အခန်း (၁၆၂)
Vol. 12 Ch. 162
ယဲ့ကျွင်းလင် ပခုံးတွန့်လိုက်သည်။ "မမလေးရဲ့အတွေးတွေက ဒီလောက်ရိုးအနေလိမ့်မယ်လို့ ထင်မထားမိလို့ပါ"
"ကျွန်မကို တုံးအတယ်လို့ပြောတာလား?" အန်းမြောင်ယိက ပိုပြီး မကျေမနပ်ဖြစ်သွားသည်။
"မဟုတ်ဘူး၊ ဒါကို ကလေးတစ်ယောက်ရဲ့ နှလုံးသားလို့ ခေါ်ရမယ်! ဒီလိုရိုးအပြီးဖြောင့်မတ်တဲ့သူတွေ ရဲ့ကျင့်ကြံမှုလမ်းကြောင်းက အမြဲအဆင်ပြေချောမွေ့တတ်ကြတယ်! မမလေးအန်း၊ ခင်ဗျားကို ကျွန်တော်တော့ မျှော်လင့်ချက်ကြီးကြီးထားမိတယ်!" ယဲ့ကျွင်းလင်က အလေးအနက်ဆိုသည်။
အန်းမြောင်ယိ ခေတ္တမျှကြောင်သွားပြီးနောက် ချီးကျူးစကားကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်၊ သူမ၏ မက်မွန်စေ့လိုမျက်လုံးလေးများမှာ အပြစ်ကင်းစင်စွာ တောက်ပနေလျက် ထပ်မေးလာ၏။ "တကယ်လား? ဒီတစ်ခေါက်ရော လိမ်တာမဟုတ်တော့ဘူးလား?"
ယဲ့ကျွင်းလင်ကပြောသည်။ "ကျွန်တော် ဘယ်တော့မှ လူတွေကို မလှည့်စားပါဘူး!"
"ဟားဟား၊ ဒါဆို ရှင် ကျွန်မအကြောင်းသိပြီပေါ့၊ ပြောလိုက်ဦးမယ်၊ ကိုယ့်ကိုယ်ကို ယှဥ်ပြိုင်ဘက်မရှိဘူးလို့တော့ မထင်လိုက်နဲ့၊ နောင်တစ်ချိန်မှာ ကျွန်မကရှင့်ကို ရအောင်ကျော်မှာ!" အန်းမြောင်ယိက မေးစေ့ကိုပင့်မော့လျက် ဝင့်ကြွားစွာ ပြောလိုက်သည်။
ယဲ့ကျွင်းလင် နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ "ဒါဆို ကြိုးစားထား၊ ကျွန်တော် မမလေးကို ပန်းတိုင်မှာ စောင့်နေမယ်။"
ထို့နောက် သူသည် အားခွင်းကို ဆင့်ခေါ်လိုက်တော့၏။
မကြာမီပင် ကြီးမားသော ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်သည် တိမ်တိုက်များထဲမှ ထွက်ပေါ်လာပြီး မိုးချုန်းသံနှင့်အတူ ဆင်းသက်လာကာ ခန့်ညားထည်ဝါသော လေစီးကြောင်းကို ထိန်းချုပ်ပျံသန်းလာသည်။
ခွင်းဖန်း၏ အရှိန်အဝါသည် အလွန်အားကောင်းပြီး ကျယ်လောင်ကြည်မြသော မြည်သံကို ထုတ်လွှတ်ကာ သူ၏ရောက်ရှိလာခြင်းကို လူသားတို့ထံ အာဏာကုန်ကြေညာနေသည်။
"ကြည့်စမ်း၊ ဒါ အရှင်ယဲ့ရဲ့ စီးတော်ယာဉ်ပဲ!" တစ်ယောက်က အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"ဒီအတိုင်းဆို သတင်းတွေကမှန်တာပေါ့၊ အရှင်ယဲ့ရဲ့ စီးတော်ယာဉ်က တကယ်ပဲ နတ်သားရဲသတ္တဝါ ခွင်းဖန်းပဲ!" ထိုမြင်ကွင်းကြောင့် အံ့သြတကြီးရေရွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်က အပြုံးဖြင့် လက်သီးဆုပ်အရိုအသေပြုလိုက်သည်။ "မမလေးအန်း၊ အချိန်တစ်ခုအထိတော့ နှုတ်ဆက်လိုက်ရပါတယ်"
သူမရှေ့မှ ရင်းနှီးသလို မရင်းနှီးသလို ခံစားချက်ဖြင့် ဆံပင်ငွေရောင်လူငယ်အား ငေးကြည့်ရင်း ထိုညက တီးမှုတ်ခဲ့သော ပုလွေသံသာနှင့် သူတို့ကြားက နားလည်မှုလွဲမှားခြင်းတို့ကို ပြန်လည်သတိရမိရာ အန်းမြောင်ယိ၏ မျက်နှာလှလှလေးသည် အနည်းငယ် နီမြန်းလာပြီး သူမရင်ထဲတွင် မဖော်ပြနိုင်သော စိတ်ခံစားမှုတစ်ခု ပေါ်ပေါက်လာသည်။ သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး နှုတ်ဆက်စကားဆို၏။ "အင်း၊ ကံကြမ္မာပေးရင် ပြန်ဆုံကြတာပေါ့။"
ယဲ့ကျွင်းလင် ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။
သူတို့အဖွဲ့ ခွင်းဖန်းပေါ်သို့ တက်လိုက်ကြသည်။
မှိုဘုရင်ကြီးမှာတော့ ထိတ်လန့်တုန်လှုပ်သွားရှာ၏။ ဤဒဏ္ဍာရီလာသတ္တဝါသည် လူသားမျိုးနွယ်ကို သခင်အဖြစ် အသိအမှတ်ပြုနိုင်သည်တဲ့လား?
ဒီပုံစံအရ သူ့ဆရာသခင်ကတော့ တကယ်ကို သာမန်လူတစ်ယောက်မဟုတ်ဘူး ထင်ပါရဲ့။
ဝှီး!
ရေတွက်လို့မရအောင် ထိတ်လန့်အံ့သြနေကြသော အကြည့်တွေကြားတွင် ခွင်းဖန်းသည် မိုင်ပေါင်း ကိုးသောင်းအထိ ပျံတက်သွားပြီး ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းအစွန်းတစ်နေရာတွင် ပျောက်ကွယ်သွားလေသည်။
"အရှင်ယဲ့ကို လေးစားစွာဖြင့် နှုတ်ဆက်လိုက်ပါတယ်!" လူတိုင်းက သူတို့ထွက်ခွာရာအရပ်သို့ မျက်နှာမူကာ လေးနက်စွာအရိုအသေပြုလာကြသည်။
သူတို့ပြန်ရောက်တာနဲ့ ဒီကိစ္စကို သေချာကြော်ငြာဝင်ပေးပြီး ဒီကာလအတွင်း ပျံ့နှံ့နေတဲ့ ကောလာဟလတွေဆိုးကို ချေဖျက်ပေးရမယ်၊ အရှင်ယဲ့ရဲ့ တောက်ပချောမောတဲ့ပုံရိပ်ကို ထိန်းသိမ်းပေးရမယ်!
ရုတ်တရက် ကျင့်ကြံသူတစ်ဦးသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး မျက်လုံးများ ပြူးကျယ်လာကာ "နေပါဦး၊ ဟိုလူအိုကြီး ဘယ်ရောက်သွားပြီလဲ?!" ဟု အံ့သြတကြီး အော်ဟစ်လိုက်သည်။
လူတိုင်း တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြပြီး သူတို့မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
အံ့သြနေမိတာ ဘယ်လောက်တောင်ကြာသွားပြီလဲ? မျက်စိအောက်ကလူတောင် ထွက်ပြေးသွားပြီလား?
ဖန်းသယ်ကျန့်သည် သူ၏ နတ်ဘုရားအသိစိတ်ကို လွှတ်ထုတ်ကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားလိုက်သည်။ အပေါ်မှအောက်သို့ ထောင့်တိုင်းကို အသည်းအသန် ရှာဖွေစစ်ဆေးသော်လည်း ဆံဖြူလူအိုကြီး၏ ပုံရိပ်ကို မတွေ့ရပေ။
သူသည် လေထဲတွင် အငွေ့ပျံသွားသကဲ့သို့ပင်!
"ပြောစမ်း! အဲဒီလူအိုကြီး ဘယ်ကိုသွားလဲ?!" သန်မာထွားကြိုင်းသော လူတစ်ယောက်က ဝါးဦးထုပ်ဆောင်းထားသူနှင့် အခြားသူများကို မေးလိုက်သည်။
ထိုနောက်လိုက်အဖွဲ့မှာလည်း မျက်စိမျက်နှာပျက်နေကြပြီး ကြောင်တောင်တောင်ဖြင့်ပင်။ "ခင်ဗျား ဘယ်သူ့ကို ပြောနေတာလဲ? ခဏလေး၊ ကျွန်တော် ဘာလို့ ဒီရောက်နေတာလဲ?"
ဒီလူတွေက မှတ်ဉာဏ်တွေ ပျောက်သွားသလိုပဲ၊ သူတို့ကိုယ်သူတို့တောင် ဘယ်ရောက်လို့ ဘာဖြစ်နေမှန်း မသိကြဘူးတဲ့လေ။
ဖန်းသယ်ကျန့် စိတ်ဆိုးမာန်ဆိုးဖြင့် လက်ကို ဆန့်ထုတ်ကာ ဝါးဦးထုပ်ဆောင်းထားသူ၏ခေါင်းကို ဖိကိုင်လိုက်ပြီး ရက်ရက်စက်စက်ပင် ဝိညာဥ်ရှာဖွေစစ်ဆေးမှုအား ပြုလုပ်လိုက်သည်။
ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်။
ရလဒ်ကတော့ ဒီလူတွေ တကယ်ပဲ မှတ်ဉာဏ်ပျောက်ဆုံးနေကြတာပါပဲ။
အတင်းအကျပ် ဝိညာဉ်ရှာဖွေစစ်ဆေးခံရပြီးနောက် ဝါးဦးထုပ်တို့အဖွဲ့မှာ လဲကျမေ့မြောနေကြပြီး ပါးစပ်က အမြှုပ်တွေထွက်ကာ ကိုယ်ခန္ဓာများ ဆတ်ခနဲ ဆတ်ခနဲ တုန်ရီလျက်ရှိကြ၏။
"ရောင်းရင်း၊ ဘာတွေဖြစ်နေတာလဲ သိလား?" လူတိုင်းက ဖန်းသယ်ကျန့်ကို ကြည့်ကာ မေးလာကြသည်။
"ဦးလေးဖန်း၊ ဘာဖြစ်တာလဲ?" အန်းမြောင်ယိလည်း အံ့သြတကြီးဖြင့် မေးလာသည်။
ဖန်းသယ်ကျန့်က မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ "စောက်ကျိုးနည်း၊ ငါတို့ အားလုံး အဲဒီလူ လှည့်စားတာကို ခံလိုက်ရတာပဲ!"
တစ်နေရာလုံး ဆူညံပွက်သွားသည်။
လူအများမှာ မယုံနိုင်စွာ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက်။
"ကြောင်မသွားကြနဲ့ အဲ့ကောင်ကို မြေလှန်ပြီးရအောင်ရှာရမယ်!"
ဖန်းသယ်ကျန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဒီလောက်မြန်မြန် လှည့်စားခံရလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ!
ဒီလောက် ကောက်ကျစ်တဲ့နည်းလမ်းပေါင်းစုံတတ်နေတာ အဲ့ဒီလူရဲ့ဇစ်မြစ်က ဘာမလို့လဲ?
"မြန်မြန်၊ သွားရှာကြ!"
လူအုပ်စုသည် ရေလှိုင်းပမာ ပြန့်ကျဲသွားကြပြီး သူတို့မျက်နှာများမှာ တုန်လှုပ်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နေသည်။
သူတို့သည် ထိုလူကို ရှာဖွေပြီး အပိုင်းပိုင်းဖြတ်ကာ အရိုးများကို ပြာမှုန့်ဖြစ်အောင် ကြိတ်ပစ်ရန် မစောင့်နိုင်ကြတော့ပေ!
"ချီးပဲ! ငါ့ပိုက်ဆံတွေတောင် ပြန်မရသေးဘူး! အဲဒီလူအိုကြီးက ဘယ်လိုပျောက်သွားတာလဲ?" အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားပြီး နှုတ်ခမ်းနီရဲရဲ၊ သွားဖြူဖြူနှင့် နူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိသည့် လူငယ်တစ်ယောက်က ဒေါသတကြီး ဖြစ်နေသည်။
ထို့နောက် ခွင်းဖန်း ပျောက်ကွယ်သွားသည့် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်ရင်း သူ့ပါးစပ်ထောင့်စွန်းသည် သိမ်မွေ့စွာ ကွေးညွှတ်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် ဝမ်းမြောက်စွာ ရေရွတ်လိုက်၏။ "ဟဲဟဲ၊ ငါပိုင်လျန် ဘဝကို ဒီလောက်ခက်ခက်ခဲခဲနဲ့ နေထိုင်လာရတာ လွယ်လွယ်နဲ့သေလို့တော့ ဘယ်ဖြစ်မလဲ!"
ပိုင်လျန်၏ နာမည်သည် အရှေ့ပိုင်းစီရင်စုတွင် သိပ်မထင်ရှားလှပေ။
သို့သော် သူ၌ ကျော်ကြားသော ဘွဲ့အမည်တစ်ခုရှိပြီး ကာလကြာရှည်အတွင်း နက်နဲစွာ ပျံ့နှံ့နေခဲ့သော ဒဏ္ဍာရီများစွာကို ချန်ထားခဲ့သေးသည်။
လူအများကတော့ သူ့ကို ရုပ်တစ်ရာသခင် ဟု ခေါ်ကြသည်။
"ကံကောင်းလို့ ငါ့ရဲ့ မျက်နှာမဲ့နတ်ဘုရားကျင့်စဉ် အဆင့်တက်ထားပေလို့ပဲ၊ မဟုတ်ရင် ခုနကတင် ပေါ်သွားလောက်ပြီ။ အဲဒီလူမိုက်တွေရဲ့ မှတ်ဉာဏ်တွေကိုတော့ အရင်ကတည်းက ကြိုပြီး ဖျက်ဆီးထားခဲ့တာပေါ့။ ဒီတစ်ခါတော့ သေဘေးက လွတ်မြောက်ခဲ့ပြီ၊ စုဆောင်းထားတဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ကျင့်ကြံဆင့်ကို မြန်မြန် တက်လို့ရပြီ။ အရင်တစ်ချိန်က စိတ်ကူးတောင်မယဥ်နိုင်တဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေပေါ့!"
ပိုင်လျန်၏ နှလုံးသားသည် တက်ကြွမှုဖြင့် မီးကဲ့သို့ တောက်လောင်နေပြီး သူ၏ အသက်ရှူသံမှာလည်း အနည်းငယ် မြန်ဆန်နေသည်။
အစမှအဆုံးအထိ သူသည် ဒီလုပ်ငန်းစဥ်၏ အကြီးမားဆုံး အကျိုးခံစားခွင့်ရှိသူဖြစ်၏။ ထိုလူအနည်းငယ်သည် သူညွှန်ကြားသမျှလုပ်ပေးရုံ အဆင့်သာပင်။ နောက်ဆုံးလုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးနိုင်မည်ဟု ထင်ခဲ့သော်လည်း ဤသို့ပြဿနာတက်ပြီး ရုတ်တရတ် အခြေအနေပြောင်းပြန်လန်ကုန်လိမ့်မည်ဟု သူလည်းမျှော်လင့်မထားမိခဲ့။
ကံကောင်းစွာဖြင့် အရာအားလုံးသည် စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် အတက်အကျမြန်ဆန်ခဲ့သော်ငြား နောက်ဆုံး အနိုင်ရသူမှာ သူပင်ဖြစ်သည်။
သူ့ကို လှမ်းအကဲခတ်နေသော အကြည့်တစ်ခုကို သတိထားမိလိုက်တော့ လူငယ်လေးက ဒေါသထွက်နေသောပုံစံကို ပြန်ပြောင်းလိုက်ပြီး လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သည်။– "စောက်ကျိုးနည်း၊ လူအိုကောင်ကြီး၊ ပုန်းထားနှင့်ဦးပေါ့ကွာ၊ တွေ့လို့ကတော့ မင်းကို အရေခွံခွာပစ်မယ်!"