← Chapters

လူမှုအဖွဲ့အစည်း အသစ်၊ သားရဲတို့၏ ကောင်းကင်

Vol. 99 Ch. 1383

လူမှုအဖွဲ့အစည်း အသစ်၊ သားရဲတို့၏ ကောင်းကင်

Vol. 99 Ch. 1383

“အဖေ... ဒါက နည်းနည်း မများဘူးလား...”

မာ့ဆုကျင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ လတ်တလော နေ့ရက်များ အတွင်း ရွှေရောင် အသက်နန်းတော်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များကို သယ်ယူပို့ဆောင်သူများ၊ လုံခြုံရေး အစောင့်များ အဖြစ် သုံးနေရသည်။ ထို့အပြင်... ဟင်းလင်းပြင် သင်္ဘော ငှားယမ်းခများ၊ မောင်းနှင်ရန် လောင်စာများ အတွက် နေ့စဉ်နေ့တိုင်း သူတို့၏ ကြွယ်ဝ ချမ်းသာမှု များစွာကို အသုံးပြု နေရသည်။ အကယ်၍ ထိုကုန်ကျစရိတ်များကို အချိန်မှီ ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိပါက တရိပ်ရိပ် တက်နေသည့် ရွှေရောင် အသက်နန်းတော်၏ စီးပွားရေးမှာ ပြန်လည် ဦးကျိုးသွားနိုင်ပေသည်။

"..."

မာ့ကျန်းက အဖြေ မပေးချေ။ အကန့်အသတ်မဲ့ကို မောင်းနှင်ရင်း သူ့ မျက်လုံးများက ဝိညာဉ် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေ၏။

မာ့ဆုကျင်း၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာသည်။

“အကန့်အသတ်မဲ့ အတွက် ငှားယမ်းခ တစ်ခုတည်းနဲ့တင် အတော့်ကို နင့်နေပြီ... နောက်ပြီး သယ်ယူ ပို့ဆောင်ရေးက လွဲပြီး ဘာအတွက်မှ မသုံးပါဘူး ဆိုပြီး ဝိညာဉ် ကျိန်ဆိုခဲ့ရသေးတယ်... ဒါတင် မကသေးဘူး... အကန့်အသတ်မဲ့ သိုင်းဂိုဏ်းရဲ့ နယ်မြေနဲ့ ကျန်းကလန် ဓားတစ်လက် နယ်မြေထဲမှာ ရှိတဲ့ လူတွေကိုပါ အလကား ပို့ပေးရသေးတယ်... သမီးစိတ်နဲ့ ဆိုရင်...”

“ကဲပါ... ရပါပြီ...”

မာ့ကျန်းက ဖြတ်၍ ပြောလိုက်၏။ မာ့ဆုကျင်း တစ်ယောက် ဆက်မပြောတော့ပဲ ငြိမ်သက်သွားခဲ့သည်။ မာ့ကျန်းက သမီးဖြစ်သူဘက်ကို လှည့်ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။

“ငါ နင့်ကို စီးပွားရေး လုပ်တဲ့ စည်းမျဉ်းတွေ အကြောင်း သင်ပေးခဲ့တယ်... ဟုတ်တယ်မလား”

“...”

မာ့ဆုကျင်းမှာ အနည်းငယ် အံ့ဩသွားခဲ့၏။ သို့သော်လည်း သူမက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်”

ဖခင် ဖြစ်သူမှာ သူသိထားသမျှ အရာအားလုံးကို သူမထံ ပြန်လည် သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ သူမကို သူ့ အရိုက်အရာအား ဆက်ခံရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်သည်။

မာ့ကျန်းက ရှေ့တည့်တည့်ကို ပြန်ကြည့်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်ပိုင်း အတွင်း ငါတို့ ရခဲ့တဲ့ အကျိုးအမြတ်တွေ အားလုံးကို ပြန်ကြည့်လိုက်... အဲဒါတွေ အားလုံးက အဂ္ဂိရတ် အာဏာရှင်ဝေ့နဲ့ ပတ်သက်နေတာတွေချည်းပဲ... အခု ငါတို့ ပြန်ပြီး ကုန်ကျနေရတာကလည်း သူ့ အတွက်ပဲ... အဝတ်အစားနဲ့ အိမ်တိုင်ကို ချွပ်ပေးရမယ် ဆိုရင်တောင် ငါ လုပ်ဦးမှာ... အဓိက အကျိုးအမြတ်က ပိုက်ဆံ မဟုတ်ဘူး... ဆက်ဆံရေးကောင်း တစ်ခု ဖန်တီးဖို့ပဲ”

“...”

မာ့ဆုကျင်းမှာ ငြိမ်သက်နေ၏။ မာ့ကျန်း တစ်ယောက် သမီးဖြစ်သူကို ကြည့်လိုက်မိသည်။ သူမက မိခင်ကဲ့သို့ လှပ၍ ခေါင်းမာသည်။ သူ့လိုမျိုး ဉာဏ်ပညာ ထက်မြက်ကာ အလုပ်ကြိုးစားသည်။ သူ စိုးရိမ်သည့် တစ်ခုတည်းသော အရာက မာ့ဆုကျင်း အနေဖြင့် ကန့်သတ်ထားသည့် အတွေးအခေါ် တစ်ခု အတွင်း ပိတ်မိသွားမှာကို ဖြစ်ပေသည်။

“သမီး... သမီးနဲ့ ထျန်းရီဝူကြားက ဆက်ဆံရေးကို အဖေ ဘာမှ မပြောလိုဘူး...”

သူက မျက်နှာပြန်လွှဲလိုက်ကာ အကန့်အသတ်မဲ့ လမ်းကြောင်း လွဲမသွားရေးကိုသာ အာရုံစိုက် လိုက်သည်။ မာ့ဆုကျင်း၏ အမူအရာက သိသိသာသာပင် ပြောင်းလဲ သွားခဲ့၏။ သူမ စိတ်လှုပ်ရှားစွာဖြင့် ဖခင်ဖြစ်သူကို ကြည့်လိုက်မိသည်။

မာ့ကျန်းက တည်ငြိမ်စွာပင် ဆက်ပြောလိုက်၏။

“ဒါပေမဲ့ တစ်ခါတစ်လေ ချစ်ခြင်းမေတ္တာက တာဝန်ကို ပျက်ပြားစေတယ်... အဖေ အားလုံး နားလည်တယ်... အဖေရော မချစ်ခဲ့ဖူးဘူးလို့ ထင်နေတာလား... ထျန်းကလန်နဲ့ အာဏာရှင် အင်ပါယာတို့ကြားမှာ စစ်ဖြစ်တော့မယ်လို့ သမီးထင်နေတာ အဖေသိတယ်... မှန်တယ်... ထျန်းရီဝူက သူ့ရဲ့ ရန်သူကို ကူညီရင် ကြိုက်မှာ မဟုတ်ဘူး... အဖေ အကြိမ်ကြိမ် ပြောပြီးသား စည်းမျဉ်း တစ်ခုကိုပဲ ထပ်ပြောမယ်... နန်းတော် အတွက် စီးပွားရေး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ်ပိုင် ခံစားချက်တွေကို ထည့်မတွက်နဲ့”

“...”

မာ့ဆုကျင်း တစ်ယောက် တိတ်တဆိတ် ခေါင်းငုံ့လိုက်မိသည်။ ထို့နောက် သူမက မဝံ့မရဲ အသံဖြင့် မေးလိုက်သည်။

“အဖေ... တကယ်လို့ သူတို့ စစ်ဖြစ်ရင် သမီးတို့က အာရုဏ်ဦး ကြယ်တာရာ နယ်မြေဘက်က ဝင်တိုက်မှာလား”

"ဟင့်အင်း... ရွှေရောင် အသက်နန်းတော်မှာ ရန်သူ မရှိဘူး... မိတ်ဆွေပဲ ရှိတယ်... အဲဒါက ငါတို့ ရွှေရောင် အသက်နန်းတော်ကို စပြီး တည်ထောင်တည်းက တည်မြဲလာခဲ့တဲ့ စည်းမျဉ်းပဲ... နတ်ဘုရားတွေတောင် မပြောင်းလဲနိုင်ဘူး”

မာ့ကျန်းက ပြုံးရင်း သမီးဖြစ်သူကို ကြည့်လိုက်၏။ မာ့ဆုကျင်းက ခေါင်းမော့ကြည့်လိုက်ရာ လူအိုကြီး၏ နွေးထွေးသည့် အပြုံးကို မြင်လိုက်ရသည်။ စိတ်သက်သာရာရသည့် ခံစားချက်က သူမ နှလုံးသား အတွင်း ပျံ့နှံ့လာ၏။ ထျန်းရီဝူနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် ဆိုသည့် ဖြစ်နိုင်ချေက တစ်ချိန်လုံး သူမ၏ စိတ်ကို တစ္ဆေ တစ်ကောင်လိုမျိုး ခြောက်လှန့် နေခဲ့ခြင်း ဖြစ်သည်။

မာ့ကျန်း ရှေ့ကို လှမ်းမျှော်ကြည့်လိုက်၏။ ထွန်းလင်းစွာ တောက်ပနေသည့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို သူ လှမ်းကာ မြင်တွေ့နေရပေသည်။ ရွှေရောင် အသက်နန်းတော်မှာ သူ့ စည်းမျဉ်း အတိုင်း ဆက်လက် ရပ်တည်လိမ့်မည် ဖြစ်သည့်တိုင် ထိုအရာက သူ ဝင်မပါဟုတော့ မဆိုလိုပါချေ။ မှန်ပေသည်။ စီးပွားရေး သမား တစ်ယောက် အနေဖြင့် ကြားနေခြင်းက အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်ပေသည်။ သို့သော်လည်း... ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဆိုခဲ့လျှင်တော့ သူ ဝေ့ဝူယင်ဘက်မှ မားမားမတ်မတ် ရပ်တည်မည် ဖြစ်သည်။

လမ်းစဉ်ကိုးခု မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် ပိုမို ကြီးကျယ်သည့် ကျင့်ကြံခြင်း အခြေခံကို သူ မည်ကဲ့သို့ မလိုချင်ပဲ နေပါမည်နည်း။ သူ့ထံတွင် ရွှေရောင် အသက်နန်းတော်ကို အလွှာ အပြင်က လောကထံ ယူဆောင် သွားလိုသည့် ဆန္ဒတစ်ခု ရှိပေသည်။ ထိုကဲ့သို့ ပြုလုပ်ရန် အတွက် ခွန်အားကို လိုအပ်သည်။ မာ့ကျန်း၏ ရည်ရွယ်ချက်များမှာ ဝေ့ဝူယင်ထက် နိမ့်ပါးခြင်း မရှိပါချေ။

တစ်နေ့တစ်ချိန် အလွှာအပြင်က စီးပွားရေး လောကကို လွှမ်းမိုးရန် သူ့ထံတွင် ရည်ရွယ်ချက် တစ်စုံ ရှိနေပေသည်။

...

အရုဏ်ဦး ဖီဆန် နေကြယ် တစ်ဖြစ်လည်း ဖီဆန်ကလေးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံကာ ကြွယ်ဝသည့် နေရောင်ခြည် အလင်းဓာတ်များကို ထုတ်လွှတ် နေခဲ့၏။ လမ်းမများထက်၌ ဖြစ်စေ၊ သစ်တောများထဲတွင် ဖြစ်စေ၊ ပူပြင်းသော သဲကန္တာရများနှင့် ကောင်းကင်ကို ထိအောင် မြင့်မားလှသည့် တောင်ထွတ်များထက်၌ ဖြစ်စေ များလှစွာသော ကျင့်ကြံသူများမှာ ၎င်းတို့နှင့် သက်ဆိုင်ရာ ကြယ်တာရာနှင့် လျှို့ဝှက် အမတေ စွမ်းအင်များကို စုပ်ယူ နေကြလေသည်။

ငြိမ်းချမ်းခြင်း ဆိုသည့် စစ်မှန်သော ချမ်းသာမှုက အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံ သိမ်းပိုက်ထားသည်။ စတင် တည်ထောင်ခြင်း၏ အစောပိုင်း နေ့ရက်များ ဖြစ်လေရာ အင်အားစုများ အကြားတွင် ပဋိပက္ခဟူ၍ မရှိသလောက် ဖြစ်သည်။ ရင်းမြစ်များနှင့် နယ်မြေ ပိုင်ဆိုင်လိုမှုများ အတွက် အငြင်းပွားမှုများ မရှိခြင်းကလည်း ငြိမ်းချမ်းရေး၏ အကြောင်းတရား တစ်ရပ် ဖြစ်ပေလိမ့်မည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ပြန့်ကျဲနေသည့် ဂြိုဟ်ကြီး လေးဆယ့်ကိုးလုံးနှင့် လဂြိုဟ် ရှစ်ဆယ့် တစ်လုံးတို့ အကြားတွင် စည်းစိမ်သစ်ဟု နာမည်ပေးထားသည့် ဂြိုဟ်တစ်လုံးလည်း ပါဝင်ပေသည်။ ၎င်းမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေအတွင်း ရွှေရောင် အသက်နန်းတော်၏ အခြေစိုက် စခန်း အသစ် ဖြစ်ပေသည်။

စည်းစိမ်သစ်မှာ ဂြိုဟ်အသစ် တစ်လုံး မဟုတ်ပါချေ။ ရွှေရောင် အသက်နန်းတော် အကြွေးဖြင့် သိမ်းကာ နာမည်ပြောင်း ထားသည့် ဂြိုဟ်ဟောင်း တစ်ခု ဖြစ်ပေသည်။ လက်ရှိ စည်းစိမ်သစ်ထက်တွင် မှီတင်း နေထိုင်ကြသည့် လူဦးရေ အများစုမှာ နဂါးများ၊ ကျီးကန်းများ၊ ကျားမျာ၊ မြွေများ အစရှိသဖြင့် သားရဲများ ဖြစ်ကြသည်။ သူတို့က အရေအတွက် အများဆုံး သားရဲများ မဟုတ်ကြသော်လည်း ဂြိုဟ်ထက်၌ အစွမ်း အထက်ဆုံး သားရဲများဟု ဆိုရပေမည်။

စည်းစိမ်သစ်ထက်၌ တည်ဆောက်ထားသည့် မြို့ကြီးများလည်း ရှိပေသည်။ ဉာဏ်ရည် မြင့်မားသည့် သားရဲများမှာ မကြာခဏ ဆိုသလို ထိုမြို့ကြီးများထဲသို့ ဝင်ရောက်ကာ လူသားများ၊ ရှို့ရန်များနှင့် အယ်ဗန်များထံမှ သားရဲများ အတွက် အထူးပြုလုပ်ထားသည့် ထုတ်ကုန်များ၊ ရင်းမြစ်များကို ဝယ်ယူကြသည်။

အပြန်အလှန် အနေဖြင့် သူတို့က ရှားပါးသည့် ဆေးဖက်ဝင် အပင်များ၊ ဝန်ဆောင်မှုများကို ကမ်လှမ်း ကြသည်။ ထို့အပြင် အလွန် အဖိုးတန်သည့် သွေးလဲလှယ်မှုကိုလည်း လုပ်ဆောင်နိုင်ပေသည်။ သွေးလဲလှယ်မှု ဆိုသည်မှာ သားရဲများဖက်မှ သူတို့၏ သွေးအမတေများဖြင့် ကမ်းလှမ်းခြင်း ဖြစ်သည်။ သားရဲများ၏ သွေးအမတေများမှာ အလွန်တရာပင် အဖိုးတန်လှကာ တစ်ချို့သော နည်းစနစ်များ ကျင့်ကြံရာတွင် မရှိမဖြစ် လိုအပ်သည်။

တစ်ခါတုန်းက ဝေ့ဝူယင်သည်လည်း အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းကို ကျင့်ကြံရန် နဂါးသွေးအမတေကို သုံးခဲ့ရသေးသည်။ နိဗာန မီးတောက်ကို ကျင့်ကြံရာတွင်လည်း ပိုင်လင်၏ အမတေ သွေးစက်က သူ့ကို အများကြီး အထောက်အပံ့ပေးခဲ့ပေသည်။ ကံကောင်းထောက်မတာ တစ်ခုက အမတေ သွေးစက်များကို အလွန်အကျွံ မထုတ်ယူသရွေ့ သားရဲများ အတွက် အန္တရာယ် မဖြစ်နိုင်ခြင်း ဖြစ်ပေသည်။

စည်းစိမ်သစ်ထက်ရှိ မြို့ကြီးများထဲမှ တစ်ခုအတွင်းတွင် ဝေ့ဝူယင်မှာ ရထားလုံး တစ်ခုထက်၌ ထိုင်ရင်း မြို့ကို လှည့်ပတ် နေခဲ့၏။ ထိုရထားလုံးကို ဆွဲနေသူက အစိမ်းနှင့် အညိုကြား ကျားကြီး တစ်ကောင် ဖြစ်သည်။ ထိုဝန်ဆောင်မှု အတွက် ဝေ့ဝူယင်မှာ ကျားကြီးကို တန်ကြေးတစ်ချို့ ပေးချေရမည် ဖြစ်သည်။

မြို့တော်၏ လမ်းမများထက်၌ လူသားများ၊ သားရဲများနှင့် ရှို့ရန်များ အပါအဝင် အမျိုးမျိုးသော မျိုးနွယ်များမှာ လွတ်လပ်စွာပင် သွားလာနေကြသည်။ ကောင်းကင်ထက်တွင်လည်း အတောင်ပံပါ သားရဲများမှာ ပျံသန်း နေကြ၏။ ပစ္စည်းချင်း ဖလှယ်ခြင်း၊ လည်ပတ်ခြင်းနှင့် ကုန်သွယ်ခြင်းတို့မှာ နေရာတိုင်းတွင် ငြိမ်းချမ်းစွာ ဖြစ်ပွား နေခဲ့သည်။

"..."

ရုတ်တရက် ပေပေါင်း ငါးဆယ်လောက် အလျား ရှိသည့် ဧရာမ စပါးအုံး မြွေကြီး တစ်ကောင်ကို ဝေ့ဝူယင် သတိထားမိသွားခဲ့သည်။ ၎င်းက ကျောထက်တွင် အလွန် ကြီးမားသည့် ခြင်းတောင်းကြီး တစ်ခုကို ကြိုးနှင့်သိုင်းကာ လွယ်လာခဲ့၏။ ထိုခြင်းတောင်းကြီး အတွင်းတွင်တော့ သွေးရနံ့ လွှမ်းနေသည့် အမျိုးမျိုးသော အပင်များ ပါဝင်လာသည်။ အကယ်၍ သေချာ အနံ့ခံကြည့်မည် ဆိုပါက မြွေတစ်ကောင်၏ သွေးရနံ့ ဖြစ်ကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။ အဆိုပါ အပင်များမှာ မြွေသွေးကို ရေသဖွယ် သောက်သုံးကာ ကြီးပြင်းလာကြောင်း ထင်ရှားပေသည်။

“နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပေါ့... ကြည့်ရတာ အချိန် တော်တော်ယူလိုက်ရတယ် ထင်တယ်”

အညိုရောင် အသားအရေနှင့် အယ်ဗန်မျိုးနွယ်ဝင် ဈေးဆိုင်ပိုင်ရှင်က စပါးအုံးမြွေကြီးကို ကြိုဆိုလိုက်၏။ မြွေကြီးက သူ၏ လျှာနှစ်ခွကို တစ်လစ်တစ်လစ် လုပ်ရင်း တစ်စုံတစ်ရာကို ရှင်းပြနေဟန် ရ၏။ သူတို့ နှစ်ယောက်မှာ ထူးခြားသည့် ဝိညာဉ် အစီအရင် တစ်ခုကို သုံးကာ ဆက်သွယ်နေခြင်း ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ ဈေးဆိုင်ပိုင်ရှင်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

သူက ခြင်းတောင်းထဲကို လှမ်းကြည့်လိုက်သည်။

“ခင်ဗျား အများကြီး ယူလာခဲ့တာပဲ... အရည်အသွေးလည်း မြင့်တယ်... ကြည့်ရတာ အဆင့်ရှစ် ကြီးထွားရေး ဆေးလုံးကို ခင်ဗျား တကယ် လိုချင်နေတာပဲ”

ဝေ့ဝူယင် သူ့အာရုံကို အခြား တစ်ဖက်သို့ ပြောင်းလိုက်သည်။ ထိုအခါ စားသောက်ဆိုင် တစ်ခုထဲတွင် ကျားတစ်စု ဝိုင်းဖွဲ့ကာ ငါးဟင်းလျာများအား စားသောက်နေသည်ကို တွေ့ရသည်။ သူတို့က မိသားစု တစ်ခု ဖြစ်ပုံ ရကာ ဖခင်၊ မိခင်နှင့် ကလေးလေးယောက်ဟု ခန့်မှန်းရသည်။ ငါးဟင်းလျာများကို အမွေးအကြိုင် စုံလင်စွာဖြင့် ချက်ပြုတ်ထား၏။ အနံ့ဖြင့်ပင် ထိပ်တန်း စားဖိုမှူး တစ်ယောက်၏ လက်ရာဖြစ်ကြောင်း ထင်ရှားလှသည်။ မိခင်ဖြစ်သူက ကလေးများ အားလုံး ညီတူညီမျှ ဖြစ်အောင် ခွဲဝေထည့်ပေး နေခဲ့၏။

ထိုကဲ့သို့ မြင်ကွင်းများမှာ မြို့တော်၏ နေရာ အနှံ့၍ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ လူများသာ ထိုမြင်ကွင်းများကို မြင်တွေ့ခွင့်ရပါက သားရဲတို့၏ ကောင်းကင် တစ်ခုဟု ကျိန်းသေပင် ယူဆသွားကြလိမ့်မည် ဖြစ်ပေသည်။

ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ထိုအရာက ကမ္ဘာလောကကြီး ဖြစ်သင့်သည့် ပုံစံ ဖြစ်သည်။ မျိုးနွယ်ပေါင်းစုံမှာ အတူတကွ နေထိုင်သင့်သည်။ တန်းတူညီမျှသော အခွင့်အရေးကို ရရှိသင့်သည်။ ၎င်းက သူ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို ဖန်တီးထားသည့် စံနှုန်းပင် ဖြစ်လေသည်။

တစ်နေ့တွင် ထိုစပါးအုံး မြေကြီးမှာ ကမ္ဘာဦး သားရဲ အဖြစ် ကြီးထွားလာလိမ့်မည် ဖြစ်သည်။ သူက ကြယ်များ အကြားတွင် ခရီးနှင်ရင်း သူ့မျိုးနွယ်၏ ထိပ်သီး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ရထားလုံးကို ဆွဲနေသည့် ကျားရဲမှာလည်း တစ်နေ့တစ်ချိန်တွင် နေကြယ် တစ်စင်းလောက် ကြီးထွားလာပေလိမ့်မည်။ သူက ဂြိုဟ်တစ်ခုကို ကျောထက်၌ လွယ်ကာ သန်းထောင်နှင့်ချီသည့် ခရီးသည်များကို ပို့ဆောင်ပေးလိမ့်မည်။

***

All Chapters