← Chapters

ပြန်လည် သုံးသပ်ခြင်း

Vol. 99 Ch. 1377

ပြန်လည် သုံးသပ်ခြင်း

Vol. 99 Ch. 1377

“အရာအားလုံးက အဆင်ပြေပြေနဲ့ ရှေ့ဆက်နေတုန်းပဲ...”

အစီအစဉ်များကို ပြန်လည် စဉ်းစားရင်း ဝေ့ဝူယင် ညင်သာစွာ မှတ်ချက်ချလိုက်သည်။ အပြောင်းအလဲ အနည်းငယ် ရှိသော်လည်ငြားလည်း အရာအားလုံး နီးပါးက သူ မျှော်လင့်ထားသည့် အတိုင်း ဖြစ်ပျက် နေခဲ့သည်။ မဖြစ်ခဲ့သည့် ကိစ္စများမှာလည်း သေးငယ်ပြီး အလွယ်တကူ ဖြေရှင်းလို့ရသည့် ပြဿနာလေးများ ဖြစ်လေရာ အနှောက်အယှက် မဖြစ်ခဲ့ပါချေ။

"နင် ကျင့်ကြံခြင်း အခြေခံကို ခိုင်မာအောင် လုပ်ဖို့ အာရုံစိုက်သင့်တယ်...”

ကောင်းကင်စစ်ဝိညာဉ်က အသိစိတ် ပင်လယ်ထဲမှ နေ၍ သုန်မှုန်စွာ အကြံပြုလိုက်၏။ ထိုအကြောင်းအရာ သူမ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ ချောင်စွေ့ဖုန်းနှင့်သာ အလုပ်များ နေခဲ့သည်။

ကျယ်ဝန်းကာ ခမ်းနားစွာ တည်ဆောက်ထားသည့် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုနားသို့ ရောက်ရှိလာခဲ့ပြီးနောက် ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့၏။ သူ အာရုဏ်ဦး ကြယ်တာရာ နယ်မြေသို့ ပြန်ကာ ဧကရီ ရှောင်ချွမ်းနှင့် စကားစမြည် အနည်းငယ် ပြောဆိုဖို့ စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကောင်းကင်စစ်ဝိညာဉ်၏ စကားက သူ့ကို တုန့်ဆိုင်း သွားစေခဲ့သည်။

“နင့်ရဲ့ ကျင့်ကြံခြင်း အခြေခံက ထူးခြားတယ်... အဲဒီ အကြောင်း လေ့လာ ဆန်းစစ်ပြီး ရှေ့ဆက်ဖို့ အနာဂတ် လမ်းကြောင်းကို ဆုံးဖြတ်သင့်တယ်... အခု နင်က ကြယ်အမြုတေ စဦး အဆင့်မှာပဲ ရှိနေတုန်းပဲ... နင့်ရဲ့ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကလည်း လျှို့ဝှက် ဆန်းကြယ်တယ်... ငါတောင် ဆန်းစစ်နိုင်စွမ်း မရှိဘူး... နောက်ပြီး နင့်ရဲ့ ကြယ်အမြုတေ လေးခုရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်တည်မှုကလည်း အနာဂတ်မှာ ကျင့်ကြံခြင်း လမ်းကြောင်းကို အဟန့်အတား ဖြစ်စေမလား ဆိုတာ ရှာဖွေရမယ်”

ကောင်းကင် စစ်ဝိညာဉ်က သတိပေးလိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းကြောင်း တစ်လျှောက်လုံးတွင် ကျင့်ကြံခြင်း ဝိညာဉ် အများအပြား ပိုင်ဆိုင်ထားခြင်းမှာ ပုံမှန် မဟုတ်ပါချေ။ လောကခွဲ မျိုးနွယ် တစ်ခု ရှိခဲ့ဖူးသည့်တိုင် ကြယ်အမြုတေ နှစ်ခုထက် ပိုမို၍ ပိုင်ဆိုင်ခဲ့ဖူးသည့် ကြယ်တာရာ သခင်တော့ တစ်ခါမှ မရှိခဲ့ဖူးပါချေ။

ပုံမှန်အားဖြင့် ကြယ်အမြုတေ အဆင့်မှာ သေမျိုးတာအို ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ ကြယ်အမြုတေ လေးခု အထိကို ဖန်တီးခဲ့သည်။ ကောင်းကင် စစ်ဝိညာဉ် အတွက်ပင် ၎င်းက မကြုံစဖူး အဖြစ်ထူးသည့် ကိစ္စ တစ်ခု ဖြစ်ကာ ဝေ့ဝူယင် အပေါ် မည်ကဲ့သို့ သက်ရောက်နိုင်မည် ဖြစ်ကြောင်း သူမ မသေချာပါချေ။

“မင်းပြောတော့ လျှို့ဝှက် အမြုတေ နှစ်ခု သုံးခုရှိတဲ့ ကျင့်ကြံသူတွေတောင် ရှိတယ်ဆို”

ဝေ့ဝူယင်က မေးလိုက်၏။ သူ၏ မျက်လုံးများက ငွေရောင် အလင်းတန်း ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေသည်။

“ဟုတ်တယ်... နင်တို့ ချိပ်ပိတ်နယ်မြေထဲမှာ ရှိတဲ့ လောကခွဲ မျိုးနွယ်က ကျင့်ကြံခြင်း အမြုတေတွေကို ခွဲတဲ့ တစ်ခုတည်းသော မျိုးနွယ် မဟုတ်ဘူး... ဆက်စပ်မှု စစ်မြေပြင်မှာ အဲဒီလို နည်းလမ်းကို ကျင့်ကြံထားတဲ့ လူသားတွေနဲ့ ငါ ဆုံဖူးတယ်... သူတို့ အားလုံးက ကြယ်အမြုတေ အဆင့်မှာ အားလုံးကို ပေါင်းစပ်ပြီး လျှို့ဝှက် ကြယ်တာရာ အဆင့်ရောက်မှ ပြန်ခွဲကြတာ... ဒါပေမဲ့ ကြယ်အမြုတေ လေးခုကိုတော့ ငါ တစ်ခါမှ မတွေ့ဖူးဘူး”

"အဲဒါက ဘာကို ဆိုလိုသလဲ... လျှို့ဝှက် အာဏာရှင် အဆင့်ကို လေးကြိမ် တက်လှမ်းရမှာလား... ဒါမှမဟုတ် ပိုခက်ခဲမှာလား... သာမန် ကြယ်တာရာ သခင် တစ်ယောက်ထက် လေးဆ ပိုများတဲ့ လျှို့ဝှက် သင်္ကေတ မျိုးစေ့တွေကို ပိုင်ထားတာကရော နားလည်မှုကို ပြောင်းလဲ စေမှာလား... ဒါမှမဟုတ် ကြယ်တာရာ ရုပ်ခန္ဓာရဲ့ တိုးတက်မှု အပေါ် သက်ရောက်မှု ရှိမှာလား... နင့်ရဲ့ သွေးမျိုးဆက်ကရော... နောက်ပြီး စိတ်မျက်လုံးထဲမှာ ရှိနေတဲ့ လောကချည်နှောင် ကြယ်တာရာ နယ်မြေကရော... အဲဒါက ဘာလို့ အဲဒီ အရွယ်အစား ရှိနေရတာလဲ... နောက်ပြီး နင်က ဘယ်လောက်အထိ အစွမ်းထက်လဲ... နင်ရှာရမယ့် ကိစ္စတွေ အများကြီးပဲ”

"..."

ဝေ့ဝူယင်ထံတွင်လည်းပဲ ကြယ်တာရာ ဝိညာဉ် လေးခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းဖို့ အတွေးရှိခဲ့ဖူးသည်။ ၎င်းက ဝတ်စုံနက် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း လမ်းကြောင်းတွင် ဖြစ်သည်။ လျှို့ဝှက် ဝိညာဉ် အဆင့်ကို ပြန်လည် ရောက်ရှိပြီးမှသာ သူက ကောင်းကင် ချီနှလုံးသား နည်းလမ်းကို သုံးကာ လျှို့ဝှက် အမြုတေ လေးခု အဖြစ် ပြန်လည် ခွဲခဲ့ခြင်း ဖြစ်သည်။

“နင့်အနေနဲ့ ကျင့်ကြံခြင်း အခြေခံကို သေချာ နားလည်အောင် ပြန်သုံးသပ်ဖို့ လိုတယ်... အခု အဲဒါက နင့်ရဲ့ ပထမ ဦးစားပေး ဖြစ်သင့်တယ်”

ကောင်းကင် စစ်ဝိညာဉ်က လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။ မည်သို့ပင် ဆိုစေ... သူမ၏ အသက်နှင့် သေခြင်းတရားတို့မှာ ဝေ့ဝူယင်၏ ဖြစ်တည်မှုနှင့် တိုက်ရိုက် ချည်နှောင်ထားပေသည်။ သူမက ထပ်ပေါင်း၍ ဆိုလိုက်၏။

“နင် ဒါကို ရွှေ့လို့ မရဘူးနော်... ဒီလောကမှာ ယုံလို့ရတာ ကိုယ်ပိုင် ခွန်အား တစ်ခုပဲ ရှိတယ်... အဲဒါကို မမေ့နဲ့... နင့်ကိုနင် ဘယ်တော့မှ လျစ်လျူ မထားနဲ့"

ဝေ့ဝူယင်က မျက်လုံးများကို မှိတ်လိုက်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။

“မင်း မှန်တယ်...”

ဝေ့ဝူယင် ဂိတ်တံခါးနားမှ နောက်ပြန်လှည့်လိုက်ကာ ကျင့်ကြံခြင်း အခြေခံကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ လက်ရှိ၌ သူက မကြုံစဖူး လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် မည်သည့် ပေါ့ဆမှု၊ လှစ်ဟာမှုမှ မဖြစ်အောင် အထူး ဂရုစိုက်ရပေလိမ့်မည်။

...

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၊ အကြီးမားဆုံးသော အရိပ်ဥကြီး အတွင်းတွင် ခရမ်းရောင် ဝတ်စုံဝတ် ပုံရိပ်မှာ မြူနှင်းများ ဝန်းရံနေသည့် ကြေးမုံကို စိုက်ကြည့် နေခဲ့သည်။ အာရုဏ်ဦး ဖီဆန် ကြယ်တာရာ နယ်မြေ၏ အထင်ကြီးဖွယ်ရာ ပုံရိပ်မှာ ကြေးမုံပြင်ထက်၌ ပေါ်နေကာ ဖီဆန်ပေါက်စလေးမှာ အဆုံးမဲ့စွာ ထွန်းလင်း နေခဲ့၏။

အချိန် အကြာကြီး တိတ်ဆိတ် နေပြီးနောက် ခရမ်းရောင် ဝတ်စုံဝတ်၏ အမူအရာက မယုံကြည်နိုင်မှု၊ မသေချာ မရေရာမှုတို့နှင့် တဖြည်းဖြည်း ပြည့်နှက် လာခဲ့သည်။

“နောက်ဆုံး ချိပ်ဆက်... အဲဒါ ဖြစ်နိုင်လား...”

...

ကျင့်ကြံခြင်း...

ကျင့်ကြံခြင်းမှာ လွန်စွာ ကျယ်ပြန့်သည်။ အဓိပ္ပာယ် ဖွင့်ဆိုရန် ခက်ခဲလှသည်။ မတူညီသော နည်းလမ်းများ၊ ကွဲပြား ခြားနားသော တာအိုများနှင့် ကွာခြားသော ချဉ်းကပ်ပုံများကို ပိုင်ဆိုင်ထားသည်။ အလွန် တိုတောင်းလှသည့် ဘဝ လမ်းခရီး အတွင်းတွင် ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း လမ်းကြောင်း မျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ ပြိုင်စံရှားသည့် တာအိုတွင် လျှောက်လှမ်းရင်း သူ လျှို့ဝှက် ဆန်းကြယ်သည့် အခြေခံ တစ်ခုကို တည်ဆောက်ခဲ့ကာ ၎င်းကပင် နက်ရှိုင်းသည့် စွမ်းအားများ ပေးစွမ်းခဲ့သည်။

အိုရီယန်နာ... အယ်ဖာ မူလ ကြယ်တာရာ ဝိညာဉ်...

၎င်းက သူ၏ ပထမဆုံးနှင့် အသက် အကြီးဆုံး ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်သည်။ သူ ပထမဆုံး လိုက်စားဖို့ ဆုံးဖြတ်ခဲ့သည့် မူလ ဒြပ်စင် လမ်းစဉ် ဖြစ်သည်။ အိုရီမှာ ဒြပ်စင်ချီ နှလုံးသား တစ်ခုအနေဖြင့် စတင်ခဲ့သည်။ ထိုမှ တစ်ဆင့် ဆင့်ကဲ ပြောင်းလဲကာ အရာအားလုံးနှင့် ဆက်သွယ်နိုင်စွမ်း၊ မူလဗီဇတို့ကို ပိုင်ဆိုင်လာခဲ့သည်။ ယခုအခါ ၎င်းမှာ ရုပ်တာအို အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေကာ ရုပ်ပိုင်းဆိုင်ရာ ဒြပ်စင်များနှင့် စကြဝဠာ အတွင်းရှိ တည်ရှိမှု မှန်သမျှကို ကိုယ်စားပြုပေသည်။

ဘုရင်... အိုမီဂါ ဆေဘာ ကြယ်တာရာ ဝိညာဉ်...

၎င်းမှာ သူ၏ ဒုတိယမြောက် ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်ကာ သတ်ဖြတ်မှုနှင့် သုတ်သင် ရှင်းလင်းမှု ဆန္ဒတို့ကို ကိုယ်စားပြုနေပေသည်။ ၎င်း၏ အဖျားစွန်း၌ အရာအားလုံး ဝေ့ဝူယင်၏ နာကျင်မှု အားလုံး အဆုံးသတ်ခဲ့သည်။ အာဏာရှင်ဆန်မှုမှ တစ်ဆင့် လွတ်မြောက်မှုကို ရှာဖွေကာ မိမိကိုယ်ကို ကယ်တင်ခဲ့သည်။ ဆေဘာထံတွင် ဝေ့ဝူယင် အားအနည်းဆုံး အချိန်၌ ထုဆစ်ခဲ့သည့် ဆန္ဒ၊ အတွေးအခေါ်တို့ ထင်ဟပ်နေသည်။ ၎င်းမှာ ခုံးလင် တာအိုတွင် နက်ရှိုင်းစွာ နစ်ဝင်နေကာ စကြဝဠာ အတွင်းရှိ ဖန်တီးမှုနှင့် စိတ်ဆန္ဒတို့မှ ပေါက်ဖွားလာသော သက်ရှိများ၏ စိတ်ကူးစိတ်သန်းများကို ကိုယ်စားပြုနေပေသည်။

ဧဒင်... အဂ္ဂိရတ် ဧဒင် ကြယ်တာရာ ဝိညာဉ်...

၎င်းမှာ သူ၏ တတိယမြောက် ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်ကာ လွတ်လပ်မှု၊ မိသားစုနှင့် ပိုမို ကြီးကျယ်သည့် အရာ တစ်ခု အတွက် လိုလား တောင့်တမှု ဆန္ဒများကို ဖော်ညွှန်းသည်။ ၎င်းမှာ အသက် အပိုင်းအခြား သိရှိရန် ခဲယဉ်းလှသည့် ရှေးဟောင်း ဖြစ်တည်မှု တစ်ခုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ဧဒင်မှာ အလွန် တည်ငြိမ်သည်။ စဉ်းစားတွေးခေါ်မှု ကောင်းသည်။ တိတ်ဆိတ်၍ နွေးထွေးသည်။

ဧဒင်ကတော့ အဂ္ဂိရတ် တာအိုနှင့် စိတ်တာအို နှစ်ခုတွင် နက်ရှိုင်းစွာ အမြစ်တွယ် နေပေသည်။ တာအို နှစ်ခုနှင့် အတူ ၎င်း၏ အကန့်အသတ်များမှာလည်း စိတ်ကူးယဉ်နိုင်သည့် အကန့်အသတ် အထက် တစ်နေရာတွင် ရှိနေပေသည်။

ခရာတို... ဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဉ်...

၎င်းမှာ သူ၏ နောက်ဆုံးသော ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်ကာ အကန့်အသတ် ကင်းမဲ့မှု၊ အပြောကျယ်မှုတို့ကို ဖော်ညွှန်းသည်။ အချိန် ဖြစ်စေ၊ အာကာသ ဖြစ်စေ... ၎င်း၏ အာဏာရှင်ဆန်မှုကို တားဆီးနိုင်သည့် အရာ မရှိပါချေ။ ခရာတိုမှာ သွေးဆူလွယ်သည့် သဘာဝ၊ ခေါင်းမာသည့် စိတ်ထားနှင့် ကိုယ့်ကိုယ်ကို အလွန်အမင်း ယုံကြည်မှုတို့ကို ပိုင်ဆိုင်ထားသည်။ အစစ်အမှန် နဂါးတစ်ကောင်၏ မာနက သူ့ထံတွင် စိမ့်ဝင်နေသည်။

၎င်းမှာ ဟင်းလင်းပြင် တာအို၌ တည်ကာ အချိန်၊ နေရာ၊ နက္ခတ္တ အင်အားနှင့် ဟင်းလင်းပြင် စွမ်းအင်တို့ကို လွှမ်းခြုံထားသည်။ ၎င်း၏ စိတ်ဆန္ဒအောက်၌ တားဆီး ချုပ်ခြယ်နိုင်သည့် အရာ မရှိပါချေ။

အဆိုပါ ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုချင်းစီကို ဝေ့ဝူယင်မှာ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဉ်တို့ သုံး၍ ဖန်တီးထားခြင်း ဖြစ်ပြီး တစ်ခုချင်းစီမှာ အစွန်းရောက်သည့် သူ့ စိတ်ဆန္ဒများ ပါဝင်နေပေသည်။ အိုရီ၏ အပြစ် ကင်းစင်မှုမှသည် ဘုရင်၏ မာနတရား အထိ ၎င်းတို့ အားလုံးမှာ သူ၏ အနက်ရှိုင်းဆုံးနှင့် အစင်ကြယ်ဆုံး နှလုံးသားကို ကိုယ်စားပြုနေပေသည်။

***

All Chapters