အခန်း (၁၆၇)
Vol. 12 Ch. 167
ဗုဒ္ဓပြည်နယ်ဆိုသည်မှာ အရှေ့ပိုင်းစီရင်စု၏ ရဟန်းကျင့်ကြံသူများ ကျင်လည်ကျက်စားရာကမ္ဘာဖြစ်ပြီး သူတို့ဦးဆောင်လွှမ်းမိုးရာ ဒေသလည်းဖြစ်၏။
ဤနေရာတစ်ဝှမ်းရှိ မည်သည့်တိုင်းပြည် သို့မဟုတ် ဂိုဏ်းအင်အားစုမဆို ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ ခံယူထားပြီး ဘုန်းတော်ကြီးများကိုလည်း နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။
သာမန် အရပ်သားတစ်ဦးပင်လျှင် ဗုဒ္ဓဘာသာ ကျမ်းစာအုပ်တစ်ပိုင်းစာခန့်ကို လျှောလျှောရှူရှူ ရွတ်ဆိုပြနိုင်ပြီး ဘဝသံသရာနှင့် ကံ၊ကံ၏အကျိုးကို အပေါ်ယံသဘောလောက်တော့ နားလည်ထားနိုင်သည်။
"ဆရာသခင်၊ မြေပုံအရဆိုရင် ကျွန်တော်တို့ ဗုဒ္ဓပြည်နယ်ရဲ့ အနောက်ဘက် အစွန်အဖျားကို ရောက်နေပါပြီ။ ဒီနေရာက အတော်လေး ခေတ်နောက်ကျခေါင်ခိုက်ပြီး လေပေါ်ဘုရားကျောင်းရှိတဲ့ ပြည်နယ်အလယ်ပိုင်းကိုရောက်ဖို့လည်း အဝေးကြီးလိုပါသေးတယ်" လီဝူကျယ်က သားရေလိပ်ကို ကိုင်လျက် လေးနက်စွာ လျှောက်တင်လိုက်သည်။
ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်ပြီး သူ့၏ နတ်ဘုရားအာရုံကို အကန့်အသတ်မရှိ ပျံ့နှံ့စေလိုက်သည်။
တောင်တန်းများ၊ သစ်တောများ၊ ငှက်များနှင့် သားရဲများ၊ လမ်းတစ်လျှောက် မီးခိုးတလူလူထွက်နေသော ရွာငယ်များ အပါအဝင် ဤနေရာရှိ ပြောင်းလဲမှုများ အားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် အစွန်းအစလေးမျှပင် မလွတ်စေရပေ။
ယဲ့ကျွင်းလင်သည် ဗုဒ္ဓပြည်နယ်ကား ဗုဒ္ဓပြည်နယ်ဟု ခေါ်ထိုက်လှပါပေသည်ဟု အံ့အားသင့်စွာ လက်ခံခဲ့ရ၏။ မြေနေရာတိုင်းသည် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုဖြင့် ပြည့်နှက်နေပြီး နေရာတိုင်းတွင် တရားဘာဝနာ၏ အငွေ့အသက်ဖြင့် ထုံလွှမ်းလျက်ရှိသည်။
ရုတ်တရက် မိုင်သုံးရာအကွာရှိ အထူးအခြေအနေတစ်ခုက သူ့ကို အာရုံစိုက်မိစေသည်။
ရင်ဘတ်ကို ဖွင့်ဟလျက်၊ ထူထဲကျစ်လျစ်သော ကြွက်သားများဖြင့် အဝါရောင်သင်္ကန်းဝတ် ရဟန်းကျင့်ကြံသူ အုပ်စုတစ်စုသည် မြို့တစ်မြို့တွင် ရိုင်းစိုင်းစွာ မီးရှို့တိုက်ခြင်း၊ သတ်ဖြတ် လုယက်ခြင်း အမှုများကို ပြုလုပ်နေကြသည်ပင်။ ဒေသခံ အရာရှိများနှင့် စစ်သားများက သူတို့ကို တားဆီးရန် ကြိုးစားသော်လည်း အရှင်လတ်လတ် ရိုက်နှက်ခံရပြီး သေဆုံးသွားကြသည်။ ငယ်ရွယ်ပျိုမျစ်သော အမျိုးသမီးလှလှလေးများမှာလည်း သူတို့လက်ထဲမှ မလွတ်မြောက်နိုင်ကြတော့...
မြင်ကွင်းမှာ အမြင်အာရုံမခံသာလောက်အောင် ဆိုးရွားလှပြီး ငိုကြွေးသံများနှင့် သနားခံသံများ နေရာတိုင်းတွင် ပဲ့တင်ထပ်နေသည်။
"အမေရေ!"
ခြောက်နှစ်သား ကလေးငယ်တစ်ဦးမှာ အတော်လေးကြောက်လန့်တုန်လှုပ်နေဟန်ရှိပြီး အရပ်ရှည်ရှည် အပြုအမူကြမ်းတမ်းသော ဘုန်းကြီးတစ်ပါးထံမှ တရွတ်တိုက် ဆွဲခေါ်ခံသွားရသည်။ ကလေး၏ မိခင်သည် မြေပြင်ပေါ်ဒူးထောက်ချလျက် ကလေးကို ခေါ်မသွားပါရန် မျက်ရည်အသွင်သွင်ဖြင့် တောင်းပန်နေသော်လည်း ဘုန်းကြီးက သူမအား ဘုန်းကြီးလှံတံ တောင်ဝှေးရတနာဖြင့် ရိုက်ချလိုက်ရာ နေရာတွင်ပင် ပြာကျသွားလေသည်။
"မင်းတို့ နတ်ဆိုးဘုန်ကြီးအုပ်စု! မင်းတို့ အပြစ်ပေးခံရလိမ့်မယ်!" သတ်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့လက်ထဲရှိ လက်နက်ဖြင့် ရသလောက်ခုခံသော်လည်း ဘုန်းကြီးတစ်ပါးက သူ့ခေါင်းကို လက်သီးဖြင့်ထိုးလိုက်ရာ လည်ပင်းကျိုးလျက် အလောင်းမှာ သွေးအိုင်ထဲသို့ ပုံလျက်သားလဲကျသွားတော့၏။
"ဗုဒ္ဓရဲ့ ကရုဏာတော်နဲ့ အမျှဝေပါတယ်~"
ခေါင်းဆောင်ဘုန်းကြီးမှာ ကြံ့ခိုင်သောကိုယ်ထည်ဖြင့် သက်လတ်ပိုင်းအရွယ်ခန့်ရှိပြီး သူ့လည်ပင်းတွင် လူဦးခေါင်းခွံများဖြင့် ပြုလုပ်ထားသော ပုတီးကြိုးတစ်ကုံးကို ဆွဲထားသည်။ သူ့မျက်နှာတစ်ခုလုံးတွင် ကန့်လန့်ဖြတ်အမာရွတ်များဖြင့် ပြည့်နှက်နေပြီး လက်တစ်ဖက်ကို ရင်ဘတ်ရှေ့တွင် လက်အုပ်ချီသည့်သဏ္ဍာန်ပြုကာ မျက်လုံးမှိတ်၍ အမျှဝေနေဟန်ရှိလေသည်။
"ရပ်ကြစမ်း၊ မင်းတို့ လေပေါ်ဘုရားကျောင်းက အရမ်းလွန်နေပြီ! ဒါ လဲ့ရှန်ပြည်ထောင်ရဲ့ နယ်မြေပဲ၊ မင်းတို့ စည်းလွတ်ဝါးလွတ် မကောင်းမှုကျူးလွန်နိုင်တဲ့နေရာများ ထင်နေသလား?!" မြို့စားမင်း မူရုန်က အထူးစစ်သားများကို ဦးဆောင်ပြီး ဒေါသတကြီး ပြေးဝင်လာသည်။
လမ်းတစ်လျှောက်တွင် မြို့စားမင်းမူရုန် လက်စွဲဓားကို ဝှေ့ယမ်းခုတ်ထစ်လာရာ ဓားစွမ်းအင်များ လှိုင်းထကာပျံ့နှံ့လာပြီး ဘေးပတ်လည်ရှိ ဘုန်းကြီးအများအပြား ခေါင်းပြတ်လဲကျကုန်ကြတော့၏။
ရွှီး!
ခေါင်းဆောင်ဘုန်းကြီးသည် အမျှဝေနေရာမှ မျက်လုံးဖွင့်လိုက်သော် သူ့မျက်လုံးထဲမှ နတ်ဘုရားစွမ်းအင်အရင်းအမြစ်များ ပေါက်ကွဲထွက်လာပြီး ဝမ်းဗိုက်ကြီးက ချိုင့်ဝင်သွားကာ ရင်ဘတ်ပိုင်းက ရုတ်တရက် ဖောင်းကြွလာသည်။ ထို့နောက် ပါးစပ်ဖွင့်ပြီး အော်ဟစ်ကြိမ်းဝါးလာ၏။
သာမန်မျက်စိဖြင့်ပင် မြင်သာသော အသံလှိုင်းများက မုန်တိုင်းတစ်ခုလိုမျိုး ပြင်းစွာတိုက်ခတ်လာပြီး မြို့စားမင်းမူရုန်တို့တပ်ဖွဲ့လည်း မတတ်သာစွာ နောက်ဆုတ်လိုက်ရကာ အားနည်းသော စစ်သားအများအပြား သွေးအန်ပြီး နာကျင်စွာအော်ဟစ်လာကြသည်။
မြို့စားမင်းမူရုန်လည်း သက်ရောက်မှုကိုသည်းခံရင်း စိတ်တင်းကာ ခြိမ်းခြောက်လိုက်သည်။ "ဘုန်းကြီးယုတ်၊ ငါ ဒီကိစ္စကို အထက်ကို သတင်းပို့ပြီးပြီ၊ မကြာခင် စစ်ကူတွေ လာကယ်လိမ့်မယ်။ မင်း အမြန်ဆုံးထွက်သွားဖို့ ငါ အကြံပေးချင်တယ်၊ မဟုတ်ရင် ရလာမယ့်အကျိုးဆက်တွေကို ခံယူဖို့အသင့်ပြင်ထားလိုက်ပေါ့!"
ထို ခေါင်းဆောင်ဘုန်းကြီးက အေးစက်စက်သာ တုံ့ပြန်လာသည်။ "စစ်ကူတွေ? မင်းတို့ဘုရင်က ငါတို့လေပေါ်ဘုရားကျောင်းကို စော်ကားဖို့ သတ္တိရှိလား? ဒကာက ဘုန်းကြီးကို ထပ်ခါထပ်ခါ ရန်လာစနေတာပဲ၊ ဘုန်းကြီးရဲ့ သည်းခံနိုင်စွမ်းကလည်း အကန့်အသတ်ရှိတယ်နော်!"
"မျိုးမစစ်ကောင်၊ မင်းတို့ လေပေါ်ဘုရားကျောင်းက လူတွေကို အမြဲလှည့်ဖျားနှိပ်စက်နေတာပဲ! လူတွေကို အယုံသွင်းပြီးရင် နှစ်နည်းနည်းလောက်ကြာတာနဲ့ မင်းတို့က ကလေးငယ်တွေနဲ့ အမျိုးသမီးငယ်တွေကို နေရာမရွေး ပြန်ပေးဆွဲကြတာ အခုနောက်ပိုင်း ပိုတောင်စိပ်လာပြီပဲ၊ ငါတို့မသိဘူးများထင်နေလား၊ ပြည်သူလူထုကို တစ်ချိန်လုံး လူရောစိတ်ပါဒုက္ခပေးနေတာ၊ ဖြစ်လာမယ့်အကျိုးဆက်တွေကို စဉ်းစားခဲ့ဖူးလား?" မြို့စားမင်းမူရုန်က ဒေါသတကြီး ပြစ်တင်ရှုံ့ချလိုက်သည်။
"အဲဒီကလေးတွေက ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်မှုရှိတယ်၊ မွေးရာပါ ဉာဏ်ပညာအရင်းအမြစ်တွေကို အလကားမဖြုန်းတီးသင့်ဘူး၊ သနားကြင်နာတတ်တဲ့ ငါတို့တောင်သခင်ရဲ့ လမ်းညွှန်မှုအောက်မှာ အနှေးနဲ့အမြန် နိဗ္ဗာန်ကို ကြွရောက်စံမြန်းနိုင်ကြလိမ့်မယ်။ မင်းလိုပုထုဇဥ်သေမျိုးက ဘာနားလည်မှာလဲ? ကောင်းမှုကုသိုလ်ကို တားဆီးခြင်းဟာလည်း ရာဇဝတ်မှုမြောက်ပေမယ်!" ခေါင်းဆောင်ဘုန်းကြီးက ဟိတ်ဟန်ကိုမလျှော့ဘဲ ပြန်လည်တရားချသည်။
မြို့စားမင်းမူရုန် က ဒေါသတကြီး ထရယ်လိုက်သည်။ "တောင်သခင်ဆိုတဲ့ကောင်က သင်္ကန်းခြုံထားတဲ့ သားရဲကောင်သက်သက်ပဲ! ဗုဒ္ဓဘာသာ အကြောင်းကိုများ စကားထဲထည့်ပြောရဲသေးတယ်? သူ့အလိုဆန္ဒဖြည့်ဆည်းဖို့အတွက် ဘာသာရေးကို အသုံးချတာပဲမဟုတ်ဘူးလား၊ မင်းတို့ လုယက်သွားတဲ့ ကလေးတွေ သူ့ဗိုက်ထဲ ရောက်ကုန်ပြီဆိုတာ သေချာတယ်၊ ဟုတ်တယ်မလား? မင်းတို့က အဲ့သားရဲကောင်ရဲ့ နောက်လိုက်ကျွန်တွေ၊ အခုလို ကိုယ်ချင်းစာတရားမရှိတဲ့ ကိစ္စတွေကို သင်္ကန်းအရေခြုံပြီး လုပ်နေတာကမှ တကယ့် ဆိုးရွားတဲ့ ရာဇဝတ်မှုပဲ!"
ထိုစကားများက တစ်ဖက်လူ၏ ဟန်ဆောင်အရေခွံအား ဆွဲလှပ်လိုက်သည့်နှယ်။
ခေါင်းဆောင်ဘုန်းကြီး ဒေါသမီးတောင် ပေါက်ကွဲသွားပြီး သင်္ကန်းစကြားဖွက်ထားသော လက်များက လက်သီးဆုပ်အဖြစ်ပြောင်းလဲကာ ထိုလက်သီးဆုပ်များက အလင်းတန်းများ စူးရှတောက်ပစွာ ထွက်ပေါ်လာ၏။
ချက်ချင်းဆိုသလို သူ၏ရဟန္တာလက်သီးကို အသင့်ပြင်လျက် မြို့စားမင်းမူရုန်ထံသို့ ဦးတည်ပြေးသွားလေသည်။ ကြိမ်းဝါးသံကား ကောင်းကင်ကိုတုန်လှုပ်စေသည့်အထိ သတ်ဖြတ်လိုစိတ်ပြင်းထန်လှ၏။ "အတင့်ရဲလိုက်တာ! တောင်သခင်ကိုများ စော်ကားရဲတယ်! အခုပြောလိုက်တဲ့စကားအတွက် မင်းအပြစ်ပေးခံရစေ့မယ်!"