← Chapters

ပေါင်းစပ်ခြင်းနှင့် ခွဲထုတ်ခြင်း (၂)

Vol. 99 Ch. 1381

ပေါင်းစပ်ခြင်းနှင့် ခွဲထုတ်ခြင်း (၂)

Vol. 99 Ch. 1381

ကြယ်တာရာ ဝိညာဉ် အားလုံး အပြီးတိုင် ပေါင်းစပ်သွားကြတော့မည် ဖြစ်သည်။ သေမျိုးတာအို ထုတ်လွှတ်သည့် အင်အားက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့ ရပ်တန့် နိုင်ခြင်း မရှိပါချေ။ အားလုံး ကြောက်ရွံ့ ထိတ်လန့် နေကြသည့် အချိန်တွင် ဧဒင်က သူတို့ အားလုံးကို ပြင်ပ ထွက်ခွာခြင်း နည်းလမ်းကို သုံးဖို့ အမိန့်ပေးခဲ့သည်။ ဖီဆန်ကလေးနှင့် အတူ စိတ်မျက်လုံးထဲတွင် ပုန်းအောင်းနေဖို့ ညွှန်ကြားခဲ့သည်။

ထို့နောက်တွင်တော့ မျှော်လင့် မထားသည့် အရာ တစ်ခု ဖြစ်ပွားလာခဲ့သည်။ ဧဒင်မှာ တိတိကျကျ ရှင်းပြနိုင်ခြင်း မရှိသည့်တိုင် ကြယ်တာရာ အမြုတေများမှာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားခဲ့သည်။ ထို့နောက် ၎င်းက ထျန်းတျန် အတွင်းမှ ထွက်လာကာ ရင်ဘတ် အလည်တွင် တည်နေခဲ့သည်။

သို့သော်လည်း... သူတို့အားလုံး စိတ်မျက်လုံး အတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့ချိန်တွင်တော့ အိုရီမှာ အဆိုပါ ကြယ်တာရာ အမြုတေကို လေးပိုင်းခွဲနိုင်ကြောင်း တွေ့ရှိခဲ့သည်။ သူက ၎င်းကို လေးပိုင်း အညီအမျှ ခွဲကာ မူလ နေရာများတွင် ပြန်လည် ထားရှိခဲ့သည်။ ကြယ်တာရာ ဝိညာဉ်များမှာ ထိုကြယ်တာရာ အမြုတေများ အတွင်း အတားအဆီး မရှိ ပြန်လည် ဝင်ရောက်နိုင်ကြကာ သူတို့၏ ကိုယ်ပိုင် စွမ်းအားများနှင့် ချိတ်ဆက် လာနိုင်ကြသည်။ ၎င်းက အလွန်တရာ လွယ်ကူကာ ရိုးရှင်းလွန်း နေခဲ့သည်။

သူတို့ သေမျိုးတာအိုကို လှည့်စားနိုင်ခဲ့သည်လား...။

“မင်းတို့ ကြယ်တာရာ အမြုတေတွေကို ကြယ်အမြုတေ ဖြစ်အောင် ပြောင်းလဲတဲ့ အချိန်တည်းက ငါ စောင့်ကြည့် နေခဲ့တာပါ... အဲဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ...”

ဝေ့ဝူယင်က မထိန်းချုပ်နိုင်ပဲ မေးလိုက်မိ၏။ ခရာတိုက မတုန့်မဆိုင်းပင် ပြန်လည်၍ ဖြေလိုက်၏။

“ခရာတိုနဲ့ ကျွန်တော်တို့ ပြန်ရောက်လာပြီးတဲ့ အချိန်လောက်မှာ... ကြယ်တာရာ အမြုတေတွေ ကြယ်အမြုတေ မဖြစ်ခင်လောက်မှာပေါ့... တကယ် ကံကောင်းခဲ့တာလို့ ပြောလို့ရတယ်”

ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ အိုရီထံမှ ပျော်ရွှင်သည့် အငွေ့အသက်များ ခံစားခဲ့ရသည်ကို သူ ပြန်လည် အမှတ်ရလိုက်မိသည်။ ပထမတုန်းက ထိုခံစားချက်မှာ ကပ်ဘေးအား ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့်ဟု ဝေ့ဝူယင် ထင်မှတ် နေခဲ့ခြင်း ဖြစ်သည်။ သေမျိုးတာအိုအား ကွက်ကျော်ရိုက်နိုင်ခဲ့ခြင်းဟု မည်သူက ထင်မှတ်မိမည်နည်း။

“မင်းတို့ကောင်တွေ အဲဒီလိုတွေ ဖြစ်ခဲ့တယ် ဆိုလည်း ဖြစ်ခဲ့တယ်ပေါ့... ဘာလို့ ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်ခဲ့သလို လုပ်နေရတာလဲ”

ဝေ့ဝူယင်က ခေါင်းခါရင်း ဆိုလိုက်၏။ သူ့ ရှုထောင့်မှ ကြည့်ရလျှင် အပြောင်းအလဲ တစ်ခုမှ မရှိခဲ့ပါချေ။ သူတို့ လွတ်မြောက်ခဲ့သည်။ သူတို့၏ ကြယ်အမြုတေများမှာ တည်ရှိနေသည်။ ကျင့်ကြံခြင်းက ပုံမှန်အတိုင်း ရှေ့ဆက်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့် ယခုလောက် အရေးတယူလုပ်နေရသနည်း။

"..."

“သူ တိုက်ရိုက် သဘောပေါက်မှာ မဟုတ်ဘူးလို့ ငါ ပြောသားပဲ”

ခရာတိုက ဆိုလိုက်၏။ ဧဒင်၊ အိုရီနှင့် ခရာတိုတို့ကတော့ တိတ်ဆိတ်နေသည်။ ဝေ့ဝူယင် အူကြောင်ကြောင်ဖြင့် သူတို့ကို ကြည့်လိုက်၏။ သူ့ ခံစားချက်က မမှားပါချေ။ တစ်ခုခု မှားယွင်းနေသည်မှာ သေချာ နေခဲ့ပြီ ဖြစ်သည်။

"..."

ဝေ့ဝူယင် ခပ်မြန်မြန်ပင် ကြယ်အမြုတေများကို စစ်ဆေးလိုက်၏။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကိုသာ တစ်ချိန်လုံး အာရုံစိုက်နေခြင်း ဖြစ်လေရာ ကြယ်အမြုတေများကို သူ မစစ်ဆေးရသေးချေ။ ထို့အပြင်... လွန်ခဲ့သည့် လပိုင်း အတွင်းတွင်လည်း ချောင်စွေ့ဖုန်းအနားကိုသာ သူ တစ်ချိန်လုံး ကပ်နေခဲ့ခြင်း ဖြစ်ပေသည်။

“...”

ရုတ်တရက် သူ့ မျက်ဝန်း သူငယ်အိမ်များက အကန့်အသတ်သို့ ရောက်သည် အထိ ကျဉ်းမြောင်း သွားခဲ့၏။ ပေါင်းစပ်ပြီးသည့် ကြယ်တာရာ အမြုတေမှာ လေးခု ကွဲသွားခဲ့သည်။ သို့သော်လည်း လုံးဝ အမှီအခိုကင်းသည့် သီးခြား ကြယ်အမြုတေများ အဖြစ် ကွဲထွက်သွားခြင်း ဖြစ်သည်။

“ဒါက...”

ဝေ့ဝူယင် ဖြူရော်စွာဖြင့် ကြယ်တာရာ ဝိညာဉ်များကို ကြည့်လိုက်မိ၏။ သူတို့ ခွဲထုတ်လိုက်သည့် ကြယ်တာရာ အမြုတေ တစ်ခုချင်းစီမှာ ယခင်ကလို လမ်းစဉ် တစ်ခုချင်းစီကို ကိုယ်စားမပြုတော့ချေ။ ဧဒင်၊ ခရာတို၊ အိုရီနှင့် ဘုရင်တို့၏ လမ်းစဉ်လေးခုစလုံးအား ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်နည်း ဆိုရသော် သူ့ထံတွင် လမ်းစဉ် လေးခုအား ပေါင်းစပ်ထားသည့် ကြယ်အမြုတေ လေးခု ရှိနေသည်ဟု ဆိုနိုင်ပေသည်။

“...”

ကြယ်တာရာ ဝိညာဉ် လေးကောင်မှာ တိတ်ဆိတ် နေကြ၏။ သူတို့က တန်းစီရပ်နေကာ ဝေ့ဝူယင်၏ တုန့်ပြန်မှုများကို အမျိုးမျိုးသော အမူအရာများဖြင့် စောင့်ကြည့်နေသယောင် ထင်ရသည်။

အဂ္ဂိရတ် တာအိုကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုအရာ၏ အကျိုးဆက်ကို သူ သိရှိထားပေသည်။

ကံဆိုးခြင်းလော။ သို့မဟုတ်... ကံကောင်းခြင်းလော။ ကြယ်အမြုတေ တစ်ခုချင်းစီ၏ အကန့်အသတ်မှာ မယုံကြည်နိုင်လောက်အောင် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ လေးခုအား ပေါင်းစပ်ထားသည်နှင့် ညီမျှပေသည်။

ယခင် အခြေအနေတွင်ပင်... ကြယ်တာရာ သခင် အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိရန် သူ့ အနေဖြင့် သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ရာစုနှစ်ချီ စုပ်ယူရလိမ့်မည်ဟု ကောင်းကင် စစ်ဝိညာဉ်က ပြောခဲ့သည်။

သို့သော်လည်း... ယခုတွင်တော့ ထောင်စုနှစ်နှင့်ချီ၍ ကြာမြင့်တော့မည် ဖြစ်သည်။ ဝေ့ဝူယင် တစ်ယောက် အချိန် ကြာမြင့်စွာ ဆွံ့အ ငြိမ်သက် သွားခဲ့တော့၏။

“...”

မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ကောင်းကင် စစ်ဝိညာဉ်မှာ လူငယ် စိတ်ခံစားချက် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရသည့် အကြောင်းရင်းကို သိရှိသွားခဲ့ပြီ ဖြစ်သည်။

“အံ့ဩစရာ မရှိတော့ဘူး...”

ရွှေရောင်ဥကလေးက မှတ်ချက်ချလိုက်၏။ အံ့ဩစရာ မရှိတော့ဘူးဟု ဆိုသည့်တိုင် ၎င်း၏ အသံက အံ့ဩမှု၊ ရွှင်မြူးမှု၊ နားလည် သဘောပေါက်မှုများနှင့် ပြည့်နှက် နေခဲ့လေသည်။

“ဘာကို အံ့ဩစရာ မရှိတော့တာလဲ...”

ဝေ့ဝူယင် နားမလည်နိုင်ဖြစ်သွားကာ သူမကို ကြည့်လိုက်မိ၏။

“ပုံမှန်ဆိုရင် ကြယ်အမြုတေမှာ သေမျိုး ဘဝ ကျင့်ကြံထားသမျှ အရာအားလုံး ကြယ်အမြုတေ တစ်ခုတည်း အဖြစ် ပေါင်းစည်း သွားရမှာလေ... ဒါပေမဲ့ နင့်မှာက ကြယ်အမြုတေ လေးခုတောင် ရှိနေခဲ့တာ... အခုတော့ အားလုံးက အဓိပ္ပာယ် ရှိသွားပြီ... ကံကောင်းတယ်လို့လည်း ပြောလို့ ရတယ်... နောက်ပြီး လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းတဲ့အချိန်မှာ နင် ရုန်းကန်ရမှာကို ငါ စိုးရိမ်နေတာ... ခု ကောင်းသွားပြီ... တကယ် ကောင်းသွားပြီ...”

ကောင်းကင် စစ်ဝိညာဉ်က အသံကို တည်ငြိမ်အောင် ထိန်းသိမ်းထားသည့်တိုင် ထိုအထဲ၌ စိတ်သက်သာရာ ရမှု၊ ဝမ်းမြောက်မှုများ ပါဝင်နေကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။

“လျှို့ဝှက် အာဏာရှင် အဆင့်မှာ ရုန်းကန်ရမှာ ဟုတ်လား...”

ဝေ့ဝူယင် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"အမှန်ပဲ... လျှို့ဝှက် တာအိုက သေမျိုးတာအိုနဲ့ ခြားနားတယ်.... ပထမ အဆင့်ကို ခြေချဖို့ အတွက်တောင် သက်တမ်း ၃၆၀၀ လိုအပ်တယ်... နင့်မှာ ကြယ်အမြုတေ လေးခုရှိရင် ကပ်ဘေးကို လေးကြိမ်အထိ ကျော်ဖြတ်ရလိမ့်မယ်... ခု တစ်ခုတည်း ဖြစ်သွားပြီတော့ တစ်ကြိမ်ပဲ ပေးဖို့ လိုအပ်တော့တာပေါ့... ဒါက ကောင်းတဲ့ အရာပဲလေ”

ကောင်းကင် စစ်ဝိညာဉ်က စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်သည်။

“ကောင်းတဲ့အရာ ဟုတ်လား...”

ဝေ့ဝူယင်က ခါးသီးစွာ ပြုံးလိုက်မိ၏။

“...”

ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်၏ တုန့်ပြန်ပုံကြောင့် တဒင်္ဂမျှ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူမ အဓိက ရင်ဆိုင်နေရသည့် ပြဿနာကို ပြန်လည်၍ သတိရသွားခဲ့၏။

မှန်ပေသည်။ ကြယ်အမြုတေ တစ်ခုတည်း ဖြစ်သွားခြင်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းဖို့ အတွက် အပြုသဘောဆောင်သော တိုးတက်မှု ဖြစ်သည်။ ၎င်းက သူမ စိုးရိမ်နေသည့် ပြဿနာ တစ်ခုကို ဖြေရှင်းပေးခဲ့သည်။ သို့သော်လည်း အဓိက ပြဿနာက အပြန်အလှန် ချိတ်ဆက်နေသည့် လွတ်လပ်သော အမြုတေ လေးခု တည်ရှိနေခြင်း ဖြစ်သည်။

ထိုကြယ်အမြုတေ တစ်ခုချင်းစီ၏ အကန့်အသတ်မှာ ခန့်မှန်း၍ မရနိုင်လောက်အောင် မြင့်မားလှသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ သေမျိုးတာအို၏ အကြွင်းမဲ့ အကန့်အသတ် လေးခုပေါင်း ဖြစ်သည်။ ရိုးရှင်းစွာ ဆိုရလျှင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း လမ်းစဉ်မှာ လေးဆမျှ ပိုမို ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

“ကောင်းတဲ့ဘက်က ကြည့်ပါ...”

ကောင်းကင် စစ်ဝိညာဉ်က ဆိုလိုက်၏။

“ဘာပဲဖြစ်ဖြစ်... အခု နင့်ရဲ့ ကျင့်ကြံခြင်းက အထွတ်အထိပ်ကို ရောက်မှာ သေချာနေပြီလေ...”

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ငါသာ ရောက်နိုင်ခဲ့မယ် ဆိုရင်ပေါ့လေ”

‌ကောင်းကင်စစ်ဝိညာဉ်မှာ သူ ရင်ဆိုင်နေရသည့် ငရဲ၏ ကပ်ဘေးများ အကြောင်းကို သိရှိထားခြင်း မရှိပါချေ။ ထို့အပြင် အထွတ်အထိပ်၏ အထက်တွင် အမြဲတမ်း အထွတ်အထိပ် ဆိုတာ ရှိစမြဲ ဖြစ်သည်။ ယခုအခါတွင်တော့ ကြယ်အမြုတေ အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိဖို့ အတွက်ပင် သူ့အတွက် အခက်အခဲ များစွာ ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင်... သူ ကြယ်တာရာ ပါရဂွန် ခန္ဓာကို အကန့်အသတ်ထိ ရောက်အောင် သန့်စင်ကာ ကြယ်တာရာ ဆင်းတုများကို ကျင့်ကြံရဦးမည် ဖြစ်သည်။ လက်ရှိ အခြေအနေအရ သူ ကြယ်တာရာ ဆင်းတု လေးခု ရမည်လော တစ်ခုတည်း ရမည်လောပင် မသေချာပါချေ။ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီးနောက် ထိုကဲ့သို့ အခက်အခဲများက အဆပေါင်းများစွာ တိုးလာလိမ့်မည် ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။

“ဒီဘဝမှာ သူတော်စင်တွေရဲ့ အဆင့်ကို ငါ ရောက်နိုင်ပါ့မလား...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်မိ၏။

"..."

“ကျင့်ကြံသူ အားလုံးက ကိုယ်ကြိုးစားသမျှနဲ့ ထိုက်တန်တာကို ရမှာပါ”

ကောင်းကင် စစ်ဝိညာဉ်က နူးညံ့စွာပင် ဆိုလိုက်သည်။

“ဟူး...”

ဝေ့ဝူယင် မျက်လုံးများကို မှိတ်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။

"..."

"..."

"..."

မျက်လုံးများ နောက်တစ်ကြိမ် ပြန်လည် ပွင့်လာသော အခိုက်၌ သူ့ ခံစားချက်က လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူ့စိတ်အတွင်း ဖြစ်ပေါ်နေသည့် တွေဝေခြင်း၊ သံသယ ဖြစ်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း စသည့် ခံစားချက်များက လုံးဝ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။ ထို့အစား မျှော်လင့်ချက်၊ ယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားခြင်းများကသာလျှင် အစားထိုး နေရာယူ နေခဲ့၏။

“ငါ ဆက်ပြီး အချိန်ဆွဲလို့ မရတော့ဘူး...”

“ဟမ်...”

ကောင်းကင် စစ်ဝိညာဉ်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ‌ဝေ့ဝူယင် ထိုင်ရာမှ ထရပ်ကာ ကျင့်ကြံခြင်း ခန်းမထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

“မင်း ပြောခဲ့တယ် မလား... ငါ ပိုပြီး သန်မာလာဖို့ လိုတယ်လို့”

စင်္ကြံလမ်း ရှိရာသို့ အရောက်၌ သူက ဟင်းလင်းပြင် ဂိတ်တံခါး ရှိရာထံသို့ ဦးတည် လိုက်သည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်း အခြေခံ၏ လက်ရှိ အခြေအနေတို့ကို သူ နှံ့နှံ့စပ်စပ်ပင် စစ်ဆေးခဲ့ပြီး ဖြစ်သည်။

အဂ္ဂိရတ် ကုန်စည်ပြပွဲ မကျင်းပခင် အချိန်ကို အကျိုးမရှိ ကျင့်ကြံခြင်းဖြင့် မကုန်ဆုံးလိုတော့ချေ။ ကျင့်ကြံနေလျှင်ပင် တိုးတက်လာဖို့ မသေချာချေ။ သူ့ အနေဖြင့် ကျင့်ကြံခြင်း အခြေခံ တိုးတက်လိုလျှင် အနည်းဆုံး ဆီလျော်သည့် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုခု လိုအပ်လိမ့်မည် ဖြစ်သည်။

“ဟုတ်တယ်... နင် တိုးတက်လာဖို့ လိုတယ်... ဒါပေမဲ့ နင် ပိုပြီး ထူးချွန်လေလေ ကိုယ့်ကိုယ်ကို ပိုပြီး ဖော်ထုတ်မိလေလေ ပတ်ဝန်းကျင်က နင့်ကို ပိုပြီး သတိထားမိလေလေပဲ... ဒီလောကကြီး ပြိုကျလာတဲ့ အချိန်ကျရင်”

ကောင်းကင် စစ်ဝိညာဉ်က စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်၏။

“ငါက တိုက်ခိုက်နိုင်တဲ့ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ပါ... တစ်ခါတုန်းက ထာဝရ ဧကရာဇ်ဟာ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်... အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ပြီး ပိုမို စိမ်းလန်းတဲ့ စားကျက်ရှိတဲ့ နေရာကို ခရီးနှင်နိုင်ခဲ့တယ်... ဒါပေမဲ့ အဲဒီ လမ်းကြောင်းကို ငါ မလျှောက်ဘူး”

ဝေ့ဝူယင်မှာ ဂိတ်တံခါး အတွင်းသို့ ခြေချလိုက်၏။ ဝင်္ကပါများက စတင်၍ အသက်ဝင်လာကာ အင်ပါယာ အော်ရာမှာ သူ့ အရိုးများ အတွင်း ထွန်းလင်း လာသည်။

“နင့်ရဲ့ လမ်းကြောင်က..”

ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်၏။

"ငါ တစ်ကြိမ် အိမ်ကို ဆုံးရှုံးပြီးပြီ... နောက်တစ်ကြိမ် ထပ်ပြီး ဆုံးရှုံး မခံနိင်ဘူး...”

ဝေ့ဝူယင် သူ့လည်ပင်းရှိ အနန္တ ကုန်းမြေတိုက်ကြီးကို နူးညံ့စွာ ထိတွေ့လိုက်သည်။ အတိတ်၌ ဆွတ်ပျံ့ လွမ်းမောဖွယ် ပုံရိပ်များက သူ့ မျက်ဝန်း အတွင်း စွန်းထင်လာခဲ့၏။

“ဘယ်တော့မှ ဆုံးရှုံးမခံနိုင်တော့ဘူး...”

ဟင်းလင်းပြင် ဂိတ်တံခါးထဲမှ လှမ်းထွက်လိုက်သော အခိုက်၌ နွေးထွေးမှု၊ ရင်းနှီးမှုတို့ ပြည့်နှက်နေသည့် ဖီဆန်ပေါက်စလေး၏ နေရောင်ခြည်က သူ့ မျက်နှာထက်သို့ ကျရောက်လာခဲ့တော့သည်။

***

All Chapters