အစီအစဉ် အတိုင်း
Vol. 99 Ch. 1376
လေးဆယ့်လေးရက်တာ ကာလက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုကာလ အတွင်း၌ မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ငြိမ်းချမ်းခြင်း မရှိပါချေ။
ကျန်းကျင်းရှီ၏ သေဆုံးမှု သတင်းကား ကြားရသူတိုင်း အတွက်တော့ မိုးကြိုးပစ် သကဲ့သို့ပင်။ သူက တရားဝင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျန်းကလန်၏ ဓားတစ်လက် နယ်မြေ အတွင်း ထိန်းသိမ်းထားခဲ့သည့် သူ၏ အသက် အဆောင်မှာ ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားခဲ့လေပြီ။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ စတင် ဖန်တီးခဲ့သည့် အမှတ်တရ နေ့တွင်ပင် ဓားတစ်လက်၏ ဒဏ္ဍာရီမှာ အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ဂုဏ်သတင်းများက စဉ်ဆက်မပြတ်ပင် ဆက်လက် မြင့်တက် လာနေခဲ့သည်။
ထို့အပြင်... ဧကရီ ရှောင်ချွမ်းကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သည် ဆိုသည့် သတင်းစကားများက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေသားတို့၏ နှလုံးသားကို လှုပ်ခတ် စေခဲ့သည်။ အထူးသဖြင့်... အင်ပါယာ ကလန်ပင်။ သူတို့က ဒေါသတကြီးဖြင့် တမန်တော်များကို စေလွှတ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း... ဧကရီကတော့ အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် ဧည့်သည် အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ပေသည်။
အင်ပါယာ ကလန်၊ တော်ဝင်မျိုးနွယ် ရှစ်ခု၊ လောကဂိုဏ်းကြီး သုံးဂိုဏ်း၊ နန်းတော်နှစ်ခုနှင့် အစည်းအရုံး နှစ်ခုတို့မှာ ထိပ်သီး အစည်းဝေးပွဲ ကျင်းပကာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲ အကြောင်း ဆွေးနွေး ခဲ့ကြသည်။ သို့သော်လည်း... မြေအောက် ရေလှိုင်းများ၊ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ လတ်တလော လုပ်ဆောင်မှုများနှင့် လျှို့ဝှက် အင်အားစုများ၏ အစစ်အမှန် သဘောထားများကို သိရှိထားသူများကတော့ ထိပ်သီး အစည်းဝေးပွဲ၏ ရည်ရွယ်ချက် အစစ်အမှန်မှာ အဂ္ဂိရတ် ကုန်စည်ပြပွဲ အကြောင်း ဆွေးနွေးခြင်း သက်သက်ထက် ပိုမို လေးနက်လိမ့်မည် ဖြစ်ကြောင်း သိရှိထားပေသည်။
မကြာခင် စစ်ပွဲ တစ်ခု ဖြစ်လာနိုင်ကြောင်း တီးတိုးသံများမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်လျှောက် ပျံ့နှံ့နေခဲ့သည်။ ‘ကျိန်စာ နံပတ် ၃၃’ နှင့် ‘ဖီဆန်ကြယ်’ ဆိုသည့် စကားလုံးများမှာ များစွာသော လူများ၏ ပါးစပ်ဖျားတွင် အဆက်မပြတ် ရေပန်းစားနေခဲ့ကာ တောမီးများ အလား ပျံ့နှံ့နေခဲ့သည်။ စက္ကန့်တိုင်း စက္ကန့်တိုင်း လေထုမှာ ပိုမိုကာ တင်းမာလာနေခဲ့၏။
အပြောကျယ်လှသော အမှောင် ဟင်းလင်းပြင် အတွင်း ထွန်းလင်းနေသည့် အဝေးဆီမှ ကြယ်တာရာကတော့ လောက၌ တည်နေရာ အသစ်တစ်ခု၊ မဟာ အင်အားကြီး မျိုးနွယ် တစ်ခု၊ နောက်ပြီး ကြီးကျယ် ခမ်းနားသည့် ခေတ်သစ် တစ်ခု ပေါ်ထွန်းလာပြီ ဖြစ်ကြောင်း ညွှန်ပြ နေခဲ့လေသည်။
...
လေးဆယ့် လေးရက် ပြည့်မြောက်ပြီးနောက် ဝေ့ဝူယင်မှာ အဂ္ဂိရတ် ခန်းမထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကာ သူ့ မျက်နှာ အမူအရာက စဉ်းစားနေဟန် ရ၏။ ထို့နောက် သူက ပြုံးလိုက်ရင်း အဂ္ဂိရတ် ခန်းမ၏ တံခါးထံသို့ တစ်ချက် ပြန်ကြည့်လိုက်သည်။
အာရုဏ်ဦးသစ်သီး ဧဒင် အစီအရင်မှာ အလွန်ပင် အသုံးဝင်လှသည်။ ၎င်းမှာ ထိုးထွင်း သိမြင်မှုများ၊ ဗဟုသုတများ၊ အတွေ့အကြုံများ အားလုံးကို ထိရောက်စွာ လွှဲပြောင်းပေးနိုင်သည်။ အစီအရင်ထဲတွင် အားနည်းချက် တစ်ချို့ ရှိသည့်တိုင်အောင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံမှာ ၎င်းတို့ကို အနည်းနှင့် အများ ဆိုသလို ဖယ်ရှားပေးနိုင်ခဲ့သည်။
ဝေ့ဝူယင်မှာ စင်္ကြံလမ်း တစ်လျှောက် ထွက်ခွာလာခဲ့ကာ ခန်းမများကို ဖြတ်သန်း လျှောက်လာခဲ့သည်။ လွန်ခဲ့သည့် တစ်လခွဲခန့် ကာလ အတွင်း၌ သူ အချိန် အများစုကို ပူးပေါင်း ဆေးဖော်စပ်ခြင်း၊ ချောင်စွေ့ဖုန်းအား လမ်းညွှန်ချက်များ ပေးခြင်းတို့ဖြင့် ဖြုန်းတီးခဲ့သည်။ ထို့ကြောင့် အခြားကိစ္စများ အတွက် အာရုံစိုက်ချိန် မရှိနိုင်သလောက်ပင်။ သို့သော်လည်း... သူက ပြင်ပနှင့် လုံးဝ အဆက်အသွယ်ပြတ်သွားခြင်းတော့ မရှိပါချေ။
ထို့ကြောင့်ပင် အင်ပါယာ ကလန်၏ ပေါ်ပေါ်ထင်ထင် လှုပ်ရှားမှုများ၊ ဧကရီ ရှောင်ချွမ်းထံ အဆက်မပြတ် သတင်းစကား ပေးပို့မှုများ၊ အမျိုးမျိုးသော အင်အားစုများထံမှ ဖီဆန်ပေါက်စလေးထံ လာရောက် စူးစမ်းမှုများ၊ အကြောင်းပြချက် အဖုံဖုံဖြင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ပိုင်နက် အတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းမှုများကို သူ အချိန်နှင့် တစ်ပြေးညီ သိရှိနေခဲ့သည်။
ဖီဆန်ပေါက်စလေး ပေါ်လာပြီး နောက်တွင် ကမ္ဘာလောကကြီးမှာ တည်ငြိမ်စွာ ရှိမနေနိုင်တော့ပါချေ။ ၎င်းမှာ အကြမ်းဖျဉ်းအားဖြင့် အဆုံးမဲ့ ကောင်းကင် နေကြယ်ထက် ဆယ်ဆမျှ ပိုမို၍ ကြီးမားကာ သေမျိုးနှင့် လျှို့ဝှက် အလင်း နှစ်ခုစလုံးကို သဘာဝကျစွာ ရောနှောထားပေသည်။ အဆုံးမဲ့ ကောင်းကင် နေကြယ်မှာ နေအမတေ စွမ်းအင်များကို ထုတ်လွှတ်ပေးရန် အတွက် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်၏ သန့်စင်မှု ဖြစ်စဉ်ကို ခံယူပေးရသည်။
ခြားနားစွာပင် ဖီဆန်ပေါက်စကလေးကတော့ သန့်စင်သည့် နေအမတေများကို သဘာဝ အတိုင်း ထုတ်လွှတ်ပေးနိုင်ပေသည်။ ၎င်းက မဆိုသလောက် ကွာခြားချက်လေးဟု သိရသည့်တိုင် နေအမတေ ထုတ်လွှတ်နိုင်မှု ပမာဏကြောင့် ရလဒ်ကတော့ အံ့မခန်း ဖြစ်ပေသည်။ အရွယ်အစားချင်း အတူတူ ဆိုလျှင်ပင် ဖီဆန်ပေါက်စလေးမှာ ပိုမို ကောင်းမွန်သည့် နေကြယ် ဖြစ်နေလိမ့်ဦးမည် ဖြစ်သည်။ သို့ဖြစ်လေရာ မည်သူက ဖီဆန်ပေါက်စလေးကို စိတ်မဝင်စားပဲ နေပါမည်နည်း။
နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သည့် လူများ ရောက်ရှိလာနေသည့် သတင်းကို ကြားသည့်တိုင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ နယ်နိမိတ်စည်းမျဉ်းကို ကျော်မလာသေးသရွေ့ ဝေ့ဝူယင်ကတော့ ခွင့်ပြုထားပေသည်။ တစ်ချိန်တည်း၌... အချို့သော လေလွင့် ကျင့်ကြံသူ များစွာမှာလည်း ဖီဆန်ပေါက်စလေး၏ တည်ရှိမှုကို အခွင့်ကောင်းယူရန် အတွက် သူတို့၏ ကုန်းမြေတိုက်ကြီးများ၊ ဂြိုဟ်များ၊ လောကနယ်မြေများကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အစပ်နားသို့ ရွှေ့ပြောင်းလာကြသည်။
တစ်ချိန်တုန်းက အင်ပါယာ ထျန်းကလန်မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အနားရှိ နတ္ထိ ဟင်းလင်းပြင် အနား နေထိုင်ခြင်းကို တားမြစ်ခဲ့သည်။ ၎င်းကို ကပ်ပါး အန္တရာယ် တစ်ခု အဖြစ် သူတို့က ရှုမြင်ခဲ့သည်။ သို့သော်လည်း... အာရုဏ်ဦး ကြယ်တာရာ နယ်မြေကတော့ ထိုကဲ့သို့ အခြေချနေထိုင်ခြင်းနှင့် ပတ်သက်၍ ဘာမှ မပြောပါချေ။
ထို့အပြင်... လွန်ခဲ့သည့် ငါးပတ်တာမျှ ကာလ အတွင်းမှာပင် အင်ဖာနို နေမီးတောက် ဘုရားကျောင်း၊ ပြည်ထောင်စု ရင်းမြစ် သန့်စင် နန်းတော်၊ သွေးတစ္ဆေများနှင့် မဟာ ပင်လယ်ပြာ တော်ဝင် မျိုးနွယ်တို့မှာလည်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ရွှေ့ပြောင်းခဲ့ပြီး ဖြစ်သည်။ သူတို့မှာ နှစ်ထောင်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ရာ အုတ်မြစ်များကို မဆိုင်းမတွပင် စွန့်ပယ်ကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ယူလာခဲ့ကြသည့် တစ်ခုတည်းသော အရာများမှာ အရေးပါသည့် ဂြိုဟ်တည်နေရာများ၊ လျှို့ဝှက် နယ်မြေများနှင့် လောကနယ်မြေများသာ ဖြစ်ကြပေသည်။
“အခုဆိုရင် သူတို့က ဂြိုဟ်တွေ၊ လတွေရဲ့ အရွယ်အစားနဲ့ အရည်အသွေးကို မြှင့်တင်ဖို့ အချိန်နဲ့ စွမ်းအင်တွေကို စပြီး ရင်းနှီးမြှုပ်နှံ နေကြပြီ... တော်တော် ပါးနပ်ကြတာပဲ”
ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ထိုအဖွဲ့အစည်းများမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေအတွင်း ဂြိုဟ်များ၊ လများ သူ့ထက်ငါ အပြိုင် ဖန်တီးခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း နားလည် ထားကြသည့် အတွက်... သူတို့ထံတွင် မူလ ရှိပြီးသား ရင်းမြစ်များကို ပိုကောင်းအောင် မွမ်းမံဖို့ ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
ပထမတုန်းက အင်ဖာနို နေမီးတောက် ဘုရားကျောင်းနှင့် ပြည်ထောင်စု ရင်းမြစ် သန့်စင် နန်းတော်တို့၏ ဆုံးဖြတ်ချက် အပေါ် ဝေ့ဝူယင် ပင်လျှင် အံ့အားသင့်ခဲ့ရသည်။ ထိုအင်အားစု နှစ်ခုမှာ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေများတွင် မင်းမူနေကြသည့် အင်အားစုများ ဖြစ်သည်။ သူတို့က မယုံကြည်နိုင်လောက်သည့် ဩဇာအာဏာကို ပိုင်ဆိုင်ခဲ့ကြသည့်တိုင် မတုန့်မဆိုင်းပင် စွန့်ပယ်ခဲ့ကြသည်။
ပြည်ထောင်စု ရင်းမြစ် ဧကရီ၏ ဆုံးဖြတ်ချက်ကို သူ အနည်းအကျဉ်းလောက် နားလည် လက်ခံနိုင်ပါသေးသည်။ သူမက ဝူယုနှင့် ရင်းနှီးသည့် ဆက်ဆံရေး တစ်ခု ရှိကာ ယခုလို ပြောင်းရွှေ့လာခြင်းတွင် ဝူယု၏ လွှမ်းမိုးမှုများလည်း ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။
သို့သော်လည်း... အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ ဆုံးဖြတ်ချက်ကတော့ အတော်လေး မယုံကြည်နိုင်စရာ ကောင်းလှသည်။ ထို့အပြင် သူတို့မှာ ဝေ့ဝူယင်ထံ ခစားခွင့်ကို ပထမဆုံး တောင်းဆိုခဲ့သည့် အင်အားစု ဖြစ်ခဲ့ပေသည်။ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေကိုတော့ မြေကြီး ရှန့်ထို အုပ်စိုးသည့် အခြား အင်အားစုများက ခွဲဝေ အုပ်ချုပ်လျှက် ကျန်ခဲ့ပေသည်။
အုပ်စိုးသူမဲ့သွားသည့် မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေကိုတော့ အစစ်အမှန် မွေးဖွားခြင်းက တစ်စတစ်စနှင့် ပိုင်နက် အဖြစ် သိမ်းပိုက်သွားခဲ့သည်။ တစ်လခွဲမျှ အတွင်းမှာပင် သူတို့မှာ ကြယ်ထောင့်ငါးခုလုံးကို ပြီးပြည့်စုံစွာ လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်က သူတို့ကို အသာတကြည်ပင် ခွင့်ပြုထားသည်။ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေတစ်ခု တည်ဆောက်နေသည့် အချိန်တွင် ထိုဧရိယာကို သွားရောက် ကာကွယ်ပေးရန် မလိုအပ်ဟု သူ ခံစားရသည်။
အချို့သော အဆင့်နိမ့် အင်အားစုများမှာလည်း ဝေ့ဝူယင်ထံ ခစားဖို့ အတွက် တောင်းဆိုကြသည်။ သို့သော်လည်း သူတို့ထံတွင် ရွှေ့ပြောင်းဖို့ အခက်အခဲများ ရှိလေရာ ဝေ့ဝူယင်က သေမျိုးတစ်ပိုင်း အရှင်အဆင့်၊ မြေကြီး ရှန့်ထို အဆင့်များကို စေလွှတ်၍ ကူညီပေးခဲ့ရသည်။ ထိုအထဲ၌ သူလျှိုတစ်ချို့ ပါဝင်လာသော်လည်း မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက်၏ စောင့်ကြည့်မှုအောက်တွင် သူတို့ လုံးဝ မလှုပ်ရှားနိုင်ခဲ့ကြပါချေ။
“အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပဖို့ သိပ်မလိုတော့ဘူး”
ခန်းများကို ဖြတ်သန်းကာ စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းရင်း ဝေ့ဝူယင် တွေးနေခဲ့မိ၏။ အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေဖြင့် သူ၏ ထိုးဖောက်မှု ဖြစ်သည်။ တစ်ချိန်တည်း၌ ၎င်းက တစ်လောကလုံးကို လှုပ်နှိုးကာ ချိပ်ပိတ်နယ်မြေ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို နောက်တစ်ကြိမ် ပြန်လည် သတ်မှတ်ပေးရမည့် အခါသမယလည်း ဖြစ်သည်။
ထို့အပြင် အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ သူ၏ ကိုယ်ပိုင် ဂုဏ်သတင်းများကို ဒဏ္ဍာရီလာ ထာဝရ ဧကရာဇ်၏ ဂုဏ်သတင်းများနှင့် ခွဲခြားပြသဖို့ အချိန်ကောင်း တစ်ခု ဖြစ်သည်ဟု ဝေ့ဝူယင် ယူဆထားသည်။ သူ အဂ္ဂိရတ် လမ်းကြောင်းပေါ်ကို စတင် ရောက်ရှိခဲ့စဉ် ကတည်းက အမြဲတမ်းလိုလို ထိုပုဂ္ဂိုလ်ကြီး၏ တောက်ပမှုများ အောက်တွင် ရှင်သန်ခဲ့ရသည်။ ဤသည်က သူ၏ ကိုယ်ပိုင် တောက်ပမှုကို မည်သည့် အရိပ်မှ ဖုံးကွယ်နိုင်မည် မဟုတ်ကြောင်း ပြသရမည့် အချိန်ကောင်း ဖြစ်ပေသည်။
***