← Chapters

စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်

Vol. 46 Ch. 631

စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်

Vol. 46 Ch. 631

“ကောင်းပြီ…ဒီကိစ္စလည်း ဖြေရှင်းပြီးပြီဆိုတော့ မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြ…။ နောက်ဆုံးကစားခဲ့တဲ့ စစ်တုရင်ပွဲမှာ ငါ့ရဲ့ ရွှေ့ကွက်တွေကို ပြန်သုံးသပ်ကြည့်ဦးမှာမို့ ဒီအဘိုးအိုကို စိတ်ထဲထားမနေကြနဲ့…”

ကောင်လေးသည် အခြားကျင့်ကြံသူများကို လက်ဝှေ့ရမ်းပြပြီး ခေါင်းငုံ့ကာ စစ်တုရင်ခုံအား သေချာလေ့လာကြည့်နေသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ထိုစကားကို ကြားသည့်အခါ ဟန်လိတို့အုပ်စုကို ခန်းမ၏အခြားတစ်ဖက်သို့ အလျင်အမြန် ခေါ်ကာ ထွက်လာကြသည်။

ဤခန်းမထဲမှ ထွက်လာပြီး တအောင့်အကြာတွင် အနာဂတ်ခန့်မှန်းခြင်းခန်းမမှ ကျင့်ကြံသူသည် သက်ပြင်းချကာ မမေးမိဘဲ မနေနိုင် ဖြစ်ကာ မေးလိုက်၏။

“ရောင်းရင်းပိုင်အကြောင်းကို ကျုပ်ဖြင့် တကယ် မထင်ထားမိခဲ့တာ။ ညီလေးယွဲ့…မင်းက ဒီအကြောင်းကို ကြိုသိထားသေးလား…”

“ကျုပ်လည်း မသိဘူးဗျ။ စီနီယာလန်က ဒီကို ကိစ္စတချို့ရှိလို့ လာမယ်လို့ပြောခဲ့တာ။ ကျုပ်က လျှာရှည်ပြီး ဘယ်လိုလုပ် ထပ်မေးဝံ့မလဲ…”

အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူယွဲ့က ထိုသို့ပြန်တုံ့ပြန်သည်။ ထိုအခါ မေးခွန်းမေးသူ အနာဂတ်ခန့်မှန်းခြင်းခန်းမမှ ကျင့်ကြံသူလည်း နှုတ်ဆိတ်သွားပြီး ဤအဖြစ်ကို ဆက်ပြောမနေတော့ပေ။

ဤသို့သော အခြေအနေတွင် ဟန်လိနှင့် အခြားသူများသည် လျှောက်လမ်းရှည်အတိုင်း ဆက်၍ လျှောက်လာကြ၏။ အကွေ့တစ်ခုကို ဖြတ်ကျော်လာပြီးနောက် သူတို့သည် အဝါရောင်ကျောက်တံခါးများရှေ့သို့ ရောက်လာကြသည်။ ၎င်းတံခါးများရှေ့၌ ဆံပင်စုတ်ဖွားဖြင့် လူတစ်ယောက် ထိုင်နေသည်။

ထိုသူ၏မျက်နှာကို ဆံပင်များဖြင့် ကွယ်ဖုံးထားသော်ငြား သူ့ဆံပင်ဖြူများကြောင့် အသက်ကြီးရင့်သူတစ်ယောက်မှန်း သိနိုင်၏။ အဝါရောင်ဝတ်စုံဖြင့် ကျင့်ကြံသူသည် သူ့ကို မြင်သည့်အခါ လေးစားဟန် ပြသပြီး စကားဆိုလာသည်။

“အစ်ကိုဝေ…ကျုပ် ဓားပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ တပည့်တွေကို ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့အထဲကို ဝင်ခွင့်ရပြီမလားဗျ…”

ဆံပင်စုတ်ဖွားနှင့်သူက ခပ်ဩဩလေသံဖြင့် ပြန်ပြောသည်။

“သူတို့ရောက်လာကြမှတော့ ဝင်နိုင်ပါပြီ။ ဒါပေမဲ့ အပင်ဝတ်ရည်စက်ဟာ ကျုပ်တို့ မျှော်လင့်ထားတာထက် နည်းပါးနေသေးတယ်။ သူတို့ ခဏတော့ စောင့်မှ ရလိမ့်မယ်…”

ဟန်လိသည် ထိုသူ့ထံ လျင်မြန်စွာ အကြည့်ရောက်သွားပြီး သူ့မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ထိုသူသည် အတုအယောင်စဦးစိတ်ဝိညာဉ်အဆင့် (ဝါ) အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်တွင် ရှိနေသူပင်။ ဟန်လိသည် သူ့ကို သတိမထားမိဘဲ မနေနိုင် ဖြစ်ရ၏။

မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုသည် ဆံပင်စုတ်ဖွားနှင့်လူ၏စကားကို ကြားသည့်အခါ စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်သွား၏။ သူက ရှေ့သို့ တိုးကာ အသံတုန်တုန်နှင့် ပြော၏။

“စီနီယာအစ်ကိုဝေ၊ ခင်ဗျား အဆင်ပြေရဲ့လား…”

ထိုသူသည် မျောလွင့်တိမ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ပင်။ဆ

ဆံပင်စုတ်ဖွားနှင့်ကျင့်ကြံသူသည် သက်ပြင်းချ၍ တဖြည်းဖြည်း ပြော၏။

“အကျုပ်…ညီလေးယုကို မတွေ့ရတာ နှစ်ပေါက်နေပြီ ထင်တယ်။ မင်းတောင် အရွယ်တော်တော် ရောက်လာပြီပဲ…”

“စီနီယာအစ်ကို…ဘာကြောင့်လဲ…”

စီနီယာအစ်ကိုဝေဆိုသူသည် တည်ငြိမ်စွာ ပြော၏။

“တော်လောက်ပြီ။ ကျုပ်တို့ ပြန်စုံမှတော့ ကျုပ်တို့ရေစက် မကုန်သေးဘူး ဆိုရမှာပဲ။ အဲ့နှစ်က ဖြစ်ပျက်ခဲ့တာကို ပြန်ပြောမနေနဲ့တော့။ ကျုပ် ဒီနေရာကို ဝင်လာခဲ့တဲ့အချိန်တည်းက စဦးစိတ်ဝိညာဉ်အဆင့်ကို မသေမချင်း ဖွဲ့စည်းနိုင်အောင် လုပ်မယ်…အဲ့လိုမှမလုပ်နိုင်ရင် ဒီကနေ လုံးဝ မထွက်ခွာဘူးလို့ ကျိန်ဆိုထားခဲ့တယ်။ ဒါ့အပြင် ကျုပ်တို့ဂိုဏ်းရဲ့ သိုင်းဦးလေးနှစ်ယောက်ကလည်း ဂျူနီယာညီလေးဖန်ကို ကောင်းကောင်းကိုင်တွယ်နိုင်ထားတာ တွေ့ရတယ်။ ကျုပ် နည်းနည်းလေးမှ စိတ်ပူတာမျိုး မရှိဘူး…”

မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုသည် ဤစကားကို ကြားသည့်အခါ သူက မျက်နှာမကောင်း ဖြစ်သွားပြီး သူ မေးချင်သောမေးခွန်းများကို စိတ်ထဲ၌သာ ထားထားလိုက်တော့၏။

“ဂျူနီယာညီလေးတို့…ခဏစောင့်ကြ။ ကျုပ် အတားအဆီးတွေကို ဖွင့်လှစ်ပြီး မြင့်မြတ်ဧရိယာထဲ မင်းတို့ကို ဝင်ခွင့်ပြုမယ်…”

အဘိုးအိုဝေသည် ထရပ်ပြီး အဝါရောင်တံခါးထံ မှော်ချိပ်တံဆိပ်တစ်ခု ပစ်လွှတ်လိုက်၏။ ထို့နောက် တံခါးသည် ချက်ခြင်းပင် တိတ်တဆိတ် ပွင့်ဟသွားသည်။

၎င်းတံခါးနောက်ကွယ်၌ မည်သည့်အရာရှိမှန်း သေချာ မမြင်ရသေးသည့်တိုင် သန့်စင်လှသောစိတ်ဝိညာဉ်ချီက သူ့အား လာရောက်ခြုံလွှမ်းတာ ခံစားမိသည်။ ဤနေရာကား စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင် တည်ရှိရာနေရာပင်။

အဘိုးအိုဝေ၏ လမ်းညွှန်မှုအောက်တွင် ဟန်လိနှင့်အခြားသူများသည် တံခါးမှတစ်ဆင့် ဖြတ်၍ လှိုဏ်ဂူကြီးထံ ဦးတည်လျှောက်လာကြသည်။

ဤလှိုဏ်ဂူသည် တစ်ကီလိုမီတာလောက် ကျယ်ဝန်းကာ မီတာတစ်ရာလောက် အမြင့်ရှိ၏။ ၎င်းသည် မြေအောက်တွင် တည်ရှိပုံ ရ၏။

ဤလှိုဏ်ဂူထဲတွင် အရွယ်အစားမျိုးစုံသော ကျောက်စက်ပန်းစွဲတိုင်များစွာ ရှိနေပြီး သဘာဝအလျောက် ကျောက်တောအုပ်အသွင် ဖြစ်ပေါ်နေပေသည်။ လှိုဏ်ဂူ၏နေရာအများစုတွင် ယင်းကျောက်စက်ပန်းစွဲများနှင့် ပြည့်နှက်နေပြီး ဝင်္ကပါငယ်တစ်ခုအလား ထင်ရသည်။

အနီးကပ်စူးစမ်းကြည့်မိသည့်အခါ ဟန်လိသည် ကျောက်တိုင်များကြား၌ ခပ်မှိန်မှိန်အဖြူရောင်အလင်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေတာကို တွေ့ရှိသည်။ ဤနေရာ၌ တစ်စုံတစ်ယောက်က အတားအဆီးအမျိုးအစားတစ်ခုခုကို ထားရှိထားပုံ ရသည်။

ဟန်လိသည် ဆက်၍ စဉ်းစားနေစဉ် အဘိုးအိုဝေသည် ကျောက်တောအုပ်၏အစွန်သို့ သူတို့အုပ်စုကို ဦးဆောင်ခေါ်လာပြီး လက်ဝါးအရွယ်ခန့်ရှိမည့် အဖြူရောင်ကြေးမုံတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူသည် ခပ်တိုးတိုး၊ခပ်မြန်မြန် မန္တာန်တစ်ခုကို ရေရွတ်ကာ လက်မြှောက်လိုက်သည်။ ထိုအခါ ကြေးမုံထံမှ အဖြူရောင်အလင်းတန်းတစ်ခုသည် ကျောက်တောအုပ်ထံ ပြေးဝင်သွား၏။

ဝှစ်ခနဲ မြည်သံနှင့်အတူ ထိုအလင်းတန်းသည် ကျောက်တောအုပ်ထဲ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် အဘိုးအိုဝေက ကြေးမုံကို ပြန်သိမ်းဆည်းပြီး မည်သည့်စကားမျှမဆိုဘဲ‌ နေရာတွင် လက်နောက်ပစ်လျက် ရပ်နေ၏။ ငယ်ရွယ်သောကျင့်ကြံသူများသည် စိတ်ရှုပ်ထွေးကုန်ကြစဉ် မြေပြင်ထုသည် ရုတ်ချည်း တုန်ဟီးကာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။

ကျောက်သားတောအုပ်သည် နို့နှစ်ဖြူရောင် စတင်တောက်ပလာ၏။ ခဏအကြာတွင် ထိုအလင်းသည် အဝါရောင်သို့ပြောင်းကာ ကျောက်တိုင်မျိုးစုံသည် ရွှေ့လျားကြသည်။ ငယ်ရွယ်သောကျင့်ကြံသူများသည် အံ့အားသင့်တုန်လှုပ်နေရာမှ ပြန်သတိဝင်လာချိန်တွင် ထိုကျောက်သားတောအုပ်ထံမှ ဖြောင့်တန်းသောလျှောက်လမ်းတစ်ခု ထွက်ပေါ်လာချေသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ဟန်လိ၏စိတ်ထဲ လှုပ်ရှားသွားရ၏။ သို့သော် သူ့ဟန်ပန်ကမူ တည်ငြိမ်စွာ ရှိနေ၏။ ထိုလျှောက်လမ်းငယ်အတိုင်း ကျင့်ကြံသူများက လျှောက်လှမ်းကာ ကျောက်သားတောအုပ်၏ ဗဟိုချက်ထံ ဦးတည်လာကြသည်။ တဖြည်းဖြည်းဖြင့် သူတို့သည် ဗဟိုချက်ရှိ စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်နား ရောက်လာ၏။

ဟန်လိသည် သူ့ရှေ့ရှိ ဆယ်မီတာမျှ အမြင့်ရှိသော အရာဝတ္တုတစ်ခုကို တစ်ချက်လှမ်းကြည့်ပြီး တွေးမိသည်။

“ဒါက တကယ်ပဲ စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်လား…”

သူ့ရှေ့ရှိ အရာဝတ္ထုမှာ လက်မောင်းလုံးခန့် ထူပြီး အစိမ်းရောင် ခပ်ဖျော့ဖျော့ရှိသည်။ ၎င်းသည် သစ်ပင်တစ်ပင်နှင့် လုံးဝမတူဘဲ ကျောက်တိုင်တစ်တိုင်နှင့် ပိုတူနေသည်။

သို့ပေမည့် လှိုဏ်ဂူတစ်ခုလုံး၏ အံ့ချီးဖွယ်စိတ်ဝိညာဉ်ချီအားလုံးသည် ဤကျောက်တိုင်မှ ထွက်ပေါ်နေတာ အမှန်ပင်။ ၎င်းပတ်လည်၌ ရွှေရောင်ဖျော့ဖျော့အလင်းအရံအတားတစ်ခု ရှိနေလျက် အောက်ခြေအမြစ်ထိ ဖုံးလွှမ်းထားသည်။ ဤသို့ သေချာစွာ ကာကွယ်ထားပုံအရ ၎င်းသည် စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင် အမှန်တကယ် ဖြစ်နိုင်လောက်၏။

ဟန်လိသည် စိတ်ထဲ၌ ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။ ထိုစဉ် အခြားကျင့်ကြံသူများသည် ထိုသစ်ပင်ကို ကြည့်ကာ လိုချင်တပ်မက်စိတ်တို့ ဖြစ်ပေါ်နေလေသည်။ သူတို့သာ ဤသစ်ပင်အောက်တွင် တိုက်ရိုက်ကျင့်ကြံရမည် ဆိုပါက မည်သည့်ကျင့်ကြံခြင်း ပိတ်ဆို့မှုမျှ မကြုံရဘဲ အလျင်အမြန် တိုးတက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်လား။ ဟန်လိသည် စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ကို အချိန်ပေး၍ အာရုံစိုက်မနေပေ။ သူ့အာရုံသည် စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်အောက်ခြေရှိ အစိမ်းရောင်ပုလင်းထံ ကျရောက်သွားသည်။ ထိုပုလင်းသည် တစ်ဝက်သာ ပြည့်၍ အားကောင်းလှသော ဆေးရနံ့ကို ထုတ်လွှတ်နေသည်။

ဟန်လိသည် တွေးမိသွား၏။

“ဒါက တစ်ဝက်တစ်ပျက် သန့်စင်ထားတဲ့ တောက်ပမြင်ကွင်းရေလား…”

အခြားသူများသည် စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်နှင့် ဆယ်မီတာလောက် အကွာသို့ ရောက်လာချိန်တွင် ရပ်လိုက်ကြသည်။ အဘိုးအိုဝေတစ်ယောက်သာ ရှေ့ဆက်လျှောက်သွား၏။ ကြည့်ရတာ ဤနေရာရှိ အတားအဆီးသည် သူ့အပေါ် သက်ရောက်မှု မရှိပုံ ရသည်။

စိမ့်ဝိညာဉ်စိမ့်တွင်းသစ်ပင်သည် အဘိုးအိုရှေ့သို့ ရောက်လာချိန်တွင် သူသည် ၎င်းကို တစ်ပတ်ပတ်ပြီး သူ၏လက်ကို ပင့်မြှောက်ကာ သစ်ပင်၏အလယ်ထံ ဖိကပ်သည်။ ထို့နောက်တွင် သူသည် စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ သူ့လက်ချောင်းများသည် အစိမ်းရောင်အလင်း တောက်ပလာ၏။

အခြားသူများသည် ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ အသက်ပင် မရှုဝံ့ ဖြစ်ကုန်၏။ သူတို့သည် ထိုအဘိုးအိုကို အနှောက်အယှက်ပေးမိမှာ စိုးရိမ်ကြောက်လန့်သောကြောင့်ပင်။

ခဏအကြာတွင် အဘိုးအိုဝေက ခေါင်းရမ်းကာ သူ့လက်ကို ပြန်ရုတ်သည်။ အစိမ်းရောင်အလင်းသည် သိသိသာသာ မှိန်သွား၏။

အဘိုးအိုဝေသည် တစ်ဖက်သို့လှည့်ကာ တည်ငြိမ်စွာ ပြော၏။

“ဒီစိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ဟာ ဝတ်ရည်အရည်ထုတ်ဖို့ အကောင်းဆုံးအချိန် မဟုတ်သေးဘူး။ နောက်ထပ် ရှစ်နာရီလောက် စောင့်ဖို့ လိုသေးတယ်။ အဲ့အတိုင်ခင် မင်းတို့ ဒီသစ်ပင်နားမှာ အနားယူနိုင်တယ်။ ကျုပ်က မင်းတို့အတွက် တောက်ပမြင်ကွင်းရေ ပြင်ဆင်ပေးထားမယ်…”

“ကျုပ်တို့ အစ်ကိုဝေ ပြောတဲ့အတိုင်း လိုက်နာပါ့မယ်…”

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည် ခေါင်းညိတ်ပြကြ၏။ အဘိုးအိုယုသည် ပို၍ နာခံပုံ ပေါ်နေ၏။ ဟန်လိနှင့်အခြားသူများသည်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတို့ ညွှန်ကြားသည့်အတိုင်း ကျောက်သစ်ပင်ဘေးနားတွင် အသီးသီး ထိုင်ကာ စတင်ကျင့်ကြံကြသည်။

ထို့နောက်တွင် အဘိုးအိုဝေသည် ခါးညွှတ်ကာ ကျောက်စိမ်းပုလင်းကို လှမ်းယူပြီး သူ့အင်္ကျီလက်အိုးထဲသို့ သိမ်း၏။ ထိုစဉ် ခပ်ဖျော့ဖျော့အလင်းအရံအတားသည် ရုတ်တရက် တောက်ပလင်းထိန်လာပြီး အတွင်း၌ ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရအောင် ကာဆီးသွား၏။ အခြားသူများက ဤမြင်ကွင်းအပေါ် မထူးဆန်းသလို ရှိနေကြတာ မြင်သည့်အခါ ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး ငွေရောင်လကို စကားပြော၏။ ငွေရောင်လက ဖြည်းဖြည်းချင်း ပြန်ဖြေ၏။

“အစ်ကိုဟန်…ရှင် ကျမကို ဘာကြောင့် ခေါ်လိုက်တာလဲ…”

ဟန်လိက ပြောလာ၏။

“နင့်ရဲ့ မြေလှုပ်ရှားမှုပညာရပ်ဟာ ထူးကဲတယ်။ ဒီအလင်းအရံအတားထဲ နင် လျှို့ဝှက်ဝင်ရောက်နိုင်စွမ်း ရှိလား။ ငါ့အနေနဲ့ နင့်ကို စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ရဲ့ အမြစ်ကို ယူပြီး ငါ့ဆီ ပြန်ယူလာပေးစေချင်တယ်…”

“အစ်ကိုဟန်…ကျေးဇူးပြုပြီး ခဏတော့ စောင့်ပါ။ ကျမ စိတ်ဝိညာဉ်အသွင်ပုံစံ ပြောင်းရဦးမှာမို့ပါ…”

ထိုသို့ ပြောပြီးသည်နှင့် ငွေရောင်လသည် လက်သီးစုပ်ခန့် အရွယ်အစားရှိ ဝံပုလွေတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းကာ ဟန်လိ၏အောက်ဘက်ရှိ မြေပြင်ထဲသို့ တိတ်တဆိတ် တိုးဝင်သွားလေသည်။ ဟန်လိသည် အမူအရာမပျက် မျက်လုံးမှိတ်ကာ ကျင့်ကြံနေလိုက်၏။

ထို့နောက် ဟန်လိသည် ရုတ်တရက် မျက်ခုံးပင့်သွားပြီး မျက်လုံး မဆိုသလောက်ဖွင့်၍ တုတုံထံ လှမ်းကြည့်သည်။ တုတုံသည် အုပ်စုထောင့်နားတွင် ထိုင်နေလျက် သူက ခေါင်းငုံ့ကာ လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်ထား၏။ သူ့အသွင်မှာ ကျင့်ကြံနေသည်ဟု ထင်ရ၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် လှောင်ပြုံးပြုံး၍ ထိုသူ့အား စိတ်ထဲကနေ ပြက်ရည်ပြုလိုက်၏။

All Chapters