← Chapters

ကျူးကျော်သူ

Vol. 99 Ch. 1385

ကျူးကျော်သူ

Vol. 99 Ch. 1385

နှစ်ရက် ကြာမြင့်ပြီးနောက်...

ဝေ့ဝူယင်မှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ တည်နေရာ များစွာကို သွားရောက် လည်ပတ်ခဲ့ပြီး ဖြစ်ပေသည်။ ထိုအထဲ၌ ကြယ်တာရာ နယ်မြေ မျက်နှာပြင် အောက်ခြေ၊ နယ်မြေ ကွင်းပြင် အတွင်းရှိ လျှို့ဝှက် နယ်မြေများ၊ လောက နယ်မြေများလည်း အပါအဝင်ပင် ဖြစ်လေသည်။ လူသစ် စုဆောင်းရေး အားထုတ်မှုမှ တစ်ဆင့် ရရှိထားခဲ့သည့် ကောင်းချီးခံ တစ်ချို့ကိုပါ တွေ့ဆုံခဲ့ရလေရာ ၎င်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည့် ခရီးတစ်ခု ဖြစ်ခဲ့ပေသည်။

ကျင့်ကြံခြင်း အဆင့် အမျိုးမျိုး ကွဲပြားကြသည့်တိုင် သူတို့ တစ်ယောက်ချင်းစီမှာ သဘာဝ တရားမှ ပေးအပ် ချီးမြှင့်ထားသည့် ပါရမီများ၊ လက်ဆောင်များကို ရရှိထားကြသူများ ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည့် အရာက သူတို့ထဲမှ အများစုမှာ ရုပ်ခန္ဓာ၊ သွေးကြော စသည့် လမ်းစဉ်များတွင်... အနည်းဆုံး အရှင်သခင် အဆင့် ပါရမီများကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

ဝေ့ဝူယင်မှာ တောင်ကုန်း တစ်ခုထက်ရှိ သစ်တောအုပ် တစ်ခုထဲတွင် ထိုင်နေခဲ့ကာ သူ၏ ငွေရောင် မျက်ဝန်းများက ပတ်ဝန်းကျင်ရှိ လှပသော သစ်ပင် ပန်းမန်များ၊ သားရဲ တိရစ္ဆာန်များကို ငေးမော နေခဲ့သည်။

‘ကောင်းကင်တာအိုက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ ရှေးဟောင်း တိုက်တန် လူမျိုးစု အကြွင်းအကျန်တွေကို ဖော်ထုတ်ဖို့ အလျင်စလို လုပ်နေတာလား...’

သူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ လတ်တလော၌ သူ ထိုဖြစ်ရပ်ကို အထူး သတိပြု နေမိခဲ့သည်။ တစ်ခါတုန်းက မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို မဟာ စက်ဝန်း တိုက်တန် အင်ပါယာဟု ခေါ်သည့် လောကရှန့်ထို တစ်ပါးက အုပ်စိုးခဲ့ဖူးသည်။ သူ၏ ပါရမီနှင့် ဂုဏ်သတင်းတို့က အလွန်ပင် ကျော်ကြားကာ ပတ်ဝန်းကျင် ကြယ်ကွင်းပြင်များရှိ ကျင့်ကြံသူများပင် လိုက်မမှီခဲ့ချေ။

ဝေ့ဝူယင်တို့၏ နဂါးငွေ့တန်း ကြယ်ကွင်းပြင်ကတော့ နာမည် အတိုင်းပင် နဂါးတို့ မှီတင်း နေထိုင်ရာ ဌာနေ တစ်ခု ဖြစ်ခဲ့သည်။ အခြား သားရဲများ ရှိသော်လည်း နဂါးတို့ကသာ အများဆုံး ဖြစ်ပေသည်။ ၎င်းက ကျင့်ကြံဖို့ အတွက်ပင် မသင့်တော်ပါချေ။ အာဏာရှင် အင်ပါယာ သုံးဦးက ချိပ်ပိတ် နယ်မြေကို ဖန်တီးပြီးသည့် အခါမှသာ လူသားများမှာ အဆိုပါ နယ်မြေကို ဝင်ရောက် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အနားရှိ အခြားသော ကြယ်ကွင်းများမှာလည်း အလားတူ အခြေအနေများကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့ကြောင့်... ယခု ချိပ်ပိတ်နယ်မြေ တည်နေရာ တစ်ဝိုက်တွင် မဟာ စက်ဝိုင်း ကြယ်ကွင်းပြင်မှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုပါက မှားလိမ့်မည် မထင်ချေ။

‘ကောင်းချီးခံတွေကို စုဆောင်းတာက ငါထင်ထားတဲ့ အတိုင်းပဲ အကူအညီ ဖြစ်တယ်... သူတို့ရဲ့ ကြီးထွားမှုနဲ့ တစ်ဦးချင်းစီ အတွက် ရပိုင်ခွင့်တွေကို စောင့်ကြည့်နေမယ် ဆိုရင် ငါ ကောင်းကင်တာအိုရဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး လာလိမ့်မယ်... လျှို့ဝှက်ချက်တွေကိုတောင် ဖော်ထုတ်လာနိုင်လိမ့်မယ်’

ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ထို့နောက် လွန်ခဲ့သည့် လပိုင်းခန့် အတောအတွင်း ကောင်းချီးခံများ၏ အတွေ့အကြုံ မှတ်တမ်းများကို စုပ်ယူလိုက်သည်။ ၎င်းတို့ကို ကောင်းချီးခံများအား စောင့်ကြည့်နေသည့် အာဏာရှင် အဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီ ပို့ဆောင် ပေးနေခြင်း ဖြစ်သည်။ ဧဒင် စာကြည့်တိုက်က ၎င်းတို့ကို တိုက်ရိုက် လက်ခံကာ ဒုတိယမြောက်စိတ်မှာ အရေးကြီး အချက်အလက်များကို ပြန်လည် ရှာဖွေ စီစစ်ပေးဖို့ တာဝန်ယူပေသည်။

ကောင်းကင် တာအိုမှာ ကောင်းချီးခံများကို အလွှာ အပြင်က လောကနှင့် အဆက်အသွယ်များ ဖန်တီးပေးနေကာ ပိုမို ခမ်းနားသည့် လူ့အဖွဲ့အစည်း အတွင်း သွတ်သွင်းပေးရန် အတွက် ပြင်ဆင်ပေးနေပေသည်။ ကောင်းကင်တာအို ထိုမျှ မြန်မြန် စီစဉ် နေခြင်းကို ကြည့်ပါက ကပ်ဘေးမှာ လျှင်မြန်စွာ ချဉ်းကပ်လာနေကြောင်း ထင်ရှားပေသည်။

‘နောက်ပြီးတော့ ဒီကြယ်ကွင်းပြင်ဖျက် ကပ်ဘေးက ချိပ်ပိတ် အစီအရင်ရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်နေတဲ့ပုံ ရတယ်’

ဝေ့ဝူယင် မျက်လုံးများကို ဖွင့်လိုက်၏။ လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတန်း တစ်ချို့က သူ့ မျက်ဝန်း အတွင်း တောက်ပ နေခဲ့သည်။ သည်တစ်ခေါက်တွင်လည်း သူ သတင်းအချက် အမြောက်အများကို စုဆောင်း နိုင်ခဲ့သည်။ အာဏာရှင် အဖွဲ့ဝင်များ ပို့လိုက်သည့် ဟိုတစ်စ သည်တစ်စ အချက်အလက်များမှာ သူ့စိတ် အတွင်း တဖြည်းဖြည်းချင်း ပုံပေါ်လာနေခဲ့လေသည်။

အဆုံးမဲ့ ခရီးသွား နယ်မြေ၏ ဆင်းသက်လာမှုမှာ ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကြီး ဖြစ်ပေါ်လာမည့် အဓိက အကြောင်းရင်း မဟုတ်ကြောင်း ဝေ့ဝူယင် ခိုင်မာစွာ ယုံကြည်ထားပြီး ဖြစ်သည်။ အမှန်တရား မျက်လုံး၏ အချိန်ကိုက်မှုနှင့် စွမ်းရည်များကြောင့်ပင် ကပ်ဘေးကြီး စတင်လာရခြင်း၏ အကြီးမားဆုံးသော အကြောင်းပြချက်မှာ သူ့ တည်ရှိမှု ဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်သည်။

ကံကောင်းထောက်မစွာပင် ၎င်းမှာ သူ့ ရည်မှန်းချက်များနှင့် ကိုက်ညီပေသည်။ အကယ်၍ အခြား ဖြစ်ရပ် တစ်ခုခုကြောင့် ကပ်ဘေး စတင်ခြင်း ဆိုလျှင် ခန့်မှန်းရ ခက်ခဲကာ ထိန်းချုပ်ဖို့လည်း မလွယ်ကူပါချေ။ အရာ အားလုံး၏ ဗဟိုချက်တွင် ရှိနေခြင်းကြောင့် သူ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။

ရုတ်တရက်... ပုံရိပ် တစ်ခုမှာ ဝေ့ဝူယင် ရှေ့တွင် ပေါ်လာခဲ့၏။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းက တလေးတစားပင် ဦးညွှတ်လိုက်၏။

“သခင်လေး... ကျူးကျော်သူက အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ပိုင်နက် အတွင်းပိုင်းကို ပိုပြီး တိုးဝင်လာနေပြီ...”

“...”

ဝေ့ဝူယင် ဝူယုကို ကြည့်လိုက်၏။

“သူ့ရဲ့ ရည်ရွယ်ချက်က...”

"သူက သူ့ရဲ့ သဏ္ဌာန် အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားရင်းနဲ့ နေရောင်ခြည် စုပ်ယူခြင်း ဝင်္ကပါတွေကို တိတ်တိတ်လေး တည်ဆောက်နေတာ... ကျုပ်တို့ စောင့်ကြည့်နေတာကို သတိထားမိလား၊ မထားမိလား ဆိုတာ မသိပေမဲ့ ပိုပိုပြီး ရဲတင်းလာနေတယ်”

ဝူယုက အနည်းငယ် မကျေနပ်ဟန်ဖြင့် ဆိုလိုက်၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်။ သူ့အတွေးထဲ၌ ငွေရောင် ဆံပင်များနှင့် မိန်းမလှ တစ်ဦး၏ ရုပ်သွင်က ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

လရောင်ဖြာ ဧကရီ...

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ စတင် တည်ထောင်ခဲ့သည့် နေ့တွင် သူမမှာ ကြယ်တာရာ နယ်မြေ အတွင်း ခိုးဝင်ဖို့ ကြိုးစားခဲ့ပြီး ကျရှုံးခဲ့သည်။ လွန်ခဲ့သည့် တစ်လကျော်ခန့်က သူမမှာ နောက်တစ်ကြိမ် ထပ်မံ၍ ကြိုးစားခဲ့သည်။ စစ်ဝိညာဉ်များနှင့် ဝူယုတို့မှာ ချက်ချင်း သတိပြုမိခဲ့ကြသော်လည်း ဝေ့ဝူယင်က သူမကို လေ့လာ စောင့်ကြည့်ဖို့သာ အမိန့်ပေးခဲ့သည်။ ထိုအမျိုးသမီး၏ ရည်ရွယ်ချက်ကို ဝေ့ဝူယင် သိချင်ပေသည်။

လရောင်ဖြာ ဧကရီမှာ ဝေ့ဝူယင် ရှင်းရှင်းလင်းလင်း နားလည်နိုင်ခြင်း မရှိသည့် လူအနည်းငယ်ထဲ၌ တစ်ယောက် အပါအဝင် ဖြစ်သည်။ သူမ ချိပ်ပိတ်နယ်မြေ အတွင်း ပါဝင်ပတ်သက်ခဲ့သည့် သက်သေ အထောက်အထား မရှိသလောက် ဖြစ်သည်။ သူမက တစ္ဆေ တစ်ကောင်လိုပင်။ အင်ပါယာ ကလန် အပါအဝင် အင်အားစု အများအပြား ဖော်ပြထားသည့် သူမ အကြောင်း အချက်အလက်များ ပင်လျှင် အသေးစိတ် ကျနခြင်း မရှိပါချေ။

ထို့ကြောင့်ပင် သူမကို တိတ်တဆိတ် ရှာဖွေ ဖော်ထုတ်ဖို့ ဝေ့ဝူယင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

နေရောင်ခြည် စုပ်ယူခြင်း ဝင်္ကပါများ...

၎င်းတို့မှာ နေရောင်ခြည်မှ လာသည့် အမတေ စွမ်းအင်များကို စုပ်ယူ သိုလှောင်နိုင်သည့် ဝင်္ကပါများ ဖြစ်ကြသည်။ ထိုကဲ့သို့ ဝင်္ကပါများ ခင်းကျင်းရန် အတွက် သူမ အဘယ်ကြောင့် ထိုမျှ သက်စွန့်ဆံဖျား လုပ်နေရသည်ကို ဝေ့ဝူယင် နားမလည်နိုင်ပါချေ။

“လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်ရက် အတွင်းမျာ သူက လသုံးလကို ရောက်ခဲ့ပြီးပြီ... အဲဒီ နေရာတွေမှာ ဝင်္ကပါ နှစ်ထောင်ကျော်လောက် ထားခဲ့တယ်”

ဝူယုက ဆက်လက်၍ ရှင်းပြလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများ ပင်လျှင် အနည်းငယ် ပြူးကျယ် သွားခဲ့သည်။ နှစ်ဆယ့် နှစ်ရက် အတွင်း ဝင်္ကပါ နှစ်ထောင်ကျော်...။

“စိတ်ဝင်စားစရာပဲ...”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ သူမ၏ ထိုလုပ်ရပ်က အများသူငါ မြင်တွေ့ရသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။

“သခင်လေး... ကျုပ် သူ့ကို ဖမ်းလိုက်ရမလား”

ဝူယုက မေးလိုက်၏။ သူ့အမြင်အရ ဆိုလျှင် ထိုအမျိုးသမီးမှာ ကိုယ့်သေလမ်း ကိုယ်ရှာနေခြင်း ဖြစ်ပေသည်။ မြေကြီး ရှန့်ထို ရှစ်ဆယ်ကျော် စောင့်ရှောက်နေကြောင်း သိရှိသည့်တိုင် သူမမှာ အကြောက်အလန့် ကင်းမဲ့စွာဖြင့် ကျူးကျော်ဝံ့နေဆဲ ဖြစ်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

“မလိုတော့ဘူး...”

သူက ထိုင်ရာမှ ထကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့ ငွေရောင် မျက်ဝန်းများမှာ လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတန်းများနှင့် တောက်ပနေခဲ့လေ၏?

“ကျုပ်ဘာသာကျုပ် လုပ်လိုက်မယ်”

“...”

ဝူယုမှာ အနည်းငယ် အံ့ဩသွားခဲ့၏။ သို့သော်လည်း သူက လေးစားစွာပင် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင်တော့ ငွေရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။

ဝေ့ဝူယင်ကလည်း ခြေတစ်လှမ်း လှမ်းကာ အလားတူပင် ပျောက်ကွယ်သွားခဲ့သည်။ သူက ဟင်းလင်းပြင်း အတွင်း တိုက်ရိုက်ပင် တိုးဝင်သွားသည့်ပုံ ရလေ၏။

***

All Chapters