← Chapters

တာဝန် ပေးအပ်ခြင်း

Vol. 99 Ch. 1384

တာဝန် ပေးအပ်ခြင်း

Vol. 99 Ch. 1384

ပျော်ရွှင်ဖွယ် ခရီးတစ်ခု၏ အဆုံးသတ်တွင် ဝေ့ဝူယင်မှာ နှစ်ထပ် အဆောင် တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ အဆောက်အအုံကြီးထဲ၌ သီးသန့်ခန်းမများစွာ ရှိနေကာ ၎င်းတို့မှာ ကျင့်ကြံခြင်း အတွက် သင့်တော်သည့် နယ်မြေများ ဖြစ်ကြပေသည်။

ဝေ့ဝူယင် ရထားလုံးထဲမှ ထွက်ကာ ဝန်ဆောင်မှု အတွက် သွေးကျောက်တုံး တစ်ချို့ ပေးချေလိုက်၏။ သွေးကျောက်တုံးများမှာ ဤနေရာတွင် အသုံးပြုသည့် ငွေကြေးများပင် ဖြစ်ကာ မည်သည့် သားရဲကို မဆို ခွန်အား တိုးမြင့်လာအောင် ကူညီပေးနိုင်စွမ်း ရှိသည်။ ၎င်းတို့မှာ လူတစ်ပိုင်း သားရဲတစ်ပိုင်း သက်ရှိများ အတွက်လည်း အသုံးဝင်ပေသည်။

သားရဲများနှင့် လူသားများ အကြားတွင် အသုံးပြုနေသည့် နောက်ထပ် ငွေကြေးတစ်မျိုးကတော့ သားရဲ ဆေးလုံးပင် ဖြစ်သည်။ ၎င်းမှာ ချီအမတေ ဆေးလုံးနှင့် သဘောတရားချင်း ဆင်တူကာ အဆင့်တစ်မှ ကိုးအထိ အဆင့်များ ခွဲခြားထားသည်။ သို့သော်လည်း ၎င်းတို့မှာ လူသား ကျင့်ကြံသူများ အတွက် အသုံးမဝင်လှပဲ သားရဲများ၊ ရှို့ရန်များနှင့် သားရဲ သွေးမျိုးဆက် ကျင့်စဉ် ကျင့်ကြံသူများ အတွက်သာ အသုံးဝင်ပေသည်။

အဆောက်အဦ အတွင်း လှမ်းဝင်လိုက်ပြီးနောက် ဝေ့ဝူယင်မှာ အခန်းတစ်ခုရှေ့သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအခန်း တံခါးဝ၌ အတွင်းပိုင်းနှင့် ဆက်သွယ်နိုင်ရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေး ကျောက်စိမ်း တစ်ခု ရှိနေပေသည်။

ဝေ့ဝူယင် ကျောက်စိမ်းနားသို့ ကပ်ကာ သတင်းစကားကို ပေးပို့လိုက်၏။

“ငါ့မှာ မင်းအတွက် တာဝန် တစ်ခု ပါလာတယ်...”

"..."

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အခန်း တံခါးဝမှာ ပွင့်ဟလာခဲ့၏။ ထို့နောက် နတ်ဆိုး အပြုံးကို ဆင်မြန်းထားသည့် ချောမောသော လူရွယ် တစ်ယောက် လှမ်းလျှောက်ကာ ထွက်လာခဲ့သည်။ သူက ဝေ့ဝူယင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။

“ကျုပ် စောင့်နေတာ ကြာပြီ ...”

ယွင်ချွဲ...။

သူက မိစ္ဆာ ကောင်းချီးခံမှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။ ဝေ့ဝူယင်က တည်ငြိမ်စွာပင် ယွင်ချွဲကို မျက်နှာချင်း ဆိုင်လိုက်၏။

အဆိုပါ မိစ္ဆာ ကောင်းချီးခံမှာ ယခင်ကလို ကျင့်ကြံခြင်း အခြေ မခိုင်မာသေးသည့် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် မဟုတ်တော့ချေ။ သူ့ အော်ရာက ပြင်းထန်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေကာ သာမန် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ထက်ပင် အဆပေါင်းများစွာ သာလွန်လှသည်။ သူက လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုနီးပါးခန့် အတွင်း များစွာ တိုးတက်လာခဲ့ကြောင်း သံသယ ရှိစရာ မလိုပါချေ။

“...”

ဝေ့ဝူယင်က ယွင်ချွဲ၏ စကားနှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးချေ။ အာကာသ လက်စွပ် တစ်ကွင်းနှင့် ဝိညာဉ် ကျောက်စိမ်းတစ်ခုကိုသာ ထုတ်ပေးလိုက်၏။

“တစ်နာရီ အတွင်း ထွက်ခွာဖို့ အဆင်သင့် ပြင်ထားပါ”

သူက တည်ငြိမ်စွာပင် အမိန့်ပေးလိုက်၏။

"..."

ယွင်ချွဲက လက်စွပ်နှင့် ကျောက်စိမ်းကို ကြည့်လိုက်၏။ သူ့ မျက်လုံးများက ရှုပ်ထွေးသည့် အလင်း တစ်ချို့နှင့် ပြည့်နှက် သွားခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုနီးပါးခန့်က သူထံမှ ဓားပြတိုက်ခဲ့သည့် မိန်းမ တစ်ယောက် နောက်ကို လိုက်ရင်း ဂြိုဟ်တစ်ခုလုံး နီးပါးကို သူ ဖျက်ဆီးခဲ့မိသည်။

လောဘအလိုဆန္ဒနှင့် အတူ ရှောင်ပင်းနောက်ကို လိုက်ရင်း မြေကြီး ရှန့်ထို တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ လူသားတစ်ပိုင်း နဂါးတစ်ပိုင်း အကြေးခွံပါ သတ္တဝါထံတွင် ကောင်းကင် လောက အမြုတေ၊ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားနှင့် မျက်နှာ တစ်ထောင် မျက်နှာဖုံးကို ဆုံးရှုံးခဲ့ရသည်။ ထိုနေ့မှာ သူ့ဘဝ အတွက် အဆိုးဆုံးနေ့ ဖြစ်လိမ့်မည်ဟု သူ တွေးတောခဲ့မိသည်။

သို့သော်... အကောင်းဆုံးနေ့လည်း ဖြစ်နေပြန်သည်။

သူ့ဘဝ တစ်လျှောက်လုံး ရင်းမြစ်များ၊ ရတနာများ အတွက် တိုက်ခိုက်ခဲ့ရသည်။ သေခြင်း၊ ရှင်ခြင်း နယ်နိမိတ်မျဉ်းပေါ်တွင် တစ်ချိန်လုံး ရုန်းကန်ခဲ့ရသည်။ တစ်ခါတစ်လေ အသက်သေတော့မလိုပင် ဖြစ်ခဲ့သည်။ သို့သော်လည်း သူ့ဘဝ အတွင်း‌ ဝေ့ဝူယင် ဝင်ရောက်လာခဲ့သည့် နေ့က စလို့ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ကို နောက်ခံ အဖြစ် ပိုင်ဆိုင်ထားခြင်းမှာ မည်မျှ အရေးပါကြောင်း သူ နားလည် လာခဲ့သည်။

ဝေ့ဝူယင်မှာ မယုံကြည်နိုင်လောက်အောင် ကြွယ်ဝ ချမ်းသာလွန်းသည်။ ထိုလူငယ်ထံတွင် သူ မရရှိနိုင်သည့် ရင်းမြစ် ဟူ၍ မရှိချေ။ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကိုပင် သူ ရရှိနိုင်ပေသည်။ ယွင်ချွဲ၏ ဘဝ တစ်လျှောက် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် သုံးခုကိုသာ တွေ့ခဲ့ဖူးသည်။ ၎င်းတို့ အားလုံးမှာ အဆင့်နိမ့် အရည်အသွေးများ ဖြစ်ကြသည်။

သို့သော်လည်း ထိုအရာက ‘တွေ့မြင်ဖူးခြင်း’ ကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ထိုအထဲမှ တစ်ခုတည်းကိုသာ သူ သန့်စင်နိုင်ခဲ့ပေသည်။ ထိုလျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်မှာ သူ့ကို လမ်းစဉ် ကိုးခုဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချနိုင်ရန် ကူညီပေးခဲ့သည်။

သို့သော်လည်း... ဝေ့ဝူယင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီးသည့် အချိန်က စလို့ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် ရှစ်ခုကို ရရှိခဲ့သည်။ ထူးခြားသည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသည့် အဆင့်ရှစ်နှင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များမှာလည်း သူ့ကိုပင် တုန်လှုပ်စေခဲ့သည်။ ထိုအထဲမှ တစ်ချို့သော ဆေးတောင့်များမှာ သူ့ သေမျိုး အဆင့်ကို ‘မူလအဆင့်’ ထိ ရောက်အောင် မြှင့်တင်ပေးခဲ့သည်။ ထိုအချိန်က စလို့ အဂ္ဂိရတ် လမ်းစဉ် အပေါ် သူ့ အမြင်များမှာ အကြီးအကျယ်ပင် ပြောင်းလဲ လာခဲ့တော့သည်။

မူလ အဆင့်ကို ရောက်ရှိပြီး နောက်တွင် ယွင်ချွဲမှာ ခုနစ်ရက်၊ ခုနစ်ည တိတိ ဗလာဟင်းလင်း နံရံကို ငေးကြည့်ကာ တွေးတော ခဲ့မိသည်။ ရေတွင်းထဲက ဖားဆိုသည့် စကားပုံကို ပြန်လည် မြင်ယောင် လာခဲ့မိသည်။ လွန်ခဲ့သည့် နှစ်များစွာ အတွင်း၌ ဒဏ္ဍာရီထဲမှ မူလ အဆင့်ကို ကျင့်ကြံရန် အတွက် သူ ကောင်းကင် လောက အမြုတေများကို ခိုးယူခဲ့ရသည်။ အသက်နှင့်ရင်းကာ တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း ယခုအခါတွင်တော့ အဂ္ဂိရတ် တာအိုနှင့် ဆိုပါက ဘာမဆို ဖြစ်နိုင်ကြောင်း သူ နားလည်ခဲ့ပြီ ဖြစ်သည်။

ကံမကောင်းတာ တစ်ခုက သူ ရင်းမြစ်များကို အကန့်အသတ်နှင့်သာ ရရှိနိုင်ခြင်း ဖြစ်သည်။ သူ့အနေဖြင့် သေမျိုး အထက်ဆင့် ရင်းမြစ်များကို ရရှိရန် အတွက် ဝေ့ဝူယင် ပေးအပ်သည့် “တာဝန်” များကို ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်သည်။ တာဝန်တစ်ခု အောင်မြင်သည်နှင့် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု သို့မဟုတ် နှစ်ခုလောက် ရရှိသည်။ အဖိုးတန် သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန် များစွာလည်း အရံဟင်း အဖြစ် ပါဝင်ပေသည်။

သို့သော်လည်း လွန်ခဲ့သည့် လေးနှစ်ကျော်ခန့် အတွင်း သူ မည်သည့် တာဝန်ကိုမှ လက်ခံ ရရှိခဲ့ခြင်း မရှိပါချေ။ ၎င်းက သူ့ အကျိုးအမြတ်များကို လျော့နည်းစေသည်။ ယွင်ချွဲမှာ မူလကပင် လောဘကြီးသည့် ဗီဇကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မည်မျှပင် ကြီးမားသည့် တာဝန် ဖြစ်စေ ရင်းမြစ် အတွက်ဆိုလျှင် မိစ္ဆာတစ်ကောင်လို သူ တိုက်ခိုက်နိုင်သည်။ ထိုစိတ်ဓာတ်ကပင် သူ့ကို လက်ရှိ ကျင့်ကြံခြင်း အဆင့်ထိ ရောက်စေခဲ့ခြင်း ဖြစ်သည်။

“ဆုလာဒ်ကရော...”

ယွင်ချွဲ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း မေးလိုက်၏။ သူ့ မျက်လုံးများက လောဘ အလင်းရောင်များဖြင့် တလက်လက် တောက်ပနေသည်။

ဝေ့ဝူယင်က အေးဆေးစွာပင် ပြုံးလိုက်၏။

“မင်းရဲ့ လက်စွပ်ထဲမှာ မျက်နှာတစ်ထောင် မျက်နှာဖုံး မိတ္တူပါတယ်... ဒီတာဝန်မှာ အဲဒါကို လိုအပ်လိမ့်မယ်... ဆုလာဒ်ကတော့ မင်း ဘယ်လောက် လုပ်နိုင်လဲ ဆိုတဲ့ အပေါ် မူတည်တယ်”

ယွင်ချွဲ တစ်ယောက် အံ့ဩသွားကာ မျက်ခုံးကို ပင့်တင် လိုက်မိ၏။ မျက်နှာတစ်ကောင် မျက်နှာဖုံး မိတ္တူ... မည်ကဲ့သို့နည်း။ သို့သော်လည်း သူ မေးခွန်း မမေးနိုင်ခင်မှာပင် ဝေ့ဝူယင်က ထပ်မံ၍ ပြောလိုက်သည်။

“အဲဒီမိတ္တူကို ငါ နည်းနည်း ပြင်ထားတယ်... အထဲမှာ ထပ်ဆောင်း လုပ်ဆောင်ချက်တွေ ပါလိမ့်မယ်... မင်း အတွက် လိုအပ်တဲ့ အချက်အလက်တွေ အားလုံး ဝိညာဉ် ကျောက်စိမ်းထဲမှာ ပါတယ်... လိုအပ်တဲ့ ပြင်ဆင်မှုတွေ အားလုံးကို သေချာ လုပ်ပါ... တာဝန်အတွက် လိုအပ်မယ် ထင်တဲ့ အဆောင်၊ လက်နက်နဲ့ ထုတ်ကုန်တွေ အားလုံးကို ဆက်သွယ်ရေး ကွန်ယက်ကနေပဲ သတင်းပို့လိုက်...”

ယွင်ချွဲ အနည်းငယ် အံ့ဩသွားခဲ့၏။ ဝေ့ဝူယင်မှာ သူ့ကို တစ်ခါမှ ထိုမျှလောက် စကားများများ မပြောခဲ့ဖူးချေ။ ကြည့်ရသည်က သည်တစ်ခေါက် တာဝန်မှာ အတော်လေး ကြီးမားပုံ ရသည်။ သူ့ မျက်လုံးများမှာ ပိုမို၍ တောက်ပ သွားခဲ့၏။ တာဝန် ပိုကြီးလေ ဆုလာဒ်က ပိုများလေ ဖြစ်သည်။ ဝေ့ဝူယင်၏ ပေးချေမှုများမှာ အစစ်အမှန် မွေးဖွားခြင်းထက်ပင် အဆပေါင်းများစွာ သာလွန်သည်။ သူ နောက်ထပ် မေးခွန်းများ မမေးတော့ချေ။ ဝိညာဉ် ကျောက်စိမ်း အတွင်း ဝိညာဉ် အာရုံကို ပို့လွှတ်ကာ အတွင်းရှိ အချက်အလက်များကိုသာ စစ်ဆေးလိုက်လေ၏။

“ထုံးစံအတိုင်း တာဝန် မထမ်းဆောင်ခင် လျှို့ဝှက် ကျိန်စာ ကျိန်ရမယ်... ညှိနှိုင်းဖို့ လမ်းဖွင့် မထားဘူး”

ဝေ့ဝူယင်က ဆိုလိုက်၏။ ယွင်ချွဲ ခေါင်းညိတ်လိုက်သည်။ ဝေ့ဝူယင်ထံတွင် တာဝန်တစ်ခု ထမ်းဆောင်သည့် အချိန်တိုင်း သူ လျှို့ဝှက် ကျိန်စာ တစ်ခုကို ကျိန်ဆိုဖို့ လိုအပ်သည်။ ထိုအရာက ထုံးစံ ဖြစ်ပေသည်။

ယွင်ချွဲ ဝိညာဉ် ကျောက်စိမ်း အတွင်းရှိ အချက်အလက်များကို ဆက်လက် ဖတ်နေလိုက်၏။ သူ ခေါင်းကို ပြန်လည် မော့လိုက်သော အချိန်၌ ဝေ့ဝူယင်မှာ ကျောခိုင်းကာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။

ဟိုးယခင် အချိန်များတုန်းက ဆိုလျှင်... သူ ထိုအခွင့်အရေးကို အမိအရ ယူကာ ဝေ့ဝူယင်ကို သတ်ဖြတ်၍ ဓားနှင့် မျက်နှာဖုံးကို ပြန်လည် ရယူဖို့ ကြိုးစားမိလိမ့်မည် ဖြစ်သည်။ ယွင်ချွဲ စိတ်ထဲမှ ရယ်မောလိုက်၏။ ယခု ဝေ့ဝူယင် နံဘေးတွင် ပိုမို ကောင်းမွန်သည့် ကျင့်ကြံခြင်း လမ်းကြောင်း တစ်ခုကို သူ ရှာဖွေ တွေ့ရှိနေခဲ့ပြီ ဖြစ်လေသည်။

ဝိညာဉ် ကျောက်စိမ်း အတွင်ရှိ အချက်အလက်များကို နောက်တစ်ကြိမ် စစ်ဆေးရင်း သူ အသက်ကို သက်ပြင်းပြင်း ရှူသွင်း လိုက်မိ၏။ ထို့နောက် နောက်ပြန်လှည့်ကာ အခန်း အတွင်း ပြန်လည် ဝင်လာခဲ့သည်။ သူ့ နှုတ်ခမ်းထက်တွင်တော့ မိစ္ဆာဆန်သည့် အပြုံးတစ်ခုက ဖြည်းညင်းစွာ ပေါ်လာခဲ့လေ၏။

“သက်တံ့လောက ကြယ်တာရာ နယ်မြေ... ဟဟ... စိတ်ဝင်စားစရာတော့ ကောင်းသားပဲ”

***

All Chapters