ပေါ်ထွက်လာသောဇာတ်လမ်း
Vol. 46 Ch. 632
အခြားသူများအနေဖြင့် တုတုံ၏ မသိမသာလှုပ်ရှားမှုများကို သတိပြုမိမည် မဟုတ်သော်ငြား ဟန်လိကမူ ထိုသူ၏လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းမိပေသည်။ အစောပိုင်းတည်းက သူသည် သူ့စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာထားပြီး ဖြစ်၏။ တုတုံသည် တရားထိုင်ကာ ကျင့်ကြံနေပုံ ပေါ်သော်လည်း သူ့နှုတ်ခမ်းများကမူ တုန်နေ၏။ သူသည် အခန်းထဲရှိ သူ့အပေါင်းအပါထံ အသံပို့လွှတ်နေတာ သိသာသည်။
တုတုံကို သတိပေးသလို ဖြစ်သွားမှာစိုး၍ ဟန်လိက သူ့အကြည့်ကို ခပ်မြန်မြန် ပြန်ဖယ်ရှားလိုက်သည်။ ထိုအစား သူသည် ဤပတ်ဝန်းကျင်၌ ပုန်းကွယ်နေသော ကျင့်ကြံသူများ ရှိ၊မရှိကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေ၏။ ပုံမှန်မဟုတ်တာ ဘာမျှ မတွေ့ရပေ။
ခဏကြာသည့်အထိ ဟန်လိသည် သံသယရှိဖွယ်တစ်ယောက်ယောက်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။ ထိုစဉ် ဟန်လိ၏နားထဲ၌ ငွေရောင်လ၏အသံပို့လွှတ်ခြင်းကို ကြားရ၏။
“အစ်ကိုဟန်…ဒီစိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ရဲ့ အလင်းအရံအတားဟာ မြေအောက်ထဲထိ ရောက်နေတာ။ ကျမက ဒါကို အတင်းအကြပ် ဝင်ရောက်နိုင်ပေမဲ့ ဒီအရံအတားအတွင်းမှာ ရှိနေတဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ သတိထားမိသွား၊မသွားကိုတော့ အာမမခံနိုင်ဘူး။ ကျမ ချိုးဖျက်လိုက်ရမလား…”
ဟန်လိသည် ချက်ခြင်း ပြန်ဖြေ၏။
“အလျင်မလိုနဲ့။ နောက်ဆုံး မဖြစ်သာမှ အကြမ်းနည်းသုံးကြတာပေါ့။ မကြာခင် ဗရမ်းဗတာတွေ ဖြစ်လာလိမ့်မယ်လို့ ငါ ထင်တယ်။ အဲ့ကျမှ အခွင့်အရေးကို စောင့်ဖမ်းကြတာပေါ့။ ခုတော့ ပြန်လာခဲ့တော့…”
ငွေရောင်လက လိုက်နာ၏။ သူမသည် ဟန်လိ၏ခန္ဓာကိုယ်ထဲ တိတ်တဆိတ် ပြန်ဝင်ရောက်လာခဲ့သည်။ ထို့နောက်တွင် ဟန်လိသည် မျက်လုံးမှိတ်ကာ တုတုံ၏အပြုအမူများကို စောင့်ကြည့်နေသည်ကလွဲ၍ မည်သည့်အရာမျှ မပြုလုပ်တော့ပေ။ အချိန်မည်မျှကြာမှန်း မသိပြီးနောက် တုတုံက နှုတ်မှရေရွတ်နေတာ ရပ်သွားပြီး သူ့လက်ကို ပင့်မြှောက်ကာ သူ့ဘေးပတ်ဝန်းကျင်ကို ထူးခြားသည့်ဟန်ပန်အမူအရာဖြင့် တစ်ချက်ဝေ့ကြည့်သည်။
ဟန်လိ၏စိတ်ထဲ တုန်လှုပ်သွားသည်။ သူ လှုပ်ရှားရမလား၊ မလှုပ်ရှားရဘူးလား စဉ်းစားနေတုန်းရှိသေး တုတုံသည် မထင်မှတ်စွာဖြင့် တစ်ဖန် ခေါင်းပြန်ငုံ့သွား၏။ မည်သည့်အရာမျှ ဖြစ်ပွားလာခြင်း မရှိ၍ ဟန်လိသည် အကြောင်သား ကျန်ခဲ့ကာ စဉ်းစားမရ ဖြစ်သွားသည်။
ဤအခိုက်အတန့်တွင် လှိုဏ်ဂူတလျှောက်၌ မြေငလျင်ကြီး တုန်ခါလှုပ်ခတ်လာလေသည်။ တရားထိုင်ကျင့်ကြံသူအားလုံးသည် အလန့်တကြား မျက်လုံးဖွင့်လာကြကာ တစ်ယောက်နှင့်တစ်ယောက် အံ့အားသင့်ထိတ်လန့်စွာ ကြည့်မိကုန်သည်။
မီးခိုးရောင်ဝတ်စုံအဘိုးအိုနှင့် အခြားအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည်လည်း အံ့အားသင့်ထိတ်လန့်ဟန် မသိမသာ ဖြစ်ပေါ်သွားသည်။ အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူကမူ မျက်မှောင်ကြုတ်ကာ ကျောက်တံခါးထံ ခပ်ကြမ်းကြမ်း၊ခပ်မြန်မြန် လျှောက်လှမ်းသွားသည်။ သို့ရာတွင် သူ မရောက်ခင်မှာပင် တံခါးသည် ပွင့်ဟသွားပြီး မျက်စိမျက်နှာပျက်နေသော မျက်နှာရှည်ရှည်နှင့်ကျင့်ကြံသူဟုက တံခါးဖွင့်ကာ ဝင်လာသည်။
“စီနီယာဟု…ဘာဖြစ်လို့လဲ…” အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူက အလောတကြီး မေးလိုက်သည်။
မျက်နှာရှည်ရှည်နှင့်ကျင့်ကြံသူသည် သွေးဆာရက်စက်သည့်လေသံဖြင့် ပြန်ဖြေသည်။
“ဒီနေရာကို တိုက်ခိုက်ခံရပြီ။ လျှို့ဝှက်ကျင့်ကြံသူလူတစ်စုက တောင်ကြားအပြင်က မန္တာန်အစီအရင်ကို တိုက်ခိုက်ခဲ့ကြတယ်။ သူတို့က အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ ဖြစ်ကြတဲ့အပြင် သူတို့ထဲမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ပါနိုင်တယ်။ ကြည့်ရတာ ဒီလူတွေက လမ်းမှန်တာအိုမဟာမိတ်အဖွဲ့က မဟုတ်လောက်ဘူး။ ဒါပေမဲ့ မိစ္တာတာအိုဂိုဏ်းခြောက်ဂိုဏ်းက သူတွေ ဖြစ်လိမ့်မယ်။ တခြားသူတွေသာဆို အဲ့လောက်ရဲတင်းကြမှာ မဟုတ်ဘူး။ စီနီယာလန်ကတော့ မန္တာန်အစီအရင်ကို ကြီးကြပ်ဖို့ ထွက်သွားပြီ။ မင်းလည်း ကျုပ်နဲ့ လိုက်ခဲ့ပြီး အတူတူ ခုခံဖို့ ကူညီပေးရမယ်။ စီနီယာအစ်ကိုဝေကိုပဲ ဒီမှာ နေကျန်ရစ်ခိုင်းလိုက်မယ်။ ဒီတပည့်တွေအတွက် တောက်ပမြင်ကွင်းရေ ကိစ္စကိုတော့ အချိန်ရွှေ့လိုက်။ တာအိုရောင်းရင်းယွဲ့…ခုပဲ ဒီတပည့်တွေကို ဘေးကင်းတဲ့အခန်းတစ်ခုထဲ ခေါ်သွားပေးပါ။ အစ်ကိုဝေကတော့ ဒီအချိန်အတွင်း လှိုဏ်ဂူထဲ ဝင်လာတဲ့သူမှန်သမျှကို ချက်ခြင်းသာ သတ်ပစ်ပေးပါ…”
အဘိုးအိုဝေသည် တည်ငြိမ်စွာ ပြန်ဖြေသည်။
“ကျုပ် နားလည်ပြီ။ ညီအစ်ကိုဟု…သွားကြမယ်။ သူတို့ကို ခေါ်သွားလိုက်ပါ။ ကျုပ် ဒီမှာ စောင့်ကြပ်ပေးမယ်…”
မျက်နှာရှည်ရှည်နှင့်အဘိုးအိုသည် ထိုစကားကို ကြားသည့်အခါ စိတ်အေးဟန်ဖြင့် ခေါင်းညိတ်ပြပြီး မီးခိုးရောင်ဝတ်စုံအဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့ကို အခန်းထဲမှ ချက်ခြင်းခေါ်ထုတ်သွားသည်။
အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ဟန်လိနှင့်အခြားတပည့်များထံ ပြေးလာပြီး အမိန့်ပေးသည်။
“မင်းတို့တွေ ကြားတဲ့အတိုင်းပဲ။ အမြင်အာရုံသန့်စင်ဖို့ကို ရွှေ့ဆိုင်းလိုက်ပြီ။ ကျုပ် မင်းတို့ကို ဘေးကင်းတဲ့အခန်းထဲ ခေါ်သွားပေးမယ်…”
ထို့နောက် သူသည် တစ်ဖက်သို့ ပြန်လှည့်ကာ သည်လှိုဏ်ဂူထဲမှ ထွက်သွားသည်။ ငယ်ရွယ်သောကျင့်ကြံသူများသည် ဖင်လေးမနေဝံ့ဘဲ သူ့နောက် အလျင်အမြန် လိုက်ပါသွားကြ၏။
သူတို့နောက် ဟန်လိသည် တည်ငြိမ်စွာ လိုက်ပါလာပြီး တုတုံသည်လည်း မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ လှိုဏ်ဂူထဲမှ သူတို့နှင့်အတူ လိုက်ပါလာတာ မြင်သည့်အခါ ဟန်လိသည် နှာခေါင်းရှုံ့လိုက်၏။
တုတုံသည် ခုချိန်ထိ တည်ငြိမ်စွာ လှုပ်ရှားနေပြီး စိုးရိမ်ပူပန်ကြောင်း လုံးဝမပြပေ။ ဟန်လိသည် ထိုအချက်အပေါ် အတော်လေး သံသယဖြစ်နေမိသည်။ တုတုံအတွက် တစ်ခုခု လှုပ်ရှားရန် အချိန်မကျသေးပုံပေါ်၏။ ခဏအကြာတွင် တပည့်ဆယ်ယောက်သည် အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူနောက်သို့ လိုက်ပါကာ အနောက်ဘက်ခြမ်းရှိ ကျောက်သားအခန်းကျယ်တစ်ခုထဲ ရောက်လာကြသည်။ တပည့်များကို အမိန့်များပေးပြီးနောက် သူက လှိုဏ်ဂူအပေါ်တွင် ဖြစ်ပွားနေသောတိုက်ပွဲထံ ထွက်ခွာလာသည်။
ထိုအခိုက်တွင် အကွာအဝေးတစ်ခု၌ ပေါက်ကွဲသံကြီးတစ်ခုကို ကြားရပြီး မြေပြင်သည် ပြင်းထန်စွာ တုန်ခါသည်။ ကြည့်ရတာ အပြင်ဘက်ရှိ ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် ဤသို့ဖြစ်ရတာ နေမည်။
အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူ ထွက်ခွာသွားတာ မြင်သည့်အခါ တပည့်များက သူတို့ဂိုဏ်းတူများနား သွားရောက်ပြီး တီးတိုးပြောဆိုနေကြသည်။ ဟန်လိ၊ တုတုံ၊ မူပိုင်လင်းနှင့် စွန်ဟောင်တို့ကလည်း အတူတူ ရပ်နေကြ၏။
စွန်ဟောင်က သက်ပြင်းချကာ မကျေမချမ်း ပြောလာသည်။
“ရှေးဟောင်းဓားဂိုဏ်းက ဦးလေးပိုင်ဟာ လမ်းမှန်တာအိုရဲ့ သူလျှိုဖြစ်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ အရင်တုန်းက သူ့ကို ကျုပ် အတော်လေး လေးစားခဲ့တာ။ သူဟာ လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့တယ်ဆိုပြီး အထင်တကြီး ဖြစ်ခဲ့မိတာပေါ့…”
မုပိုင်လင်းက ထိုလူငယ်ကို အေးစက်စက်ကြည့်ကာ ခံစားချက်မဲ့စွာ ပြောသည်။
“ဂျူနီယာမောင်လေးစွန်…လေလွင့်ကျင့်ကြံသူတစ်ယောက်က အမြုတေ လွယ်လွယ်ဖွဲ့စည်းနိုင်လိမ့်မယ်လို့ နင် ထင်နေတာလား။ ကြီးမားတဲ့အထောက်အပံ့ မရှိဘဲ တစ်စုံတစ်ဦးဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အလွယ်တကူ ဘယ်ဝင်ရောက်နိုင်ပါ့မလဲ။ ဒါပေမဲ့ မောင်လေးစွန်ကတော့ ဂိုဏ်းတော်တော်များများက သဘောကျရတဲ့ ပါရမီပါတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ မောင်လေးစွန်ဟာ အနာဂတ်မှာ ကြီးမားတဲ့အထောက်အပံ့အတွက် ဒီဂိုဏ်းတွေထဲက တစ်ဂိုဏ်းဂိုဏ်းနဲ့ မပူးပေါင်းချင်ဘူးလား…”
စိတ်ဓာတ်ပြတ်သားသောကျင့်ကြံသူစွန်သည် မချိပြုံးပြုံး၍ ရဲရဲတင်းတင်း ပြန်ဖြေသည်။
“ကျုပ်အနေနဲ့ အမြုတေဖွဲ့စည်းဖို့ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုကို ဝင်ရောက်ဖို့အတွက် အဆင်မပြေဘူးလို့ ခံစားနေရတုန်းပဲ။ အဲ့လိုလုပ်မယ်ဆို ကျုပ်ရဲ့ ဂိုဏ်သိက္ခာကျဆင်းရတယ်လို့ ခံစားရလို့…”
ထို့နောက် သူ့အကြည့်သည် မိန်းမလှမုပိုင်လင်း၏ ချောမောလှသောမျက်နှာပေါ်သို့ အလိုလို ကျရောက်သွားမိသည်။ သူ့ထံ၌ တပ်မက်စိတ် အရိပ်အယောင် ဖြစ်ပေါ်သွားသည်။ သို့ရာတွင် မုပိုင်လင်းသည် ထိုအချက်ကို သတိမပြုမိဘဲ စကားဆက်မဆိုတော့ပေ။
ထို့နောက် တုတုံသည် ရုတ်တရက် ဝင်ပြောသည်။
“ဒါပေမဲ့…သိုင်းဦးလေးပိုင်ဟာ သနားစရာကောင်းတဲ့ပုံ ပေါက်မနေဘူးလား…”
မုပိုင်လင်းသည် ထိုစကားကို ကြားသည့်အခါ လူထွားတုတုံအား စွေခနဲ့ လှမ်းကြည့်၏။ စွန်ဟောင်လည်း ဤစကားများကြောင့် အလားတူ အံ့အားသင့်သွားကာ သံသယဝင်ကာ မေးလိုက်သည်။
“သနားစရာကောင်းတာလား။ သိုင်းတုန်လေးတု…မင်း ဘာကို ဆိုလိုတာလဲ…”
တုတုံက သာမန်သာ ပြုံးပြပြီး သူ့အမေးကို တုံပြန်၏။ ထို့နောက် သူ့အကြည့်က ဟန်လိထံ ကျရောက်သွားပြီး မေးလိုက်သည်။
“ညီလေးဟန်ကကော…ကျုပ် စကားတွေက အဓိပ္ပာယ် ရှိတယ်လို့ ထင်လား…”
ဟန်လိသည် တုတုံက သူ့ဘက် မြှားဦးလှည့်လာသည့်အပေါ် အံ့အားသင့်သွားခြင်း မရှိပေ။ သူက မင်သေသေဖြင့် ပြန်ဖြေသည်။
“မပြောတတ်ဘူးလေ။ ကျုပ်က သိုင်းဦးလေးပိုင်အကြောင်းမှ သိပ်မသိထားတာ။ ကျုပ် အမြင် သေချာ မပြောနိုင်မှာ စိုးမိတယ်…”
“အဲ့လိုလား။ ဒါပေမဲ့ ကျုပ် ခံစားမိတာကတော့…”
တုတုံသည် ဆက်ပြောမည်ဟု စဉ်းစားနေစဉ် စွန်းဟောင်က သူ့ကိုလစ်လျူရှုထားပြီး ဒေါသတကြီး ပြောလာသည်။
“သိုင်းတူလေးတု၊ မင်းက အတော်လေး အလိုက်ကန်းဆိုး မသိတာပဲ။ မင်း ငါ ပြောတာ မကြားတာလား…”
တုတုံ၏မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားကာ သူက ထိုလူငယ်ကို တစ်ချက်လှမ်းကြည့်သည်။ သူသည် ရက်စက်မည့်ဟန်အမူအရာဖြင့် ပြောသည်။
“မင်း ဘာကြောင့် လာအော်နေတာလဲ။ ကျုပ် မင်း ပြောတာ ကြားတယ်။ ဒါပေမဲ့ မင်းလို အမှိုက်ကို ပြန်တုံ့ပြန်နေဖို့ စိတ်မဝင်စားဘူး…”
“ဘာ…မင်း ဘာပြောတာ…”
မုပိုင်လင်းသည် တစ်ခုခု မူမမှန်မှန်း သိသွား၏။ သူမက မျက်နှာပျက်သွားသည်။ သူမ၏သိုလှောင်အိတ်ပေါ်သို့ လက်တင်ကာ အေးစက်စွာ ပြောလိုက်သည်။
“နင်…ဘယ်သူလဲ…”
အခြားတပည့်များသည် တစ်ခုခု မူမမှန်တာ သတိပြုမိပြီး သူတို့ထံ အံ့အားထိတ်လန့်စွာ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
အမျိုးသားတစ်ယောက်၏အသံသည် အခန်းအပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟားဟား…သူက မိစ္ဆာတာအိုရဲ့ ပုံရိပ်ယောင်တစ်ထောင်ဂိုဏ်းရဲ့ တိုက်ရိုက်သွေးမျိုးဆက်ပဲ။ ဒီအဖြေက နင့်ကို ကျေနပ်စေမယ်လို့ ငါ မျှော်လင့်ပါတယ်…”
ဘန်း…။ တံခါးသည် တစစီ ပွင့်ဟသွား၏။
ဂိုဏ်းတပည့်များသည် ကြီးစွာ တုန်လှုပ်သွား၏။ သူတို့သည် သတိအနေအထားဖြင့် မှော်ပစ္စည်းများကို လျင်မြန်စွာ ထုတ်ယူကြသည်။ ထိုစဉ် ရင်းနှီးကျွမ်းဝင်သောလူကြီးတစ်ယောက်သည် ပျက်စီးနေသောတံခါးကြားမှ ထွက်ပေါ်လာသည်။
“ သိုင်းဦးလေးပိုင်…” ရှေးဟောင်းဓားဂိုဏ်းမှ တပည့်များသည် ထိုသူ့ကိုမြင်သည့်အခါ အလန့်တကြားဖြင့် ထမအော်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ ခဏအကြာ သူတို့အမူအရာများသည် ပြောင်းလဲသွားကြပြီး သူ၏မျက်နှာထက်၌ မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်သွားသည်။
အခြားတပည့်များသည် သူတို့ရှေ့၌ မိုးပြာရောင်ဝတ်စုံဖြင့် ကျင့်ကြံသူ ပေါ်လာတာ မြင်သည့်အခါ ဆွံ့အမင်သက်သွားကြသည်။ ထိုသိုင်းဦးလေးပိုင်သည် အစောပိုင်းတုန်းကမှ ထိန်းသိမ်းခံခဲ့ရတာကို သူတို့ တွေ့မြင်ခဲ့ရသည် မဟုတ်လား။ သို့ပေမည့် အခု ဤနေရာတွင် သူ ပြန်ပေါ်လာခဲ့ပေပြီ။ သူ၏တက်ကြွနေသောပုံစံအရ သူ့မှော်စွမ်းအားများမှာ နည်းနည်းလေးမျှ ထိန်းချုပ်မခံထားရသည့်ပုံ ပေါ်သည်။
တုတုံသည် ကျင့်ကြံသူပိုင် ပေါ်ထွက်လာတာကို နည်းနည်းလေးမျှ အံ့အားမသင့်သွားပေ။ သူသည် အေးစက်စွာ လှမ်းမေးသည်။
“ခင်ဗျား…ဘာကြောင့် နောက်ကျနေတာလဲ။ အချိန်သိပ်မဆွဲတော့နဲ့။ ကျုပ်တို့ လုပ်စရာရှိတာ အရင်ဆုံး လုပ်ကြရအောင်…”
ကျင့်ကြံသူပိုင်သည် ပြန်ဖြေ၏။
“ဟက်…မင်းက ဟိုလူကြီးရဲ့ ဓားအမျှင်တန်းက ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းတာကို မသိဘူးပဲ။ ကျုပ်က အဲ့အတွက် ကြိုပြင်ဆင်ထားခဲ့ပေမဲ့လည်း အချိန်တစ်ခုထိတော့ ထိန်းချုပ်ခံခဲ့ရသေးတာပဲ။ သူ့အနေနဲ့ ငါ့အသက်ကို မယူဘူးလို့ မင်းသာ ဆက်တိုက်အာမခံချက် မပေးထားခဲ့ဘူးဆို ငါ မင်းဘက်မှာ ပူးပေါင်းလိမ့်မယ်လို့ မင်း ထင်လား…”
“ဟားဟား…အဲ့လူအိုကြီးကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒါပေမဲ့ အများစုက ကျုပ်တို့ မျှော်လင့်ထားသလိုပါပဲ။ သိုင်းဦးလေးဖန်နဲ့ စီနီယာချင်းက ကျုပ်တို့ကို လုံလုံလောက်လောက် အချိန်ဆွဲပေးထားနိုင်မှာပါ…”
သူတို့၏အပြန်အလှန်စကားများကို ကြားသည့်အခါ အခြားတပည့်များသည် အခြေအနေမဟန်တော့တာ သိနေပေပြီ။ ရှေးဟောင်းဓားဂိုဏ်းမှ တပည့်တစ်ယောက်ဆို အလျင်အမြန် တုံ့ပြန်လာ၏။ သူ့ မှော်ပစ္စည်းကို အသုံးပြုကာ တံခါးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်ကာ ဤနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ထိုတပည့်သည် ကျင့်ကြံသူပိုင်၏ဘေးမှ ဖြတ်သန်းသွားချိန် သူ၏မျက်နှာထက်၌ ရက်စက်မည့်ဟန်အမူအရာ ပေါ်လာကာ အဖြူရောင်အလင်း တောက်ပလင်းထင်းသွားသည်။ နာကျင်စွာအော်ဟစ်သံနှင့်အတူ ထိုတပည့်နှင့်သူ၏ဓားတို့သည် နှစ်ပိုင်းကွဲထွက်သွားသည်။ ဘုတ်ခနဲ မြည်သံနှင့်အတူ အလောင်းတစ်လောင်း အောက်သို့ ပြုတ်ကျလာ၏။