လေပေါ်ဘုရားကျောင်းကို ပြဿနာသွားရှာမယ်
Vol. 12 Ch. 166
"【တင်၊ တပည့်များက ကျင့်ကြံဆင့်တိုးတက်မှု လျင်မြန်လှတဲ့အတွက် ပိုင်ရှင်ဟာ နာမည်ကျော်ဆရာဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကိုရရှိပြီး အဆင့်ကိုး ဉာဏ်အလင်းမှော်ရတနာ (မဟူရာကောင်းကင်ဓား) ကို ဆုလာဘ်အဖြစ် ရရှိသွားပါတယ်ရှင်။】"
"【မဟူရာကောင်းကင်ဓား】: စိတ်ကူးပင်မယဉ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်သည့် နက်နဲပြီး ရှေးကျသော ဓားပျံတစ်လက်ဖြစ်သည်။ ၎င်း၏ အရည်အသွေးသည် အသုံးပြုသူ၏ ကျင့်ကြံဆင့်နှင့်အညီ လိုက်ပါတိုးတက်လာမည်။
ယဲ့ကျွင်းလင်၏ အမူအရာမှာ ဝမ်းသာအယ်လဲဖြစ်ရမည့်အစား ထူးဆန်းနေသည်။
နာမည်ကျော်ဆရာ ဘွဲ့ထူးဂုဏ်ထူးတဲ့လား?
သူတို့နဲ့ လက်ဖက်ရည်သောက်ပြီး စကားပြောနေရုံပဲ ရှိသေးတယ် ထင်တာပဲ!
သို့သော်လည်း မဟူရာကောင်းကင်ဓားဆိုသည့်အရာက အတော်လေးအထင်ကြီးစရာကောင်းလှသောကြောင့် သူ့အနေဖြင့် အထွန့်တက်စရာမရှိပေ။ အခွင့်အရေးရလျှင် စမ်းသုံးကြည့်ရဦးမည်။
အဆင့်ကိုး ဉာဏ်အလင်းမှော်ရတနာ ဆိုသည်မှာ မသေမျိုးအဆင့်မှော်ရတနာထက် အဆင့်နည်းနည်းနိမ့်ရုံလောက်သာ ရှိသောကြောင့် ထိုမဟူရာကောင်းကင်ဓား၏ အစွမ်းသတ္တိကိုတော့ဖြင့် သံသယဝင်နေစရာမလိုပေ။
"ရှောင်ဟေး၊ မင်း အခု အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ မြန်မြန် လူပုံစံပြောင်းပြီး မင်းရဲ့ ဆရာကို ပြပါဦး!" ယဲ့ကျွင်းလင်က ရုတ်တရတ်သတိရကာ ညွှန်ကြားလိုက်သည်။
လူတိုင်း စူးစမ်းလိုစိတ်ဖြင့် ဝိုင်းကြည့်နေကြ၏။
မှိုဘုရင်က တွန့်ဆုတ်တွေဝေစွာ ပြောလိုက်သည်။ "ဒါပေမယ့်၊ ဒါပေမယ့် ကျွန်တော်က မူလပုံစံအတိုင်းပဲ နေချင်ပါတယ်..."
ယဲ့ကျွင်းလင်က မကျေမနပ် ပြန်ပြောလာသည်။ "ဆရာသခင်က တစ်ချက်လောက်ပဲ ကြည့်ချင်တာပါကွာ၊ တခြားအချိန်တွေမှာ မင်း ကြိုက်သလို နေလို့ရတယ်၊ မင့်ဆရာကို ဒီလောက်တောင်မျက်နှာသာမပေးတော့ဘူးလား?"
"ကောင်းပါပြီ၊ ကောင်းပါပြီ။"
မှိုဘုရင်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ပြောင်းလဲဖို့ စတင်အားထည့်လိုက်သည်။
ရွှီး!
နို့နှစ်ရောင် အလင်းတန်းများ တောက်ပလာပြီးနောက် လူငယ်တစ်ယောက်နှင့်တူသော ပုံစံတစ်ခု ပေါ်လာသည်။
နဖူးပေါ်တွင် ခပ်အုပ်အုပ်ကျနေသော ဆံပင်လုံးလုံး၊ ထူထဲသော မျက်ခုံးမွှေးနှင့် မျက်လုံးကြီးကြီးများ၊ ချောကလက် ကဲ့သို့ မဲမှောင်တောက်ပြောင်သော အသားအရေ၊ လက်များက ခန္ဓာကိုယ်ကြီးကို ခပ်ကျုံ့ကျုံ့ရစ်ပတ်ကွယ်ဝှက်ထားပြီး လူအများကြားတွင် အာရုံစိုက်ခံနေရခြင်းအပေါ် အတော်လေးမသက်မသာဖြစ်နေဟန်ဖြင့် မျက်လုံးချင်းပင်ဆုံအောင်မကြည့်ရဲရှာပေ။
"ဪ ဒီလိုပုံစံကိုး" ယဲ့ကျွင်းလင်က စူးစမ်းလိုစိတ်ဖြင့် သူ့တပည့်လေးကို အပေါ်အောက် အကဲခတ်နေသည်။
"စတုတ္ထ ဆရာတူညီလေးကလည်း၊ ငါတို့က အပြင်လူတွေမှမဟုတ်တာကို၊ မင်း ဒီလောက် စိတ်ပူနေစရာ မလိုပါဘူး။" လီဝူကျယ် က ပြုံးလျက် နှစ်သိမ့်လိုက်သည်။
မှိုဘုရင်သည် သူ့ကိုနှစ်သိမ့်ရန်ကြိုးစားနေသော သတ်လတ်ပိုင်းအရွယ်ယောကျ်ားကို ကြောင်တောင်တောင် စိုက်ကြည့်နေပြီး အစောပိုင်းက ရွှေဂျင်ဆင်းအား အားရပါးရဝါးစားနေသော ပုံရိပ်ကို ပြန်လည်အမှတ်ရကာ သူ့ရင်ထဲတွင် ကြောက်စိတ်ပိုတိုးလာပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် အလျင်အမြန် ဆုတ်ပြေးလိုက်ရသည်။
"အမ်" လီဝူကျယ် သူ့နှာခေါင်းကို အသာတို့လိုက်ပြီး နည်းနည်း ရှက်ရွံ့သွားမိ၏။
မှိုဘုရင်ကတော့ မူလပုံစံသို့ ပြန်ပြောင်းသွားပြီးမှ အတော်လေး သက်တောင့်သက်သာရှိသွားရရှာသည်။
အဘယ်ကြောင့်ဆိုသော် မှိုပုံစံကိုသာ မိမိ၏မူလပုံစံဟု သတ်မှတ်ထားသဖြင့် ရင်းနှီးမှုနှင့် လုံခြုံမှုကို ခံစားမိသောကြောင့်ပင်!
"ရှောင်လီ၊ မှတ်တမ်းတင်ဘောလုံး မင်းဆီမှာ ရှိတယ်မလား?" ယဲ့ကျွင်းလင်က မေးလိုက်သည်။
"စိတ်မပူပါနဲ့ ဆရာသခင်၊ ကျွန်တော် သေချာ ထိန်းသိမ်းထားပါတယ်!"
"ကောင်းပြီ၊ ဒါဆို လေပေါ်ဘုရားကျောင်းကို သွားကြရအောင်၊ ဆရာက အဲ့ဒီမြည်းကတုံးတွေကို သက်သေအထောက်အထားနဲ့ချပြပြီး ရှင်းချက်တောင်းတော့မယ်!"
ထိုစကားကိုကြားသော်..
လီဝူကျယ်မှာ ပထမတော့ ကြောင်အသွားပြီး တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။
အရှေ့ပိုင်းစီရင်စုတွင် မွေးဖွားကြီးပြင်းခဲ့သော ကျင့်ကြံသူတိုင်း လေပေါ်ဘုရားကျောင်း၏ အရေးပါပုံကို ကောင်းကောင်းကြီးသိနားလည်ထားကြ၏။ ၎င်းသည် ရဟန်းကျင့်ကြံသူအားလုံးအတွက် အမြင့်မြတ်ဆုံးသော နေရာဌာနတစ်ခုဖြစ်ပြီး ဆယ်ပါးသော မသေမျိုးဂိုဏ်းကြီးများ စာရင်း၏ ထိပ်တန်းငါးခုတွင် ပါဝင်သည်။
ဆရာသခင်က ကိုယ်တိုင်ပြဿနာသွားရှာဖို့ ကြေညာနေပြီဆိုမှတော့ ဘာတွေဆက်ဖြစ်လာမည်ဆိုတာကို ခန့်မှန်းလို့မရနိုင်ပေ။
ဟုန်ချန်ယဲ့ဆိုသည်မှာ ထိုဗုဒ္ဓဗန်းပြကတုံးများကို အမြဲတမ်း မနှစ်သက်ခဲ့သူဖြစ်ရာ ယဲ့ကျွင်းလင် လေပေါ်ဘုရားကျောင်းသို့ သွားမွှေမည်ကို ကြားသောအခါ ချက်ချင်း ထခုန်မတတ် စိတ်ဝင်စားသွားရသည်။
"【တင်၊ ပိုင်ရှင် အတွက် လုပ်ငန်းတာဝန်အသစ်တစ်ခု စတင်လိုက်ပါပြီ၊ လေပေါ်ဘုရားကျောင်းကို သွားရောက်စစ်ဆေးလေ့လာပါ၊ ကြီးမားသော ဆုလာဘ်ကို ရရှိပါမယ်ရှင်!】"
စနစ်၏ သတိပေးချက် ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်က သက်ပြင်းချလျက် ဆို၏။ "ငါ့စနစ်က ငါ့စိတ်ကို အသိဆုံးပဲ!"
"【တင်၊ ပိုင်ရှင်က အရမ်းတော်ကီကြွယ်တာပဲ၊ သဘောကျတယ် ဟိ!】"
ထို့နောက် ခွင်းဖန်းသည် ဦးတည်ရာအရပ်ကို ပြောင်းလဲကာ အရှေ့ပိုင်းစီရင်စု၏ ပြည်နယ်ဆယ့်သုံးခုထဲမှ တစ်ခုဖြစ်သော ဗုဒ္ဓပြည်နယ်သို့ ဦးတည်ခရီးနှင်လေသည်။
ခွင်းဖန်း၏ အရှိန်အဟုန်မှာ အလွန်လျင်မြန်ပြီး အထူးသဖြင့် ထိုအိမ်မွေးတိရစ္ဆာန်အစားအစာများ ကျွေးမွေးပြီးနောက် ၎င်း၏ ကျင့်ကြံဆင့်သည်ကား ဘေးဒုက္ခကျော်လွှားခြင်အဆင့်အထိ ချိုးဖျက်နိုင်ခဲ့ပြီးဖြစ်၏။ ဤသို့ဖြင့် တိုက်ရည်ခိုက်ရည်၊ အားအင်နှင့် အရှိန်နှုန်း စသည်ဖြင့် ကဏ္ဍအားလုံး သိသိသာသာ တိုးတက်လာခဲ့သည်။
ယခုမူ ၎င်းသည် စစ်မှန်သော မသေမျိုးအရိပ် စီးတော်ယာဥ်တစ်စင်း ဖြစ်နေလေပြီ!
အကြားဖြင့်ပင် စီရင်စုကြီးငါးခုလုံးကို အံ့သြမှုဖြင့်ပေါက်ကွဲထွက်နိုင်စေမည့် တည်ရှိမှုဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် မသေမျိုးများ မပေါ်လာသရွေ့ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်သည် တိုက်ခိုက်ရေးစွမ်းအား၏ အမြင့်ဆုံးနယ်ပယ်ဖြစ်ပြီး ကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ထိပ်တန်းအင်အားစုတိုင်း၏ အရေးကြီး အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်သည်။
ထို့အပြင် ထိုအဆင့်ရှိ စွမ်းအားရှင်များသည် လွန်စွာ မာန်မာနထောင်လွှားကာ ဆက်ဆံရခက်ခဲလှပြီး အခြားတစ်ပါးသူ၏ လက်အောက်ခံဖြစ်ရန် လိုလိုလားလားဆန္ဒရှိခြင်းမှာ ရှားပါးလှ၏။ စီးတော်ယာဥ်အဖြစ် ကိုယ်တိုင်ဦးညွှတ်ထမ်းဆောင်လာဖို့ကိုတော့ အိပ်မက်ပင်မမက်လေနှင့်!
တိမ်များက လေအဟုန်ဖြင့် လှိုင်းထနေပြီး ခွင်းဖန်းသည် လျှပ်စီးကြောင်းတစ်သွယ်ကဲ့သို့ လျင်မြန်စွာ ပြေးလွှားပျံသန်းကာ မကြာမီအချိန်တွင်းပင် ဗုဒ္ဓပြည်နယ် နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာသည်။