← Chapters

ကျင့်ကြံခြင်း လမ်းစဉ်

Vol. 99 Ch. 1379

ကျင့်ကြံခြင်း လမ်းစဉ်

Vol. 99 Ch. 1379

ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှု မှန်သမျှကို စစ်ဆေးပြီးနောက် ဝေ့ဝူယင် အနည်းငယ် လန်းဆန်းသွားသလို ခံစားလိုက်ရ၏။ ထိုဖြစ်စဉ် တစ်ခုလုံးမှာ ရိုးရှင်းသယောင် ထင်ရသည့်တိုင် ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၏ ကဏ္ဍတိုင်းကို အသေးစိတ် စူးစမ်းရန် အတွက် သူ တစ်ပတ်နီးပါးခန့် အချိန်ယူခဲ့ရသည်။

“ဝေ့ဝူယင်... နင့် အနေနဲ့ ကိုယ့်ကိုယ်သာ အားကိုးရာ ဆိုတာ စိတ်ထဲ ထည့်ထားဖို့ လိုတယ်နော်... ပြင်ပ ကိစ္စတွေထက် ကိုယ့်ကျင့်ကြံခြင်းကိုပဲ ပိုပြီး အာရုံစိုက်သင့်တယ်”

ကောင်းကင် စစ်ဝိညာဉ်က သုန်မှုန်စွာဖြင့် နောက်တစ်ကြိမ် သတိပေးလိုက်၏။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်သည်။ အကြောင်းပြချက် ရေရေရာရာ မရှိသော်လည်း ကောင်းကင် စစ်ဝိညာဉ်မှာ တစ်စုံတစ်ရာကို စိုးရိမ်နေကြောင်း သူ ခံစားနိုင်ပေသည်။

"မင်း ငါ့ကို ပြောပြချင်တာ တစ်ခုခု ရှိလား...”

ဝေ့ဝူယင် ပွင့်ပွင့်လင်းလင်း မေးဖို့ ကြိုးစားလိုက်၏။ ကောင်းကင် စစ်ဝိညာဉ်မှာ ကြယ်အမြုတေ အဆင့်ကို ရောက်ရှိပြီး ကတည်းက ကျင့်ကြံခြင်း အခြေခံကို သိပ်သည်းအောင် လုပ်ဖို့ အလောတကြီး တိုက်တွန်း နေခဲ့ခြင်း ဖြစ်သည်။ သူမထံတွင် ခိုင်လုံသည့် အကြောင်းပြချက် တစ်ခု ရှိတာ ထင်ရှားပေသည်။

"..."

ကောင်းကင် စစ်ဝိညာဉ်မှာ အချိန် အကြာကြီး တိတ်ဆိတ် သွားခဲ့၏။ ထို့နောက်တွင်မှ သူမက သက်ပြင်းတစ်ချက် ချရင်း အဖြေပေးလိုက်လေသည်။

“ငါ နင့်ကို စိတ်ပူနေတာ... နင့်ရဲ့ လက်ရှိ ခန္ဓာကိုယ်...အသွေး၊ အသား၊ အရိုးက စလို့ စိတ်၊ ဝိညာဉ် အထိ အားလုံးက ကောင်းကင် ရတနာ တစ်ခုလို ပြိုင်စံရှားနေပြီ... သမာရိုးကျ ကျင့်ကြံခြင်း စည်းမျဉ်း အားလုံးကို ကျော်လွန်နေပြီ... ချိပ်ပိတ်နယ်မြေထဲမှာတော့ နင်က ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ ရတယ်... ဒါကြောင့် လုံခြုံရေး အတွက် စိတ်ပူစရာ မလိုဘူး... ဒါပေမဲ့ အပြင်လောက မလုံခြုံဘူး... လျှို့ဝှက် အာဏာရှင် အဆင့် အလွန်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေတောင် ရှိတယ်... တကယ်လို့ သူတို့က နင့်ကို လေ့လာချင်တယ်၊ သန့်စင်ချင်တယ်... ဒါမှမဟုတ် ကျွန်ပြုချင်တယ် ဆိုရင် ငါစိုးရိမ်နေတာက...”

“ငါစိုးရိမ်နေတာက နင်က အရမ်း ထူးချွန်တယ် ဆိုပေမဲ့ အဲဒီ လောဘသားကောင်တွေရဲ့ လက်ထဲက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ကောင်းကင်စစ်ဝိညာဉ်၏ စကားလုံးများက စစ်မှန်သည့် စိုးရိမ် ပူပန်ခြင်းများနှင့် ပြည့်နှက် နေခဲ့၏။ အပြင်လောကကြီး၏ ရက်စက်မှုများကို ဝေ့ဝူယင်ထက် သူမ ပိုသိသည်။ သူမ၏ နားလည်နိုင်စွမ်းများက လူငယ်ထက် သာလွန်သည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ အသက် တစ်ရာ ပြည့်အောင်ပင် မရှင်သန် ရသေးသည့် လူငယ်လေး တစ်ယောက်သာ ဖြစ်နေဆဲ မဟုတ်ပါလား။

ကောင်းကင် စစ်ဝိညာဉ်၏ စကားလုံးများမှာ ဝေ့ဝူယင်၏ ဝိညာဉ်ထဲ အထိ ပဲ့တင်ရိုက် သွားခဲ့သည်။ သူမက အဆင်အခြင် ကင်မဲ့စွာ စိတ်ပူနေခြင်း မဟုတ်ချေ။ ထိုကဲ့သို့ အတွေ့အကြုံမျိုးကို ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင် သူ တစ်ခါ ကြုံဖူးပြီး ဖြစ်သည်။ လျူယင်လန်းထံတွင် သူက ရိုးရှင်းစွာ ကျွန်ပြုခံရခြင်းမျှသာ မကချေ။ ခရာတိုကိုပါ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ထိုမှတ်ဉာဏ်က ယခုတိုင် သူ့ ဦးနှောက်ကို ပြင်းထန်စွာ ခြိမ်းခြောက်နေဆဲ ဖြစ်ပေသည်။ ဝေ့ဝူယင် အံကို တင်းတင်းကြိတ်ကာ လက်သီးများကို ဆုပ်လိုက်မိ၏။

ဝတ်စုံနက် ဝေ့ဝူယင်မှာလည်း ရည်မှန်းချက်ကြီးသူ ဖြစ်သည်။ သူက ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင်ရန် ကျင့်ကြံခြင်း အခြေခံကို ကြောက်မက်ဖွယ်ရာ နှုန်းထားဖြင့် မြှင့်တင်ခဲ့သည်။ ထို့နောက်တွင်တော့ လျူယင်လန်း၏ လက်ထဲသို့ သက်ဆင်းခဲ့ရသည်။ သို့သော်လည်း လက်ရှိ ဝေ့ဝူယင်၏ ရည်မှန်းချက်များမှာ ဝတ်စုံနက် ဝေ့ဝူယင်ထက်ပင် အဆပေါင်းများစွာ ပိုမိုပေသည်။

“ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးက ချိပ်ပိတ်နယ်မြေရဲ့ အဆုံးသတ်ကို ယူလာမှာ မြေကြီး လက်ခတ် မလွဲပဲ... မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး ဆိုရင်တောင် ကောင်းကင်ဘုံရဲ့ ဆန္ဒ ဖြစ်တာကြောင့် တားဆီးဖို့ အရမ်းကို ခက်လိမ့်မယ်... နင် ပိုပြီး ကြီးထွားလာဖို့ လိုတယ်”

ကောင်းကင်စစ်ဝိညာဉ်က ထပ်မံ၍ သတိပေးလိုက်၏။ အကယ်၍ ချိပ်ပိတ်နယ်မြေ ပြိုကျသွားပါက ဝေ့ဝူယင် သွားနိုင်သည့် တစ်ခုတည်းသော နေရာမှာ အလွှာ အပြင်က လောကသာ ဖြစ်သည်။ ထိုအခါ ပိုမို ကြီးကျယ်သည့် ကမ္ဘာ တစ်ခု အတွင်း သူ ဝင်ရောက်ရမည်။ ပိုမို သန်မာသည့် ရန်သူများနှင့် ရင်ဆိုင်ရမည်။ သူ၏ ပါရမီနှင့် စွမ်းရည်များမှာ အခြားလူများ လွယ်လွယ်ကူကူနှင့် လျစ်လျူရန် မဖြစ်နိုင်သည့် တည်ရှိမှုများ ဖြစ်ပေသည်။

ဆက်စက်မှု စစ်အလံမှာ အထင်ကြီးစရာ ကောင်းပါသည်။ သို့သော်လည်း ၎င်းမှာ သူမ သိရှိထားသည့် ကမ္ဘာကို ရင်ဆိုင်ဖို့ အတွက် မလုံလောက်ပါချေ။ ၎င်းနှင့် ဆင်တူသည့်၊ သို့မဟုတ်... အဆပေါင်း များစွာ ပိုမို အစွမ်းထက်သည့် ရတနာများ မရေမတွက်နိုင်အောင် ရှိနေပေသေးသည်။

“ကျေးဇူးပါပဲ...”

ဝေ့ဝူယင်က လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။

"ဘာအတွက်လဲ...”

ကောင်းကင် စစ်ဝိညာဉ်က အနည်းငယ် အံ့ဩသွားကာ မေးလိုက်သည်။

"ငါ ရင်ဆိုင်ရမယ့် ကပ်ဘေးတွေ၊ စိန်ခေါ်မှုတွေ အကြောင်း ပြန်ပြီး သတိပေးခဲ့လို့ပါ... ကျင့်ကြံခြင်း လမ်းစဉ်ကို စလျှောက်ကတည်းက ငါ့အတွက် အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာ အတော်လေး နည်းတယ်... ငါ ရင်ဆိုင်ခဲ့ရတဲ့ ကြောက်စရာ အကောင်းဆုံး ရန်သူက ကောင်းကင်၊ လောကနဲ့ ငါ ကိုယ်တိုင်ရဲ့ ရည်မှန်းချက်တွေ ဖြစ်ခဲ့တယ်... ငါ ဘာကိုမှ မကြောက်ခဲ့ဘူး”

"အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက ချီပျစ်ခဲခြင်း အဆင့်နဲ့တင် ကောင်းကင် အုပ်စိုးသူ အဆင့် ဝူကျိုးကို ငါ မကြောက်မလန့် ရင်ဆိုင်ခဲ့တယ်... အနန္တ ဧကရာဇ်ဂိုဏ်းကို ရောက်တော့လည်း သုံးလေးနှစ်လောက် အတွင်းမှာတင် ဂိုဏ်းတစ်ခုလုံးကို ကြိုးဆွဲနိုင်ခဲ့တယ်... အဲဒီနောက် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ငါ ဝင်ခဲ့တယ်... အဲဒီတုန်းက ငါ့ကျင့်ကြံခြင်း အခြေခံက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်မှာပဲ ရှိသေးတယ်”

"ဒီနေရာမှာ ရှိတဲ့ ထိပ်သီး ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် ကြယ်တာရာ အမြုတေ အဆင့်ငါး ဆိုတာက လုံးဝ မပြောပလောက်ဘူး... ဒါပေမဲ့ ငါ ဘယ်သူ့ကိုမှ ခြိမ်းခြောက်မှု တစ်ခုလိုမျိုး မမြင်ခဲ့ဘူး... ငရဲရဲ့ ကပ်ဘေး‌တွေ ကောင်းကင်ရဲ့ အလို ဆန္ဒတွေနဲ့ ယှဉ်ရင် သူတို့က ပမွှားလေးတွေပဲ မဟုတ်ဘူးလား... ငါ့ မျက်လုံးထဲမှာ သူတို့က ပိုးစုန်းကြူးလေးတွေကို မှေးမှိန်လွန်းတယ်... ဒါပေမဲ့ အခြား ဘဝ တစ်ခုမှာ အဲဒီ အမြင်ကပဲ ငါ ပိုင်ဆိုင်သမျှ အရာအားလုံးကို ယူသွားခဲ့တယ်... တူညီတဲ့ အမှားမျိုး ငါ နောက်တစ်ကြိမ် ထပ်ပြီး ကျူးလွန်လို့ မဖြစ်ဘူး”

ထိုစကားလုံးမျးမှာ ဝေ့ဝူယင်၏ နှလုံးသား အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ သူ၏ စစ်မှန်သည့် စိတ်အခြေအနေကို ရောင်ပြန်ဟပ် နေပေသည်။ သူ၏ ကျင့်ကြံခြင်း နှလုံးသားက ခိုင်မာသည်။ သို့သော်လည်း... သူ့ မိုးကောင်းကင်က ကျယ်ပြန့်လွန်း နေပေသည်။ ကောင်းကင် စစ်ဝိညာဉ်နှင့် ခြားနားစွာပင် သူက ငရဲ၏ ကပ်ဘေးများနှင့် ရင်ဆိုင်ခဲ့ရသည်။ မမြင်နိုင်သည့် နတ်ဘုရားများ၊ ကောင်းကင် တာအိုများ၊ ဥပဒေသများနှင့် ထိပ်တိုက် တွေ့ခဲ့ရသည်။ ထိုကဲ့သို့သော အကြောင်းအရာများကြောင့်ပင် လက်ရှိ ရင်ဆိုင်နေရသည့် အရာများ အပေါ် ဝေ့ဝူယင်၏ အလေးအနက်ထားမှုများက လျော့နည်းလာခဲ့ရသည်။

ထို့ကြောင့်ပင် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အနာဂတ်တွင် ရင်ဆိုင်လာရနိုင်သည့် ခြိမ်းခြောက်မှု အားလုံးကို သူ့ အနေဖြင့် ကိုယ့်ကိုယ်ကိုသတိပေးသင့်ပေသည်။ မဟုတ်ပါက တစ်ချိန်မဟုတ် တစ်ချိန် သတိလက်လွတ် ဖြစ်ကာ ကြီးမားစွာ ပေးဆပ်ရခြင်းမျိုး ကြုံဆုံလာရလိမ့်မည် ဖြစ်ပေသည်။

ဝေ့ဝူယင် ထိုင်ရာမှ ထရပ်ကာ အကြောလျှော့လိုက်၏။ သက်တောင့်သက်သာ ခံစားချက် တစ်ခုက အကြောများထဲမှ နေ၍ အရိုး၊ ကြွက်သားနှင့် အရေပြားများထဲ အထိ ပျံ့နှံ့ လာခဲ့သည်။ ထိုအခိုက်၌ ခန္ဓာကိုယ် တစ်ခုလုံးက သက်တောင့်သက်သာ ရှိနေသလို ဝေ့ဝူယင် ခံစားနေရ၏။ သူ့ ခန္ဓာကိုယ် အတွင်း စွမ်းအင်များက အတားအဆီး အထစ်အငေါ့ မရှိ ချောမွေ့စွာ စီးဆင်း နေခဲ့သည်။ ခွန်အားနှင့် တည်ငြိမ်မှုတို့၏ ထူးခြားသော ခံစားချက်ကို သာမန် စကားလုံးများနှင့် ဖော်ပြရန် ခက်ခဲလှပေသည်။

“နောက်လာမယ့် ရက်တွေ အတွက် ဖီဆန်လေးက ငါ့ရဲ့ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လိမ့်မယ်...”

ဝေ့ဝူယင်မှာ မူလ မီးတောက်နှင့် လျှို့ဝှက် အဆင့် သွေးမျိုးဆက် အပါအဝင် အာကာသ၊ အချိန်၊ အင်ပါယာ၊ ပျက်သုဉ်းခြင်း၊ ဆေဘာနှင့် မူလတို့ အပေါ် သာမည ဥပဒေသတို့ ကဲ့သို့ ထူးခြားသော စွမ်းအင်များစွာကို ဆုပ်ကိုင် နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုအထဲတွင် သူ့ ကျင့်ကြံခြင်း၏ အဓိက အစိတ်အပိုင်းဟု ဆိုနိုင်သည့် ဖီဆန် အရွယ် နေကြယ်မျာ ကြောက်စရာ အကောင်းဆုံး ဖြစ်ပေသည်။

၎င်း၏ အရွယ်အစား တစ်ခုတည်းကပင်လျှင် ကပ်ဘေးများ၊ အဆုံးမဲ့ ပျက်စီးခြင်းများကို ယူဆောင်လာနိုင်ဖို့ လုံလောက်သည်။ ၎င်းကို ပြင်ပသို့ ထုတ်ယူလိုက်ပါက ကောင်းကင် ရတနာ တစ်ခု ဖြစ်သည့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ပိတ် အစီအရင် ပင်လျှင် ပြိုကျသွားလိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် သံသယ မရှိပါချေ။

“ဖီဆန်ပေါက်စလေးက လောကချည်နှောင် ကြယ်တာရာ နယ်မြေ အနေနဲ့ လုပ်ဆောင် ပေးနေတဲ့ အချိန်မှာ ဖီဆန်လေးဆီကနေ နေကြယ် အမတေ ထုတ်လွှတ်မှုတွေကို အကန့်အသတ် မရှိ ရနေတာ ကံကောင်းတာပဲ... ငါ့ရဲ့ ကြယ်တာရာ ခန္ဓာနဲ့ ကြယ်အမြုတေတွေက စက္ကန့်နဲ့ အမျှ ပိုပြီး သန်မာလာနေပြီ... ဒါပေမဲ့ ကံဆိုးတာ တစ်ခုက ငါ့ရဲ့ ကြယ်တာရာ ခန္ဓာကိုယ်က ဘယ်တော့မှ ဖြည့်လို့ မပြည့်တဲ့ အိုးလို ဖြစ်နေတာပဲ”

ကောင်းကင် စစ်ဝိညာဉ် ပြောဆိုသည့် စကားက ငြင်းပယ်လို့ မရသည့် အမှန်တရား ဖစ်ကြောင်း ဝေ့ဝူယင် အပြည့်အဝ သိရှိထားပေသည်။ အကယ်၍ သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကိုသာ အသုံးပြုမည် ဆိုပါက ကြယ်တာရာ သခင် အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိရန် သူ ရာစုနှစ်ချီ အချိန်ယူ ရလိမ့်မည် ဖြစ်သည်။ ထိုအရာက ဖီဆန်လေး၏ ပံ့ပိုးမှုများကိုပါ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်သည်။

“ဒါက ချို့ယွင်းချက် မရှိတဲ့ ကျင့်ကြံခြင်းကို လျှောက်လှမ်းခဲ့ခြင်းရဲ့ အကျိုးဆက်ပဲ”

ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။

“မဟုတ်ဘူး... သမာရိုးကျ စံနှုန်းတွေထက် ကျော်လွန်တဲ့ အခြေခံ တစ်ခုကို ရအောင် ကြိုးစားခဲ့တဲ့ ရလဒ်လို့ ပြောရလိမ့်မယ်”

ဧဒင်က ဝင်ရောက် တည့်မတ် ပေးလိုက်၏။ ဝေ့ဝူယင် ကိုယ့်ကိုယ်ကို စစ်ဆေး နေခဲ့သည့် တစ်ချိန်လုံး နီးပါး ကြယ်တာရာ ဝိညာဉ်များမှာ တိတ်ဆိတ် နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့က ကိုယ့်ကိုယ်ကို စစ်ဆေး နေခဲ့ကြခြင်းပင်။ ကောင်းကင် စစ်ဝိညာဉ်နှင့် စကားပြောဆို နေခဲ့ချိန်တွင်လည်း သူတို့က ဝင်ရောက် နှောက်ယှက်ခြင်း မပြုခဲ့ကြချေ။

“ကျုပ် အထင် ပြောရရင် ဟိုကောင်မလေး ပြောတာ မှန်တယ်”

ရုတ်တရက် ခရာတိုက ဝင်ရောက် ပြောဆိုလိုက်၏။ သူက ကောင်းကင် စစ်ဝိညာဉ် ပြောဆိုခဲ့သည့် စကားလုံးများကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။

"သူက မှန်ရုံတင် မဟုတ်ဘူး...”

အိုရီကလည်း ဝင်ရောက် ပြောဆိုလိုက်ပြန်၏။ ၎င်း၏ လေသံက အနည်းငယ် ဖိစီးခြင်းများနှင့် ပြည့်နှက် နေသည်။ အိုရီ တစ်ယောက် ထိုကဲ့သို့ ပုံစံ ဖြစ်ပေါ်နေခြင်းက အနည်းငယ် ထူးဆန်းပေသည်။

"မင်းတို့ ပြောချင်တာက ဘာလဲ...”

ဝေ့ဝူယင်က ကြယ်တာရ ဝိညာဉ်များကို လျှို့ဝှက်စွာ ဆက်သွယ်ရေင်း မေးလိုက်၏။ ကောင်းကင် စစ်ဝိညာဉ် ပင်လျှင် သူတို့၏ စကားဝိုင်းကို စစ်ဆေးနိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့အပြင်... သူတို့ အကြားမှ ဆက်သွယ် ပြောဆိုမှုများမှာ လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပေသည်။

"..."

အိုရီမှာ တိတ်ဆိတ် နေခဲ့၏။ ၎င်းထံမှ ခံစားချက်က အနည်းငယ် ထူးဆန်းနေသည်။ ချက်ချင်းပင် သူ မသိခဲ့သည့် တစ်စုံတစ်ရာ ရှိနေခဲ့ကြောင်း ဝေ့ဝူယင် သဘောပေါက် သွားခဲ့သည်။ ဆိုးရွားသည့် ခံစားချက်က သူ့ နှလုံးသား အတွင်း ပေါ်လာခဲ့၏။

“ဘာလို့ ဖုံးကွယ်နေမှာလဲ...”

ဘုရင်က ဝင်ရောက်၍ ပြောဆိုလိုက်၏။

“ငါတို့ရဲ့ ကြယ်အမြုတေတွေက လေးခု မဟုတ်ဘူး... တစ်ခုတည်းပဲ”

"ဘာကြီး...”

***

All Chapters