ပေါင်းစပ်ခြင်းနှင့် ခွဲထုတ်ခြင်း
Vol. 99 Ch. 1380
“ဘာကြီး...”
ဝေ့ဝူယင် အံ့ဩသွားခဲ့၏။ သူ ချက်ချင်းပင် ခန္ဓာကိုဘ် အတွင်းကို စစ်ဆေးလိုက်သည်။ ထိုအခါ ကြယ်တာရာ ဝိညာဉ် အသီးသီးကို ကိုယ်စားပြုနေသည့် ကြယ်အမြုတေ လေးခုကို တွေ့လိုက်ရ၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိသည်။
"တစ်ခုခု မှားနေလို့လား...”
ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်ထံမှ စိတ်ခံစားချက် အပြောင်းအလဲကို သတိထားမိရာ စိုးရိမ်စွာဖြင့် မေးလိုက်၏။
"ကျုပ် မသိဘူး...”
ဝေ့ဝူယင်က ရိုးသားစွာပင် အဖြေပေးလိုက်သည်။ ထို့နောက် သူက ကြယ်တာရာ ဝိညာဉ် လေးခုကို မေးလိုက်၏။
“မင်းတို့ ဘာကို ပြောချင်တာလဲ ရှင်းရှင်းပြော...”
"အဲဒါက ကျွန်တော့ အမှားပါ... ကျွန်တော့ အမှား...”
အိုရီက ခပ်တိုးတိုး အော်ဟစ်လိုက်၏။ သူက တစ်စုံတစ်ရာ အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေပုံ ရလေသည်။ ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာ၏။
"အဲဒါက မင်း အမှား မဟုတ်ပါဘူး...”
ဧဒင်၊ ခရာတိုနှင့် ဘုရင်တို့က ပြိုင်တူပင် ပြောလိုက်သည်။ သူတို့ သုံးယောက်မှာ အိုရီက သူ့ အမှားဟု ယုံကြည်သွားမှာကို စိုးရိမ်နေသည့်ပုံ ရသည်။ သို့သော်လည်း... ဤသည်က ကြယ်တာရာ ဝိညာဉ် သုံးကောင် တစ်ပြိုင်နက်တည်း စကားပြောတာကို ဝေ့ဝူယင် ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
“ဒါက ပြဿနာမှ မဟုတ်တဲ့ အတွက် ဘယ်သူ့ အမှားမှ မဟုတ်ဘူး... ငါတို့ အတွက် ကောင်းချီး တစ်ခုလို့တောင် ပြောလို့ရတယ်... ဟုတ်တယ်မလား”
ဧဒင်က ခိုင်မာစွာဖြင့် ပြောလိုက်၏။ ဘုရင်က တိတ်တဆိတ် နေခြင်းဖြင့် သဘောတူလိုက်ကာ ခရာတိုက ဟိန်းဟောက်ခြင်းခြင့် ထောက်ခံလိုက်သည်။ သူတို့၏ အမူအရာများက ခါတိုင်းနှင့် ခြားနားစွာပင် အိုရီကို ချော့မြှူ၊ ကျေးဇူးတင် နေသည့်ပုံ ရသည်။
သို့သော်လည်း... သူတို့ ထိုကဲ့သို့ ပိုမို၍ ပြုမူလေလေ ဝေ့ဝူယင်ကတော့ ဆိုးရွားသည့် ခံစားချက်ကို ပိုမို၍ ခံစားရလေလေ ဖြစ်သည်။
“ငါက ဘာလို့ သတိမထားမိတာလဲ”
"..."
ကြယ်တာရာ ဝိညာဉ် လေးခုမှာ အချိန် အကြာကြီး တိတ်ဆိတ် သွားခဲ့ပြန်၏။ သူတို့က လျှို့ဝှက်စွာ တိုင်ပင် ဆွေးနွေးနေသည့်ပုံ ရလေသည်။ ထို့နောက်တွင်တော့... ဧဒင်က ပြန်လည်၍ စကားပြောလိုက်လေ၏။
“အဖေ့ရဲ့ မျက်လုံးထဲမှာ ကြယ်အမြုတေ လေးခုကို မြင်နေရတယ် မလား... အဖေ မှားတော့ မမှားပါဘူး... ဒါပေမဲ့ အဖေ အဲဒါကို သတိမထားမိတာက ခုထိ ကျွန်တော်တို့ မကျင့်ကြံရသေးလို့ပဲ”
ဧဒင်က ခဏမျှ ရပ်လိုက်ကာ သူ့ အတွေးများကို စုစည်းနေသည့်ဟန် ရသည်။ ထို့နောက် သူက ရှင်းပြလိုက်ပြန်၏။
“သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေး ပြီးခါစတုန်းက ကျွန်တော်တို့ရဲ့ ကြယ်တာရာ အမြုတေတွေ ပေါင်းစပ်သွားတော့မလို့ပဲ”
“...”
"ပေါင်းစပ်သွားတော့မလို့ ဟုတ်လား...”
ဝေ့ဝူယင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ကြယ်အမြုတေများမှာ လေးခု မဟုတ်ပဲ တစ်ခုတည်း ဟုလည်း ဆိုသည်။ ယခုတစ်ဖန် ပေါင်းစပ်သွားတော့မလို့ ဟုလည်း ပြောပြန်သည်။ သူ နားမလည်နိုင်တော့ချေ။
“ဟုတ်တယ်... ပေါင်းစပ်တော့မလို့...”
ဧဒင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဆက်လက်၌ ရှင်းပြလိုက်သည်။
“အစောပိုင်းမှာတုန်းက ကျွန်တော်တို့တွေ အဲဒီ ဖြစ်စဉ်ကို ခုခံဖို့ ကြိုးစားခဲ့ကြသေးတယ်... ဘုရင်က ပေါင်းစပ်ခြင်း အင်အားကို ဖျက်ဆီးခဲ့တယ်... ခရာတိုက ရှောင်တိမ်းခဲ့တယ်... ကျွန်တော်ကတော့ အဲဒါကို ထိန်းသိမ်းထားခဲ့တယ်... နောက်မှ သန့်စင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့... ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အခြေအနေက ကျွန်တော်တို့ အားလုံး မျှော်လင့်ထားသလို မဖြစ်ခဲ့ဘူး”
ထိုအရာက ဝေ့ဝူယင် တစ်ခါမှ မကြားဖူး၊ သတိမထားဖူးခဲ့သည့် ကိစ္စတစ်ခု ဖြစ်ပေသည်။ ကြယ်တာရာ ဝိညာဉ်များမှာ ပြဿနာများကို ဖန်တီးကာ ကိုယ့်သဘော ဆန္ဒနှင့်ကို မကြာခဏဆိုသလို လုပ်ဆောင်လေ့ ရှိကြသည့်တိုင် ဝေ့ဝူယင်မှာ သူတို့ကို ယုံကြည်လေရာ လုပ်ဆောင်မှုတိုင်းကို အလေးထား စောင့်ကြည့်လေ့ မရှိပါချေ။ တစ်ခါတစ်ရံ၌ သူတို့ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကိုပင် နားလည်ရန် ခက်ခဲလှသောကြောင့် ဝင်ရောက် စွက်ဖက်ဖို့ ခက်ခဲပေသည်။
“ဘာဖြစ်ခဲ့တာလဲ...”
ဝေ့ဝူယင် မေးလိုက်၏။
“သေမျိုးတာအိုကို လှုပ်ရှားခဲ့တာ...”
ဧဒင်က ဖြေလိုက်သည်။
ဝေ့ဝူယင်၏ မျက်လုံး သူငယ်အိမ်များက ကျဉ်းမြောင်းသွားခဲ့၏။ သူ ကြယ်တို့၏ သံသရာထဲမှ ထွက်ခွာလာခဲ့ချိန်၌ ကြောက်မက်ဖွယ် ကောင်းသည့် လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင်ထဲရှိ အပျက်အစီး မန်နာများကို ဖယ်ရှားပစ်ခဲ့သည်။ ပထမတုန်းက ၎င်းမှာ ဖီဆန်လေး၏ မယုံကြည်နိုင်စရာ စားသုံးမှုကြောင့်ဟု သူ မှတ်ယူခဲ့သေးသည်။ ထိုကဲ့သို့ မဟုတ်သည်လား...။ သေမျိုး တာအိုက သူ့ ဒေါသကို ဖော်ပြခဲ့ခြင်းလော။
ဝေ့ဝူယင် ခပ်မြန်မြန်ပင် ပြန်လည် တည်ငြိမ်လာခဲ့၏။ မေးခွန်းတစ်ခုက သူ့စိတ်အတွင်း အလိုအလျောက် ပေါ်လာခဲ့သည်။
“မင်းတို့တွေ အရင်တုန်းကလည်း ကပ်ဘေးတွေကို ဝင်စွက်ဖက်ခဲ့တာပဲ... အခုက ဘာတွေ မတူလို့လဲ”
ပထမဆုံး ကြယ်တာရာ ကပ်ဘေးကတည်းက ထိုလူဆိုးလေးကောင်မှာ အမြဲတမ်းလိုလို အကျိုးဆက်ကို ထည့်မတွေးပဲ အဆင်အခြင်မဲ့စွာ ကစားလေ့ရှိခဲ့ကြသည်။ သို့သော်လည်း သေမျိုးတာအိုမှာ ဘယ်တော့မှ ဝင်စွက်ဖက်ခြင်း မရှိခဲ့ပါချေ။
“အဲဒီတုန်းက ကပ်ဘေးရဲ့ ရလဒ်ကို ကျွန်တော်တို့ ဘယ်တော့မှ ဝင်မစွက်ဖက်ခဲ့လို့ပါ.. ကျွန်တော်တို့ ပါဝင်ခဲ့ကြတာက ဖြစ်စဉ်မှာတင်... အခုက မတူဘူးလေ”
ထူးထူးခြားခြားပင် ဘုရင်က ဝင်ရောက် ရှင်းပြလိုက်၏။ သူ၏ စကားလုံးများက ဝေ့ဝူယင်ကို သဘောပေါက် သွားစေခဲ့သည်။
မှန်၏။ သူတို့မှာ ကြယ်တာရာ ကပ်ဘေးများမှ ချီးမြှင့်သည့် အကျိုးခံစားခွင့် ရလဒ်များကို ဘယ်တုန်းမှ ဝင်မစွက်ဖက်ခဲ့ကြချေ။ ဥပမာအားဖြင့် နယ်မြေမျိုးစေ့ ဖွဲ့စည်းခြင်း ကပ်ဘေး အတွင်း၌ သူတို့မှာ ထပ်ဆောင်း ဖန်တီးခြင်း စွမ်းအားများကို အတင်းအကြပ် ပေါင်းထည့်ခဲ့ကြသည်။ ၎င်းက ရလဒ်ကို တိုက်ရိုက် စွက်ဖက်ခြင်းနှင့် အများကြီး ကွာခြားပေသည်။
ကြယ်တာရာ ဝိညာဉ်များမှာ အဆင်အခြင်မဲ့သယောင် ထင်ရသော်လည်း ကပ်ဘေး တစ်တောက်လျှောက်လုံး၌ သူတို့က လုပ်ငန်းစဉ် အပေါ်တွင်သာ လွှမ်းမိုးဖို့ ကြိုးစား ကြပေသည်။ ရသင့်ရထိုက်တာကို ရယူခဲ့ကြသည်။ သေမျိုးတာအိုမှာ ရသင့်ရထိုက်တာအား ရယူသည့် ကျင့်ကြံသူ တစ်ယောက်ကို ဘယ်တုန်းက အပြစ်ပေးဖူးလို့နည်း။
တာအို အမျိုးမျိုးထဲတွင် သေမျိုးတာအိုမှာ အယဉ်ကျေးဆုံးနှင့် ခွင့်အလွှတ်တတ်ဆုံး ဖြစ်သည်။ သို့သော်လည်း... အလားတူပင် ၎င်းမှာ ဆန့်ကျင်ဖို့ အခက်ခဲဆုံးလည်း ဖြစ်သည်။
ဧဒင်က ဝေ့ဝူယင်ကို ရှည်လျားစွာပင် ရှင်းပြလိုက်၏။ သူ့စကား အဆုံးသတ်၌ ဝေ့ဝူယင် အရာရာကို နားလည် သဘောပေါက် သွားခဲ့သည်။
သေမျိုးတာအိုမှာ ဝင်ရောက် စွက်ဖက်ခဲ့သည်။ သူတို့ ပေါင်းစပ်မှုအား ရှောင်တိမ်းဖို့ ကြိုးစားခဲ့သည့် အချိန်တွင် ၎င်းမှာ ပေါင်းစပ်ခြင်း အင်အားကို တိုးမြှင့်ပေးခြင်းအားဖြင့် အပြစ်ပေးခဲ့သည်။
ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီးနောက် လျှို့ဝှက် အမြုတေများကို ပြန်လည် ခွဲထုတ်ရာ၌ အခက်အခဲများစွာ ရှိခဲ့ကြောင်း မှတ်ဉာဏ်များ အရ သူတို့ သိခဲ့ရသည်။ အဆိုပါ ဝေ့ဝူယင်မှာ ခြားနားသည့် လမ်းစဉ် တစ်ခုကို လျှောက်လှမ်းခဲ့သော်လည်း သူ့ ကျင့်ကြံခြင်း အခြေခံက အားနည်းသည့် အထဲ၌ မပါဝင်ပါချေ။
ဝတ်စုံနက် ဝေ့ဝူယင်မှာ အာကာသ ဝေဟင်ဂိုဏ်း၏ ရင်းမြစ်များကို သုံးစွဲနိုင်ခဲ့ကာ အလွှာအပြင်က လောကကလည်း သူ့ကို များစွာ ကူညီပေးခဲ့သည်။ ထို့ကြောင့်ပင် သူက လျှို့ဝှက် အမြုတေများ ပြန်လည် ခွဲထုတ်ခြင်း လုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပေသည်။
သို့သော်လည်း... လက်ရှိ၌ ဝေ့ဝူယင် လျှောက်လှမ်းနေသည့် လမ်းစဉ်က ခြားနားပေသည်။ သူ့ထံတွင် ဝတ်စုံနက် ဝေ့ဝူယင်ကဲ့သို့ အသင့် ပံ့ပိုးပေးမည့် အင်အားစု တစ်ခု မရှိချေ။
ထို့အပြင်... သူ့ ကျင့်ကြံခြင်း အခြေခံက အဆပေါင်း များစွာ ပိုမို ခိုင်ခံလေရာ ခွဲထုတ်ရေး လုပ်ငန်းစဉ်က ပိုမို ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။ ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက်လည်း လုံလောက်သည့် အချိန်၊ ရင်းမြစ်များ မရှိပါချေ။
လိုအပ်ချက်များကို ပြည့်မှီစေရန် အတွက် ရာစုနှစ်ပေါင်းများစွာ သူ ဆေးဖော်စပ်ရတော့မည် ဖြစ်သည်။ သို့သော်လည်း... ငရဲ၏ ကပ်ဘေးများနှင့် ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးတို့က သူ့ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးလိမ့်မည် မဟုတ်ပါချေ။
ထို့ကြောင့်ပင်... သူတို့ ခုခံခဲ့ကြသည်။ ငြင်းဆန်ခဲ့ကြသည်။ သို့သော်လည်း သေမျိုးတာအို ထုတ်လွှတ်လာသည့် ပေါင်းစပ်ခြင်း အင်အားက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထိုအချိန်ကျမှ ကြယ်တာရာ ဝိညာဉ်များမှာ သူတို့ ရလဒ်ကို ဝင်ရောက် စွက်ဖက်ခြင်းဖြင့် အမှားတစ်ခု လုပ်မိပြီ ဖြစ်ကြောင်း သဘောပေါက် ခဲ့ကြတော့သည်။ ၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် အမှားတစ်ခု ဖြစ်ပေသည်။ ထိုအင်အားဖြင့်သာ ပေါင်းစပ်ခြင်း ခံရပါက သူတို့ ဘယ်တော့မှ ပြန်လည် ခွဲထုတ်နိုင်တော့မည် မဟုတ်ချေ။
ဘုရင်၊ ခရာတိုနှင့် ဧဒင်တို့မှာ ချက်ချင်းပင် ၎င်းကို ပြန်လည် တိုက်ထုတ်ဖို့ ကြိုးစားခဲ့ကြသည်။ ထိုကဲ့သို့ အရေးကြီးလှသည့် အခိုက်အတန့်တွင် အိုရီမှာ စတင် လှုပ်ရှားလာခဲ့သည်။ မူလ ဥပဒေသကို ဆုပ်ကိုင်ထားနိုင်သည့် ကြယ်တာရာ ဝိညာဉ် တစ်ကောင် အနေဖြင့် သူ့ထံတွင် အရာအားလုံးကို ပေါင်းစပ်နိုင်စွမ်း ရှိသည်။
အိုရီ၏ အတွေးက ရိုးရှင်းသည်။ သူတို့သာ ကြယ်တာရာ အမြုတေများကို ရည်ရွယ်ချက် ရှိရှိ ပေါင်းစပ်လိုက်လျှင် သေမျိုးတာအို၏ ပေါင်းစပ်ခြင်း အင်အားမှာ ပြိုကွဲသွားပေလိမ့်မည်။ နောက်ပိုင်းတွင်တော့ သူတို့ ၎င်းကို အခက်အခဲ မရှိ ပြန်လည် ခွဲထုတ်နိုင်ပေလိမ့်မည်။
ထိုလုပ်ရပ်မှာ ပါးနပ်သည်ဟု အိုရီက ယူဆသည်။ သို့သော်လည်း... ဧဒင်၊ ဘုရင်နှင့် ခရာတိုတို့က ရူးကြောင်ကြောင် နိုင်လွန်းသည်ဟု ထင်ခဲ့ကြသည်။ သေမျိုးတာအိုမှာ ထိုမျှ လွယ်လွယ်ကူကူ လှည့်စားနိုင်သည့် ဖြစ်တည်မှုမျိုး မဟုတ်ချေ။
သို့သော်လည်း အခြား ရွေးချယ်စရာ မရှိလေရာ အိုရီမှာ မူလ ဥပဒေသကို သုံးကာ ကြယ်တာရာ အမြုတေနှင့် ကြယ်တာရာ ဝိညာဉ် အားလုံးကို ချိတ်ဆက်ပစ်ခဲ့သည်။ ၎င်းတို့ အားလုံးကို တစ်ခုတည်း အဖြစ် ပြောင်းလဲ ခဲ့သည်။ ထင်မှတ်ထားခဲ့သည့် အတိုင်းပင် အဆိုပါ လုပ်ရပ်က သေမျိုးတာအို၏ လှုပ်ရှားမှုကို ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါချေ။
နောက်ထပ် အဖြစ်အပျက်များကတော့ ဝေ့ဝူယင်၏ နှလုံးသားကို တဒိတ်ဒိတ် ခုန်စေကာ နဖူးဆီမှ ချွေးများကိုပင် တဒီးဒီး စီးကျလာစေခဲ့တော့သည်။
***