← Chapters

အခန်း (၁၆၅)

Vol. 12 Ch. 165

အခန်း (၁၆၅)

Vol. 12 Ch. 165

ဘုန်း!

မကြာခင်မှာပဲ လီဝူကျယ်၏ စိတ်အစဥ်မှာ စမ်းရေတမျှ ကြည်လင်လာပြီး သူ့၏ အရှိန်အဝါသည်ကား ဓားအိမ်ထဲမှ ဓားကိုထုတ်လိုက်သကဲ့သို့ ရွှမ်းခနဲထိုးတက်လာသည်။ ဓားသမားတစ်ဦး၏ အခြေခံအရင်းအမြစ်ဖြစ်သော ဓားစိတ်ဆန္ဒမှာ မယုံနိုင်လောက်အောင် ကြည်လင်သန့်စင်လာပြီး ဓားပညာလမ်းကြောင်းတွင် ခြေလှမ်းကြီးကြီးတစ်လှမ်းဖြင့် ရှေ့တက်လိုက်နိုင်သော ခံစားချက်အား တစ်လုံးတစ်ဝ ရရှိလိုက်တော့၏။

ကျင့်ကြံဆင့်သည်လည်း တစ်ပါတည်းတိုးတက်လာသည်။

အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံဆင့်၏ နှောင်းပိုင်းအဆင့်မှ အထွဋ်အထိပ်အဆင့်သို့၊ ထို့နောက် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီး ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်ထိပင် အတင်းအကျပ် ချိုးဖျက်နိုင်ခဲ့လေသည်!

လီဝူကျယ်၏ ဆံပင်များမှာ စွမ်းအင်အဟုန်ကြောင့် လွင့်ခါလို့နေပြီး သူ့မျက်လုံးထဲက ဓားစိတ်ဆန္ဒ၏ စွမ်းအားသည်ကား ပြင်းထန်လွန်း၍ တည့်တည့်စိုက်ကြည့်ဖို့ပင် ခက်ခဲလှ၏။ သူ့ကိုယ်ထဲမှ ရုတ်တရက် ထိုးထွက်လာသော စွမ်းအားထုကို ခံစားမိရတော့ ယုံကြည်မှုအဆင့်သည်လည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။

ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့် ?!

ငါ တကယ်ပဲ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့် ကို ချိုးဖျက်နိုင်ခဲ့တာလား?

လီဝူကျယ်၏ နှလုံးသားအစုံမှာ တုန်ယင်လှုပ်ရှားနေပြီး ခေါင်းကို နောက်ပြန်လှန်ချကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သူရဲကောင်းတစ်ဦး၏ ယုံကြည်မှုတံတိုင်းကား သူ့ရင်ထဲတွင် ခိုင်မြဲစွာအမြစ်တည်လျက်။

"ဟားဟားဟားဟား..."

ဖတ်!

လီဝူကျယ်၏ ခေါင်းနောက်ကို ပြင်းထန်သော ရိုက်ချက်တစ်ချက် ကျရောက်လာပြီး သူ့ရယ်သံကို ကြားဝင်ဖြတ်တောက်လိုက်သည်။ ထို့နောက် စိတ်မရှည်လက်မရှည် ဆူပူသံတစ်ခုက နားထဲဖြတ်ဝင်လာ၏။ "ရယ်နေတာလည်း ကြက်တွန်သံကြီးနဲ့!"

"မင်း စောက်..." လီဝူကျယ်၏ခေါင်းမှာ ရိုက်ချက်ကြောင့် မူးဝေသွားရ၏။ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းညှိပြီးနောက် အားပြင်းသောမျက်လုံးများက အေးစက်စက်အလင်းရောင်ကို ထုတ်လွှတ်ပြီး ခါးထက်ရှိဓားရိုးကို မသိစိတ်ဖြင့် ဖျတ်ခနဲဆုပ်ကိုင်လိုက်သည်။ ချက်ချင်းဓားထုတ်ပြီး လူသတ်ပွဲစတင်တော့မည့်ဟန်ပင်။

သို့ပေမယ့် ရှေ့မှောက်မှ ထိုလူငယ်၏ မျက်လုံးများဖြင့်ဆုံစည်းရာတွင် ဒေါသမှ ကြောက်ရွံ့မှုသို့ ကူး‌ပြောင်းသွားပြီး မျက်နှာငယ်ဖြင့် မြေကြီးပေါ် ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။ "ဆရာသခင်၊ ကျွန်တော် အမှားလုပ်မိပါတယ်!"

လီဝူကျယ့်ရင်ထဲမှာ နောင်တတွေ အပြည့်ပါပဲ။ သူ တကယ်ပဲ ခုနက စိတ်လွတ်သွားခဲ့တာ၊ ကျေးဇူးရှင် ဆရာသခင်ကိုတောင် မလေးမစား လုပ်မိတော့မလိုပဲ!

"မင်းစောက် ဆိုတာ ဘာလဲ?" ယဲ့ကျွင်းလင်က ခပ်ပြုံးပြုံးဖြင့် မေးသည်။

လီဝူကျယ်၏ဉာဏ်ရည်မှာ လျှပ်စီးလက်သကဲ့သို့ ဖျတ်ခနဲအလုပ်လုပ်သွား၏။ "ဆရာ ဆရာက စောက်ရမ်း ချောလိုက်တာလို့..."

ဓားနတ်ဆိုး လီဝူကျယ်ဟာ လှိုင်းလေထန်သောဂုဏ်သတင်းဖြင့် ပင်လယ်လေးစင်းကို တုန်လှုပ်ယိမ်းခါစေခဲ့ပေမယ့် ယခုတော့ မျက်စိရှေ့မှလူငယ်လေး အမျက်မထွက်ဖို့အရေး ချော့ချော့မော့မော့ မျက်နှာလုပ်နေရလေပြီ။

ယဲ့ကျွင်းလင် ခေါင်းခါလိုက်သည်။ "မင်းပြောတာ အလွန်အမင်းကိုမှန်ကန်တဲ့စကားပေမယ့် နောက်ဆို ရိုင်းရိုင်းစိုင်းစိုင်းအပြုအမူတွေ မလုပ်ရဘူးနော်၊ ဟုတ်ပြီ ထတော့"

"ကျေးဇူးတင်ပါတယ် ဆရာသခင်!" လီဝူကျယ်က သူ့နဖူးထက်မှ ချွေးစေးများကို သပ်ချလိုက်ပြီး သက်ပြင်းတစ်ချက်ချသည်။

ဟုန်ချန်ယဲ့မှာ မရယ်မိအောင်ထိန်းချုပ်ထားရင်း လီဝူကျယ်၏ကံဆိုးမိုးမှောင်ကျခါနီးအခြေအနေအား ဝမ်းသာပီတိဖြစ်မဆုံးလျက်။

"ဟေး၊ ရှောင်ရှီး၊ မင်းရော ဘာလို့ ကြောင်တောင်တောင် ဖြစ်နေပြန်တာလဲ?" ယဲ့ကျွင်းလင် သူ့ဘေးနားမှ ငြိမ်သက်နေသော ခန္ဓာကိုယ်သေးသေးလေးကို သတိပြုမိလိုက်သည်။ ကြွက်လေး၏မျက်နှာတွင် ဘာခံစားချက်မှုမရှိလေဘဲ မျက်နှာသေလေးဖြင့်။

ရုတ်တရက် ဘုန်းခနဲ အသံနှင့်အတူ ပုရှောင်ရှီးထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကျင့်ကြံဆင့်မှာ ဘေးဒုက္ခကျော်လွှားခြင်း နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်တက်ရောက်သွားလေသည်။

သူမ၏ အသားအရည်က ကျောက်စိမ်းလို ဖြူဖွေးကြည်စင်ပြီး လူ့ဘုံလောကနှင့် ပက်သက်ဆက်စပ်ခြင်းမရှိသော ကြွက်နတ်သမီးလေးတစ်ပါးကဲ့သို့ ခံစားချက်ကို ပေးစွမ်း၏။ ကျောက်မျက်ရတနာကဲ့သို့ မျက်လုံးတောက်တောက်လေးများ ကြောင်အနေရာမှ တဖြည်းဖြည်း ကြည်လင်လာသည်။ ထို့နောက် ချစ်စရာကောင်းသော ပေါတော‌တောကြွက်မျက်နှာလေးဖြင့် ဟိုဟိုသည်သည်ကြည့်ရင်း ရေရွတ်လိုက်သည်။ "ရှုရှု ခုနက ဘာဖြစ်သွားတာလဲ?"

ထို့နောက် ယဲ့ကျွင်းလင်ကို လှည့်ကြည့်ပြီး ပုရှောင်ရှီးက စိတ်လှုပ်ရှားစွာ ပြောသည်။"ဆရာသခင်၊ ဒီလက်ဖက်ရည်က အရမ်း အရသာရှိတာပဲ!"

"ဆရာတူအစ်မရှောင်ရှီး၊ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က.." လီဝူကျယ် နည်းနည်း စိတ်ပျက်သွားရသည်။ အစ်ကိုအစ်မများဖြင့် ယှဥ်လျှ၍် သူနောက်ကျကျန်ရစ်နေဆဲပါပင်။

ဟုန်ချန်ယဲ့ မျက်လုံးတွေ နည်းနည်း မှေးကျဉ်းသွားပြီး သူ့ရင်ထဲတွင် ပြင်းထန်သော အန္တရာယ်ခံစားမှုတစ်ခု မြင့်တက်လာသည်။ ဒီကြွက်ငပေါလေးရဲ့ ဉာဏ်ရည်က ဒီလောက်တောင် မြင့်တာလား? ကျင့်ကြံဆင့်က သူ့ကိုတောင် လိုက်မီလုနီးပါး ဖြစ်နေပြီ!

"နေဦး၊ ငါတို့ တစ်ယောက်လိုနေသေးတယ် မဟုတ်လား?" ယဲ့ကျွင်းလင် တစ်ခုခုကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်သည်။

လီဝူကျယ် သူ့နဖူးကို ရိုက်ချလိုက်၏။ "ပဥ္စမ ဆရာတူညီလေး ကျန်သေးတယ်လေ!"

"အဲဒီကလေး ဘယ်မှာ ပုန်းနေတာလဲ? သူ့ကို ဒီကို ခေါ်လာခဲ့၊ အတူဝိုင်းဖွဲ့ပြီး လက်ဖက်ရည်သောက်ကြတာပေါ့" ယဲ့ကျွင်းလင် မပျော်ရွှင်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့!"

လီဝူကျယ် နေရာမှချက်ချင်းပျောက်ကွယ်သွားပြီး ပြေးရှာလိုက်သည်။

နှစ်စက္ကန့်အကြာတွင် သူ မူလနေရာကို ပြန်ရောက်လာပြီး လူ့အရပ်တစ်ဝက်ခန့် အရွယ်အစားရှိ မှိုနက်ကြီးတစ်လုံးကို ဆွဲခေါ်လာသည်။

မှိုဘုရင် ခေါင်းရှုပ်ရှုဖြင့် မြေကြီးပေါ်သို့ ဆင်းလာလိုက်သည်။ ဘာဖြစ်ခဲ့လဲဆိုတာတောင် သူကောင်းကောင်း နားမလည်လိုက်သေးပေ၊ သို့သော် လူတိုင်းသူ့ကိုစိုက်ကြည့်နေချိန်တွင် သူအလိုလိုထိတ်လန့်လာတော့၏။ "မင်း၊ မင်းတို့..."

"ရှောင်ဟေး၊ ဒီကိုလာပြီး မြည်းကြည့်ပါဦး!"

ယဲ့ကျွင်းလင် လက်ဖက်ရည်အိုးကို ကောက်ယူပြီး သူ့မှိုခေါင်းပေါ်ကို လောင်းချလိုက်တော့ အမြစ်များက လက်ဖက်ရည်တွေ အကုန်လုံးကို စုပ်ယူသောက်သုံးသွားတော့သည်။

မှိုဘုရင် လန့်ဖျပ်ပြီး နည်းနည်းရုန်းကန်လိုက်သေးပေမယ့် လက်ဖက်ရည်ကို စုပ်ယူပြီးနောက်မှာတော သူ့ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို ခံစားလိုက်ရပြီးပြီး သူ့စိတ်အစဥ်က နက်နဲသောကမ္ဘာတစ်ခုထဲသို့ နစ်ဝင်သွားရ၏။

ထို့နောက် ကျင့်စဥ်များကို နားလည်နိုင်စွမ်းက အဆမတန် တိုးမြင့်လာသည်။

ကျင့်ကြံဆင့်များလည်း အဆမတန် ခုန်တက်လာလေပြီ။

ဘုန်း...

ရွှေအမြုတေကနေ ဝိညာဥ်သန္ဓေကို ချိုးဖျက်ပြီးတော့ ဝိညာဥ်အဆင့်တက်ခြင်းဆီ တက်ရောက်၊ ပြီးတော့ ခန္ဓာပေါင်းစည်းခြင်းကိုတက်၊ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ပြီးပြည့်စုံသောအဆင့်ထိ မရပ်မနား ထိုးတက်ကုန်ပြီ!

မသေမျိုးဆေးပင်နှင့် အနီးစပ်ဆုံးအဆင့်ရှိပြီး ကောင်းကင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားသည့်အပြင် အရည်အသွေးကောင်းမွန်လှသော ဉာဏ်အလင်းလက်ဖက်ရည်၏ အကူအညီဖြင့် မှိုဘုရင်သည် နှေးကွေးခက်ခဲလှပါသော ကျင့်ကြံဆင့်တက်ရောက်ခြင်းအား အဆပေါင်းများစွာ လွယ်ကူချောမွေ့စေခဲ့လေသည်။

လီဝူကျယ် တိတ်တိတ်လေးတွေးမိလိုက်၏။ "ကံကောင်းလို့ ပဥ္စမ ဆရာတူညီလေးက အောက်ဆုံးမှာ ရှိနေတော့ ငါ ဆရာတူအစ်ကိုတစ်ယောက် အနေနဲ့ မျက်နှာပန်း လှနေသေးတယ်။"

မှိုဘုရင်ကြီးမှာ သူ့ကိုယ်ခန္ဓာတွင်း ဖြစ်ပေါ်နေသော မြေငလျင်လို ပြောင်းလဲမှုတွေကို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုများက တက်လိုက်ကျလိုက်ဖြင့် ကပြောင်းကပြန်ဖြစ်လျက်ရှိသည်။ "ဒါ၊ ဒါ၊ ဒါ၊ ဒါက..."

အင်ထရိုဗာ့ဆန်သော ပင်ကိုစရိုက်အရ သူမာန်တက်ရမည့်အစား ကြောက်လန့်သွားရှာလေသည်။

ယဲ့ကျွင်းလင်က အားရပါးရ ချီးကျူးသြဘာပေးလိုက်သည်။ "ကောင်းကင်ဘုံက ကူညီတာပဲ၊ မင်းတို့ အားလုံး ဘယ်လိုတောင် ချိုးဖျက်နိုင်လိုက်ကြတာလဲ?"

သူကျ လက်ဖက်ရည်သောက်ပြီး ဘာမှ မခံစားရတာ ဘာလို့လဲ?

ဉာဏ်ရည်များ အရမ်းနိမ့်နေလို့လား?!

ယဲ့ကျွင်းလင် နားမလည်နိုင်ပေမယ့် ပုခုံးတစ်ချက်တွန့်လိုက်တော့ စိတ်သက်သာရာရသွားသည်။

မေ့လိုက်တော့၊ အရေးမကြီးဘူး၊ ဘာပဲဖြစ်ဖြစ် ငါက ကျင့်ကြံစရာမှ မလိုတာ!

ထိုအချိန်တွင် စနစ်ထံမှ သတိပေးချက်တစ်ခု မြည်လာသည်။【တင်၊ ပိုင်ရှင်ရဲ့ တပည့်တွေအကုန် မြန်မြန်ဆန်ဆန် တိုးတက်လာကြတဲ့အတွက် ဆရာကောင်းတစ်ယောက်အနေနဲ့ အောင်မြင်မှုရရှိသွားခဲ့ပါပြီ၊ ဆုလာဘ်ကတော့...】

All Chapters