ဆရာယဲ့ရဲ့ ကျောင်းတော်ကြီး
Vol. 12 Ch. 163
ခွင်းဖန်း၏ ကျောပြင်ပေါ်တွင် ပြာသာဒ်ဆောင်များ၊ မျှော်စင်များ၊ တံတားငယ်များနှင့် စီးဆင်းနေသော စမ်းချောင်းငယ်များ၊ စိမ်းစိုသော သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေပြီး သာယာဝပြောသော အပန်းဖြေတောင်ပေါ်ရွာလေးတစ်ခုနှင့် ဆင်တူသည်။
မှိုဘုရင် မှာ ပါးစပ်အဟောင်းသားဖြင့် ရပ်နေပြီး နိဗ္ဗာန်ဘုံသို့ ရောက်ရှိလာခြင်းပေလောဟု ထင်မှတ်လုနီးပါးပင်။
ယဲ့ကျွင်းလင်က လေးနက်စွာ စကားစလိုက်သည် "အားလုံးပဲ၊ ငါတို့ရဲ့ အဖွဲ့ဝင်သစ်လေးကို ကြိုဆိုကြရအောင်! လက်ခုပ်တီး!"
ဖြောင်း ဖြောင်း ဖြောင်း ~
ကြည်လင်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
လီဝူကျယ်မှာ ဆရာသခင်ပြောသည့်အတိုင်း ဘာမဆို ပြုမူမည့်ပုံရပြီး ပုရှောင်ရှီးကတော့ တက်ကြွဆုံး ဖြစ်ပုံရသည်။ ဟုန်ချန်ယဲ့ကတော့ ပေါ့ပေါ့ဆဆဟန်ဖြင့်သာ လက်ခုပ်အနည်းငယ် တီးပေးလိုက်၏။
မှိုဘုရင်မှာ လူအုပ်ကြားထဲ အနည်းငယ် ရှက်ရွံ့နေပြီး "အားလုံးကို ကျေးဇူးတင်ပါတယ်!" ဟု တိုးတိုးလေးဆိုလိုက်သည်။
"ရှောင်ဟေး၊ ဒါက မင်းရဲ့ ဆရာတူအစ်ကို ဟုန်ချန်ယဲ့ပဲ။ သူက ကျင့်ကြံရာမှာ အရမ်းစိတ်အားထက်သန်တယ်၊ ကျင့်ကြံရေးနဲ့ ပတ်သက်ပြီး နားမလည်တာရှိရင် သူ့ကို မေးလို့ရတယ်နော်" ဟု ယဲ့ကျွင်းလင်က ဟုန်ချန်ယဲ့၏ ပခုံးကိုပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။
ဟုန်ချန်ယဲ့မှာ ဆတ်ခနဲတုန်ယင်သွားပြီးနောက် ဝတ်ကျေတန်းကျေ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အပြုံးတစ်ပွင့်ကို ဖော်ထုတ်လိုက်သည်။ ထိုအပြုံးမှာ ငိုချတော့မတတ်ပင် အရုပ်ဆိုးလှ၏။ "ဆရာသခင်ပြောတာ မှန်ပါတယ်၊ ဆရာတူညီလေး ဘာအခက်အခဲရှိရှိ ငါ့ဆီလာခဲ့လို့ရတယ်"
မှိုဘုရင်မှာ အံ့အားသင့်သွားရသည်။ အစ်ကိုကြီးတဲ့လား? ဒါက တကယ်ပဲ ယောက်ျားလေးလား?!
ဒါပေမယ့် ဒီအမူအရာက ဘယ်လိုလုပ်ပြီး ခြိးမ်းခြောက်ခံနေရတဲ့ခံစားချက် ရနေပါလိမ့်? မသေချာသေးဘူး၊ တစ်ခေါက်လောက် ထပ်ကြည့်လိုက်ဦးမယ်။
ထို့နောက် ယဲ့ကျွင်းလင်သည် တပည့်လေးများအား တစ်ဦးချင်းစီ မိတ်ဆက်ပေးပြီးနောက် သူ့တာဝန်အကုန်ကျွတ်လွတ်သွားသကဲ့သို့ အေးအေးဆေးဆေး အနားယူခြင်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။
"ရှောင်ရှီး၊ မင်းရဲ့ ဆရာသခင်ကို ပခုံးလာနှိပ်ပေးပါဦး"
"ရှုရှု ချက်ချင်း လာပါပြီ!"
ပုရှောင်ရှီးသည် မျက်နှာဖုံးစလေးကို ဖယ်လိုက်ပြီး နူးညံ့သော အဖြူရောင် ကြွက်ခေါင်းလေးကို ဖော်ထုတ်ပြလိုက်သည်။ မျက်လုံးလေးများ ကလယ်ကလယ်ဖြင့် အူတူတူအတတအမူအရာလေးမှာ ချစ်စဖွယ်အတိရှိ၏။
သူမသည် ယဲ့ကျွင်းလင် အနောက်သို့ အမြန်ပြေးသွားပြီး နူးညံ့သော လက်ကလေးများဖြင့် သင့်တင့်လျောက်ပတ်သော အင်အားကိုသုံး၍ စတင်နှိပ်နယ်ပေးတော့သည်။
မှိုဘုရင်မှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားရသည်။ ဆရာတူအစ်မရှောင်ရှီးရဲ့ မူရင်းသွင်ပြင်က မွေးဖြူကြွက်တဲ့လား?
ပြီးတော့ ဘာလို့ ကြွက်ခေါင်းနဲ့ လူကိုယ်ဖြစ်နေရတာလဲ? အသွင်ပြောင်းလဲမှု မအောင်မြင်လို့လား?
ဟုန်ချန်ယဲ့မှာ သက်မတစ်ချက်ကို တိတ်တိတ်လေး မှုတ်ထုတ်လိုက်ပြီး မှိုဘုရင်၏ ဘေးမှ ဖြတ်လျှောက်သွားစဉ် အသစ်စက်စက် ပဉ္စမမြောက် ဆရာတူညီလေးကို မျက်လုံးထောင့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
ဘုန်း!
မှိုဘုရင် ၏ ခေါင်းထဲတွင် ဗုံးပေါက်သကဲ့သို့ အသံကြီးတစ်ခု ကျယ်လောင်စွာ မြည်ဟီးသွားသည်။ ဤ ဆရာတူအစ်ကို၏ မျက်လုံးများမှ လျှံထွက်လာသော လောဘအရိပ်အငွေ့များကို သူအမိအရ ဖမ်းဆုပ်မိလိုက်ပြီး ကြောက်လန့်တုန်လှုပ်စွာဖြင့် အနည်းငယ် နောက်ဆုတ်သွားရ၏။ ၎င်း၏ နှလုံးသားမှာ သံသယများဖြင့် ပြည့်နှက်နေလျက်။
"သူ ခုနက၊ ငါ့ကို စားချင်နေတဲ့အကြည့်နဲ့ ကြည့်လိုက်တာမလား?"
ထိုအချိန်တွင်။
ဟုန်ချန်ယဲ့မှာတော့ အရိပ်ရပင်တစ်ပင်အောက်တွင် တင်ပျဥ်ချိတ်ထိုင်နေပြီး ဘာဆိုဘာမှ မဖြစ်ခဲ့သည့်နှယ် သူ့ဘာသာသူ အေးအေးဆေးဆေး ကျင့်ကြံနေသည်။
သူ့စိတ်ထဲတွင်မူ မှိုဘုရင်သည် ယဲ့ကျွင်းလင် သတ်သတ်မှတ်မှတ် မွေးမြူထားသော နတ်ဆေးပင်တစ်ပင်သာဖြစ်ပြီး အချိန်တန်လျှင် ဆွတ်ခူးစားသုံးဖို့ ပျိုးထောင်ထားခြင်းဟု သတ်မှတ်ထားပြီးဖြစ်၏။
ဤသို့သော ကိစ္စမျိုးသည် သူတို့ နတ်ဆိုးလမ်းစဥ်ဘက်တွင် အလွန်အဖြစ်များသည်။ ထိုသို့လုပ်ရပ်များတွင် အထင်ရှားဆုံးမှာ ယခင်တစ်ချိန်က သေဆုံးသွားခဲ့ပြီဖြစ်သော သွေးနတ်ဆိုး ရှစ်ထျန်းကြွယ်ဖြစ်ပြီး ထိုသူသည် တပည့်များမွေးမြူလျက် ကျင့်စဥ်များ အားကြိုးမာန်တက် သင်ကြားလမ်းညွှန်ပေးကာ အချိန်တန်ပြီထင်လျှင် ချက်ချင်းစုပ်ယူစားသုံးပေလိမ့်မည်။
ထို့ကြောင့် ဟုန်ချန်ယဲ့၏ အတွေးအမြင်အရ ယဲ့ကျွင်းလင်သည် ဤ မသေမျိုးမှိုဘုရင်ကို အကြောင်းမဲ့ တပည့်လက်ခံခြင်းမဟုတ်ပါဘဲ တစ်နေ့နေ့တွင် ၎င်းကို သန့်စင်စားသုံးပြီး ကျင့်ကြံဆင့်တိုးတက်ဖို့ရန်အတွက်သာဖြစ်သည် ဟူ၍ပင်။
"ဒီကောင်က တော်တော်အကြံကြီးတာပဲ။ ငါသာဆိုရင် စားဖို့အရေးလောက်တော့ စောင့်မနေနိုင်တော့ဘူး။ စားစရာကို ဘေးမှာခေါ်ထားပြီး ဖြည်းဖြည်းချင်းကျင့်ကြံခိုင်းရလောက်အောင် ဘယ်သူကစိတ်ရှည်နေမှာလဲ?"
ဟုန်ချန်ယဲ့ တိတ်တိတ်လေး ရေရွတ်လိုက်သည်။
မှိုဘုရင်ကြီးမှာတော့ အလွန် စိတ်မချမ်းမသာ ဖြစ်နေရရှာ၏။ သူဖမ်းဆုပ်မိလိုက်သော ထိုခံစားချက်အကြောင်း ဆရာသခင်အား ပြောပြသင့်မပြောပြသင့် တွန့်ဆုတ်နေမိသည်။ အစားခံရမှာကို မည်သို့ပင်ကြောက်ရွံ့သော်ငြား သက်သေအထောက်အထားမရှိဘဲ ပြဿနာဖန်တီးမိမှာ ကြောက်သောကြောင့်ပင်။
ထိုအချိန်တွင် မှိုဘုရင်သည် သတ်လတ်ပိုင်းအရွယ်ယောက်ျားတစ်ဦး ထောင့်တစ်နေရာတွင် ခပ်ကုန်းကုန်းထိုင်နေပြီး မျက်နှာကိုတစ်ဖက်သို့လှည့်၍ တစ်ခုခုကို တိတ်တိတ်လေး စားနေသည်အား တွေ့လိုက်ရသည်။
ထိုသူမှာ ၎င်း၏ တတိယမြောက် ဆရာတူအစ်ကို လီဝူကျယ်ပင်။
ဆရာသခင် မိတ်ဆက်ပေးစဥ်အခါက မှိုဘုရင်သည် ဤလူမှာ စိတ်သဘောထားကောင်းမွန်ပြီး ၎င်း၏ ပါဝင်မှုကိုလည်း စိတ်ရင်းဖြင့် ကြိုဆိုသမှုပြုသည်ဟု ခံစားခဲ့ရ၏။
"တတိယ ဆရာတူအစ်ကို၊ ဘာလုပ်နေတာလဲ?"
လီဝူကျယ်၏ ကိုယ်ခန္ဓာ တောင့်တင်းသွားပြီး ခေါင်းကို ချာခနဲလှည့်ကြည့်လိုက်သည်။ သူ၏ ပါးစပ်ထဲတွင် ရွှေရောင် အမြစ်များကို ပလုပ်ပလောင်းဝါးနေဆဲဖြစ်ကာ ဆေးရည်များပင် အပြင်သို့လျှံထွက်ကျလျက်။
မှိုဘုရင်မှာ မိုးကြိုးပစ်ခံရသလို တောင့်တင်းသွားရပြီး ထိုသူစားနေသည့်အရာမှာ ဆေးဘုရင်တောင်ကြားမှ သူ၏တစ်ချိန်ကရောင်းရင်း ရွှေဂျင်ဆင်းပင်ဖြစ်ကြောင်း သိလိုက်ရ၏။
ခိုးစားနေသည်ကို အမိခံလိုက်ရသော လီဝူကျယ်မှာ အနည်းငယ် ရှက်ရွံ့နေပြီး ကျန်ရှိနေသော ရွှေရောင်ဂျင်ဆင်း တစ်ဝက်ခန့်ကို မ၀ံ့မရဲ ကမ်းပေးလိုက်သည်။ သူက အူကြောင်ကြောင်အပြုံးဖြင့် ပြော၏။ "ဆရာတူညီလေး၊ မင်းလည်း နည်းနည်းလောက် စားဦးမလား?"
ဤလူသားသည် သူ၏ မျိုးနွယ်စုဝင်ကို အရှင်လတ်လတ် စားသောက်နေပြီး အလောင်းအား သူ့ထံကမ်းပေးလျက်ရှိကာ ပါးစပ်ထဲမှသွားဖြူဖြူများကိုလည်း ဖြဲပြနေသေးသည်။
ရေခဲစီးကြောင်းကြီးတစ်ခုက မှိုဘုရင်ကို ခေါင်းစခြေဆုံး လွှမ်းခြုံသွားသကဲ့သို့ပင်။
အပြင်ကမ္ဘာသို့ ထွက်လာကာစ တက်ကြွသောမျှော်လင့်ချက်များ အစအနမကျန်အောင် ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြင့် အစားထိုးခံလိုက်ရသည်။
ငါ ပင်လယ်ဓားပြသင်္ဘော ပေါ် ရောက်နေတာလား?
အခုမှ နောင်တရတယ်ပြောရင်ရော နောက်ကျသွားပြီလား?!
"အိုး၊ ငါကလည်း ဦးနှောက်မကောင်းလိုက်ပုံများ၊ ဆရာတူညီလေးရာ စိတ်ထဲမထားပါနဲ့၊ အစ်ကိုကြီးက မရည်ရွယ်ပါဘူး" လီဝူကျယ်မှာ တစ်ဖက်လူ၏တုံ့ပြန်မှုကြောင့် သတိဝင်လာပြီး သူ့လက်ထဲရှိ ရွှေဂျင်ဆင်းကို ပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်ကာ ပလုတ်ပလောင်းဝါးလိုက်သည်။ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို မရမက ညှစ်ထုတ်ထားပြီး အလွန် ခင်မင်ကြင်နာတတ်သည့်ပုံဖြင့် ဤညီငယ်အသစ်နှင့် မိတ်ဖွဲ့ဖို့ကြိုးစားလိုက်သည်။
ရလဒ်အနေဖြင့် မှိုဘုရင်သည်ကား ထိုသူ့ကို အဝီဇိငရဲမှ ငရဲသားများနှယ်သာ မှတ်ယူလိုက်မိတော့၏။
၎င်းမှာ ကြောက်လန့်တုန်လှုပ်လွန်း၍ ဝိညာဉ်ပင်လွင့်မတတ်ဖြစ်နေပြီး စပရိန်ကဲ့သို့ မြန်ဆန်စွာ ခုန်ပေါက်ပြေးထွက်ကာ တောအုပ်ထဲတွင် တုန်တုန်ရီရီ သွားပုန်းနေလိုက်သည်။
"ငါလုပ်တာ တစ်ခုခုမှားသွားတယ်ထင်ပါ့..." လီဝူကျယ် ညှိုးငယ်စွာပြုံးလျက် ညည်းညူလိုက်သည်။
ရွှေရောင်ဂျင်ဆင်းကို စားသုံးပြီးနောက် လီဝူကျယ်မှာ သူ့ကိုယ်ခန္ဓာအတွင်း ဆေးစွမ်းအင်များ လှိုင်းထနေသည်ကို ခံစားရပြီး တစ်ကိုယ်လုံး ခြောက်သွေ့ပူလောင်လာသည်။
သူ အံတင်းတင်းကြိတ်ပြီး အသက်အောင့်ကာ လက်စွဲတော်ဓားရှည်ကိုဆွဲထုတ်၍ ဓားသိုင်းပညာများကို စတင်လေ့ကျင့်သည်။ သူ့ကိုယ်ခန္ဓာပေါ်ရှိ အရှိန်အဝါသည် ပိုမို ထက်မြက်စူးရှလာပြီး မည်သူမျှ တားဆီး၍ မရနိုင်တော့ပေ။ နောက်ဆုံးတွင် ဓားရှည်တစ်ချောင်းလုံး တုန်ခါသွားပြီး သူ့ဦးနှောက်ထဲတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်လိုက်သကဲ့သို့ ဉာဏ်အလင်းပွင့်သွားကာ ကျင့်ကြံဆင့်မှာ အတားအဆီးကို တွန်းလှန်ကျော်ဖြတ်နိုင်သွားတော့သည်။ အထွဋ်အထိပ်သို့တက်ရောက်ခြင်း အစောပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်သို့ ကူးပြောင်းသွားခြင်းပင်!
"ဟဲဟဲ၊ မိုက်ချက်!"
လီဝူကျယ် ကျေနပ်စွာ မှတ်ချက်ချလိုက်သည်။
အခန်း (၁၆၄) ဇိမ်ခံတဲ့ငပျင်း
နောက်ဆုံးတော့ ထိပ်တန်း ဆေးဘုရင်၏ အကူအညီဖြင့် သူ၏ ကျွမ်းကျင်သော ဓားသိုင်းပညာများ ပေါင်းစပ်လိုက်ရာတွင် ကျင့်ကြံဆင့်တိုးတက်မှုအရှိန်ကို တိုးမြှင့်လိုက်နိုင်လေပြီ။
"ဆရာတူအစ်ကိုဟုန် နဲ့ ဆရာတူအစ်မရှောင်ရှီးနဲ့ ယှဉ်ရင်တော့ ပိုကြိုးစားဖို့ လိုသေးတာပေါ့။ ကံကောင်းလို့ ဆရာတူညီလေး အသစ်တစ်ယောက် ထပ်ရောက်လာပြီ။ အနည်းဆုံးတော့ ငါလီဝူကျယ် က အောက်ဆုံးအဆင့် မဟုတ်တော့ဘူး။"
ပါရမီရှင်တွေစုနေတဲ့ ဆရာသခင်ယဲ့ရဲ့ကျောင်းတော်ကြီးမှာ သူအပြိုင်အဆိုင်လေ့ကျင့်ကာမှ တော်ကာကျတော့မပေါ့။
သူ ဒီ့ထက်ပိုတိုးတက်အောင် ကြိုးစားဖို့ စီစဉ်ထားပြီး လူတိုင်းကို အံ့အားသင့်စေဖို့ ရည်ရွယ်ထားသည်။
ထိုအချိန်တွင်။
ယဲ့ကျွင်းလင်သည် ဇိမ်ဖြင့်အနှိပ်ခံနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့၏ သိုလှောင်ခန်းမှ လက်ဖက်ရည်ဗူးကြီးတစ်ဗူးကို ထုတ်ယူလိုက်သည်။
ဗူးကို ဖွင့်လိုက်သောအခါ မွှေးကြိုင်သင်းပျံ့သော လက်ဖက်ရည်နံ့များ ပျံ့လွင့်လာပြီး လူအများကို အနံ့ဖြင့်ပင် လန်းဆန်းတက်ကြွစေ၏။
"ဆရာသခင်၊ အရမ်းမွှေးတာပဲ ~" ပုရှောင်ရှီး၏ နှာခေါင်းလေး တတွန့်တွန့်လှုပ်သွားပြီး သူမ၏ ကြွက်မျက်နှာလေးမှာ လက်ဖက်ရည်နံ့တွင် မူးယစ်ရီဝေသွားဟန်ပင်။
ယဲ့ကျွင်းလင် လက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် လက်ရာမြောက်လှသော လက်ဖက်ရည်ခွက်လေးများ ပေါ်ထွက်လာသည်။
"ရှောင်ရှီးရေ၊ ဆရာတို့ လက်ဖက်ရည်ဖျော်သောက်ရအောင်!"
"ဟုတ်ကဲ့!"
ထို့နောက် ဆရာတပည့်နှစ်ဦး လက်ဖက်ရည်စဖျော်ကြတော့သည်။ လက်ဖက်ရည်နံ့သင်းပျံ့ပျံ့တို့ လေစီးနှင့်အတူ မျောပါလာသောအခါ အဝေးတစ်နေရာ သစ်ပင်ရိပ်အောက်မှ ဟုန်ချန်ယဲ့မှာ ဆတ်ခနဲမျက်မှောင်ကြုတ်သွားပြီးနောက် ဖွင့်ဟလိုက်သော သူ့မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
သူ အမြန်ထရပ်ပြီး လှမ်းအကဲခတ်လိုက်သော ယဲ့ကျွင်းလင်တစ်ယောက် လက်ဖက်ရည်ခွက်ကို ကောက်ယူနေသည်အား လှမ်းမြင်လိုက်ရ၏။
ယဲ့ကျွင်းလင် တစ်ငုံစာမျှ ငုံ့သောက်လိုက်သည်။ လက်ဖက်ရည်နံ့သည် သူ့နှုတ်ခမ်းနှင့် သွားများကြားတွင် စီးဝင်ပျံ့လွင့်လာပြီး သက်ဝင်တက်ကြွသော အစွမ်းသတ္တိမှာ လည်ချောင်းတစ်လျှောက်မှ ဝမ်းဗိုက်ထဲသို့ တည့်တည့်စီးဆင်းသွားကာ ကိုယ်တွင်းအင်္ဂါများပင် ပိုမို ကြည်လင်သန့်ရှင်းလာသည်ဟုသာ ခံစားမိစေ၏။
"ကောင်းလိုက်တဲ့ လက်ဖက်ရည်!" ယဲ့ကျွင်းလင် မနေနိုင်ဘဲ အာမေဋိတ်ပြုလိုက်ရသည်။
ဟုန်ချန်ယဲ့တစ်ယောက် ထိုနေရာတွင် ငြိမ်ငြိမ်ကြီးရပ်နေသည်ကို သတိပြုမိသော ယဲ့ကျွင်းလင်က လှမ်းနောက်လိုက်သည်။ "ဟေ့ တပည့်အလိမ္မာလေး၊ ဘာများလုပ်စရာရှိလို့လဲ?"
ဟုန်ချန်ယဲ့က အလွန်စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် မေးလာသည်။ "ဒါ၊ ဒါက ဉာဏ်အလင်းလက်ဖက်ရည်မဟုတ်လား?"
"ဟုတ်ပါတယ်ခင်ဗျာ"
ဤအဖြေကို ကြားလိုက်ရသောအခါ ဟုန်ချန်ယဲ့၏ နဖူးမှာ မိုးကြိုးပစ်ခံရသလို မီးပွင့်သွားပြီး သူ့မျက်လုံးများတွင် တုန်လှုပ်မှုများကို အတိုင်းသာမြင်နေရသည်။
ဤလက်ဖက်ရည်မျိုးသည် အလွန့်အလွန် ရှားပါးလှ၏။ ထိုလက်ဖက်ရည်ပမာဏ အနည်းငယ်လေးကပင် အလယ်ပိုင်းစီရင်စု၏ ထိပ်တန်း အင်အားစုများကို အားကြိုးမာန်တက် ယှဉ်ပြိုင်လုယူစေသည်အထိ။
အလယ်ပိုင်းစီရင်စုတွင် လင်းယွင်ရှန်ရှန်း ဟူသော နာမည်ကျော်စွမ်းအားရှင်တစ်ဦး ရှိသည်။ သူ၏ ခွန်အားမှာ နက်ရှိုင်းသိပ်သည်းပြီး လူ့ဘုံရှိ သက်တမ်းအရှည်ကြာဆုံးသော မသေမျိုးများထဲမှ တစ်ပါးအပါအဝင်ဟု ဆိုကြ၏။
ထိုသူ၏ ဘဝတွင် အကြီးမားဆုံး ဝါသနာမှာ ဝိညာဉ်လက်ဖက်ပင် စိုက်ပျိုးခြင်းဖြစ်ပြီး သူ၏ လက်ဖက်ခြံတွင် ရှေးဟောင်း ဉာဏ်အလင်းလက်ဖက်ပင် တစ်ပင် ရှိသည်!
နှစ် ၅၀,၀၀၀ ကြာတိုင်း ဉာဏ်အလင်းလက်ဖက်ပင်သည် သောက်သုံးရန်အသင့်ဖြစ်လာပေမည်။ ထိုအချိန်တွင် လင်းယွင်ရှန်ရှန်း သည် လက်ဖက်ရွက်များကို ဆွတ်ခူးပြီး ပြင်ပကမ္ဘာသို့ ကန့်သတ်ထားသော အရေအတွက်ဖြင့် ထုတ်ဝေဖြန့်ချိပေးမည်။ သူတော်ကောင်းလမ်းစဥ်ဖြစ်စေ၊ နတ်ဆိုးလမ်းစဥ်ဖြစ်စေ၊ နေရာတစ်ခုရရှိထားသော မသေမျိုးစွမ်းအားရှင်တိုင်း ထိုလက်ဖက်ရည်အား မြည်းစမ်းခွင့်ရှိပေသည်။
ဟုန်ချန်ယဲ့သည် ထိုတစ်နှစ်က ကံကောင်းစွာဖြင့် လက်ဖက်ရည်မြည်းစမ်းခွင့် ရရှိခဲ့ပြီး ထိုအတွေ့အကြုံမှာ တစ်သက်မမေ့နိုင်စရာပင်။
ထို့ကြောင့် ဟုန်ချန်ယဲ့သည် ထိုရင်းနှီးသော လက်ဖက်ရည်နံ့ကို နောက်တစ်ဖန် ရှူရှိုက်လိုက်မိသောအခါ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မရတော့ပေ။
ယဲ့ကျွင်းလင်သည် ဇစ်ရှားလက်ဖက်ရည်အိုးကို ကောက်ယူပြီး သူ၏ ထိန်းမနိုင်သိမ်းမနိုင် နတ်ဆိုးတပည့်ကြီးအတွက် တစ်ခွက်ငှဲ့ပေးလိုက်ကာ ရက်ရောစွာ ပြောလိုက်သည်။ "လာ၊ တစ်ခွက်မြည်းကြည့်"
ဘာပဲဖြစ်ဖြစ်၊ အလကားရထားတဲ့ဟာပဲကို။ သောက်ချင်သလောက်သာ သောက်!
"လက်ဖက်ရည်အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်!" ဟုန်ချန်ယဲ့မှာ ဝမ်းသာအားရဖြင့် လက်ဖက်ရည်ခွက်ကို လေးစားစွာကမ်းယူလိုက်ပြီး အစမ်းသဘောဖြင့် တစ်ငုံငုံလိုက်သည်။
နောက်တစ်စက္ကန့်တွင် ဟုန်ချန်ယဲ့၏ မျက်လုံးများ ပြူးကျယ်လာပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေလျက်။
ခုနကပင် သူ၏ စိတ်သဘောထား ပြောင်းလဲသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားရပြီး မဟာတာအိုလောက၏ သဘောတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
အဓိကအချက်မှာ ၎င်းသည် သူအရင်က သောက်သုံးခဲ့ဖူးသော ဉာဏ်အလင်းလက်ဖက်ရည် နှင့် များစွာ ကွာခြားနေသည်ပင်!
ဤလက်ဖက်ရည်နှင့် နှိုင်းယှဉ်လိုက်လျှင် သူ ယခင်က သောက်ခဲ့ဖူးသော လက်ဖက်ရည်မှာ စကားထဲထည့်ပြောစရာပင် မရှိတော့ချေ။ လင်းယွင်ရှန်ရှန်းမှ စိုက်ပျိုးသော ထိုဝိညာဉ်လက်ဖက်ရည်မှာ ဖွဲနဲ့ဆန်ကွဲဟုဆိုရတော့မည့် အမှိုက်သာသာအနေအထားဟု ကျဆင်းသွားရလေ၏။
စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ဟုန်ချန်ယဲ့သည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်မော့တည်းဖြင့် အကုန်သောက်ချလိုက်သည်။ ထို့နောက် ကိုယ်ခန္ဓာတစ်ခုလုံး လေဟာနယ်ထဲတွင် လွင့်မျောနေသလို ခံစားနေရပြီး ဤလက်ဖက်ရည်၏ အနံ့အရသာကို ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာစကားဖြင့်မှ ဖော်ပြ၍ မရနိုင်တော့ပေဟု သူတွေးမိလိုက်၏။
သူသိရှိခဲ့သမျှ ဗဟုသုတအချက်အလက်အားလုံးမှာ မျက်စိမှုန်သူတစ်ဦး မျက်မှန်ကောက်တပ်လိုက်သကဲ့သို့ အသွင်သစ်ဖြင့် ရှင်းလင်းကြည်စင်သွားသည်။
ဟုန်ချန်ယဲ့ မျက်လုံးမှိတ်လိုက်ပြီး သူ၏ ပုံရိပ်မှာ နေရာမှ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
"ဘာဖြစ်နေတာလဲ၊ ဒီကလေး ဘာလို့ လေပေါ်ပျံနေတာလဲ?" ယဲ့ကျွင်းလင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ဘုန်း!
ဟုန်ချန်ယဲ့၏ ကိုယ်ခန္ဓာပေါ်ရှိ အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ ကျင့်ကြံခြင်းမှာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ပြီးပြည့်စုံသောအဆင့်မှ ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိသွား၏!
ထိုမျှဖြင့် အပြီးမသတ်သေး၊ ကျင့်ကြံဆင့်မှာ အဆက်မပြတ် ဆက်လက်မြင့်တက်နေသည်။ အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်၊ နောက်ဆုံးတွင် အထွဋ်အထိပ်အဆင့်သို့!
ရေတံခွန်ကဲ့သို့သော ဆံပင်နက်များ ကခုန်လျက် လွင့်ပျံနေပြီး မျက်စိပသာဒဖြစ်စေသော နီလွင်လွင် ဝတ်ရုံဖားဖားမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ခါနေသည်။ အချိုးအစားပြေပြစ်ကျနသော ထိုမျက်နှာသည် နတ်ဘုရားတစ်ပါး၏ မျက်နှာတော်ကဲ့သို့ လူစင်စစ်မှဟုတ်ပေရဲ့လားဟု တွေးထင်ချင်စရာပင်။ ဖြူဝင်းသော အသားအရေမှာ ကြည်လင်သန့်စင်ပြီး ဝတ်ရုံအထက်တွင် လစ်ဟနေသောနေရာမှ ပေါ်နေသောလည်ပင်ရိုးမှာ စုတ်ချက်ဆွဲထားသကဲ့သို့ လွန်စွာလှပသော မျဥ်းကွေးလေးတစ်ခုအဖြစ် တည်ရှိနေသည်။
ချွမ်!
ဟုန်ချန်ယဲ့ မျက်လုံးကိုအသာဖွင့်လိုက်ရာ သူ၏ သွေးနီရောင် သူငယ်အိမ်များမှ နတ်ဆိုးစွမ်းအားအနည်းငယ် ထွက်ပေါ်လာပြီး တစ်ချက်စိုက်ကြည့်လိုက်ရုံမျှဖြင့်ပင် ပျက်စီးခြင်းကပ်ဆိုက်စေတော့မည့်နှယ်။ မျက်ခုံးနှစ်ခုကြားရှိ ကြက်သွေးရောင် မီးလျှံအမှတ်အသားမှာ တောက်ပစွာ မှိတ်တုပ်မှိတ်တုပ် လင်းလက်နေသည်။
"ဘာဖြစ်တာလဲ?!"
လီဝူကျယ် အလျင်အမြန် ပြေးဝင်လာသည်။ ဟုန်ချန်ယဲ့၏ ကျင့်ကြံဆင့်ကို ခံစားမိသောအခါ ကျောက်ရုပ်လို ရပ်တန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
မျက်တောင်တစ်ခတ်စာ အချိန်လေးမှာ ဆရာတူအစ်ကိုက ဘေးဒုက္ခကျော်လွှားခြင်း အဆင့်ကို ကျော်ဖြတ်သွားပြီလား?
ပြီးတော့ ဘေးဒုက္ခကျော်လွှားခြင်း ရဲ့ အထွဋ်အထိပ်ထိတောင် ရောက်နေတာတဲ့!
ဆရာယဲ့ရဲ့ကျောင်းတော်ကြီး သောက်ကျိုးနည်းအပြိုင်အဆိုင်များလှချည်ကလား?!