မရိုးရှင်းသော
Vol. 015 Ch. 1498
ပျောက်ဆုံးခြင်းနယ်မြေ အပြင်ဘက်တွင် နယ်မြေအပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရသူများ အများအပြား ပေါ်ပေါက်လာသည်။
အားကောင်းသည့် လမ်းစဉ်စွမ်းအင်လှိုင်းများက လှုပ်ရှားနေကာ လူအများတို့သည် တိုက်ပွဲအခြေအနေအတွင်းမှာ ရှိနေဆဲပင် ဖြစ်၏။
လော့ယွဲ့သည် အခြားနေရာတစ်ခုတွင် ပေါ်ပေါက်လာသည်။ သူမသည် ဝေ့ဝဲကြည့်လိုက်ပြီး တစ်ခုခုကို ရှာနေသကဲ့သို့ သူမ အနီးမှ လူများကို အကဲခတ်နေသည်။
သူမသာလျှင် မဟုတ်ဘဲ အခြားလူများသည်လည်း ပျောက်ဆုံးနယ်မြေအပြင်ဘက်ရှိ နေရာတစ်ဝိုက်ကို စစ်ဆေးကြည့်ရှုကာ ရှာဖွေနေသည်။ သူတို့က ထိုထူးခြားဆန်းကြယ်သည့် ဓားသမား၏ အစအနကို ရှာဖွေချင်နေပေသည်။
“အဲဒီကောင်က တော်တော် အားကောင်းတာပဲ”
ကြမ်းရှရှ စကားသံက တန့်ဟူထံမှ ထွက်ပေါ်လာသည်။ သူ၏ သဘောထားက အနည်းငယ် ရန်လိုနေကာ နောက်ကျော၌ တိုက်ပွဲပုဆိန်ကို သယ်ဆောင်ထားဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများက နယ်မြေ၏ နေရာအနှံ့သို့ သိမ်းကျုံးရှာဖွေနေကာ အချို့သော လူများကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
သူသည် ထိုက်ရွှမ်မြို့တော်အရှင်၏ တပည့်တစ်ယောက် ဖြစ်ပြီး သူ၏ အရည်အချင်းက ထူးချွန်သည်ဟု သတ်မှတ်နိုင်သော်လည်း သူသည် အခြားဘုံမှ လာခဲ့သော သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုတစ်ယောက် လက်ထဲ၌ ရှုံးနိမ့်ခဲ့ရသည်။ ဤသို့သော တိုက်ပွဲစွမ်းရည်က အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အထူးသဖြင့် ထိုနောက်ဆုံးရိုက်ချက်သည် လေဟာနယ်ကို ဖြတ်ကာ စိတ်ဝိညာဉ်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။
ဓားစွမ်းအားများ ပြည့်ဝစွာ ပေါက်ကွဲထွက်လာသည့်အခါ လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေသည်။ သူတို့သည် အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ပင် ထင်မှတ်ရ၏။
အဆုံးတွင် သူက 'ဓားတစ်ချက်နဲ့ လုံလောက်ပြီ' ဟု ဟစ်ကြွေးကာ ရိုက်ချက်တစ်ချက်တည်းဖြင့် တန်ခိုးရှင်များအားလုံးကို ရှင်းလင်းပစ်နိုင်ခဲ့သည်။
“ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က ထိုက်ရွှမ်မြို့မှာ ဘယ်အချိန် ကတည်းက ထွက်ပေါ်လာခဲ့တာလဲ” သူက စိတ်ထဲတွင် ရေရွတ်လိုက်၏။ သူ၏ နက်ရှိုင်းသော မျက်လုံးများက လူအုပ်ကြီးကို ဖြတ်သန်းဝေ့ဝဲကြည့်ခဲ့သော်လည်း ရီဖူရှင်း၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ပေ။
ယခင်က ရီဖူရှင်းသည် သူ၏ မျက်နှာကို ကွယ်ဝှက်ထားသော်လည်း သူ၏ အရှိန်အဝါ အသက်ဓာတ်မှနေ၍ ခံစားကြည့်နိုင်ပေသည်။ ယခုတွင် ပျောက်ဆုံးနယ်မြေအပြင်ဘက်၌ တန်ခိုးရှင်များအားလုံး ပေါ်ပေါက်လာခဲ့သော်လည်း မည်သည့် သဲလွန်စမှ ရှိမနေခဲ့ပေ။
“ဒီမှာ ရှိနေသေးရဲ့လား”
ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ လော့ယွဲ့ ဖြစ်၏။ တိုက်ပွဲတွင် ပါဝင်ခဲ့သူများနှင့် ပျောက်ဆုံးခြင်းနယ်မြေအတွင်း ကြည့်ရှုနေခဲ့သူများမှာ သူမ မည်သူကို ရည်ညွှန်းသည်အား သိရှိသော်လည်း ပျောက်ဆုံးခြင်းနယ်မြေအပြင်ဘက်မှ လူအများကတော့ ဇဝေဇဝါ ဖြစ်နေကြသည်။ မင်းသမီးက မည်သူ့ကို ရှာဖွေနေသနည်း။
မည်သူကမှ တုံ့ပြန်ခဲ့ခြင်း မရှိပေ။ ပျောက်ဆုံးခြင်းနယ်မြေအပြင်ဘက်၌ ထူးခြားစွာ တိတ်ဆိတ်နေခဲ့သည်။
“ပျောက်ဆုံးခြင်းနယ်မြေတံခါးကနေ ဓားသမားတစ်ယောက်ယောက် ထွက်လာတာကိုများ မြင်မိသေးလား” လင်းယွမ်က ကြည့်နေသူများကို မေးလိုက်သည်။ သူက ထွက်လာခဲ့လျှင် ပျောက်ဆုံးခြင်းနယ်မြေအပြင်ဘက်မှ ကြည့်နေသူများက ကျိန်းသေမြင်တွေ့ခဲ့ပေလိမ့်မည်။
လူအများသည် သူတို့၏ ခေါင်းများကို ခါလိုက်ကြသည်။ သူတို့သည် အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အပြင်သို့ ရောက်လာသည်ကို မြင်ကြရသော်လည်း ဓားသမားနှင့် တူသောသူ တစ်ဦးတစ်ယောက်မှ မမြင်မိကြပေ။
“ကျုပ်က အခုလေးတင် ပျောက်ဆုံးနယ်မြေအပြင်ဘက်မှာ ရှိနေခဲ့တာ။ ခင်ဗျားတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြပြီးတော့ လူတွေက အများကြီးလေ” တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။ လူအများသည် တိုက်ပွဲကို စောင့်ကြည့်လိုသော်လည်း အထဲရှိ မည်သည်ကိုမှ မမြင်ရသည်ကို သိခဲ့ရသည်။ ထို့နောက် သူတို့က ပြန်ထွက်လာခဲ့ကြ၏။
“အဲဒီတော့ သူက အထဲမှာ ရှိနေတုန်းလား” လင်းယွမ်၏ မျက်လုံးများက ထက်ရှသွားပြီး လူအုပ်ကို သိမ်းကျုံးကြည့်လိုက်သော်လည်း သူက ထိုသူကို ရှာမတွေ့ခဲ့ပေ။
“ရှင့်ရဲ့ ဓားစွမ်းရည်က ဒီလောက်ထိ ကောင်းနေတာပဲကို။ ဘာလို့ လူလုံးထွက်မပြရတာလဲ” လော့ယွဲ့က မေတ္တာရပ်ခံလိုက်သည်။
“တကယ်တော့ ခင်ဗျားတို့အားလုံးထက် စောပြီး ထွက်လာတဲ့ လူတစ်ယောက်တော့ တွေ့လိုက်တယ်။ သူက တိတ်တိတ်လေးထွက်သွားတာပဲ။ သူ့ကို ကြည့်ရတာ လေဟာနယ်လမ်းစဉ်စွမ်းအားမှာ ထူးချွန်ပုံရတယ်” လေထဲတွင် ရပ်နေသော လူကြီးတစ်ဦးက ပြောလိုက်သည်။ လော့ယွဲ့၏ မျက်နှာက မည်းမှောင်သွားလေ၏။ “တစ်ယောက်ယောက် ထွက်သွားတာလား”
“ဟုတ်တယ်” လူအိုကြီးက ခေါင်းညိတ်လိုက်သည်။ “အဲဒီလူက လူတိုင်းနဲ့အတူ ထွက်လာပေမဲ့ လေဟာနယ်ကို တိုက်ရိုက်ဖြတ်သန်းပြီး ထွက်သွားတာပဲ။ သူ့ရဲ့ အသက်ဓာတ်ကိုလည်း ဖုံးကွယ်ထားတယ်။ သူ့ရဲ့ မျက်နှာကိုတောင်မှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး”
“သူနဲ့အတော်တူတယ်” လော့ယွဲ့အကြည့်တို့က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ဘာကြောင့် ထိုသူက အလွန် လျှို့ဝှက်နေရသနည်း။ သူ့မှာ ထုတ်ဖော်ပြလို့ မရတဲ့ တစ်ခုခုများ ရှိနေလို့လား။
“သူက ဓားစွမ်းရည်မှာ အရမ်းထူးချွန်တယ်။ သူက ကျော်ကြားတဲ့ ကလန်က လာတဲ့သူ ဖြစ်ရမယ်။ မင်းသမီးလော့ယွဲ့ သူ ဘယ်သူလဲဆိုတာ ခန့်မှန့်ကြည့်ဖို့ ဖြစ်နိုင်လား” တစ်ယောက်က မေးလိုက်သည်။ သူတို့သည် ရီဖူရှင်း၏ နှိမ်နင်းခြင်း ခံခဲ့ရသည့် တန်ခိုးရှင်များထဲမှ တစ်ယောက်ဖြစ်သည်။
ထိုက်ရွှမ်မြို့တော်အရှင် အိမ်တော်မှ အမျိုးသမီးတစ်ယောက်အနေနှင့် သူမသည် သိရှိထားသည့် သတင်းအချက်အလက်များလည်း များကာ ဓားစွမ်းရည်ကောင်းမွန်သည့် အစွမ်းထက် ပုဂ္ဂိုလ်အချို့ကိုလည်း သိနိုင်ပေသည်။
“ဝိညာဉ်ကို တိုက်ခိုက်နိုင်တဲ့ ဓားစွမ်းရည်လား” လော့ယွဲ့က ရေရွတ်လိုက်သည်။ “ထိုက်ရွှမ်ဘုံရဲ့ အားအကောင်းဆုံး ဓားသမားတွေက ထိုက်ရွှမ်တောင်မှာပဲ ရှိတာ။ ဒါပေမဲ့ ကျွန်မ သိသလောက်တော့ ထိုက်ရွှမ်တောင်မှာ အဲဒီလိုတပည့်မျိုး မရှိဘူး”
ထိုက်ရွှမ်တောင်သည် ထိုက်ရွှမ်မြို့တော်အရှင်၏ ဆရာ ကျင့်ကြံရာ နေရာဖြစ်သည်။ ထိုနေရာသည် ထိုက်ရွှမ်ဘုံ၏ အစွမ်းထက်ဆုံး ဓားနည်းစနစ်များ ရှိနေသည့် မြင့်မြတ်နယ်မြေ ဖြစ်သော်လည်း ထိုက်ရွှမ်တောင်၌ ထိုသို့သော တန်ခိုးရှင်မျိုး မရှိပေ။ သို့မဟုတ်လျှင်ပင် ထိုက်ရွှမ်တောင်၌ ကျင့်ကြံနေသည့် တစ်စုံတစ်ယောက်က ပုန်းလျှိုးကွယ်လျှိုးလုပ်နေရန် မလိုအပ်ပေ။
“သူက ပျောက်ဆုံးခြင်းနယ်မြေကို လေ့ကျင့်တဲ့ နေရာတစ်ခုလို အသုံးပြုနေတဲ့ပုံပဲ။ သူ မနက်ဖြန်လည်း ပြန်လာလိမ့်မယ်” လော့ယွဲ့၏ အနောက်မှ သူ၏ ညီမက ပြောလိုက်သည်။ လော့ယွဲ့က ခေါင်းညိတ်လိုက်၏။
ပျောက်ဆုံးခြင်းနယ်မြေမှ လူနှစ်ယောက် ထွက်လာခဲ့သည်။ သူတို့မှာ ထိုက်ရွှမ်စားသောက်ဆိုင်မှ တပည့်နှစ်ယောက် ဖြစ်ကာ သူတို့ နှစ်ယောက်သည် လော့ယွဲ့ထံ လျှောက်လာကာ ပြောလိုက်သည်။ “ညီမလေးကရော အဲဒီဓားသမားနဲ့ တိုက်ခိုက်ခဲ့လား”
“အင်း” လော့ယွဲ့က ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုနေလဲ” လူငယ်က မေးလိုက်သည်။
“အရမ်းအားကောင်းတယ်” လူငယ်ထံ၌ အံ့အားသင့်မှုတို့ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည့်အတွက် လော့ယွဲ့က ခေါင်းညိတ်လိုက်သည်။ လူငယ်က ပြောလိုက်၏။ “တော်တော်ဆိုးတာပဲ။ ကျုပ် လွဲသွားတယ်”
“မင်း ဘာမှတော့ လွဲမသွားပါဘူး ဂျုနီယာညီလေးမာ။ မင်းလည်း သူ့ကို တိုက်နိုင်မှာ မဟုတ်ဘူးလေ” တန့်ဟူက ပြောလိုက်သည်။ လူငယ်က သူ့အား ဂျူနီယာညီလေးမာဟု ခေါ်သည့် တန့်ဟူကို ကြည့်လိုက်သည်။ သူ့အမည်က မာယိ ဖြစ်ပြီး တန့်ဟူကဲ့သို့ပင် ထိုက်ရွှမ်တောင်မှ ဖြစ်သည့်အတွက် သူ့ကို တန့်ဟူ၏ ဂျူနီယာညီလေးဟု သတ်မှတ်နိုင်ပေသည်။
“ဒီလူက အရမ်းအားကောင်းတယ်” လော့ယွဲ့က မာယိကို ကြည့်ကာ ပြောလိုက်သည်။ “ကျွန်မတို့ ထိုက်ရွှမ်တောင်က လူတွေ အားလုံး ကြိုးကြိုးစားစား ကျင့်ကြံသင့်တယ်”
မာယိက လော့ယွဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤဂျူနီယာညီမလေးသည် မြို့တော်အရှင်၏ အဖိုးတန်သမီးလေးဖြစ်ကာ သဘောထားကြီးပေမဲ့ မာနလည်း အလွန် ကြီးပေသည်။ သူ၏ အရည်အချင်းက ထူးချွန်လှပြီး သူမ၏ လေသံကို နားထောင်ရုံနှင့် ဤတိုက်ပွဲသည် သူမ၏ ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်း နေရာယူသွားကြောင်း သိနိုင်ပေသည်။
“မင်းက ဒီလိုပြောတယ်ဆိုမှတော့ သူက တကယ်ကို အားကောင်းတာ ဖြစ်ရမယ်။ တကယ်လို့ အခွင့်အရေးရှိရင် သူနဲ့ တွေ့ချင်ပါသေးတယ်” မာယိက ပြောလိုက်သည်။ “အခုတော့ ထိုက်ရွှမ်စားသောက်ဆိုင်မှာ ကု့ချင်းတီးတာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ စိတ်ဝင်စားစရာ လူတစ်ယောက် ရှိတယ်။ ကျုပ်တို့တောင်မှ တေးသွားရဲ့ ဖမ်းစားတာကို ခံလိုက်ရလိမ့်မယ်။ နားထောင်ကြည့်ဖို့ စိတ်မဝင်စားဘူးလား”
လော့ယွဲ့က အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ဂီတကို သဘောကျသူ ဖြစ်သော်လည်း ထိုမျှ ထူးချွန်သည့် ဓားသမားကို မြင်လိုက်ရပြီးနောက် အခုချိန်တွင် ဂီတကို စိတ်ဝင်စားနိုင်ခြင်း မရှိပေ။
“အိမ်တော်သခင်က ကိစ္စတွေ အများကြီးကို ကိုင်တွယ်ဖြေရှင်းနေရလို့ စားသောက်ဆိုင်ကို အချိန်အတော်ကြာအောင် လှည့်မကြည့်နိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် ကျုပ်ကပဲ ကိုယ်စားပြုပြီး ဂျူနီယာညီမလေးနဲ့ စီနီယာအစ်ကိုနှစ်ယောက်ကို စားသောက်ဆိုင် လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” မာယိက ဆက်ပြောလိုက်သည်။ သူ့ဘေးမှ အမျိုးသမီးက သူ့အား တစ်ချက်ကြည့်လိုက်သည်။ မာယိက အမှန်တကယ်ပင် သူ၏ ဂျူနီယာညီမလေးကို ဆွဲဆောင်ရန် ကြိုးစားနေသည်။
သို့သော် အမျိုးသမီးတစ်ယောက်အနေနှင့် သူမသည် သိရှိခံစားလွယ်ကာ ဘေးမှ ရပ်နေသူတစ်ယောက်အနေနှင့်လည်း သူမသည် လော့ယွဲ့က သူ၏ ခံစားချက်များကို ဂရုမစိုက်လိုကြောင်း မြင်နိုင်ပေသည်။
ထို့ပြင် လော့ယွဲ့၌ ထိုအတွေးများရှိနေလျှင်ပင် သူမ ရွေးချယ်လိုက်သည့်သူက ထိုက်ရွှမ်တောင် ဆရာထံ၌ ကျင့်ကြံနေသူ မဟုတ်လျှင် သူတို့၏ ကလန်အခွဲများကြားမှ အတော်ဆုံးသူ ဖြစ်ရပေလိမ့်မည်။ မာယိ၏ အရည်အချင်းက ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း လော့ယွဲ့၏ မျှော်လင့်ချက်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။
“ကောင်းပြီလေ။ ကျွန်မတို့လည်း ဒီအခွင့်အရေးမှာ အိမ်တော်သခင်ဆီ သွားလည်ရတာပေါ့” လော့ယွဲ့က ညင်သာစွာ ပြောလိုက်ပြီး သူတို့ လူစုက ထိုက်ရွှမ်စားသောက်ဆိုင်သို့ ထွက်ခွာသွားကြလေသည်။
…
ထိုက်ရွှမ်စားသောက်ဆိုင် နောက်ဘက် အခန်းတွင် ရီဖူရှင်းသည် တင်ပျဉ်ခွေထိုင်နေကာ သူ၏ မျက်လုံးများကို မှိတ်ထားရင်း တရားမှတ်နေ၏။
ဤရက်များအတွင်း ကျင့်ကြံခဲ့သည်များကို ကျေးဇူးတင်ရမည်မှာ သူ၏ ဓားစွမ်းရည်သည် နောက်ဆုံး၌ အဆင့်သစ်သို့ ချိုးဖျက်ဝင်ရောက်သွားကာ ဝိညာဉ်ဖျက်ဆီးခြင်းဓားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် သူသည် သူ၏ နားလည်သဘောပေါက်မှုကို ခိုင်မာစေပြီး ထိုးထွင်းသိမြင်မှုကို အားကောင်းလာစေပါက သူ၏ ဓားစွမ်းရည်သည် အခြားသူများထက် နိမ့်ကျနေတော့မည် မဟုတ်ပေ။ ဤနည်းလမ်းသည် ဂီတဓားပညာရှင်တစ်ယောက်အနေနှင့် အထက်ကောင်းကင်ဘုံတွင် အခြေခိုင်စေရန် လုပ်ဆောင်ဖို့ရာ လုံလောက်ပေလိမ့်မည်။
ကောင်းကင်နတ်တံခါးသည် မဟာဝင်္ကပါကို အသက်သွင်းကာ ကလန်မှ လူများကို ပြောင်းရွှေ့စေခဲ့သော်လည်း တန်ခိုးရှင်အားလုံးမှာ မတူညီသည့် နေရာများသို့ ပို့ဆောင်ခံခဲ့ရသည်။ သူသည် ဤအထက်ကောင်းကင်ဘုံသို့ လူမည်မျှ များများ ပို့ဆောင်ခံမည်ကို အသေအချာ မသိရှိပေ။ ဤနေရာသို့ လူများစွာ ရောက်လာခဲ့သည်ဆိုလျှင်ပင် အထက်ကောင်းကင်ဘုံက မည်မျှ ကျယ်ပြန့်သနည်း။
ယခု သူတို့သည် ကိုယ့်ကျင့်ကြံခြင်းကိုသာ တိုးတက်စေရန် အပြင်းအထန် ကြိုးစားရုံသာ တတ်နိုင်ကြပေသည်။ ဤအခြေအနေတွင် သူက ဂရုတစိုက် ပြုမူရပေမည်။ မဟုတ်လျှင် ကောင်းပင်အာဏာစက်ဘုံမှ လူများက သူ မည်သည့်နေရာ၌ ရှိနေသည်ကို သတင်းအစအနရသွားလိမ့်မည် ဖြစ်ကာ သူတို့က သူ့အားသတ်ရန် ရန်ဟောင်တန်ခိုးရှင်များကို စေလွှတ်မည်မှာ မလွဲမသွေပင် ဖြစ်သည်။
ပြည်ထောင်ဘုရင် ကိုယ်တိုင်ပင် သူ့ကို သတ်ဖြတ်ရန်အမိန့်ပေးလိုက်ပေလိမ့်မည်။
ဗြဟ္မာ့ကောင်းကင်မြို့၌ ကောင်းပင်အာဏာစက် ပြည်ထောင်က သူ့ကို သတ်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီးနောက် သူတို့က သူ့ကို သတ်ဖြတ်ရန် အလွန် ထက်သန်လာပေသည်။
လက်ရှိတွင် သူသည် သူ့ဆရာ၊ စီနီယာအစ်ကိုကြီး၊ ဝူချင်းနှင့် ရှားရှင်းယွန်တို့ အကြောင်း သတင်းတစ မရခဲ့သေးပေ။
ယူချင်းက နတ်နဂါးကလန်၌ ကျင့်ကြံနေသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။ ယူချင်းသာ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး သူတို့၏ သတင်းကို ရခဲ့လျှင် သူက ကျိန်းသေ ဒေါသထွက်ပေလိမ့်မည်။ သို့သော် ယူချင်းက အမြော်အမြင် ရှိသူမို့ သူက သိပ်စိတ်မပူပေ။
“ရှန်သခင်လေး ဒီမှာရှိလား” ထိုအချိန်၌ ကြည်လင်သည့် အသံတစ်ခုကို ကြားလိုက်ရကာ ရီဖူရှင်းသည် ထရပ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်လျှင် လှပသည့် အမျိုးသမီးတစ်ယောက်က ထိုနေရာ၌ ရပ်နေပေသည်။ ထိုမိန်းကလေး၏ အမည်မှာ လင်းလင်း ဖြစ်သည်။
“ရှိပါတယ်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“ဒီနေ့ သခင်လေးက အရေးကြီးဧည့်သည်တွေအတွက် စားသောက်ပွဲ လုပ်ပေးတယ်လေ။ အဲဒါ ရှန်သခင်လေးက ဂီတနဲ့ ဖျော်ဖြေပေးနိုင်မလား” အမျိုးသမီးက ပြုံးကာ မေးလိုက်သည်။ ထိုသည်မှာ သူမက ရီဖူရှင်းကို မလေးမစား လုပ်ခြင်းမဟုတ်ဘဲ ရီဖူရှင်းက ဤ စားသောက်ဆိုင်၏ ဂီတပညာရှင် ဖြစ်နေ၍ ဖြစ်သည်။
ယခု စားသောက်ဆိုင်၏ ပိုင်ရှင်က စားသောက်ပွဲ တည်ခင်းလေရာ ဂီတဖြင့် ဖျော်ဖြေပေးရမည်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။
ထို့ပြင် ဤစားသောက်ဆိုင်၌ ဂီတပညာရှင်ဟူ၍ သူ တစ်ယောက်သာ ရှိသော်လည်း လူတိုင်းက သူ့ကို လေးစားကာ ယဉ်ကျေးပျူငှာ ကြသည်။ အနည်းဆုံးတော့ အပေါ်ယံတွင် အိမ်တော်သခင်၏ တပည့်များသည်ပင် သူ့အား ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံကြပေ။ ထိုသည်မှာ သူတို့၏ မျိုးရိုးနှင့် အဆင့်အတန်းကို ပြသနေပေသည်။
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်ကာ အခန်းထဲမှ ထွက်လာပြီး လင်းလင်း၏ ဘေးသို့ လျှောက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် ရှန်သခင်လေး” လင်းလင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်ကာ လမ်းပြခေါ်ဆောင်သွားသည်။ သူတို့နှစ်ယောက်သည် စားသောက်ပွဲတည်ခင်းထားရာ နေရာသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ရီဖူရှင်းက ဧည့်သည်များကို မြင်သည့်အခါ သူ၏ မျက်လုံးများထဲ၌ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း မည်သူမှ သတိမပြုမိခဲ့ပေ။
ဤဧည့်သည်များသည် သူ မကြာသေးခင်က တွေ့ဆုံခဲ့သည့် သူများဖြစ်သည်။ ထိုထဲမှ တစ်ယောက်က လော့ယွဲ့ ဖြစ်ပေသည်။
အိမ်တော်သခင်သည် ဦးဆောင်သူ နေရာ၌ ထိုင်နေပြီး ထိုသည်မှာ ရီဖူရှင်းအတွက် ပထမဆုံးပင် ဖြစ်သည်။ သူ့အတွက် အံ့အားသင့်ရသည်မှာ ထိုက်ရွှမ်စားသောက်ဆိုင်၏ အိမ်တော်သခင်သည် တော်ဝင်ဆန်၍ ကြော့ရှင်းကာ ကျက်သရေရှိလှသည့် ဧကရီကျီပင် ဖြစ်လေသည်။ သာမန်လူများသည် သူမအား တိုက်ရိုက်ကြည့်ရန် မဝံ့ရဲဘဲ ဖြစ်နေကြမည် ဖြစ်သော်လည်း သူမ၏ မျက်လုံးများက အလွန် နူးညံ့နေကာ ရီဖူရှင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“အိမ်တော်သခင်ကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက လေးစားသမှုနှင့် အရိုအသေပြုလိုက်သည်။ သူက ကြားသည်မှာ ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်သည် ထိုက်ရွှမ်မြို့တော်အရှင်၏ ဂျူနီယာညီလေးဟု ကြားထားသော်လည်း သူက ထိုသူမှာ ယောက်ျားလား မိန်းမလား မသိခဲ့ပေ။
“ထိုင်ပါ” အိမ်တော်သခင်က သာမန်အတိုင်း ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အိမ်တော်သခင်” ရီဖူရှင်းက ခေါင်းညိတ်ကာ သူ၏ နေရာကို ကြည့်လိုက်သည်။ ထို့နောက် သူက ကု့ချင်းကို ထုတ်ယူလိုက်၏။ ချက်ချင်းပင် ကု့ချင်းအသံ ထွက်ပေါ်လာသည်။ ယင်းအသံသည် အလွန် သိမ်မွေ့ညင်သာကာ အေးချမ်းလှပေသည်။
“ဒီလို ဓားစွမ်းရည်မျိုးကို ကျွမ်းကျင်တဲ့ တစ်ယောက်ယောက် ရှိတယ်လို့များ ကြားမိသေးလား” လော့ယွဲ့က အိမ်တော်သခင်ကို ပြောလိုက်သည်။ သိသာစွာပင် သူမက ပျောက်ဆုံးခြင်းနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းကို ပြောနေခြင်း ဖြစ်သည်။
“ဒါပေမဲ့လည်း ထိုက်ရွှမ်ဘုံက သူ့တပည့်ဖြစ်ရင် အဲဒီလူက သူရဲ့ သရုပ်ကို ဖုံးကွယ်ထားလိမ့်မှာ မဟုတ်ဘူး” အိမ်တော်သခင်က ပြန်ဖြေလိုက်သည်။
“အဲဒါဆိုရင် သာမန်တန်ခိုးရှင်လား” လော့ယွဲ့က ဆက်ပြောလိုက်သည်။
“မသေချာဘူး” သူမက အပြုံးနှင့် ပြောလိုက်သည်။ “မင်းအတွက် မေ့မရနိုင်တဲ့ ဓားသမားတစ်ယောက် ရှိလာလိမ့်မယ်လို့ ထင်မထားမိဘူး”
“အဲဒီလိုလူမျိုးက ထိုက်ရွှမ်တောင်မှာ မကျင့်ကြံတာ နှမြောစရာကောင်းတယ်လို့ ခံစားမိရုံပါ” လော့ယွဲ့က ခပ်တိုးတိုး ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒီမှာ ထိပ်တန်းအဆင့် ကျင့်စဉ်တွေ အများကြီး ရှိတယ်လေ” အိမ်တော်သခင်က ပြုံးကာ ပြောလိုက်သည်။ သူမ၏ ဆရာ အရှင်ထိုက်ရွှမ်က လောကမှ ရတနာတို့အား စုဆောင်းတတ်သူ ဖြစ်ကာ အထက်ကောင်းကင်ဘုံတွင် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အချို့က ပြောကြသည်မှာ အရှင်ထိုက်ရွှမ်သည် အထက်ကောင်းကင်ဘုံ တစ်ခုလုံး၌ စုဆောင်းမှုအများဆုံးရှိသည့် တန်ခိုးရှင် ဖြစ်သည် ဟူ၍ ဖြစ်လေသည်။
“ဒါပေမဲ့ လော့ယွဲ့ သိပ်စိတ်မပူပါနဲ့။ တကယ် အရည်အချင်းရှိတဲ့လူဆိုရင် သူတို့ရဲ့ တောက်ပမှုတွေက အနှေးနဲ့အမြန် ပေါ်ပေါက်လာမှာပါ။ ဖုံးကွယ်ထားလို့ မရနိုင်ဘူး” အိမ်တော်သခင်က အပြုံးနှင့် ဆက်ပြောလိုက်သည်။ သူမက ရီဖူရှင်းကို အကဲခတ်ကြည့်ရှုလိုက်၏။
သူမ၏ စားသောက်ဆိုင်မှ ဤဂီတပညာရှင်သည်လည်း ရိုးရှင်းသောသူ မဟုတ်ပေ။
***