတ်ထားသည့် အမျိုးသမီးက စတင်ငိုယိုလိုက်သည်။
"ကျွန်တော်လည်း အရင်က ဝိညာဥ်ဆေးပင်စိုက်ပျိုးသူတစ်ယောက်ပါ၊ ဂိုဏ်းငယ်လေးတစ်ခုမှာ ဝိညာက်ဆန်စေ့တွေနဲ့ ဆေးပင်တွေ စီမံခန့်ခွဲတာကို အဓိကလုပ်ကိုင်ပေးခဲ့တာပါ။ နောက်ပိုင်းမှာ သာမန်အလုပ်တွေကနေ ငွေကြေးမလုံလောက်တော့တဲ့အခါ မှားယွင်းတဲ့အတွေးတွေ ဝင်လာခဲ့တယ်။ အချိန်ကိုသာ နောက်ပြန်လှည့်နိုင်မယ်ဆိုရင် အဲ့ဒီစိုက်ပျိုးရေးအလုပ်လေးကိုပဲ သေသေချာချာနဲ့ ရိုးရိုးသားသား လုပ်ကိုင်သွားမှာပါ!" နောက်ထပ် အရပ်ပုပုနောက်လိုက်လေးတစ်ယောက်က တိုင်တည်ငိုယိုလာပြန်သည်။
ယဲ့ကျွင်းလင် မတတ်သာစွာ ခေါင်းကိုသာခါယမ်းလိုက်ရ၏။
ဒီလူတွေက တော်တော်မျက်နှာပြောင်တိုက်ကြတာပဲ။
ဒါပေမယ့် သနားစရာတော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့အမှားတွေအတွက် အကျိုးဆက်တွေကို ခံရသင့်တာပဲ။ ဒီလိုအဖြစ်တွေသာ ရှိမလာရင် အသိတရားဝင်မယ့်လူတွေလည်း မဟုတ်ပဲနဲ့။
ယဲ့ကျွင်းလင်က စကားပြောဖို့ ပြင်နေတုန်း ဖန်းသယ်ကျန့်က အလျင်အမြန် ပြေးဝင်လာပြီး ဝါးဦးထုပ်ဆောင်းထားသူ၏ လည်ပင်းကို ဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "မင်း မျိုးမစစ်ကောင်၊ ငါ့ဆီက မင်း လိမ်ယူထားတဲ့ အဆင့်မြင့်ဝိညာဥ်ကျောက် ငါးသန်းကို ပြန်ပေး!"
အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါကို ခံစားလိုက်ရတော့ ဝါးဦးထုပ်ဆောင်းထားသူ၏ မျက်နှာတစ်ပြင်လုံး ပြာနှမ်းသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "အစ်ကိုကြီးရာ၊ စကားကိုကောင်းကောင်းပြောပါ၊ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံအားလုံးကို ပေးပါ့မယ်..."
"ငါတို့ပစ္စည်းတွေရော ဘယ်မလဲ? အရင်ကဓားပြတိုက်သွားတဲ့ ဝိညာဥ်ကျောက်တွေ၊ မှော်ပစ္စည်းတွေ၊ အဆောင်လက်ဖွဲ့တွေ အကုန်ပြန်ပေး!" နောက်ထပ် နစ်နာသူအုပ်စုကြီးတစ်စုကလည်း ဒေါသတကြီး ပြေးလာကြပြီး မျက်နှာတွေမှာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သုံးပတ်မျှ ပတ်လည်ဝိုင်းထားလိုက်ကြ၏။
ဆံဖြူလူအိုကြီးသည် ချွေးသံရွှဲရွှဲနှင့် ကြောက်ရွံ့တုန်လှုပ်နေပြီး "ပြန်ပေး၊ အကုန်ပြန်ပေးမယ်!" ဟု ထအော်သည်။
ယဲ့ကျွင်းလင်သည် မူလက သူတို့ကို ပြစ်ဒဏ်ပေးရန် ဆုံးဖြတ်ထားသော်လည်း ဒေါသထွက်နေသော ကျင့်ကြံသူအများအပြားကို မြင်သောအခါ အင်အားကြီးသူကသာ အရာရာဖြစ်သော ဤကျင့်ကြံရေးကမ္ဘာတွင် ၎င်းတို့၏အဆုံးသတ်မှာ သူဝင်ပါစရာမလိုဘဲ မလွဲဧကန် ဆိုးဝါးမည်ဖြစ်ကြောင်း သိရှိလိုက်ပြီး လှည့်သာထွက်လာခဲ့လိုက်တော့သည်။
လီဝူကျယ်သည် ထိုအတုအယောင်ကို သူ့လက်ဖြင့်သတ်လိုသော်လည်း ထိုသူသည် သာမန်ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး သူ၏ဓားချက်အောက်တွင် သေဆုံးရန် မထိုက်တန်သောကြောင့် အေးစက်စက်သာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဆရာသခင်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ဟုန်ချန်ယဲ့သည်လည်း ထိုသို့ ဦးနှောက်မရှိသော အမျိုးသမီးကို တိုက်ခိုက်ခြင်းသည် သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဟု ခံစားရသောကြောင့် ရိုးရိုးရှင်းရှင်းပင် မျက်နှာတင်းတင်းဖြင့် လှည့်၍ ထွက်ခွာသွား၏။
"မမလေးအန်း၊ ဘာကြည့်နေတာလဲ?" ယဲ့ကျွင်းလင်က အန်းမြောင်ယိ၏ ကြောင်တောင်တောင်အမူအရာလေးကိုမြင်သော် ပြုံးစစဖြင့် မေးလိုက်သည်။
အန်းမြောင်ယိ သတိပြန်ဝင်လာပြီး လက်တွေကို ခါးသွယ်သွယ်မှာ မာန်ပါပါထောက်ကာ စသလိုနောက်သလိုဖြင့် ရန်ထောင်လိုက်သည်။ "သခင်လေးယဲ့၊ ရှင်ကကျွန်မကို လှည့်စားခဲ့တာပဲ! ကျွန်မကတော့ ရှင်ပြောသမျှ မျက်စိမှိတ်ယုံပေးလိုက်ရတာ!"