← Chapters

ချောင်စွေ့ဖုန်း၏ အတိတ်

Vol. 99 Ch. 1373

ချောင်စွေ့ဖုန်း၏ အတိတ်

Vol. 99 Ch. 1373

“ကျန်းကျဲ ကလန် အကြောင်း ခင်ဗျား သိလား...”

ဝေ့ဝူယင်က မေးလိုက်၏။ ချောင်စွေ့ဖုန်းက များစွာ တွေးတောစရာ မလိုပဲ ချက်ချင်းပင် တုန့်ပြန် လိုက်သည်။

“သူတို့က လူသားမျိုးနွယ် အာဏာရှင် အင်ပါယာနဲ့ ချိတ်ဆက်နေတဲ့ အင်အားကြီး ကလန် တစ်ခု ဆိုတာတော့ သိတယ်”

“အာဏာရှင် အင်ပါယာ ဟုတ်လား... ချိပ်ပိတ်နယ်မြေကို ဖန်တီးခဲ့တဲ့ အာဏာရှင် အင်ပါယာ သုံးယောက်ရဲ့ ကျင့်ကြံခြင်း အခြေခံကို ခင်ဗျား သိလား”

အာကာသ ဝေဟင်ဂိုဏ်းချုပ် ဖြစ်လာခဲ့သည့် ဝတ်စုံနက်ဝတ် ဝေ့ဝူယင်ပင်လျှင် သူတို့၏ ကျင့်ကြံခြင်း အခြေခံကို ဆုံးဖြတ်နိုင်ခြင်း မရှိလေရာ... ရေရာသည့် အဖြေတစ်ခု ရရှိလာလိမ့်မည်ဟု ဝေ့ဝူယင် မျှော်လင့် မထားပါချေ။

"ကျွန်မ သေချာ မသိဘူး... ဒါပေမဲ့ သူတို့က အာဏာရှင် ရှန့်ထို အဆင့်ထက် မကဘူး ဆိုတာတော့ သိတယ်... အလွှာအပြင်က လောကမှာ အာဏာရှင် ရှန့်ထို အဆင့် ကျင့်ကြံသူတွေကို ‘လျှို့ဝှက်သခင်တွေ’လို့ ခေါ်တယ်... သူတို့ သုံးယောက်က အဲဒီထက် ပိုမြင့်တဲ့ အဆင့်မှာ ရှိလောက်တယ်... ဒါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းလောက်တုန်းကနော်... ခုချိန်မှာ သူတို့ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေပြီ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

ချောင်စွေ့ဖုန်းက တွေးတွေးဆဆဖြင့် အဖြေပေးလိုက်သည်။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“ခင်ဗျားပြောနေတာကို ဖြတ်ပြောသလို ဖြစ်သွားတဲ့ အတွက် ခွင့်လွှတ်ပေးပါ... ကျေးဇူးပြုပြီး ဆက်ပြောပါဦး”

ချောင်စွေ့ဖုန်းက ရှင်းပြမှုကို မဆက်ခင် ပင့်သက် တစ်ချက် ရှိုက်လိုက်၏။

“ရှင့် အမှား မဟုတ်ပါဘူးလေ... မေးခွန်းဆိုတာ ရှိသင့်သလို အဖြေဆိုတာ ရှိသင့်တာပဲ... ထားပါ... ခုနက ကိစ္စကို ဆက်ရရင် ကျွန်မရဲ့ ချောင်ကလန်က အမှောင် ကြယ်တာရာခေတ်မှာ ပျက်စီးခဲ့တယ်... အကြွင်းအကျန် တစ်ချို့ပဲ ပုန်းကွယ်ထွက်ပြေး လွတ်မြောက်ခဲ့တယ်... အဲဒီ အချိန်တုန်းက ကျွန်မက အဂ္ဂိရတ် အင်ပါယာ အဆင့်မှာပဲ ရှိသေးတာ... မမရဲ့ သား၊ တူလေးနဲ့ အတူ တောက်လျောက် ပုန်းအောင်း ထွက်ပြေးခဲ့ရတယ်... လမ်းတစ်လျှောက်မှာ အမှောင် ကြယ်တာရာခေတ်ရဲ့ ကြောက်စရာ ကောင်းတဲ့ လောကကြီးကို ရင်ဆိုင်ခဲ့ရတယ်... လွတ်မြောက်ဖို့ ကျွန်မရဲ့ အဂ္ဂိရတ် စွမ်းရည်ပေါ်မှာ မှီခိုခဲ့ရတယ်”

“တူလေး...”

ဝေ့ဝူယင် ထိုကောင်လေး အကြောင်းကို စိတ်ဝင်စား သွားခဲ့၏။ သူက ချောင်စွေ့ဖုန်း၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်ပေလိမ့်မည်။

ချောင်စွေ့ဖုန်း၏ အစိမ်းရောင် မျက်ဝန်းများက အတိတ်ကို လွမ်းဆွတ် တမ်းတမှုများနှင့် ပြည့်နှက်သွားခဲ့၏။ သူမက ဝေ့ဝူယင်ကို တစ်ချက် ကြည့်လိုက်ရာ လူငယ်၏ အမူအရာက သိလိုစိတ်များနှင့် ထုံလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

“ကျွန်မရဲ့ တူလေးကို ရှင်သိပါတယ်”

"အမ်... ကျုပ် သိတာလား...”

ချောင်စွေ့ဖုန်းက ခေါင်းညိတ်ရင်း နွေးထွေးစွာ ပြုံးလိုက်၏။

“အဲဒီ ကောင်စုတ်လေးက အခု သူ့ကိုယ်သူ ဝိညာဉ် ရှန့်ထို ဧကရာဇ် ဆိုပြီး နာမည်ပေးထားတယ်လေ... ဒါပေမဲ့ မမက သူ့ကို ချောင်ချောင်လို့ ခေါ်တယ်... ကျွန်မကတော့ ချောင်လေး လို့ ခေါ်တယ်”

မိန်းက‌လေးက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ရှင်းပြလိုက်လေသည်။

“ချောင်လေး...”

ဝေ့ဝူယင် တစ်ယောက် ဆွံ့အ သွားခဲ့၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ အယ်နီယာ အဂ္ဂိရတ် ရှန့်ထို၏ တူလေး ဖြစ်နေသည်လား။

မိန်းကလေး၏ အစိမ်းရောင် မျက်ဝန်းများကို သူ ကြည့်လိုက်မိ၏။ ဝိညာဉ် ရှန့်ထို ဧကရာဇ်တွင်လည်း အလားတူ မျက်ဝန်းများ ရှိကြောင်း ပြန်လည် အမှတ်ရလိုက်မိသည်။ သို့သော်လည်း အနည်းငယ် ခြားနားသယောင် သူ ခံစားရသည်။ ချောင်စွေ့ဖုန်းနှင့် ယှဉ်လျှင်... ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ မျက်ဝန်းများက သံပုရာစိမ်းရောင်ဘက်ကို ပိုသွားလိမ့်မည် ဖြစ်သည်။

ချောင်စွေ့ဖုန်းမှာ သူမ၏ မျက်ဝန်းများအား ဝေ့ဝူယင် ကြည့်နေကြောင်း သတိပြုမိလိုက်ရာ အနည်းငယ် ပြုံးလိုက်၏။

“ကျွန်မတို့ ချောင်မျိုးနွယ်ဝင်တွေရဲ့ အထင်ရှားဆုံး လက္ခဏာက အစိမ်းရောင် မျက်လုံးတွေပဲလေ... ဒါပေမဲ့ ချောင်လေးက သူများတွေ မှတ်မိသွားမှာ စိုးလို့ နည်းနည်းလေး ပြောင်းလဲထားတာ... နာမည်ပြောင်းပြီတဲ့နောက် အတိတ်ကို ပြန်အစမဖော်ချင်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့”

ချောင်မျိုးနွယ်မှာ ထျန်းတိုင်ကျုံးထံတွင် ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။ ထို့အပြင်... ယနေ့ အချိန်အထိ နတ်ဘုရား အင်ပါယာ၏ ဩဇာအာဏာနှင့် စွမ်းအားတို့မှာ နိမ့်ကျသွားခြင်း မရှိပဲ တဟုန်ထိုး ဆက်လက် တိုးတက်နေဆဲ ဖြစ်သည်။ သို့ဖြစ်လေရာ ချောင်ကလေး အနေဖြင့် မျိုးရိုးဇစ်မြစ် ပေါ်သွားမှာကို စိုးရိမ်တာ သဘာဝ ကျပေသည်။ ထျန်းတိုင်ကျုံးက ကျူပင်ခုတ် ကျူငုတ်မကျန်စေရန် လိုက်လံ ရှင်းလင်းလိမ့်မည် မဟုတ်ဟု မည်သူက အာမခံနိုင်မည်နည်း။

ဝေ့ဝူယင်မှာ နွေးထွေးမှုကို ခံစားလိုက်ရ၏။ ချောင်စွေ့ဖုန်းမှာ သူမနှင့် ချောင်ကလေးတို့၏ လျှို့ဝှက်ချက် သူ့ထံ မခြွင်းမချန် ပြောပြနေခဲ့ပြီ ဖြစ်လေသည်။ ထိုအရာက သူ့အပေါ် မည်မျှ ယုံကြည်ကြောင်း ဖော်ပြနေ၏။

“...”

ဝိညာဉ် ရှန့်ထို ဧကရာဇ်အား ရိုက်နှက်ရန် ကျန့်ကျန့်အား အမိန့်ပေးခဲ့ပုံကို ပြန်လည် တွေးတောမိသော အခိုက်၌ ဝေ့ဝူယင် အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားခဲ့၏။ ထို့အပြင်... သူ ချောင်ကလေးကို ဝိညာဉ်ကျိန်စာ တစ်ချို့ အတင်းအကြပ် ဆိုခိုင်းခဲ့သေးသည်။ အကယ်၍ ချောင်စွေ့ဖုန်းသာ ထိုအကြောင်းကို ပြန်မေးပါက မည်ကဲ့သို့ ဖြေရှင်းချက် ပေးရမည်မှန်း သူ တကယ် မသိချေ။

ကံကောင်းထောက်မစွာပင် ချောင်စွေ့ဖုန်းက မမေးပါချေ။ ထို့အစား သူမက ဆက်လက်၍သာ ရှင်းပြလိုက်လေ၏။

“အမှောင် ကြယ်တာရာခေတ် အဆုံးသတ်မှာ ထျန်းတိုင်ကျုံး တစ်ယောက် ခုနက ကျွန်မ ပြောတဲ့ ကိစ္စနဲ့ ဖိနှိပ်ခံရတယ်... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ ပေါ်လာခဲ့တယ်... ရာနဲ့ချီတဲ့ အခြား ကြယ်တာရာ နယ်မြေတွေရောပေါ့.. ဒီလိုနဲ့ အဆုံးမဲ့ ကောင်းကင်ခေတ် စတယ်... ကျိန်စာပေါ် အခြေခံတဲ့ ယဉ်ကျေးမှု တစ်ခု ပေါ်လာခဲ့တယ်...”

“အဲဒီနောက် ကျင့်ကြံသူတွေ ပိုပြီး ပေါများလာခဲ့တယ်... ပဋိပက္ခတွေ ဖြစ်လာတယ်... ကြယ်တာရာ နယ်မြေတွေ တိုက်ခိုက်ကြတယ်... တစ်ချို့က နိုင်ကြတယ်... တစ်ချို့ကလည်း ရှုံးကြတယ်... ကြယ်တာရာ နယ်မြေ တစ်ခု တည်ဆောက်ဖို့၊ ဒါမှမဟုတ် ရယူဖို့ အနိမ့်ဆုံး လိုအပ်ချက်က လျှို့ဝှက် ဝိညာဉ် အဆင့် ဖြစ်လာတယ်... ကျွန်မက အဂ္ဂိရတ် တာအိုမှာ ပါရမီ ပါပေမဲ့ ခွန်အားမှာတော့ လွန်ရောကျွံရော အလယ်အလတ် အဆင့်လောက်ပဲ ရှိတယ်”

“ကံကောင်းတာ တစ်ခုက... ချောင်မျိုးနွယ်ရဲ့ သွေးတွေက ချောင်လေးဆီမှာ စီးဆင်းနေတာပဲ... သူက အရမ်း ပါရမီပါတယ်... တိုက်ခိုက်တာလည်း တော်တယ်...”

တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“ကျွန်မတို့က ကြယ်ကိုးပွင့် ရှန့်ထိုခန်းမနဲ့ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ထူထောင်ခဲ့တာ မဟုတ်ဘူး... ပူးပေါင်းခဲ့တာ”

ဝေ့ဝူယင်က ပြုံးလိုက်၏။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ မူလဇစ်မြစ်မှာ လျှို့ဝှက် ဆန်းကြယ်ကြောင်း သူ အစောကြီးတည်းက သိရှိထားပြီး ဖြစ်သည်။ သူတို့ အလွှာအပြင်က လောကနှင့် ချိတ်ဆက်နေသည်။

“ဒီလိုနဲ့ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာပဲ ကျွန်မတို့ နှစ်ယောက် မျိုးရိုးကို ဖုံးကွယ်ပြီး ဆက်နေထိုင်ခဲ့တယ် ဆိုပါတော့လေ... ဆွေမျိုးတော်စပ်မှုကို ဖုံးကွယ်ပြီး ချောင်လေးက ကျွန်မရဲ့ အဂ္ဂိရတ် သူရဲကောင်း ဖြစ်လာခဲ့တယ်... သူမ သူ့ရဲ့ ကျင့်ကြံခြင်းကို အစွမ်းကုန် ပံ့ပိုးပေးခဲ့တယ်... ဒါပေမဲ့ မကြာခင်မှာပင် ကျွန်မ လုပ်နိုင်စွမ်း ရှိတဲ့ အကန့်အသတ်ကို ရောက်လာခဲ့တယ်... ပထမံ မွေးဖွားသူ တစ်ယောက်ကနေ ဆင်းသက်လာခဲ့တယ် ဆိုပေမဲ့ ကျွန်မတို့ နှစ်ယောက် အလွှာကြားက လောကကိုရော အဆုံးမဲ့ ခရီးသွား နယ်မြေကိုရော ဝင်ခွင့် မရခဲ့ဘူး”

“သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်မှာတင် ကျွန်မ နှစ်ပေါင်း တစ်သောင်းကျော်လောက် သောင်တင်နေခဲ့တယ်... ချောင်လေးကတော့ အဲဒီအချိန်တုန်းက ထိပ်သီး ကျင့်ကြံသူတွေလို့ သတ်မှတ်လို့ သတ်မှတ်ကြတဲ့ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်နေပြီ... ကျွန်မရဲ့ ကျင့်ကြံခြင်း အခြေခံကတော့ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို မရောက်နိုင်ခဲ့ဘူး... သက်တမ်းကုန်ဖို့ အချိန်ကလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ... အဂ္ဂိရတ် ထုတ်ကုန်တွေကို သုံးပြီး ဆွဲဆန့်ဖို့ ကြိုးစားပေမဲ့ အကန့်အသတ်ရောက်နေတဲ့ အတွက် အကျိုးသိပ်မဖြစ်ခဲ့ဘူး... ကံကြမ္မာကို လက်ခံပြီး ကမ္ဘာကြီးထဲကနေ ထွက်သွားဖို့ အဆင်သင့် ဖြစ်နေပြီ”

အလွန်တရာ ခက်ခဲခဲ့သည့် အချိန်များကို ပြန်လည် တွေးတောရင်း ချောင်စွေ့ဖုန်း၏ မျက်ဝန်းများက ရီဝေသွားခဲ့သည်။

ကျင့်ကြံခြင်းမှာ အခက်အခဲများနှင့် ပြည့်နှက်နေသည့် လမ်းစဉ် တစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သည့် လူများမှာ ကပ်ဘေးများနှင့် ရင်ဆိုင်ကြရသည်။ တစ်ချို့က လွတ်မြောက်ကြသည်။ တစ်ချို့က လမ်းခုလတ်တွင်ပင် ကြွေလွင့် ကြရသည်။ ထိုအရာက သဘာဝ တရား ဖြစ်ပေသည်။

ချောင်ဆွေ့ဖုန်း၏ မျက်ဝန်းများထဲ၌ အလင်းရောင် တစ်ခုက ဖြည်းညင်းစွာပင် ပြန်လည် ပေါ်လွင်လာခဲ့၏။

“အဲဒီ အချိန်မှာပဲ ထာဝရ ဧကရာဇ် ရောက်လာခဲ့တယ်... သူက တစ်လောကလုံးကို အလင်းပေးနိုင်တဲ့ နေမင်းကြီး တစ်စင်းလိုပဲ... ဘယ်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး... သူ ရောက်လာတာနဲ့ အတူ အဂ္ဂိရတ် ရေစီးကြောင်းက ပိုပြီး ကျယ်ပြန့်လာခဲ့တယ်... ကံကောင်းခဲ့တဲ့ လူတစ်ချို့ထဲမှာ ကျွန်မ ပါသွားခဲ့တယ်... သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ရောက်ဖို့ သက်တမ်းကို ဆယ်စုနှစ် အနည်းငယ်လောက် ဆွဲဆန့်နိုင်ခဲ့တယ်”

“ကံကောင်းခဲ့တဲ့ လူတစ်ချို့ ဟုတ်လား...”

ဝေ့ဝူယင် စိတ်ဝင်စား သွားခဲ့၏။ အတိတ်မှာတုန်းက မဟာ ဧကရာဇ်၊ အစစ်အမှန် ဒြပ်စင် ဆန်းကြယ် ဧကရာဇ်၊ အထွတ်အမြတ် အယ်ဗန် ဧကရီနှင့် အသူရာ နတ်ဆိုးသခင်တို့ကြားမှ ဆက်ဆံရေးကို သူ ပြန်လည် သတိရသွားမိခဲ့သည်။ ချောင်ဆွေ့ဖုန်းတို့မှာလည်း ထိုကဲ့သို့ ကံကောင်းခဲ့သည်လား။

မိန်းကလေးက ဝေ့ဝူယင်၏ အတွေးများကို မြင်နိုင်စွမ်း မရှိပါချေ။ သူမက ဂုဏ်ယူစွာဖြင့် ဆက်လက်၍ ရှင်းပြလိုက်၏။

“ထာဝရ ဧကရာဇ်က သူ့ရဲ့ ပထမဆုံး မြေကြီး ရှန့်ထိုအဆင့် အဂ္ဂိရတ် ကုန်စည်ပြပွဲကို ကျင်းပခဲ့တယ်လေ... အဲဒီနေ့မှာ သူက ထာဝရ အစည်းအရုံးကို သိမ်းပိုက်ပြီး သေမျိုး အဂ္ဂိရတ် အာဏာရှင် ၃၃ ယောက်နဲ့ အဂ္ဂိရတ် အင်ပါယာ ၁၀၈ ယောက်ကို သင်ပြပေးခဲ့တယ်... ကျွန်မတို့က သူ့ရဲ့ တပည့်တွေ မဟုတ်ဘူး ဆိုပေမဲ့ သူ့ဆီက အဂ္ဂိရတ် တာအိုကို နာယူနိုင်ခဲ့ကြတယ်”

ဝေ့ဝူယင် သဘောပေါက်သွားခဲ့ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ထာဝရ နတ်ဘုရား၊ ဟွမ်ရီကောင်းနဲ့ ဒီနေ့ခေတ်ရဲ့ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တော်တော်များများလည်း အဲဒီနေရာမှာ ရှိနေခဲ့တယ်...”

ဟွမ်ရီကောင်းက ညင်သာစွာ ဆိုလိုက်သည်။ အဂ္ဂိရတ် ရှန့်ထို လေးယောက် အနက် ထာဝရ ဧကရာဇ်၏ တိုက်ရိုက် လွှမ်းမိုးမှုကို မခံခဲ့ရသည့် ပုဂ္ဂိုလ် မရှိသလောက်ပင်။ သူမသည်လည်း ချွင်းချက် မဟုတ်ပါချေ။ သူက ထိုမျှ လွှမ်းမိုးနိုင်စွမ်း ကြီးမားခဲ့ပေသည်။

ထိုအချိန်အခါက ဆိုလျှင် ဟွမ်ရီကောင်းမှ အဂ္ဂိရတ် အင်ပါယာ တစ်ယောက် ဘဝတွင်သာ ရှိနေခဲ့သေးသည်။ သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပင် မဖြစ်သေးချေ။ သို့သော်လည်း ယခုတွင်တော့ သူက လက်ရှိ မျိုးဆက်၏ ထိပ်သီး သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

***

All Chapters