ဆရာကောင်း တပည့်ပန်းကောင်းပန်
Vol. 12 Ch. 164
ဟုန်ချန်ယဲ့သည် သူ့ကိုယ်သူ အဆသန်းတစ်ရာခန့် ပိုမိုအားကောင်းလာသည်ဟု ခံစားလိုက်ရသည်။ ပြင်းထန်သော ယုံကြည်မှုများ သူ့ရင်ထဲတွင် လှိုင်းထလာပြီး မဲ့ပြုံးပြုံးလျက် အရူးအမူး ရယ်မောလိုက်သည်။ "ဟားဟားဟားဟား!"
ဒီအတိုင်းဆိုရင် မသေမျိုး ဖြစ်ဖို့က လက်တစ်ကမ်းပဲ လိုတော့တာပဲ!!
ဒီလောကရဲ့ ပြိုင်ဘက်ကင်းအဆင့်ကို တက်လှမ်းနိုင်တော့မယ်!
"မင်း ဘာတွေ အော်ရယ်နေတာလဲ?!"
ဖတ်!
သူ၏ နတ်ဆိုးဆန်ဆန် ရယ်မောသံကို ဖြတ်တောက်လျက် သူ့ခေါင်းနောက်သို့ ရိုက်ချက်တစ်ချက် ဖတ်ခနဲကျရောက်လာသည်။ ဟုန်ချန်ယဲ့ ဒေါသပေါက်ကြွလျက် သတ်ဖြတ်လိုစိတ်များ ဟုန်းဟုန်းတောက်နေသောမျက်လုံးအစုံဖြင့် ချာခနဲလှည့်ကြည့်လိုက်သည်။ "မင်း..."
အနောက်တွင် ယဲ့ကျွင်းလင်ကို နှုတ်ခမ်းတစ်ဖက်ပင့်အပြုံးဖြင့် မြင်လိုက်ရ၏။ "မကျေနပ်ဘူးလား ဘာပြဿနာရှိလို့လဲ?"
သူတို့ မျက်လုံးများ အချင်းချင်း စက္ကန့်အနည်းငယ်ခန့် တွေ့ဆုံလိုက်ပြီးနောက် ဟုန်ချန်ယဲ့ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။
သဘောပေါက်သွားသည်နှင့်အမျှ ဆတ်ခနဲတုန်ယင်သွားရှာ၏။ သူ့မျက်လုံးများရှိ သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုများဖြင့် အစားထိုးခံလိုက်ရသည်။ ထို့နောက် အလျင်အမြန်ပင် ဒူးထောက်ချလိုက်ပြီး အရိုအသေပြုကာ တုန်ယင်သော အသံဖြင့် ပြောလာသည်။ "ဒီတပည့်မှာ ဆရာသခင့်ကို စော်ကားလိုစိတ် မရှိပါဘူး။ ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါ ဆရာသခင်!"
ဒါ နောက်စရာမဟုတ်ဘူး!
ငါ ကပ်ဆိုးဆိုက်ဖို့ လက်တစ်ကမ်းပဲလိုတော့တာကွ!
ထို မြည်းကတုံး၏အဆုံးသတ်ကို သူမမေ့သေးပါချေ။ ထိုသူသည် ယဲ့ကျွင်းလင်နှင့် ကျင့်ကြံဆင့်တူညီပြီး ကိုယ်ခံအားမှာလည်း မရှုံးနိမ့်နိုင်လောက်အောင် သန်မာအားကောင်းသော်ငြား ဤလူ၏ လက်သီးတစ်ချက်ဖြင့် ပြာကျသွားခဲ့သည်ပင်။ ထို့အပြင် ယဲ့ကျွင်းလင်ဖော်ပြသော ကျင့်ကြံဆင့်ကို ဘယ်သောအခါမှ ယုံထားလို့မရနိုင်။ ဤသို့ မရေရာသေးသော အခြေအနေတွင် ပေါ့တီးပေါ့ဆပြုမူခြင်းသည်ကား ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် မခြား!
ယွီဟွားဂိုဏ်း နာကျည်းဖွယ်ရှုံးနိမ့်မှုမှာလည်း သူ့စိတ်ထဲတွင် မှေးမှိန်သွားသေးသည်မဟုတ်။ ဤသူ၏ လှည့်စားနိုင်မှုမှာ သူစိတ်ကူးထားသည်ထက် အမြဲကျော်လွန်နေတတ်သည်ဖြစ်၏။
ထို့ကြောင့် လုံးဝမလိုလားသော်ငြား သူဆက်ပြီး သည်းခံရပေဦးမည်!
နောက်ဆုံးတော့ သူသည်လည်း ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။ မသေမျိုး ဖြစ်ဖို့ ဘယ်လောက်မှမလိုတော့သည့် အနေအထားပင်။
ဤအရေးကြီးသော အချိန်တွင် ဉာဏ်ကိုလွှားသုံးတတ်ရပေမည်!
သူ့ရှေ့မှ အစစ်အမှန်မှဟုတ်ပေရဲ့လားဟု ထင်မှတ်မှားစေလောက်အောင် ပြီးပြည့်စုံစွာလှပသော မျက်နှာလေးကို ကြည့်လျက် ယဲ့ကျွင်းလင်က လက်ကိုအသာဆန့်ထုတ်ပြီး မေးစေ့လေးအား ညင်သာစွာ ဆွဲမြှောက်လိုက်ကာ စွဲမက်ဖွယ်ကောင်းသော မျက်လုံးများကိုစိုက်ကြည့်ရင်း ချီးကျူးစကားဆိုလိုက်သည်။
"ရှောင်ဟုန်၊ မင်းက ပိုတောင် လှလာတာပဲ!"
ဤသို့ နှာဘူးဆန်ဆန် ရွှတ်နောက်နောက်ပုံစံမျိုး အရင်တစ်ချိန်က လာလုပ်ခဲ့ပါလျှင် ဟုန်ချန်ယဲ့ ဒေါသမထိန်းနိုင်လောက်ဘဲ ဂုဏ်သိက္ခာအတွက် အသက်ကိုလဲ၍ တိုက်ခိုက်လိမ့်မည်။ သို့သော် ယခုတော့ ရှေ့ရေးကိုမျှော်တွေးလျက် ဒီမြေနိုး၏ အနိုင်ကျင့်မှုကို သူအံကြိတ်သည်းခံရပေဦးမည်။
"ချီးကျူးစကားအတွက်... ကျေးဇူးတင်ပါတယ်... ဆရာသခင်"
ယဲ့ကျွင်းလင်က စိတ်ထဲမရှိဟန်ဖြင့် ပင့်ကိုင်ထားသောမေးဖျားလေးကို ဖတ်ခနဲလွှတ်ချကာ လက်ဖက်ရည်အိုးကို ကောက်ယူ၍ လက်ဖက်ရည် ဆက်ငှဲ့သည်။ "ထထ၊ နောက်တစ်ခါ ပိုဂရုစိုက်ပေါ့!"
"ဟုတ်!"
ဟုန်ချန်ယဲ့ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။
"ဆရာသခင်၊ ဒီတပည့်ကို အရဲစွန့်ပြီး မေးလျှောက်ခွင့် ပြုပါဦး၊ ဆရာသခင့်ဆီမှာ ဉာဏ်အလင်းလက်ဖက်ရည် ဘယ်လောက် ကျန်သေးလဲဟင်?" သူ ဂရုတစိုက် စုံစမ်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ ခုနက သောက်ခဲ့သော ဉာဏ်အလင်းလက်ဖက်ရည်၏ အစွမ်းသတ္တိမှာ နက်နဲသိမ်မွေ့လျက် ဖော်ပြ၍ မရနိုင်လောက်အောင် ထူးခြားလှပြီး အကျိုးသက်ရောက်မှုမှာ လင်းယွင်ရှန်ရှန်း ၏ လက်ဖက်ရည်ထက် အဆရာချီ ပိုမိုပြင်းထန်မြန်ဆန်သောကြောင့်ပင်!
ဤမျှအရည်အသွေးမြင့်သော ဉာဏ်အလင်းလက်ဖက်ရည်သည် ဤကမ္ဘာပေါ်တွင် မည်မျှ ကျန်ရှိနိုင်ဦးမည်နည်း?
နည်းနည်းလေးပဲ ကျန်လောက်တော့မှာပေါ့၊ ဟုတ်တယ်မလား?
"ဒီမှာ၊ ဒါပဲ အကုန်ပဲ!" ယဲ့ကျွင်းလင်သည် လှပစွာ ထုပ်ပိုးထားသော ဉာဏ်အလင်းလက်ဖက်ရည်ဗူး ကို ကောက်ယူပြီး ဟုန်ချန်ယဲ့ဆီသို့ ပေါ့ပေါ့ဆဆ ပစ်ပေးလိုက်သည်။
ဟုန်ချန်ယဲ့မှာ အူကြောင်ကြောင်ဖြင့် ဖမ်းယူလိုက်ပြီး ငုံ့ကြည့်လိုက်၏။
ဘုန်း!
ဟုန်ချန်ယဲ့ခေါင်းထဲ ဗုံးတစ်လုံးပေါက်ကွဲသကဲ့သို့ ဝုန်းဒိုင်းကြဲသွားရပြီး မူးနောက်နောက် ဖြစ်သွားသည်။ သူ့မျက်လုံးအစုံမှာ ထွက်ကျမတတ်ပြူးကျယ်နေပြီး သူ့ပါးစပ်မှာ မယုံနိုင်စွာ ဟောင်းလောင်းပွင့်လျက်ရှိ၏။
သူ အခု ဘာကို မြင်လိုက်ရတာလဲ?
ဉာဏ်အလင်းလက်ဖက်ရည် တစ်ဗူးလုံးအပြည့်ကြီးလား!
ဤပမာဏသည် ပေါင်နှင့်ပင် တိုင်းတာနိုင်လောက်သည်အထိ များပြား၏။
အတိတ်တုန်းက ဉာဏ်အလင်းလက်ဖက်ရည် အနည်းငယ်မျှကိုပင် ရေတွက်မရနိုင်သော လူအများက လိုချင်တောင့်တခဲ့ကြရသော်ငြား ယခုတော့ သူ့လက်ထဲတွင် ဗူးအပြည့်ရောက်နေလေပြီ!
ဒါ တကယ်ဖြစ်နေတာ ဟုတ်ရဲ့လား?!
ဟုန်ချန်ယဲ့၏ လက်များ တုန်ယင်နေပြီး တံတွေးတစ်ချက်ကို ပြင်းပြင်းထန်ထန် မျိုချလိုက်သည်။ သူ့လက်ထဲရှိ လက်ဖက်ရည်ဗူးသည် မယုံနိုင်လောက်အောင် လေးလံလာသလို ခံစားရပြီး နဖူးထက်တွင် ချွေးသီးချွေးပေါက်များ စတင်စီးကျလာတော့၏။
"ဘာလို့ အဲ့ဗူးကြီးကို ဆက်ကိုင်ထားတာလဲ? လက်ဖက်ရည် ထပ်သောက်ချင်သေးတာလား?" ယဲ့ကျွင်းလင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ အမြဲတမ်း ဆန့်ကျင်ပုန်ကန်ဖို့ပဲသိတဲ့ကောင်က ဘာတွေတအံ့တသြဖြစ်နေရပြန်တာလဲ?
"သောက်၊ သောက်ပါ့မယ်!" ဟုန်ချန်ယဲ့သည် လက်ဖက်ရည်ဗူးကို ဂရုတစိုက် ချလိုက်ပြီးနောက် မတ်မတ်ရပ်ကာ သူ့ဆရာသခင် လက်ဖက်ရည်နောက်တစ်ခွက် ကမ်းပေးမည်ကို မျက်လုံးတောက်တောက်လေးဖြင့် စောင့်ဆိုင်းနေလိုက်၏။
သူ လက်ဖက်ရည်တစ်ခွက် ထပ်မံရရှိပြီး တစ်ငုံလေးမျှ သောက်လိုက်သောအခါ ဤတစ်ကြိမ်တွင် ဘာထူးထူးခြားခြားသက်ရောက်မှုမှ မရှိလာတော့ပါ။ ဉာဏ်အလင်းလက်ဖက်ရည်၏ အကျိုးသက်ရောက်မှုမှာ သောက်သုံးသူအား ရုတ်တရက် ဉာဏ်အလင်းပွင့်လန်းစေပြီး တိုးတက်မှုများ လျင်မြန်စွာ ရရှိစေရန် ဖြစ်သည်။ ဟုန်ချန်ယဲ့ မှာ ယခင်က စစ်မှန်သောမသေမျိုး အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ဖူးသည့်အတွက် ပိုမို ထူးခြားသော အကျိုးသက်ရောက်မှုကို ခံစားရမည်ဖြစ်သော်လည်း အချိန်တိုအတွင်းတွင် သိသာသော တိုးတက်မှု ရှိလာတော့မည် မဟုတ်ပေ။
သို့သော်လည်း ဤအရည်အသွေးမြင့် ဉာဏ်အလင်းလက်ဖက်ရည်ကို မြည်းစမ်းရခြင်းသက်သက်သည်ပင် ဟုန်ချန်ယဲ့အား စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်မှုကို ခံစားရစေ၏။
ယဲ့ကျွင်းလင်သည် သူ့ရှေ့တွင် မျက်နှာသေလေးဖြင့် မတ်တပ်ရပ်လျက်ရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်ပြီး စိတ်မရှည်စွာ လက်ယပ်ခေါ်လိုက်သည်။ "ရှောင်လီ၊ ဘာတွေကြောင်နေတာလဲ? လာပြီး မြည်းစမ်းကြည့်လေ!"
လီဝူကျယ်မှာ ကြောင်တောင်တောင် ဖြစ်နေရာမှ သတိပြန်ဝင်လာပြီး ကြက်ကလေး ဆန်ကောက်သလို ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ "ဟုတ် ဟုတ် လာပြီ!"
သူ့မျက်စိ အကောင်းအတိုင်းကြီး ရှိပါသေး၏။ ဆရာတူအစ်ကိုဟုန်၏ လျှပ်စီးလိုတိုးတက်မှုဟာ ဆရာသခင် ထုတ်ပေးခဲ့သော လက်ဖက်ရည်ကြောင့်ဆိုတာ သူရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်ပင်!
ချက်ချင်းဆိုသလို သူ အလျင်အမြန် ပြေးသွားလိုက်ပြီး ငွေရောင်ဆံပင်နှင့် ဆရာသခင် လက်ဖက်ရည် ငှဲ့ပေနေသည်ကို စိတ်အားထက်သန်စွာ စောင့်နေလိုက်သည်။ လက်ဖက်ရည်၏ မွှေးရနံ့က လေထုထဲတွင် ပျံ့လွင့်လာပြီး သူ့စိတ်ကို အပျော်ဖြင့်မူးယစ်နေ၏။
"လက်ဖက်ရည်ပေးကမ်းချီးမြှင့်တဲ့အတွက် ဒီတပည့်က ဆရာသခင်ကို ကျေးဇူးတင်ပါတယ်!"
လီဝူကျယ်မှာ အလွန်တက်ကြွမြူးထူးနေသည်။ သူသည် လက်ဖက်ရည်ခွက်ကို လေးနက်စွာ ကိုင်ယူပြီး ရေသောက်သလို တစ်ငုံတည်းအကုန် မော့ချလိုက်ရာ အတော်လေး လောဘကြီးကာ ယဥ်ကျေးမှုမရှိဟု ဆိုနိုင်ပေသည်။
ဟုန်ချန်ယဲ့က ဘေးတစ်ဖက်မှ ရွံရှာသော အမူအရာဖြင့် လှမ်းကြည့်နေသည်။ လက်ဖက်ရည်ရဲ့အနံ့အရသာကိုတောင် ခံစားရကောင်းမှန်းမသိတဲ့ တောသား။
ထိုအချိန်တွင်။
လီဝူကျယ်သည် လက်ဖက်ရည်ခွက်ကို မော့ချပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ သူ့တစ်ကိုယ်လုံး သန့်စင်ရှင်းလင်းသွားသလို ခံစားလိုက်ရပြီး လျှို့ဝှက်ဆန်းကြယ်သော သီးသန့်ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့။