လရောင်ဖြာ ဧကရီ
Vol. 99 Ch. 1386
အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို ဖီဆန် အာရုဏ်ဦးနှင့် လောက အာရုဏ်ဦး ဟူ၍ အလွှာ နှစ်ခု ခွဲခြားနိုင်ပေသည်။ ဖီဆန် အာရုဏ်ဦးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ မူလ ပိုင်နက်ကို ရည်ညွှန်းပေသည်။ ထိုနယ်မြေကျယ်ကြီး အတွင်း၌ ဂြိုဟ်ပေါင်း လေးဆယ့်ကိုးခုနှင့် လပေါင်း ရှစ်ဆယ့်တစ်စင်းတို့ ပါဝင်ပေသည်။
လောက အာရုဏ်ဦးကတော့ အပြန်အလှန် ချိတ်ဆက်ထားသည့် လျှို့ဝှက် နယ်မြေနှင့် လောကနယ်မြေများစွာ ပါဝင်နေသော နယ်မြေ ကွင်းပြင်ကျယ်ကြီးပင် ဖြစ်သည်။
ထိုနယ်မြေအလွှာ နှစ်ခုမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဧရိယာ၏ အခြေခံ အဖြစ် ဖွဲ့စည်းထားပေသည်။ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်က... ဖီဆန် အာရုဏ်ဦးမှာ လောက အာရုဏ်ဦးထက် အဆပေါင်းများစွာ သေးငယ်ခြင်း ဖြစ်သည်။ ဖီဆန်အာရုဏ်ဦးမှာ အဝေးဆုံး၏ အကန့်အသတ်တွင် အဆုံးသတ်သွားသည့်တိုင် လောက အာရုဏ်ဦးကတော့ ယခင် သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင် တစ်ခုလုံးကို ဖြန့်ကျက်ထားပေသည်။
ဝေ့ဝူယင် အနေဖြင့် ဖီဆန် အာရုဏ်ဦး၏ နယ်နိမိတ်ကို ဆက်လက် ဖြန့်ကျက်၍ ရသေးသော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် စိတ်ကူး မရှိပါချေ။ သူက တိကျ သေချာသည့် နယ်နိမိတ် တစ်ခုကိုသာ ကန့်သတ်ထားကာ အမျိုးမျိုးသော ဝင်္ကပါများနှင့် ဝန်းရံ ကာကွယ်ထားခဲ့သည်။ ထိုအထဲ၌ အလင်းပြန် ဝင်္ကပါများလည်း အပါအဝင် ဖြစ်သည်။
ဆိုလိုသည်က ဖီဆန်ပေါက်စလေးမှ ထွက်ပေါ်လာသည့် နေအမတေ အားလုံးမှာ ကြယ်တာရာ နယ်မြေ ပြင်ပကို ထွက်ခွာသွားလိမ့်မည် မဟုတ်ချေ။ ရှစ်ဆယ် ရာခိုင်နှုန်းမှာ အလင်းပြန်ခြင်း အစီအရင်မှ တစ်ဆင့် အတွင်းသို့ ပြန်လည် ဝင်ရောက်လာလိမ့်မည် ဖြစ်ကာ ကျန် နှစ်ဆယ် ရာခိုင်နှုန်းသာလျှင် ပြင်ပ လောကထံ ရောက်ရှိသွား ပေလိမ့်မည်။
ထိုအရာကပင်လျှင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို တော်ဝင် ကျင့်ကြံခြင်း နယ်မြေ တစ်ခု အဖြစ် ဖြစ်တည် လာစေခဲ့ခြင်း ဖြစ်သည်။
...
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အစွန်အဖျား နေရာများတွင် လတစ်ချို့မှာ ၎င်းတို့၏ ပတ်လမ်းများ အတိုင်း မှီခိုရာ ဂြိုဟ်များကို လှည့်ပတ် နေခဲ့ကြလေသည်။ ၎င်းတို့မှာ ဂြိုဟ်ထက်ရှိ ညများကို အလွန်တရာ လှပသည့် လျှို့ဝှက် ဆန်းကြယ်သော မြင်ကွင်း တစ်ခု ပေါ်လွင်လာအောင် ဖန်တီးနိုင်စွမ်း ရှိပေသည်။ အဆိုပါလများထက်၌ အယ်ဗန်မျိုးနွယ်မှ အစ လူသားအဆုံး အမျိုးမျိုးသော မျိုးနွယ်များ အိမ်ပြု နေထိုင် နေကြပေသည်။
ကြယ်တာရာ နယ်မြေများ အတွင်း၌ လဂြိုဟ်များ၏ အားသာချက်မှာ နေကြယ် အမတေများကို အခြား မည်သည့် ကောင်းကင်ခန္ဓာများထက် မဆို ပိုမို လွယ်ကူ လျှင်မြန်စွာ စုပ်ယူနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့မှာ ချီအမတေ ကျောက်တုံးများ၊ လျှို့ဝှက် အမတေ ကျောက်တုံးများနှင့် လျှို့ဝှက် အမတေ ကျောက်တုံးများကို အလျှင်မြန်ဆုံး ဖန်တီးပေးနိုင်စွမ်း ရှိသည်။ နောက်ထပ် နှစ်ပေါင်း ရာဂဏန်းခန့် ကြာမြင့်ပါက အဆိုပါ လငယ်များမှာ အလွန် အဖိုးတန်သည့် သတ္တုတွင်းဂြိုဟ်များ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း မြေကြီးလက်ခတ် မလွဲပါချေ။
ရှေးဟောင်း သလင်းကျောက်လထက်၌...
ဝှစ်... ဝှစ်...
ခြေဗလာနှင့် ငွေရောင် ဝတ်စုံဝတ် ပုံရိပ် တစ်ခုမှာ လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖော်ဆောင်ကာ ဝင်္ကပါ တစ်ခုကို ဖန်တီးနေခဲ့၏။ သူမ တစ်ချက် လှုပ်ရှားလိုက်တိုင်း၌ လရောင်က သွယ်လျသော လက်ချောင်းထိပ်များ၌ ကခုန် နေခဲ့သည်။ ပုံရိပ်မှာ ငယ်ရွယ်ကာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လှပသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမက အသက် နှစ်ဆယ်ကျော်ခန့် ရုပ်ရည်နှင့် နတ်မိမယ် တစ်ပါး အလား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။
ခပ်ပွပွ ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ၎င်းတို့က သူမ၏ အသက်ရှူ မှားလောက်အောင် စွဲမက်ဖွယ် ကောင်းသည့် ခန္ဓာကိုယ်ကို ဖုံးကွယ်နိုင်စွမ်း မရှိပါချေ။
လရောင်ဖြာ ဧကရီ...
သူမ၏ အော်ရာက အလွန်အမင်း သိမ်မွေ့လှ၏။ အမှတ်တမဲ့ နေပါက သတိထားမိဖို့ပင် ခက်ခဲလှသည်။ ထို့အပြင် သူမက ပတ်ဝန်းကျင်ကို လျှို့ဝှက် အဆင့် ဝင်္ကပါ တစ်ခုနှင့် ကာကွယ်ထားသေးသည်။
လရောင်ဖြာ ဧကရီမှာ လက်ဟန်ချိပ်စည်းများ ဖန်တီးခြင်းကို ဆက်လက်၍ လုပ်ဆောင် နေခဲ့၏။ အချိန်နှင့် အမျှ ဖြစ်ပေါ်လာနေခဲ့သည့် လရောင် နံရံများ အရ ဆိုလျှင် သူမ ဖန်တီးနေသည့် ဝင်္ကပါမှာ အလွန် ကြီးမားလှသည်။ ၎င်းမှာ ရှေးဟောင်း သလင်းကျောက် လတစ်ခုလုံးကိုပင် လွှမ်းခြုံသွားမည့်ပုံ ရသည်။
ထိုဝင်္ကပါသာ အချိန်တိုင်း လွှမ်းခြုံ တည်ရှိနေမည် ဆိုပါက ရာစုနှစ် အနည်းငယ် ကြာမြင့်လျှင်ပင် လဂြိုဟ် အတွင်း၌ အမတေ ကျောက်တုံးများ ဖွဲ့စည်းဖို့ ခက်ခဲ သွားလိမ့်မည် ဖြစ်သည်။
အကြမ်းဖျဉ်း ခုနစ်မိနစ်မျှ ကြာမြင့်ပြီးနောက် ဝင်္ကပါမှာ ပြီးပြည့်စုံ သွားခဲ့၏။ လှပသော အပြုံးတစ်ခုက လရောင်ဖြာ ဧကရီ၏ နှုတ်ခမ်းထက်တွင် ဖွဲ့စည်းလာခဲ့သည်။ သူမ၏ အလှတရားက ဧကရီ ရှောင်ချွမ်းနှင့် ယှဉ်လျှင်ပင် နိမ့်ကျလိမ့်မည် မထင်ပါချေ။
“၂၀၇၇ ခုမြောက်...”
ဝင်္ကပါ၏ စုပ်ယူမှုနှုန်းကို စမ်းသပ်ရင်း လရောင်ဖြာ ဧကရီ၏ အပြုံးက ပိုမို၍ နက်ရှိုင်းလာခဲ့သည်။ ၎င်းကို မည်သူမှ မြင်တွေ့ခွင့် မရှိခဲ့သည်ကတော့ နှမြောစရာ ဖြစ်ပေသည်။
“အတော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့ နေအမတေ စုပ်ယူရေး ဝင်္ကပါပဲ... သဟဇာတ သန့်စင်ရေး စွမ်းအား အငွေ့အသက်တွေတောင် ပါသေးတယ်... လုံလောက်တဲ့ အချိန်သာ ရရင် အမတေ ကျောက်တုံးတွေကိုပါ ဖန်တီးနိုင်မှာ သေချာတယ်”
ရုတ်တရက် အံ့အားသင့်နေပုံ ပေါ်သည့် အသံ တစ်ခုမှာ လရောင်ဖြာ ဧကရီ၏ နောက်နားမှ ထွက်ပေါ်လာခဲ့၏။ မိန်းကလေး၏ အပြုံးက ပျောက်ကွယ်သွားကာ ချက်ချင်းပင် နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ အဂ္ဂိရတ်နှင့် သိုင်း ရောရာ ဝတ်စုံကို ဝတ်ဆင်ထားသည့် ငွေရောင် မျက်လုံးပိုင်ရှင် လူငယ် တစ်ယောက်ကို သူမ တွေ့လိုက်ရသည်။
ဝေ့ဝူယင်က သူမဘက်ကိုပင် လှည့်ကြည့်ခြင်း မပြုပါချေ။ ထို့အစား တလက်လက် တောက်ပနေသည့် မျက်ဝန်းများနှင့် ဝင်္ကပါကိုသာ စိတ်ဝင်တစား စူးစမ်းနေခဲ့လေသည်။ လရောင်ဖြာ ဧကရီ၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။
“လက်ရာကတော့ မဆိုးပါဘူး... ဒါပေမဲ့ ကျုပ် ကြယ်တာရာ နယ်မြေရဲ့ ကံကြမ္မာကို ကျုပ် ခွင့်ပြုချက် မပါပဲ ခိုးယူ နေတာကတော့... ခင်ဗျားရော အဲဒါက နည်းနည်း ရိုင်းတယ်လို့ မထင်ဘူးလား”
"..."
လရောင်ဖြာ ဧကရီမှာ တိတ်ဆိတ် နေခဲ့၏။ သို့သော်လည်း... သူမ၏ အာရုံ ခြောက်ပါးလုံးက မြေကြီး ရှန့်ထို အဆင့် တစ်ယောက် အတွက် အမြင့်မားဆုံးသော အမြန်နှုန်းဖြင့် လှုပ်ရှားနေခဲ့သည်။ ရှေးဟောင်း သလင်းကျောက်လ၏ ပတ်လည်တွင် ဝေ့ဝူယင်၏ နောက်လိုက်နောက်ပါ မြေကြီး ရှန့်ထိုများ ဝန်းရံထားလိမ့်မည် ဖြစ်ကြောင်း သူမ သံသယ ရှိစရာ မလိုပါချေ။ ထို့ကြောင့်ပင် သည်သေမျိုးလူငယ်မှာ အင်ပါယာ တစ်ပါးလို ကြီးကြီးကျယ်ကျယ် ပြုမူနေခြင်း ဖြစ်ရမည်။
သို့သော်လည်း... အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ရှေးဟောင်း သလင်းကျောက်လ၏ အပြင် အမှောင် ဟင်းလင်းပြင် အတွင်း၌ မည်သည့် ကျင့်ကြံသူကိုမှ မတွေ့ရပါချေ။
“ဆိုတော့ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ပြောပြရင် ဘယ်လိုလဲ... ကျုပ် ခင်ဗျား အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”
နောက်ဆုံး၌ ဝေ့ဝူယင်က လရောင်ဖြာ ဧကရီကို ကြည့်လိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများ အတွင်း၌ ထက်ရှသော အလင်းတန်းများက နေရာယူ နေခဲ့သည်။
“အခု ခင်ဗျား စ...”
ဝေ့ဝူယင်၏ စကားမဆုံးခင်မှာပင် လရောင်ဖြာ ဧကရီမှာ ပေးအပ်လာသည့် အခြေအနေနှင့် လိုက်လျော ညီထွေစွာ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။ သူမက ဝေ့ဝူယင်ထံသို့ အရှိန်အဟုန် ပြင်းစွာဖြင့် တိုးဝင် လာခဲ့ခြင်းပင်။ မိန်းကလေးမှာ အရိပ် တစ်ခု ကဲ့သို့ လှုပ်ရှားနေကာ သူမ၏ မျက်ဝန်းများမှာ လရောင် အလင်းတန်းများနှင့် တောက်ပနေခဲ့လေ၏။
ဝေ့ဝူယင်ကို ဓားစာခံ အနေဖြင့် ဖမ်းဆီးထားနိုင်သရွေ့ သူမ လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူမက အလွန် လျှင်မြန်သည်။ ထို့အပြင်... မည်သည့် လျှို့ဝှက် စွမ်းအင်ကိုမှ သုံးမထားလေရာ အခြား ကျင့်ကြံသူများ သူမ၏ လှုပ်ရှားမှုကို သတိထားမိဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။ လက်ရှိ၌ သူမမှာ ခန္ဓာကိုယ် စွမ်းအား တစ်ခုတည်းကိုသာ သုံးကာ လှုပ်ရှားနေခြင်း ဖြစ်ပေသည်။
ပုံမှန် အခြေအနေများတွင် ဆိုပါက လရောင်ဖြာ ဧကရီမှာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဟု ဆိုနိုင်ပေသည်။ သူမက ပြီးပြည့်စုံစွာ အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ သာမန် သေမျိုးတစ်ယောက်သာ ဆိုပါက သူ လွယ်ကူစွာပင် တန်ဆာခံ ဖြစ်လာပေလိမ့်မည်။ ကံဆိုးစွာပင် ဝေ့ဝူယင်မှာ သာမန် သေမျိုး ဆိုသည့် စကားလုံးနှင့် အလှမ်းကွာသည့် အရပ် တစ်ခု၌ ရှိနေခဲ့ပေသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက်...
ဖျောင်း...
ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်စွမ်း ရှိသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရင်းမြစ်က အဘယ်နည်း။ ဝေ့ဝူယင်၏ ညာဖက် လက်ဖဝါး လရောင်ဖြာ ဧကရီ၏ ပါးပြင်ထက်သို့ ကျဆင်းသွားခဲ့သည့် အသံပင်။
အသံနှင့် အတူ လရောင်ဖြာ ဧကရီမှာ သူမ၏ ခန္ဓာကိုယ်က တိုးဝင်လာခဲ့သည့် အရှိန်အဟုန်ထက်ပင် လျှင်မြန်စွာ လွင့်စဉ် သွားခဲ့ကြောင်း သတိထားမိသွားခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးက ချာချာလည်နေသည်။ အရိုက်ခံလိုက်ရသည့် အရှိန်ကြောင့် ခန္ဓာကိုယ်က ပြင်းထန်စွာ လည်ပတ်နေခြင်း ဖြစ်ကြောင်း သူမ မှတ်ချက် ချလိုက်နိုင်၏။ ထို့အပြင်... ခရမ်းရောင် သွေးများနှင့် အတူ သူမ ပါးစပ်ထဲမှ သွားတစ်ချောင်း ကျွတ်ထွက်သွားသည်ကိုပါ တွေ့လိုက်ရ၏။
“ဒါက တကယ်ကြီး ဖြစ်နေတာလား...”
အတွေးရထား မဆုံးခင်မှာပင် ခန္ဓာကိုယ်မှာ အနီးအနားရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း လရောင်ဖြာ ဧကရီ ခံစားလိုက်ရ၏။
ဘုန်း...
ဖုန်မှုန့် မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ ရှေးဟောင်း သလင်းကျောက်လ တစ်ခုလုံး ငလျင်လှုပ် သကဲ့သို့ တုန်ရီ သွားခဲ့လေသည်။
ဝေ့ဝူယင် သူ့လက်ဝါးကို ငုံ့ကြည့်ရင်း အနည်းငယ် အံအားသင့် သွားခဲ့၏။ ထို့နောက် အပြုံးတစ်ခုက သူ့ မျက်နှာထက်တွင် နေရာယူလာခဲ့လေသည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာနှင့်၊ လျှို့ဝှက် အဆင့် အစစ်အမှန် ဟင်းလင်းပြင် နဂါး ခန္ဓာကိုယ်မှ ဖြည့်ဆည်းပေးထားသော ရုပ်စွမ်းအင်များမှာ မယုံကြည်နိုင်လောက်အောင်ပင် ပြင်းထန်လွန်းလှသည်။ သာမန်ကာ လျှံကာ လက်ဝါး တစ်ချက်ပင်လျှင် မြေကြီး ရှန့်ထို တစ်ယောက်ကို လွင့်စဉ် သွားအောင် စွမ်းဆောင်နိုင်နေပြီ ဖြစ်သည်။ ထို့အပြင် မြေပြင်ထက်၌ ခရမ်းရောင် သွေးများနှင့် ရောနှောနေသည့် သွားတစ်ချောင်းကိုပင် သူ တွေ့ရှိရသည်။
ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာ အံ့ဩစရာ ကောင်းလှသော်လည်း လောလောဆယ်တွင်တော့ လက်ရှိ ပြဿနာကိုသာ အာရုံစိုက်ရဦးမည် ဖြစ်သည်။ ဝေ့ဝူယင် လဲကျနေသည့် လရောင်ဖြာ ဧကရီကို လှမ်းကြည့်လိုက်၏။ သူ့ မျက်လုံးများက ပိုမို၍ အေးစက်သွားခဲ့သည်။
“ကျုပ် မေးခွန်းကို လိမ်လိမ်မာမာ ဖြေရင် ခင်ဗျား အသက်ကို ချမ်းသာပေးဖို့ စဉ်းစားမယ်လို့ ကျုပ် ပြောထားတယ်နော်”
***