← Chapters

ပြန်လည် သုံးသပ်ခြင်း (၂)

Vol. 99 Ch. 1378

ပြန်လည် သုံးသပ်ခြင်း (၂)

Vol. 99 Ch. 1378

မူလအာရုဏ်ဦး နန်းတော်...

ဝေ့ဝူယင်မှာ ကျယ်ဝန်းသည့် စက်ဝိုင်း သဏ္ဌာန် အခန်းတစ်ခုထဲတွင် ရှိနေခဲ့ကာ အခန်း၏ အလယ်ဗဟိုရှိ ယင်ယန် ပုံစံ ရေးဆွဲထားသော ဖျာထက်တွင် ထိုင်နေခဲ့လေသည်။ သူ၏ ညာဘက်လက်က နဖူးကို ထိ၍ ထူးဆန်းသည့် လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်ထားကာ ဘယ်လက်လက်က ထျန်းတျန် နေရာတွင် အလားတူပင် ထူးဆန်းသော မုဒြာ တစ်ခုကို ဖော်ဆောင်ထားခဲ့သည်။ အဆိုပါ လက်ဟန် နှစ်ခုမှာ ပေါင်းစည်းခြင်း လက္ခဏာ တစ်ခုကို ဖော်ညွှန်းကာ ၎င်းမှ တစ်ဆင့် ကျင့်ကြံသူ တစ်ယောက်၏ အခြေအနေ သုံးခု ဖြစ်သည့် စိတ် (အပေါ်)၊ ခန္ဓာ (အလယ်) နှင့် အမတေ (အောက်) တို့မှာ ကျင့်ကြံသူနှင့် နက်ရှိုင်းစွာ ချိတ်ဆက် နေပေသည်။

ကြယ်အမြုတေ အဆင့်...

၎င်းမှာ သေမျိုးအဆင့် ကျင့်ကြံခြင်း အလွှာတစ်ခုလုံး၏ အထွတ်အထိပ် ဖြစ်ပေသည်။ အထွတ်အထိပ် ဖြစ်သလို ကျင့်ကြံခြင်း လမ်းစဉ် တစ်ခု၏ အဆုံးသတ်ဆိုလည်း ဟုတ်သည်။ အခြား လမ်းစဉ် တစ်ခု၏ အစဆိုလည်း ဟုတ်သည်။ ထိုအဆင့်အလွန်တွင် ကျင့်ကြံသူ တစ်ယောက်မှာ သေမျိုးအလွှာ၏ အထက်ရှိ လျှို့ဝှက်တာအို အစိုးရသော လျှို့ဝှက် အာဏာရှင် အဆင့်ကို လျှောက်လှမ်းရသည်။ ၎င်းက ခြေချရန် အလွန်အမင်း ခက်ခဲလှသော အလွှာတစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော လူများ ကျရှုံးခဲ့ရသည်။ အနည်းငယ်သော လူများသာလျှင် အောင်မြင်မှုကို ရရှိကြသည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်ထက် အဆပေါင်းများစွာ ပိုမို ကောင်းမွန်သည့် အခြေအနေများ ပိုင်ဆိုင်ထားသည့် အလွှာအပြင်က လောကတွင်ပင် အောင်မြင်မှုနှုန်းမှာ လူဦးရေ တစ်ရပ်လုံးနှင့် ယှဉ်ပါက အလွန် နည်းပါးသည်။ လျှို့ဝှက်တာအိုမှာ သေမျိုးတာအိုလို အကြွင်းမဲ့ စည်းမျဉ်းကို သတ်မှတ်ပေးထားခြင်း မရှိပဲ လွတ်လပ်စွာ ရွေးချယ်ခွင့်များ ပေးထားသည်။ ထိုလွတ်လပ်မှုကပင် ကျရှုံးခြင်းထံ ဦးတည်စေခဲ့သည်။

သေမျိုးတာအိုမှာ ကျင့်ကြံသူများကို စီးဆင်းနေသည့် မြစ်ရေကဲ့သို့ လမ်းညွှန်ပေးကာ အဆင့်တစ်ခုချင်းစီသို့ ရောက်အောင် တွန်းပို့ပေးသည်။ နောက်ထပ် အဆင့် တစ်ခု၏ ရှုပ်ထွေးသော သိမြင်မှုများကို ရရှိစေနိုင်သည်။ သေမျိုး အလွှာ သုံးခုတွင် နောက်ဆုံးသော အလွှာ ဖြစ်သည့် ကြယ်တာရာ အမြုတေ အဆင့် အစတွင် သေမျိုး တာအိုမှာ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေး ပုံစံဖြင့် လမ်းညွှန်မှုကို ထောက်ပံ့ပေးသည်။ ထိုလမ်းညွှန်မှုကို ဆုပ်ကိုင်နိုင်ကြသူများမှာ နိုးထခြင်း အဆင့် ရည်ရွယ်ချက်နှင့် လောကနှလုံးသား ရည်ရွယ်ချက်တို့ကို ရရှိကြသည်။

သေမျိုးတာအိုနှင့် ခြားနားစွာပင် လျှို့ဝှက်တာအိုကတော့ ရက်စက်သည်။ ၎င်းမှာ နောက်ထပ် အဆင့် တစ်ခု အတွက် ရည်ရွယ်ချက် ရှိရှိ လမ်းညွှန်ပေးမှုမျိုးကို မပြုလုပ်ချေ။ အဆင့်တက်ရန် ကြိုးစားမှု တစ်ခုချင်းစီတိုင်းမှာ သေခြင်း၊ ရှင်ခြင်း တိုက်ပွဲများ ဖြစ်သည်။ ပြီးပြည့်စုံသည့် စွမ်းရင်များနှင့် ထိုးထွင်း နားလည်နိုင်စွမ်းများမှာ မကြာခဏ ဆိုသလို ကြောက်မက်ဖွယ် သေခြင်းတရားထံသို့ ဦးတည် သွားလေ့ ရှိသည်။

အကယ်၍ အခြေခံ တည်ဆောက်ခြင်း အလွှာမှာ ပြင်ဆင်ခြင်း နယ်ပယ် ဖြစ်သည် ဆိုလျှင်၊ ချီပျစ်ခဲခြင်း အလွှာမှာ စုဆောင်းခြင်း နယ်ပယ် ဖြစ်သည် ဆိုလျှင်၊ ကြယ်တာရာ အမြုတေ အလွှာမှာ ပေါင်းစည်းခြင်း နယ်ပယ် ဖြစ်သည် ဆိုလျှင်... လျှို့ဝှက် အာဏာရှင် အဆင့်ကို ကောင်းကင်ဘုံ တက်လှမ်းသည့် နယ်ပယ် သို့မဟုတ် သေမင်းနိုင်ငံထံ ခြေတစ်ဖက် လှမ်းသည့် နယ်ပယ်ဟု သတ်မှတ်နိုင်ပေလိမ့်မည်။

မစွမ်းဆောင်နိုင်လျှင် သေမည်။ စွမ်းဆောင်နိုင်လျှင် ရှင်မည်။ ၎င်းက ရိုးရှင်းသော်လည်း အလွန်ပင် ခက်ခဲသည်။ ရှုပ်ထွေးသည်။ ရင်ဆိုင်ရသူတိုင်း အတွက် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

စတင် တရားထိုင်သည့် အချိန်က စလို့ ဝေ့ဝူယင်မှာ ကြယ်တာရာ ပါရဂွန် ရုပ်ခန္ဓာ၏ လျှို့ဝှက်ချက်များနှင့် နက်ရှိုင်းသည့် သွင်ပြင် လက္ခဏာများကို ရှာဖွေရန် အတွက် ဝိညာဉ် အာရုံကို အဆက်မပြတ် လှည့်ပတ် နေခဲ့သည်။

အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံးမှာ ကြယ်အမြုတေ အဆင့်ကို မရောက်ခင် သူ၏ မွေးရာဂါ အရည်အချင်းများကို ပြန်လည်၍ ထုဆစ်ပေးခဲ့သည်။ မွေးရာပါ ပါရမီများကို သွေးကြော၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ဟု သုံးပိုင်း ပိုင်းခြားနိုင်သည်။ အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံးကို ဝေ့ဝူယင်က ရုပ်ခန္ဓာ တည်ဆောက်ခြင်း ဆေးလုံး အဖြစ် သတ်မှတ်ထားသည့်တိုင် ၎င်းမှာ ပုံမှန် ပါရမီ ပြောင်းလဲခြင်း ထုတ်ကုန် တစ်ခုထက် ပိုပေသည်။

မွေးရာပါ ပါရမီများကို အမျိုးအစား အမျိုးမျိုး ခွဲခြားထားသည်။ ဥပမာအားဖြင့် သွေးကြောများ၏ ပါရမီကို ယေဘုယျ အမျိုးအစား ငါးခုနှင့် သီးခြား အမျိုးအစား သုံးခု အဖြစ် ပိုင်းခြားထားသည်။ ယေဘုယျ အမျိုးအစား ငါးခုမှာ အမတေ စုပ်ယူမှုနှုန်း၊ အမတေ စွမ်းအင် ပြောင်းလဲမှု၊ ပြင်သို့ စီးဆင်းသည့် အမြန်နှုန်း၊ အတွင်းသို့ စီးဆင်းသည့် အမြန်နှုန်းနှင့် လမ်းကြောင်းများ၏ ခံနိုင်ရည်နှုန်းတို့ ဖြစ်သည်။ သီးခြား အမျိုးအစား သုံးခုမှာ စွမ်းအင် နှီးနွှယ်မှု၊ သန့်စင် စစ်ယူမှုနှင့် အလိုအလျောက် ပြောင်းလဲခြင်းတို့ပင် ဖြစ်သည်။

အဆိုပါ အရည်အသွေးမှာ သွေးကြောများ၏ ပါရမီကို ဆုံးဖြတ်ကာ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာတို့ အတွက်လည်း အတူတူပင် ဖြစ်သည်။ ၎င်းတို့ သုံးခုမှာ အမတေ၊ စိတ်၊ ရုပ် အဆိုပါ စွမ်းအင်များနှင့် အသီးသီး ဆက်စပ် ပတ်သက် နေပေသည်။

လက်ရှိ၌ ဝေ့ဝူယင်မှာ သူ အသစ် ဖန်တီးထားသည့် မွေးရာပါ ပါရမီများ၏ အဆင့်သစ်ကို ဆန်းစစ်နေခြင်း ဖြစ်ပေသည်။ အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးအား ထုဆစ်ခြင်းမှ ရရှိလာခဲ့သည့် အကျိုးကျေးဇူးများမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အံ့ဖွယ် ကောင်းလှသည်။ သူ ငွေရောင် မျက်ဝန်းများကို ဖွင့်ရင်း အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်၏။

“အခုဆိုရင် ငါ့ရဲ့ သွေးကြော၊ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် သုံးခုစလုံးကို ကောင်းကင် ရွေးချယ်ခံ တစ်ယောက်ရဲ့ အဆင့်လို့တောင် သတ်မှတ်လို့ ရနေပြီ... ဒါက မှတ်တမ်းတင် ထားဖူးသမျှ မွေးရာပါ ပါရမီတွေထဲမှာ အကြွင်းမဲ့ အကန့်အသတ်ပဲ”

ဝေ့ဝူယင်က ကောင်းကင် စစ်ဝိညာဉ်ကို ဆက်သွယ်ရင်း ဆိုလိုက်၏။

“...”

ရွှေရောင်ဥကလေးမှာ ငြိမ်သက်နေခဲ့သည်။ သို့သော်လည်း... သူမက အသိစိတ် ပင်လယ်ထဲတွင် မသိမသာလေး တုန်ရီနေသည်ကို ဝေ့ဝူယင် ခံစားနိုင်ပေသည်။ အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံးမှာ အံ့ဖွယ် ကောင်းလောက်အောင်ပင် အလုပ်ဖြစ်ခဲ့ပေသည်။

လွန်ခဲ့သည့် နှစ်များ အတွင်း၌ ဝေ့ဝူယင်ထံတွင် သူ၏ ပါရမီ အသစ်ကို အကဲခတ်ရန် အချိန် မရှိခဲ့ချေ။ ထို့ကြောင့်... ၎င်းက အသစ် ဖြစ်သည်။ သေမျိုးအလွှာတွင် ရှိနေသည့် လူများ အတွက် သူတို့၏ သေမျိုး အလွှာ ပါရမီ အဆင့်ကို အကဲခတ်ရန်မှာ ခက်ခဲလှသည်။ သို့သော်လည်း... လောကချည်နှောင် ကြယ်တာရာ နယ်မြေ ဖွဲ့စည်းမှုမှ တစ်ဆင့် သေမျိုး ရည်ရွယ်ချက်ကို ဆုပ်ကိုင်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဝေ့ဝူယင်မှာ သူအပါအဝင် သေမျိုးအလွှာတွင် ရှိနေသည့် လူတိုင်း၏ ပါရမီ အဆင့်များကို ဆုံးဖြတ်လာနိုင်ခဲ့သည်။

ဆေးလုံး၏ ကျေးဇူးကြောင့် ကြယ်တာရာ ပါရဂွန် ခန္ဓာကို မဖွဲ့စည်းခင်တည်းက သူ၏ မွေးရာပါ ပါရမီများမှာ ကောင်းကင် ရွေးချယ်ခံ အဆင့်ကို ရောက်ရှိပြီး ဖြစ်လိမ့်မည် ဟု ဝေ့ဝူယင် ယုံကြည်ချက် ရှိပေသည်။ ထို့ကြောင့်ပင် ယခု ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာသည့် အခါ သူ၏ မွေးရာပါ ပါရမီများမှာ သူ ကိုယ်တိုင်ပင် နားလည်နိုင်သည့် အဆင့်တစ်ခုကို ကျော်လွန်သွားခဲ့သည်။ ကြယ်တာရာ ခန္ဓာကိုယ်နှင့် အတူ မွေးရာပါ ပါရမီများ ဖွံ့ဖြိုးလာတတ်ကြောင်းမှာ လူတိုင်း သိရှိပြီးသော အချက်တစ်ချက် ဖြစ်ပေသည်။

“ကောင်းကင် ရွေးချယ်ခံ အဆင့် ပါရမီက အကန့်အသတ် မဟုတ်ဘူး...”

ကောင်းကင်စစ်ဝိညာဉ်က လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။ ဝေ့ဝူယင်မှာ ထိုအချက်အလက် အပေါ် များစွာ အံ့ဩခြင်း မရှိပါချေ။ သို့သော်လည်း ကောင်းကင် စစ်ဝိညာဉ်မှာ ထိုအဆင့်ပြီးနောက် မည်သည့် အဆင့် ရှိသည်ကိုတော့ ရှင်းမပြပါချေ။

“နောက်ထပ်ရော...”

ထို့အစား သူမက ဝေ့ဝူယင်ထံတွင်သာ ထပ်မံ၍ စူးစမ်းလိုက်၏။ မြီးကောင်ပေါက် မိန်းကလေး တစ်ယောက် အာလး သူမ၏ လေသံက စိတ်ဝင်စားသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့၏။

ဝေ့ဝူယင်က ကြယ်တာရာ ပါရဂွန် ခန္ဓာနှင့် ပတ်သက်၍ နောက်ထပ် တွေ့ရှိသည့် အရာများကို ရှင်းပြလိုက်သည်။ ပထမဆုံး အနေဖြင့်.. သူ့ သွေးကြောများ၊ စွမ်းအင်ရင်းမြစ်များထဲမှ မကုန်ခမ်းနိုင်သည့် အော်ရာမှာ ငွေရောင် အလင်း ဖျော့ဖျော့ကို ထုတ်လွှတ်နေခဲ့သည်။ သူ၏ ကြွက်သားများ၊ အရိုးများ၊ ဆဲလ်များမှာလည်း အတူတူပင် ဖြစ်သည်။ ငွေရောင် အလင်းတန်းများမှာ သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို လျှို့ဝှက် ဆန်ကြယ်စွာဖြင့် ဖြန့်ကျက် နေခဲ့သည်။

အကယ်၍ ထိုအော်ရာမှာ ပြန်လည် ပြည့်ဖြိုးမြဲ အရည်အသွေးကို ကိုယ်စားပြုသည် ဆိုလျှင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အဆိုပါ စွမ်းအင်ကို ရရှိထားပြီး ဖြစ်သည်။ ခန္ဓာ အတွင်း စီးဆင်း လှည့်ပတ်နေသည့် သွေးများက ဘယ်တော့မှ မကုန်ခမ်းတော့သလို၊ အလွန် သေးငယ်သည့် အစိတ်အပိုင်းလေး တစ်ခုမှသည် ခန္ဓာကိုယ် တစ်ခုလုံး ပြန်ဖွံ့ဖြိုးနိုင်သလို ဝေ့ဝူယင် ခံစားနေရသည်။ သို့သော်လည်း သူ ထိုသီအိုရီကို လက်တွေ့တော့ မစမ်းသပ်ရဲသေးချေ။

မည်သို့ပင် ဆိုစေ... သူ၏ ခန္ဓာကိုယ်မှာ အလွန် လျှို့ဝှက် ဆန်းကြယ်သည့် အခြေအနေ တစ်ခုကို ထိတွေ့နေပြီ ဖြစ်ကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။ သို့သော်လည်း ၎င်းမှာ ရုပ်ခန္ဓာ တစ်ခုတည်းကို ကန့်သတ်ထားခြင်း ဖြစ်သ်ည။ သူ၏ အသိစိတ် ပင်လယ်နှင့် ဝိညာဉ်တို့ကတော့ မူလ အတိုင်း မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ ထို့အပြင်... အရာအားလုံးတွင် အကန့်အသတ် တစ်ခု ရှိသည်။ ထို့ကြောင်ပင်... သူ၏ ခန္ဓာကိုယ်မှာ လျှို့ဝှက် အာဏာရှင် အထွတ်အထိပ် အဆင့် ပုဂ္ဂိုလ်ကြီးများ၏ လက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု ဝေ့ဝူယင် အကြွင်းမဲ့ ယုံကြည်ချက် မရှိပါချေ။

“နောက်ပြီး ငါ့ရဲ့ သွေးကြောတွေထဲမှာ ရှိတဲ့ အလိုအလျောက် အသွင်ပြောင်းခြင်း စွမ်းရည်ကလည်း နောက်တစ်ဆင့်ကို ရောက်သွားပြီ... အခု ဆိုရင် အဲဒီ စွမ်းရည်နဲ့ အတူ အကြမ်းထည် အတိုင်း ရှိနေတဲ့ မန်နာတွေကို ဘယ်လို စွမ်းအင် အမျိုးအစားကိုပဲ ဖြစ်ဖြစ် ပြောင်းလဲ နိုင်နေပြီ”

“ဘယ်လို စွမ်းအင် အမျိုးအစားကိုပဲ ဖြစ်ဖြစ် ဟုတ်လား... ရုပ်ခန္ဓာ စွမ်းအင်၊ စိတ်စွမ်းအင်တွေကိုပါ ပြောင်းလဲ နိုင်တာလား”

ကောင်းကင် စစ်ဝိညာဉ်က အတည်ပြုမှုကို ရှာဖွေဟန်ဖြင့် မေးလိုက်၏။ သူမ၏ လေသံက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေကြောင်း ထင်ရှားပေသည်။

ဝေ့ဝူယင်က တိကျသေချာဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“မန်နာ တည်ရှိနေသမျှ ဘယ်လို စွမ်းအင် ပုံစံမျိုးကိုပဲဖြစ်ဖြစ် ကျုပ် ပြောင်းလဲနိုင်တယ်...”

၎င်းက ကောင်းကင်ကို ဆန့်ကျင်နိုင်ရုံမျှသာ မက၊ ကောင်းကင်ထက်ပင် သာလွန်နေသည့် စွမ်းအားမျိုး ဖြစ်သည်။ အကယ်၍ လုံလောက်သည့် အချိန်သာ ရှိမည် ဆိုပါက အမတေ၊ စွမ်းအင်နှင့် တာအိုတို့ ကင်းမဲ့နေသည့် အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေလို နေရာမျိုးတွင်ပင် မန်နာရှိနေသမျှ ကာလပတ်လုံး သူ စွမ်းအင် အမျိုးအစား အားလုံးကို ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိသည်။

ဝေ့ဝူယင်က ဆက်လက်၍ ပြောလိုက်၏။

“နောက်ပြီး လျှို့ဝှက်အော်ရာကနေ ဘယ်လို ငြင်းပယ်မှုမျိုး၊ သက်တောင့်သက်သာ မရှိမှုမျိုးကိုမှ ငါ မခံစားရဘူး... ခုချိန်ထိ သေမျိုးမူဘောင်ထဲမှာပဲ ရှိနေသေးတယ် ဆိုပေမဲ့ လျှို့ဝှက် အဆင့် ပစ္စည်းတွေကို ငါ သန့်စင်နိုင်နေပြီ... လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကိုတောင် စုပ်ယူနိုင်လိမ့်မယ်လို့ ငါ ထင်တယ်... ဒါက ကြယ်တာရာ သခင် တစ်ပါး ဖြစ်လာရတဲ့ အားသာချက်လား... ဒါပေမဲ့ အဲဒါက ငါ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းနေတယ်”

ဝေ့ဝူယင်၏ မျက်လုံးများ အတွင်းရှိ အလင်းရောင်က ပိုမို၍ လောင်ကြွမ်းလာခဲ့သည်။ ၎င်းက အမှန်တကယ် ဖြစ်နိုင်ပါ၏လော။

“ဒီအတိုင်းဆိုရင် လျှို့ဝှက် အာဏာရှင် အဆင့်လူတွေရဲ့ မူလယင်ကိုတောင် ငါ စုပ်ယူ သန့်စင်လာနိုင်လိမ့်မယ်... ဘယ်လို ပေါက်ကွဲမှုမျိုး ညစ်ညမ်းမှုမျိုးကိုမှ ကြုံရတော့မှာ မဟုတ်ဘူး”

ဝေ့ဝူယင် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ မူလယင် တစ်ခု၏ အကျိုးကျေးဇူးမှာ မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်သည်။ သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေး အတွင်း ပင်းထျန်း၏ မူလယင်မှာ သူ့ကို လောကချည်နှောင် ကြယ်တာရာ နယ်မြေ တည်ဆောက်နိုင်အောင် ကူညီပေးခဲ့သည်။ သို့သော်လည်း ၎င်းကို လောကချည်နှောင် ကြယ်တာရာ နယ်မြေ အတွက် သန့်စင်ခြင်းနှင့် သူကိုယ်တိုင် အတွက် သန့်စင်ခြင်းတို့မှာ အခြေခံအားဖြင့် ခြားနားသည့် လုပ်ရပ်များ ဖြစ်လေရာ ရလဒ်မှာလည်း အလွန့်အလွန်ပင် ခြားနားလှပေသည်။

ယွီစွန်းလီ၊ ချောင်စွေ့ဖုန်း၊ လျူစုယင်နှင့် ထျန်းလင်းယုတို့၏ လှပသည့် မျက်နှာသွင်ပြင်များနှင့် ခန္ဓာကိုယ် ပုံရိပ်များမှာ သူ့ စိတ်အတွင်း ပြန်လည် ပေါ်လာခဲ့၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများ အတွင်းရှိ အလင်းတန်းများမှာ ဖော်ပြ၍ မရအောင်ပင် ပြင်းထန်လာခဲ့၏။ သူ ဘယ်လောက်တောင် ထိန်းထားခဲ့ရသည်ကို သူ့ကိုယ်သူ အသိဆုံး ဖြစ်သည်။

ဝေ့ဝူယင် ဗာကီရီ အဖွဲ့ဝင် အများစု၏ မူလယင်ကို မယူခဲ့ခြင်းမှာ သူတို့၏ သေမျိုး အခြေအနေကြောင့် ပါရမီ နိမ့်ပါးသွားမှာကို စိုးရိမ်ခဲ့၍ ဖြစ်သည်။ နတ်မိမယ်လေးများ အလား လှပသည့် မိန်းမများ ရှိသော်လည်း အနာဂတ် အလားအလာများကြောင့် သူတို့ကို ထိလို့ မရခြင်းမှာ အလွန် ဆိုးရွားလှသည့် ညှင်းပမ်း နှိပ်စက်ခြင်း တစ်မျိုးပင် ဖြစ်လေသည်။

“ဒါက အရေးမကြီးပါဘူး...”

ကောင်းကင် စစ်ဝိညာဉ်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။ သူမ နေရာတွင် အခြား ယောက်ျားသားများ ဆိုပါက ဝေ့ဝူယင်၏ ကောင်းချီး မင်္ဂလာ အတွက် လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုကြမည် ဖြစ်သော်လည်း သူမကတော့ ရက်ရက်စက်စက်ပင် လျစ်လျူခဲ့သည်။

“နင် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကို သန့်စင်နိုင်ပြီ ဆိုရင် လျှို့ဝှက် အဆင့် နည်းလမ်းတွေကိုပါ ကျင့်ကြံနိုင်လိမ့်မယ်... ပိုပြီး အရေးကြီးတာက နင့်ရဲ့ ကျင့်ကြံခြင်း အခြေခံက မကြုံစဖူး အခြေအနေ တစ်ခုကို ရောက်နေတာပဲ... ငါ့ အထင်ပြောရရင် နင် ခါတိုင်း ကျင့်ကြံခြင်း အခြေခံ မြှင့်တင်ဖို့ သုံးနေတဲ့ အဆုံးမဲ့ ကြယ်ပဲ့တင်ထပ်ခြင်း ဆေးလုံးတွေက သိပ်အသုံးမဝင်တော့ဘူး... အဲဒါတွေက သေမျိုး အထွတ်အထိပ် အဆင့်တွေ ဆိုပေမဲ့ နင့် ကျင့်ကြံခြင်း ဝိညာဉ်တွေ အတွက် သကြားလုံး သာသာ ဖြစ်နေပြီ... အချိန်သခင် အဆင့်မှာတုန်းကတောင် ကျင့်ကြံခြင်း အခြေခံ အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ အတွက် ဆေးလုံး တစ်သိန်းလောက် သောက်ခဲ့ရတာ မှတ်မိလား... ဒါတောင် အဲဒီအထဲက အများစုက သာလွန်ခြင်း အဆင့် အရည်အသွေးတွေနော်...”

“နင့်မှာ ကြယ်အမြုတေ တစ်ခုပဲ ရှိရင်တောင် အဆုံးမဲ့ ကြယ်ပဲ့တင်ထပ်ခြင်း ဆေးလုံးတွေက အသုံးဝင်ဖို့ ခက်တယ်... အခု နင့်မှာက ကြယ်အမြုတေ လေးခုတောင်... နောက်ပြီး တစ်ခါမှ မကြုံဖူးတဲ့ ကြယ်တာရာ ပါရဂွန် ခန္ဓာ... အကြွင်းမဲ့ အဆင့်ထက် ပိုကြီးမားတဲ့ လောကချည်နှောင်ခြင်း ကြယ်တာရာ နယ်မြေ... ဒါတွေက အကန့်အသတ်တောင် မဟုတ်သေးဘူးနော်”

“နင့်ရဲ့ လက်ရှိ အခြေအနေနဲ့ ပြီးပြည့်စုံတဲ့ ကြယ်တာရာ ဆင်းတု တစ်ခု၊ ဒါမှမဟုတ် လေးခု ရချင်တယ် ဆိုရင် နင် သေမျိုး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကို ရာစုနှစ်နဲ့ချီပြီး စုပ်ယူမှ ရလိမ့်မယ်... ဒါတောင် ဆေးလုံး သန့်စင်တဲ့ အချိန်တွေကို ထည့်တွက် မထားဘူးနော်... တကယ်လို့ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကို သန့်စင်နိုင်မယ် ဆိုရင်တော့...”

ကောင်းကင် စစ်ဝိညာဉ်က စကားကို ဖြည်းညင်းစွာပင် ရပ်တန့်လိုက်၏။ သူမက အမှန်အတိုင်း ပြောဆိုနေခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။ လက်ရှိ ကြယ်တာရာ သခင် အဆင့်တွင် သူ၏ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဉ် လေးခုစလုံးမှာ အစောဆုံးသော အစပျိုး အဆင့်တွင်ပင် ရှိနေပေသေးသည်။ ၎င်းတို့ကို သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များနှင့်သာ မြှင့်တင်နေမည် ဆိုပါက အနည်းဆုံး ရာစုနှစ်နှင့်ချီ၍ ကြာမြင့်သွားမှာ သေချာပေသည်။

***

All Chapters