ဗာကီရီ အဖွဲ့ဝင် အသစ်
Vol. 99 Ch. 1375
ဝေ့ဝူယင်နှင့် ချောင်စွေ့ဖုန်းတို့ နှစ်ယောက်မှာ သုံးနာရီမျှ ကြာအောင် အဆက်မပြတ် စကားများ ပြောနေခဲ့ကြ၏။ အယ်နီယာ အဂ္ဂိရတ် ရှန့်ထိုဟု ကျော်ကြား ထင်ရှားသည့် မိန်းကလေး မည်မျှ စကားများသည်ကို ကြည့်ရင်း လူငယ်ပင်လျှင် အံဩလာခဲ့မိသည်။
သို့သော်လည်း ဝေ့ဝူယင် မသိခဲ့သည့် အရာကား... မိန်းကလေးမှာ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းကျော် ကာလ အတွင်း သူမ၏ အချိန် အများစုကို တစ်ယောက်တည်း ဖြတ်သန်းခဲ့သည် ဆိုခြင်းပင်။ ယုတ်စွအဆုံး... တူဖြစ်သူထံကိုပင် သူမ၏ အနက်ရှိုင်းဆုံးသော ခံစားချက်များအား ပြောမပြခဲ့ချေ။ သူမက သန်မာသည်။ လျှို့ဝှက် ဆန်းကြယ်သည်။ တည်ငြိမ်သည်။ စကားနည်းသည်။ ထိုအရာက တူဖြစ်သူ အပါအဝင် တစ်လောကလုံး သူမကို ရှုမြင်ထားခဲ့သည့် အမြင် ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်၏ အရှေ့တွင် သူမက ထိုမျက်နှာဖုံးကို ခွာချခဲ့သည်။ လျှို့ဝှက်ချက်များ ပြည့်နှက်နေခဲ့သည့် ဘဝ ဇာတ်ကြောင်းကို ပြောပြခဲ့သည်။ ခံစားချက်များကို ဖော်ပြခဲ့သည်။ ခန္ဓာကိုယ် တစ်ခုလုံး ပုံအပ်ထားသည့် ယောက်ျား ဖြစ်သူ၏ ရှေ့တွင် ထိုကဲ့သို့ ပြုလုပ်ရန် မလိုအပ်ဟု သူမ ခံစားရသည်။
ဝေ့ဝူယင်ကလည်း ဘာကိုမှ ထိန်ချန်ထားခဲ့ခြင်း မရှိပါချေ။ သူက သူမကို ဂျိုးငှက်နီမြို့တော် ဝေ့မျိုးနွယ် အကြောင်းနှင့် နေသွေးနီနီဂိုဏ်းတွင် ရုန်းကန်ရပုံများ၊ ထိုမှတစ်ဆင့် အနန္တ ဧကရာဇ်ဂိုဏ်းတွင် အဓိက တပည့် ဖြစ်လာခဲ့ပုံ၊ မဟာ စက်ဝန်း ကြယ်ကွင်းပြင်သို့ ရောက်ရှိလာခဲ့ပုံများကို ရှင်းပြခဲ့သည်။
ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင်၏ ဇာတ်ကြောင်းကို နားထောင်ရင်း ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရသည်။ လူငယ် ရင်ဆိုင်ခဲ့ရသည်များက အလွန်ပင် များပြားလွန်းလှသည်။ ထို့ကြောင့်ပင် သူ၏ စိတ်ဓာတ် ရင့်ကျက်မှုမှာ အသက်အရွယ်ထက် အများကြီး သာလွန်နေခြင်း ဖြစ်ရမည်။
ထို့အပြင်... ဝေ့ဝူယင်၏ ကျင့်ကြံခြင်း နှလုံးသားက ခိုင်မာလွန်းလှသည်။ လောက၌ ကောင်းကင်နှင့် ငရဲတို့ ပင်လျှင် သူ့ဆန္ဒကို ဖျက်ဆီးနိုင်မည့်ပုံ မရချေ။
မကြာခင်မှာပင် သူတို့ နှစ်ယောက် ခုတင်ထက်သို့ ရောက်ရှိလာခဲ့ကြ၏။ အဝတ်အစားများကို အပြည့်အစုံ ဝတ်ဆင်ရင်း စောင်အလွှာများ ကြားတွင် အနားယူ နေခဲ့ကြသည်။ ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင် ရင်ဘတ်ကို ခေါင်းအုံးကာ လက်များကို သူ့ ဝမ်းဗိုက်ပေါ် တင်ထားခဲ့၏။
“ကျွန်မ လက်စားချေသင့်တယ်လို့ ရှင်ထင်လား...”
ချောင်စွေ့ဖုန်းက ရုတ်တရက် မေးလိုက်၏။ သို့သော်လည်း သူမ၏ အသံက မသေချာ မရေရာခြင်းများနှင့် ပြည့်နှက် နေသည်။ အမှန်အတိုင်း ဝန်ခံရပါက ထျန်းတိုက်ကျုံးကို လက်စားချေဖို့ သူမ တစ်ခါမှ မကြံစည်ခဲ့ဖူးချေ။
အဆုံးမဲ့ ကောင်းကင် အင်ပါယာမှာ ချောင်မိသားစုကို တရားမျှတစွာ တိုက်ခိုက် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းအားဖြင့် သူတို့က ထျန်းကလန်ကို အရင် အမြစ်ဖြုတ်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... အချိန်ကာလက နှစ်ပေါင်း နှစ်သောင်းလောက် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ အကြီးအကဲများ၏ မျက်နှာများကိုပင် ဝိုးတဝါးသာ မှတ်မိတော့လေရာ သွေးဆူဖို့က ခဲယဉ်းပေသည်။
ထို့အပြင်... သူမ၏ မိဘများမှာ ထိုဖြစ်ရပ်များ မတိုက်ခင်တည်းက သေဆုံး သွားခဲ့ခြင်းဖြစ်သည်။ သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် ဖြစ်မလာခဲ့ကြချေ။ ထိုဖြစ်ရပ်များ စတင်စဉ် အချိန်က ချောင်စွေ့ဖုန်း ပင်လျှင် အသက် ငါးရာလောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ပို၍ အရေးကြီးသည့် အရာက သူမမှာ မိဘများ မွေးဖွားခဲ့သည့် ကလေးပေါင်း သုံးရာ ရှစ်ဆယ့်ခုနစ်ယောက်ထဲမှ တစ်ယောက်သာ ဖြစ်နေခြင်း ဖြစ်သည်။ အမှောင် ကြယ်တာရာ ခေတ်၌ ကလန်များမှာ သူတို့၏ အင်အား တိုးပွားစေရန် အတွက် ကလေးများ မွေးဖွားမှုကို အထူး အာရုံစိုက်ခဲ့ကြသည်။ သူတို့က ထိုကလေးများကို စစ်သည်များ အဖြစ် ပြုစု ပျိုးထောင် ပေးခဲ့ကြသည်။ ချောင်စွေ့ဖုန်းနှင့် သူမ၏ မိဘများ အကြားတွင် နွေးထွေသည့် ဆက်ဆံရေးများ မရှိသလောက် ဖြစ်သည်။
“...”
ဝေ့ဝူယင်က ပြန်မဖြေပါချေ။ ဖြေစရာလည်း မလိုချေ။ လက်စားချေခြင်း ဆိုသည်က ကာယကံရှင်၏ ခံစားချက်ပေါ်တွင်သာ မူတည်နေသည့် ဆန္ဒတစ်ခု ဖြစ်သည်။ ဘေးလူ ဝင်ဆုံးဖြတ်ပေးလို့ မရပါချေ။ သူ့ တုန်းကတော့ အသက် ဆုံးရှုံးခဲ့ရသူများမှာ အကိုကြီး၊ တိုင်လျဲ့နှင့် မွေးဖွား မလာသေးသည့် ကလေးငယ်တို့ ဖြစ်သည်။ ထို့ကြောင့် သူ လက်စားချေခဲ့သည်။ လက်စားချေပြီးချိန်တွင်... ဘဝ တစ်ခုလုံး ရည်ရွယ်ချက် မဲ့သွားကာ ကိုယ့်ကိုယ်ကို သတ်သေဖို့ပင် ကြိုးပမ်းခဲ့သည်။ တုလင်နှင့် မေ့မေ့တို့၏ တားဆီးမှုကြောင့်သာ သူ လက်ရှိ အချိန်ထိ အသက်ရှင် နေခဲ့ခြင်း ဖြစ်သည်။
“ကျွန်မမှာ ထျန်းတိုင်ကျုံးကို လက်စားချေဖို့ ဆန္ဒ မရှိဘူးဆိုရင်ရော မှားနေတယ်လို့ ရှင်ထင်လား”
ချောင်စွေ့ဖုန်းက မေးလိုက်၏။ သူမ၏ လေသံက မသေချာ မရေရာခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။
ဝေ့ဝူယင် ညင်သာစွာ ပြုံးလိုက်၏။
“မမှားပါဘူး... ကျင့်ကြံခြင်း လောကက ရက်စက်တယ်... အမြဲတမ်း ရက်စက်နေဦးမှာပဲ... လူတိုင်း အတွက် လက်စားလိုက်ချေပေးဖို့ မင်းမှာ ဝတ္တရား မရှိပါဘူး...”
ချောင်စွေ့ဖုန်းက ခေါင်းညိတ်လိုက်၏။ ထိုအရာက သူမ၏ အတွေးများနှင့် ထပ်တူကျပေသည်။ ထို့အပြင်... ချောင်ချောင်မှာ ချောင်ကလန်ကို ပြန်လည် တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။ သူမက သူ့ကို ကျင့်ကြံခြင်း အထွတ်အထိပ်ထိ ရောက်အောင် ကူညီခဲ့သည်။ နတ်ဘုရား အင်ပါယာ အပေါ် ကြောက်ရွံ့မှုကြောင့်သာ မဟုတ်လျှင် ချောင်ချောင်မှာ ချောင်မျိုးနွယ်ကို လူသိရှင်ကြား ပြန်လည် ကြေညာခဲ့လောက်ပြီး ဖြစ်သည်။ ထိုအရာက သူ၏ တစ်ခုတည်းသော အိပ်မက်လည်း ဖြစ်သည်။
“လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်တဲ့ တစ်နေ့ကျရင် ကျွန်မ ချောင်ကလန်ကို ဒီလှောင်အိမ်ထဲက ကယ်ထုတ်မယ်... ပိုပြီး ကြီးမားတဲ့ မိုးကောင်းကင်အောက်ကို ခေါ်သွားမယ်”
ချောင်စွေ့ဖုန်းက တီးတိုး ရေရွတ်လိုက်၏။ ထိုအရာက လက်စားချေခြင်းထက် ပိုမို၍ တန်ဖိုးရှိသည်ဟု သူမ ခံစားရပေသည်။ အာဏာရှင် အင်ပါယာ သုံးယောက်၏ ကတိထဲ၌ အခြားလူများအား ခေါ်ဆောင်သွားခွင့်ပါ ပါဝင်ပေသည်။ သို့သော်လည်း... ထာဝရ ဧကရာဇ်က ကျင့်ကြံသူ အနည်းငယ်ကိုသာ ခေါ်ဆောင် သွားခဲ့ပေသည်။
ဝေ့ဝူယင်ထံတွင်လည်း အလားတူ ဆန္ဒ တစ်ခု ရှိပေသည်။ ဝေ့မျိုးနွယ်ကို သူ ပြန်လည်၍ စတင်ချင်သည်။ သို့သော်လည်း... ငရဲ၏ ကပ်ဘေးများက သူ့ အသက်ကို အချိန်မရွေး နှုတ်ယူ သွားနိုင်စွမ်း ရှိပေသည်။ ထိုခြိမ်းခြောက်မှုမှ မလွတ်ကင်း မချင်း သူ ကလေး မယူဖို့ ဆုံးဖြတ်ထားသည်။ မိမိ၏ သွေးသားများကို ဖခင် မရှိပဲ ချန်ထားခဲ့ရမည့် အဖြစ်မျိုး သူ တွေးပင် မတွေးဝံ့ပါချေ။
ဝေ့ဝူယင်၏ စိတ်အစဉ်က ဟိုးယခင် နှစ်ပေါင်းများစွာတုန်းက တိုင်လျဲ့နှင့် မွေးဖွားမလာခဲ့သည့် ကလေးငယ်ထံ ပြန်လည် ရောက်ရှိသွားခဲ့တော့သည်။
...
ယခုအခါ၌ ဝေ့ဝူယင်နှင့် ချောင်စွေ့ဖုန်းတို့မှာ မူလ အာရုဏ်ဦး နန်းတော် အတွင်းရှိ အဂ္ဂိရတ် ခန်းမဆောင် အတွင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အဂ္ဂိရတ် စားပွဲထက်တွင်တော့ မြေကြီးအဆင့်နိမ့် လျှို့ဝှက် မှော်သန့်စင် ဆေးအိုး တစ်ခု ရှိနေခဲ့သည်။ ၎င်းထံ၌ မည်သည့် အသန့်စင်ဆုံး မြူနှင်းမှ မရှိချေ။ ၎င်းမှာ မည်သည့် အထူးပြု ဝင်္ကပါ၊ အစီအရင်မှ မထည့်သွင်းရသေးသည့် အသစ်စက်စက် မှော်သန့်စင် ဆေးအိုး တစ်ခု ဖြစ်ပေသည်။
ချောင်စွေ့ဖုန်းက သိလိုစိတ် ပြင်းပြသည့် မျက်ဝန်းများနှင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“အမွေခံ ဉာဏ်ပညာ သင်္ကေတကို ရှင် မရခဲ့ဘူးလို့ ပြောခဲ့တယ် မလား”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ... ဒါပေမဲ့ နည်းနည်း ပိုကောင်းတဲ့ဟာ တစ်ခုကို ရခဲ့တယ်လေ...”
“ပိုကောင်းတဲ့ဟာ...”
ချောင်စွေ့ဖုန်း စိတ်ဝင်စား သွားခဲ့၏။ အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထို၏ အမွေအနှစ်မှာ သူမ ဘဝ တစ်လျှောက်လုံး ကြိုးပမ်းခဲ့သည့် ပန်းတိုင် ဖြစ်ခဲ့သည်။ ဝေ့ဝူယင်က ထိုထက် ပိုကောင်းသည့် တစ်စုံတစ်ရာကို ရခဲ့သည်လား။
“ဘယ်ဟာလဲ...”
“ခင်ဗျားရဲ့ အစီအရင်က အချက်အလက်တွေကို လွှဲပြောင်း ရယူနိုင်တယ်လို့ ပြောခဲ့တယ်နော်... ဒါပေမဲ့ အချက်အလက် ဆိုတာ မခိုင်မာဘူး... ဥပမာ ခင်ဗျား စာအုပ် တစ်အုပ်ကို မိတ္တူကူးပြီး ယူလိုက်တယ် ဆိုပါတော့... အဲဒီ စာအုပ် အကြောင်း ခင်ဗျား လုံးဝ နားလည်သွားတယ်လို့ မဆိုလိုဘူးလေ... အဲဒီ အကြောင်းအရာ အပေါ် နားလည်ဖို့ လိုအပ်သေးတယ်... အထူးသဖြင့် ထိုးထွင်း သိမြင်မှုတွေ ရဖို့ လိုအပ်သေးတယ်”
ဝေ့ဝူယင်က ရှည်လျားစွာပင် ရှင်းပြလိုက်၏။ အချိန် အတန်ကြာ ငြိမ်သက်စွာ စဉ်းစားပြီးနောက် ချောင်စွေ့ဖုန်းက ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... ကျင့်ကြံခြင်းက ခက်ခဲတယ်... ထိုးထွင်းသိမြင်မှု ဆိုတာ ဝိညာဉ်မှာ အခြေခံတယ်... မှတ်ဉာဏ်မှာ မဟုတ်သလို... အချက်အလက်တွေမှာလည်း မဟုတ်ဘူး... ဒါကြောင့်ပဲ လမ်းညွှန်မှုက ကျင့်ကြံခြင်း လမ်းစဉ်မှာ အရမ်း အရေးကြီးတာ... ဘယ်လို ရင်းမြစ်မျိုးထက် မဆို ပိုပြီးတော့ အဖိုးတန်တယ်”
သူမက ဝေ့ဝူယင်၏ ရှင်းလင်းမှုကို ဖြည့်စွက် ပြောလိုက်၏။ သို့သော်လည်း... ဝေ့ဝူယင် အဓိက ဦးတည်နေသည့် ရည်ရွယ်ချက်က မည်သည့် အရာ ဖြစ်ကြောင်း သူမ စဉ်းစားလို့ မရပါချေ။ သူမ၏ အစီအရင်မှာ အမွေအနှစ်ထဲ၌ ပါဝင်နေသည့် အချက်အလက်များကို ကူးယူနိုင်ပေသည်။ သို့သော်လည်း ဉာဏ်အလင်းကတော့ ချွင်းချက် ဖြစ်သည်။
ဝေ့ဝူယင်၏ စိတ်အစဉ်က အနန္တ ကုန်းမြေတိုက်ကြီးထံသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။ ထိုစဉ်တုန်းက ဝူမျိုးနွယ်၏ ဘိုးဘေး ဝူကျောင်းမှာ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်လေရာ ချီပျစ်ခဲခြင်း အလွှာ တစ်ခုလုံး အတွက် ပြီးပြည့်စုံသည့် ဉာဏ်အလင်းကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့ကြောင့်ပင် သူ ဉာဏ်အလင်းများ ပို့ချပေးခဲ့ချိန်၌ အနန္တ ကုန်းမြေတိုက်ကြီးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အဆင့်များ ချိုးဖျက် နိုင်ခဲ့ကြသည်။
ထို့နည်းတူစွာပင် ဝေ့ဝူယင်မှာ အနန္တ ဧကရာဇ် စာလိပ်ထံမှ ကြယ်တာရာ အမြုတေ အဆင့် တစ်ခုလုံး အတွက် ဉာဏ်အလင်းများ ရရှိခဲ့သည်။ ထို့ကြောင့်ပင် လုံလောက်သည့် ကျင့်ကြံခြင်း အခြေခံကို ရရှိသည်နှင့် ကြယ်တာရာ ကပ်ဘေးများကို အလွယ်တကူပင် ဆင့်ခေါ်နိုင်ခဲ့သည်။
ထို့အပြင်... အဂ္ဂိရတ် တာအို၌ ထိုးထွင်း သိမြင်မှု ဉာဏ်အလင်းများ ရရှိအောင် ပံ့ပိုးပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ ရှိပေသည်။ ဥပမာ အားဖြင့်... ရွှေလေလံပွဲတွင် လေလံတင် ရောင်းချခဲ့သည့် လျှို့ဝှက် မြေကြီး အဆင့် လျှို့ဝှက်ဆန္ဒ ပေါင်းစည်းခြင်း ဆေးလုံး ဆိုလျှင် အရည်အသွေးနိမ့် အဆင့်၌ ကျပန်း လျှို့ဝှက် သင်္ကေတ တစ်ခုကို နားလည်နိုင်အောင် ထောက်ပံ့ပေးနိုင်သည်။ အရည်အသွေးမြင့် အဆင့်တွင်တော့ လျှို့ဝှက် သင်္ကေတ နှစ်ခုကို နားလည်အောင် ကူညီပေးသည်။ အရည်အသွေး အထွတ်အထိပ် အဆင့်ကတော့ လေးခု အထိ မြှင့်တင်ပေးနိုင်သည်။
လျှို့ဝှက်ဆန္ဒ ပေါင်းစည်းခြင်း ဆေးလုံးမှာ မြေကြီး ခြေချခြင်း အတွက် သင်္ကေတ စုဆောင်းနေသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များ အတွက် အလွန် အသုံးဝင်ကာ မြေကြီး ရှန့်ထို အဆင့်များပင်လျှင် သင်္ကေတ အဆင့်ကို မြှင့်တင်ရန် ၎င်းကို သုံးလေ့ ရှိကြသည်။
ထိုကဲ့သို့ ရင်းမြစ်များ ရှားပါးခြင်းကြောင့်သာ မဟုတ်ပါက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ ယခုထက် အဆပေါင်းများစွာ ပိုမို မြင့်မားလိမ့်မည် ဖြစ်ပေသည်။
“ကံကောင်းစွာနဲ့ပဲ ဉာဏ်အလင်းတွေ လွှဲပြောင်းပေးလို့ ရတဲ့ အစီအရင် တစ်ခုကို ကျုပ် တီထွင်ခဲ့ပြီးပြီ”
ဝေ့ဝူယင်က ပြုံးရင်း ပြောလိုက်၏။ သူ ထိုအစီအရင်ကို တုလင်နှင့် ကျိုးနင်တို့ အပေါ်တွင် စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ အကျိုးရလဒ် အနေဖြင့် တုလင်မှာ အစစ်အမှန် ဝိညာဉ် ကျင့်စဉ် တစ်ခုကို မြင့်မားသည့် အဆင့်တစ်ခု အထိ နားလည်ခဲ့ကာ ကျိုးနင်မှာလည်း အဂ္ဂိရတ် လမ်းစဉ် အပေါ် နက်ရှိုင်းသည့် ဉာဏ်အလင်းများ ရရှိခဲ့သည်။
“ဘာကြီး...”
ချောင်စွေ့ဖုန်း တစ်ယောက် လန့်ဖျပ် သွားခဲ့၏။ ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။
“ဟုတ်တယ်... ဒါပေမဲ့ ဉာဏ်အလင်း ဆိုတာက ဉာဏ်အလင်းပဲ ရှိသေးတယ်... ခင်ဗျား လိုချင်တယ် ဆိုရင် ကိုယ်ပိုင် စွမ်းအားကို သုံးပြီး ချေဖျက်ဖို့ လိုအပ်တယ်... အစီအရင် တစ်ခုခု၊ ကျင့်စဉ် တစ်ခု ဆိုရင်တောင် ဉာဏ်အလင်းကို ကူးယူဖို့က သိပ်မခက်ခဲဘူး... ဒါပေမဲ့ အဂ္ဂိရတ် တာအိုက အများကြီး ပိုရှုပ်ထွေးပြီး နားလည်ဖို့ ခက်ခဲတယ်... ခင်ဗျားသာ တကယ်ပဲ တိုးတက်ဖို့ ဆန္ဒရှိတယ် ဆိုရင် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေ ဖော်စပ်ရင်းနဲ့ အဲဒီ ဉာဏ်အလင်းတွေကို တူးဖော်လို့ ရတယ်... အပြည့်အဝသာ ဆုပ်ကိုင်နိုင်ပြီ ဆိုရင် လျှို့ဝှက် လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကိုပါ ဖန်တီးဖို့ပါ လုံလောက်လာလိမ့်မယ်”
“...”
ချောင်စွေ့ဖုန်း၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ် သွားခဲ့၏။ နှလုံးသား အတွင်း၌ သံသယ များစွာ ပေါက်ဖွားနေသည့်တိုင် ဝေ့ဝူယင် လိမ်ညာ နေခြင်း မဟုတ်ကြောင်း သူမ သိပေသည်။
“ကျုပ်တို့ စလိုက်ကြမလား...”
ဝေ့ဝူယင်က အာရုဏ်ဦးသစ်သီး ဧဒင် အစီအရင်ကို အသက်သွင်းရင်း မေးလိုက်၏။ ယနေ့၌ ဝေ့ဝူယင်မှာ သူ့ အဂ္ဂိရတ် လမ်းစဉ်၏ နောက်ဆုံးသော ပဟေဠိ အပိုင်းကို ရယူရန် ဆုံးဖြတ်ထားပေသည်။ သူက အနည်းငယ် ပြုံးလိုက်ရင်း...
“ခင်ဗျားရဲ့ ဗာကီရီ ဘွဲ့အတွက် ဘယ်လို နာမည်ပေးမလဲ ဆုံးဖြတ်ထားသင့်တယ်”
"ဗာကီရီဘွဲ့ ဟုတ်လား...”
***