← Chapters

အပိုင်း (၆၃၃): မဟာတံလျှပ်ပညာရပ်နှင့် မြေခွေးပီတိပညာရပ်ပညာရပ်

Vol. 46 Ch. 633

အပိုင်း (၆၃၃): မဟာတံလျှပ်ပညာရပ်နှင့် မြေခွေးပီတိပညာရပ်ပညာရပ်

Vol. 46 Ch. 633

ထိုတပည့် အသက်ခံလိုက်ရသည်နှင့် အခြားကျင့်ကြံသူများ၏မျက်နှာများသည် သေလောက်အောင် ဖြူရော်သွားကြသည်။ သူတို့သည် သူတို့၏အကာအကွယ် မှော်လက်နက်များကို ထုတ်ယူကာ ကျင့်ကြံသူပိုင်ကို စူးရဲစွာ စိုက်ကြည့်ကြသည်။ ခဏကြာသည့်အထိ မည်သူကမျှ မလှုပ်ရှားဝံ့သေးပေ။ မုပိုင်လင်းမှာ များစွာ ရုပ်ပျက်နေလေပြီ။ သူမသည် တုတုံနှင့် ခပ်လှမ်းလှမ်းထိ ဆုတ်၍ သူမ၏မှော်ဖဲကြိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ခြုံလွှမ်းထားလိုက်သည်။ စုဟောင်ကမူ ဤမြင်ကွင်းကြောင့် ရှုံ့မဲ့နေပြီး ကျင့်ကြံသူပိုင်ကို ကြည့်လိုက်၊ တုတုံကိုကြည့်လိုက် ဖြစ်နေသည်။

ဟန်လိသည် အခန်းထောင့်နား တိုးကပ်သွားပြီး ဘေးဘီဝဲယာကို အဆက်မပြတ် ကြည့်ရှုနေသည်။ သူ့စိတ်ထဲ၌ ဘာတွေးနေသလဲကို မသိရပေ။

ထိုအခိုက်အတန့်တွင် တုတုံထံမှ အထင်ကြီးဖွယ် အော်ရာတစ်ခု ရုတ်တရက် မြင့်တက်လာသည်။ သူ့လည်ပင်းတွင် အနက်ရောင်အဆောင်သင်္ကေတကြောင်းများ ပေါ်လာကာ သူ၏ခန္ဓာကိုယ်ထံမှ အနက်ရောင်အလင်း ထွန်းတောက်လာသည်။ သူသည် ရုတ်ချည်းအသွင်ပြောင်းနေသည့်အလား။ သူ့အရပ်အမြင့်မှာ နှစ်မီတာလောက်ထိ ရောက်သွားပြီး သူ၏ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ကောင်းနေ၏။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်သို့ ရောက်ရှိသွားလေပြီ။

ကျင့်ကြံသူပိုင်သည် တုတုံ၏ အံ့အားသင့်ဖွယ်ပြောင်းလဲမှုကို တွေ့မြင်သည့်အခါ မရယ်မောမိဘဲ မနေနိုင် ဖြစ်သွားရသည်။

“သိပ်ကောင်းတယ်။ ပုံရိပ်ယောင်တစ်ထောင်ဂိုဏ်းက ကောင်းကင်တောင်ပိုင်းမှာ ရုပ်ဖျက်ခြင်းပညာရပ်မှာ ဒုတိယလို့ ပြောမယ်ဆို ဘယ်သူကမှ သူတို့ကိုယ်သူတို့ ပထမလို့ ပြောဝံ့ကြမှာ မဟုတ်ဘူးပဲ။ မဟာတံလျှပ်ပညာရပ်ဟာ မင်းတို့ဂိုဏ်းရဲ့ အမှတ်အသားပညာရပ်လို့ ပြောဖို့ တကယ်ပဲ ထိုက်တန်ပါပေတယ်…”

“ဟားဟား…” အသွင်ပြောင်းထားသောတုတုံသည် အေးတိအေးစက် နှာမှုတ်၏။ ထို့နောက်တွင် သူ့အကြည့်က လူအုပ်ထံ ကျရောက်သွားပြီး ဟန်လိထံတွင် ရပ်သွားသည်။ သူ့မျက်နှာထက်တွင် ရက်စက်မည့်ဟန် ဖြတ်ပြေးသွားသည်။

ဝှစ်။ အခန်းထဲရှိ ကျင့်ကြံသူများသည် တုတုံမှာ ဖြတ်ခနဲ ပျောက်ကွယ်ကာ ဟန်လိဘေးသို့ ရောက်သွားတာ မြင်လိုက်ရသည်။ တုတုံက လက်ဝေ့ရမ်းလိုက်ရာ ဟန်လိ၏အလင်းအရံအတားသည် ချက်ခြင်းပင် တစစီ ဖြစ်သွား၍ သူ့လက်မှာ ဟန်လိ၏ရင်ဘက်ထံ လျှပ်စီးတန်းနှယ် တိုးဝင်လာသည်။ ထို့နောက် သူသည် သွေးတစ်စက်စက်နှင့်နှလုံးသားတစ်ခုကို ဖမ်းဆုပ်၍ လက်ပြန်ရုတ်သည်။

ဟန်လိ၏အလောင်းသည် အောက်သို့ ပြိုလဲကျသွားသည်။

“ဟာ…” အခြားတပည့်များသည် ထိုသွေးလွှမ်းသောမြင်ကွင်းကို တွေ့မြင်သည့်အခါ အလန့်တကြားထအော်ကြ၏။ ဤအဖြစ်ဆိုးသည် သူတို့အလှည့်သို့ ရောက်လာတော့မည်ဟုလည်း ယုံကြည်နေကြသည်။ သူတို့၏စိတ်ထဲ အကြောက်တရားများ ပြည့်နှက်သွားသည်။

“အန်…” အသွင်ပြောင်းထားသော တုတုံသည် ဟန်လိ ဤမျှလွယ်လင့်တကူ သေဆုံးသွားသည့်အပေါ် မယုံကြည်နိုင် ဖြစ်နေသည်။ သူသည် မျက်မှောင်ကြုတ်ကာ သူ့လက်ကို ဖြတ်ခနဲ့ကြည့်သည်။ သူ့လက်ထဲရှိ လတ်လတ်ဆတ်ဆတ်ရှိနေသော နှလုံးကို ကြည့်ပါက သူ့အနေဖြင့် ဟန်လိကို အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့ပြီးဟု ဆိုရမည်သာ။

ကျင့်ကြံသူပိုင်သည် တုတုံ၏ ရုတ်ချည်း တိုက်ခိုက်မှုကြောင့် ထိပ်ပျာသွားပြီး ဒေါသတကြီး လှမ်းအော်သည်။

“မင်း ဘာလုပ်တာလဲ။ ဒီတပည့်တွေကို မင်း သတ်လို့မရဘူး။ သူတို့ထဲက အချို့ဆို နောက်ခံကောင်းကြတဲ့သူတွေ။ ဒီထဲက တစ်ယောက်ဆို လူထူးဆန်းကောင်းကင်ကလဲ့စားရဲ့ သွေးချင်းတစ်ယောက်ပါ ဖြစ်နေသေးတယ်။ မင်း သူတို့ကို လက်လွတ်စပယ် မတိုက်ခိုက်နဲ့…”

တုတုံသည် မထူးခြားနားစွာ နှာမှုတ်၍ ပြန်တုံ့ပြန်သည်။

“ငါ ဒီတစ်ယောက်ကို သတ်လိုက်တာက ငါ့ဇာတ်ငါနိုင်လို့ပဲ။ ပြီးတော့ ဒီကောင်လေးက ထူးခြားတဲ့အတွက် သူ့ကို ကြိုရှင်းထားတာက ပိုကောင်းလိမ့်မယ်။ ဒါ့အပြင် သူဟာ လူထူးဆန်းကောင်းကင်ကလဲ့စားရဲ့ မျိုးဆက်တစ်ယောက်မဟုတ်တာ ကျိန်းသေတယ်။ သူဟာ ဂိုဏ်းကို ငါနဲ့ တစ်သုတ်တည်း ဝင်ရောက်ခဲ့တဲ့သူပဲ…”

ခဏအကြာတွင် သူသည် ဆုပ်ကိုင်ထားသောနှလုံးကို အောက်သို့ ပစ်ချလိုက်သည်။

ကျင့်ကြံသူပိုင်သည် စိတ်သက်သာရာရသွား၏။ သူသည် ပြောလိုက်သည်။

“မင်း အဲ့လို သဘောပေါက်တယ်ဆို အဆင်ပြေတယ်။ လူထူးဆန်းကောင်းကင်ကလဲ့စားရဲ့ မျိုးဆက်ဟာ ယောက်ျားလား၊ မိန်းမလား ငါ မသိပေမဲ့ သူ့မျိုးဆက် ဂိုဏ်းထဲဝင်ရောက်လာခဲ့တာဟာ တောက်ပမြင်ကွင်းရေကို အသုံးပြုဖို့ပဲ။ သူတို့သာ အမှန်တကယ် သေဆုံးသွားမယ်ဆို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ငါ စောစောက သတ်ခဲ့တဲ့သူကလည်း သူ့နောက်ခံအကြောင်း ငါ့အနေနဲ့ ကောင်းကောင်းသိထားလို့ပဲ။ အဲ့တပည့်ဟာ လူထူးဆန်းရဲ့ မျိုးဆက်တစ်ယောက် မဟုတ်ဘူး…”

“ကောင်းပြီလေ…။ အခြားသူတွေကို ငါ ဆန္ဒရှိသလို မသတ်တော့ပါဘူး။ ဒါပေမဲ့ မင်းအနေနဲ့ သူတို့ပြဿနာ မရှာနိုင်အောင် လုပ်ပေးနိုင်မှာ မဟုတ်လောက်ဘူး။ သူတို့ကို အချိန်တစ်ခုထိ မေ့မြောသွားအောင် ငါ လုပ်လိုက်တာ ပိုအဆင်ပြေလောက်တယ်…”

ထိုသို့ပြောပြီး တုတုံသည် နေရာတွင်ပင် လှည့်ပတ်လိုက်သည်။ ထိုအခါ အနက်ရောင်အလင်းသည် ဖြာထွက်ကာ ဤအခန်းတစ်ခုလုံးကို ထွေးခြုံသွား၏။

အခြားကျင့်ကြံသူများသည် သူ့စကားများကြောင့် အတော်လေး စိတ်အေးသွားရသည်။ သို့သော် အနက်ရောင်အလင်းက သူတို့ကို ထိမိသည်နှင့် သူတို့အားလုံးသည် ချက်ခြင်း သတိမေ့သွားကြသည်။ ကျင့်ကြံသူပိုင်သည် ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သွားကြမယ်။ ကျုပ်တို့ ဒီမှာ အချိန်ကုန်နေလို့ မဖြစ်ဘူး…”

“ကောင်းပြီလေ…”

ထိုသို့ ပြောဆိုပြီးသည်နှင့် သူတို့နှစ်ယောက်သားသည် အခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ချက်ခြင်း ထွက်ခွာကြသည်။ သို့သော် တုတုံ ခြေလှမ်းလိုက်ချိန်တွင် သူသည် စိတ်မသက်မသာ ဖြစ်မှုကို ခံစားမိကာ နှလုံးသားမဲ့နေသောအလောင်းထံ အလိုလို အကြည့်ရောက်သွားသည်။ ဟန်လိသည် သူ့သွေးအိုင်ထဲ၌ လဲနေ၏။ သူ သေဆုံးသည်မှာ သေချာသည့်ပုံပင်။

တုတုံသည် သူ့ကိုယ်သူ သံသယလွန်ကဲနေသည်ဟု ခံစားမိကာ မထေ့လှောင်မိဘဲ မနေနိုင် ဖြစ်မိသွားသည်။ ထို့နောက် သူသည် စိတ်အေးလက်အေးဖြင့် ကျင့်ကြံသူပိုင်နောက်သို့ လိုက်ပါလာသည်။ သူတို့နှစ်ယောက် ထွက်သွားသည်နှင့် အခန်းသည် အသက်မဲ့သည့်နှယ် တိတ်ဆိတ်ငြိမ်သက်မှု ပိုကြီးစိုးသွား၏။ ခဏအကြာတွင် မိန်းမပျိုတစ်ယောက်၏အသံသည် အခန်းထဲ၌ ထွက်ပေါ်လာ၏။

“အစ်ကိုဟန်…ကျမရဲ့ မြေခွေးပီတိပညာရပ်ဟာ မဟာတံလျှပ်ပညာရပ်ထက် ပိုအဆင်မြင့်တယ်နော်။ အဲ့လူရဲ့ ကျင့်ကြံမှုက အားမနည်းပေမြ့ သူဟာ တစ်စုံတစ်ယောက် သတ်ခဲ့လား၊မလားကို မပြောနိုင်ပါဘူး။ သိပ်ရယ်စရာ ကောင်းတာပဲ…”

ထိုစကားသံ ထွက်ပေါ်လာပြီးနောက် ဟန်လိ၏ သွေးအလိမ်းလိမ်း အလောင်းခန္ဓာသည် အဖြူရောင်မှိန်ဖျော့ဖျော့ လင်းလာသည်။ တဖြည်းဖြည်း ထိုအလင်းသည် ငွေရောင်တောက်ပကာ တစ်ပေခန့်အရှည်ရှိ နှင်းမြေခွေးဖြူတစ်ကောင်အဖြစ် ဖွဲ့စည်းသည်။

ထိုမြေခွေးနှင့် နောက်ဘက်တစ်မိတာခန့်အကွာမှ ဟန်လိ၏စကားသံ ထွက်ပေါ်လာသည်။

“တကယ် အထင်ကြီးစရာပါပဲ။ နင်လို့ ဝံပုလွေတစ်ကောင်က မြေခွေးပညာရပ်မှာ ကျွမ်းကျင်နေတဲ့အပေါ် ငါ့အနေနဲ့ ထူးဆန်းသလို ဖြစ်မိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါက ကျင့်ကြံမှုအဆင့် ပိုအားနည်းတဲ့သူတွေအပေါ်မှာပဲ အလုပ်ဖြစ်နိုင်လိမ့်မယ်။ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေအပေါ်မှာတော့ ဒီပညာရပ်နဲ့ အရူးလုပ်နိုင်ဖို့ ခက်လိမ့်မယ်။ မဟာတံလျှပ်ပညာရပ်ကလည်း ထူးကဲတာ အမှန်ပဲ။ အဲ့တုတုံဆိုတဲ့ကောင် သူ့ကိုယ်သူ ဖုံးကွယ်ထားတုန်းက သူ့ကျင့်ကြံမှုအမှန်ကို ငါ မသိနိုင်ခဲ့ဘူး…”

ထိုစကားသံနှင့်အတူ ဟန်လိသည် အခန်းနံရံတွင်းမှ ထွက်ပေါ်လာသည်။ သူ့လက်ထဲ၌လည်း ဝံပုလွေခေါင်း ကျောက်စိမ်းတောင်ဝှေးကို ဆုပ်ကိုင်ထားသည်။

ဟန်လိသည် ဤအခန်းထဲ စရောက်တည်းက နံရံထဲ ဝင်ရောက်သွားခဲ့တာ မည်သူမျှ မသိခဲ့ပေ။ သူ့အစား ငွေရောင်လသည် ပုံရိပ်ယောင်ပညာရပ်ကို သုံးကာ နေရာချင်း လဲခဲ့တာ ဖြစ်၏။ သူမသည် ဤအသွင်ပြောင်းခန္ဓာကိုယ်ကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်စွမ်း မရှိသော်ငြား အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို အချိန်တစ်ခုထိ အရူးလုပ်ဖို့ကမူ လုံလောက်တာထက် ပိုနေပေပြီ။

ငွေရောင်လသည် မကျေမနပ် ဖြစ်ကာ နှုတ်ခမ်းဆူ၍ ပြောလာ၏။

“သူ့ပညာရပ်က တကယ်ပဲ အံ့အားသင့်ဖွယ် ကောင်းလို့လား။ အစ်ကိုဟန်…အထင်မှားနေပြီနော်…”

ဟန်လိသည် သာမန်သာ ပြန်ဖြေ၏။

“မဟာဖွံ့ဖြိုးခြင်းပညာရပ်ကြောင့် ငါ့စိတ်ဝိညာဉ်အာရုံဟာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ အဲ့တာတောင် ငါက သူ့ရဲ့ မူမမှန်တာကို ရှာဖွေဖော်ထုတ်နိုင်စွမ်း မရှိခဲ့ဘူး။ သူ့မဟာတံလျှပ်ပညာရပ်ဟာ တောင်ပိုင်းကောင်းကင်ဒေသ မပြောနဲ့ဦး…ဒီလောကစ်ခုလုံးမှာတောင် ထိပ်တန်းရုပ်ဖျက်ပညာရပ်ပဲ…”

ငွေရောင်လသည် ဆတ်ခနဲ့ ခေါင်းမော့၏။ သို့သော် သူမသည် ဟန်လိကို အကန်ပြန်ပြောမနေတော့ပေ။ ဟန်လိသည် အခန်းအလယ်သို့ လျှောက်လာပြီး အောက်တွင် လဲနေသောသူများကို တစ်ချက်ကြည့်သည်။ သူတို့အားလုံး သတိမေ့နေတာ သူ တွေ့ရ၏။ ထို့နောက်တွင် သူ့အကြည့်သည် အနက်ရောင်ဝတ်စုံနှင့်လူငယ်ဖြစ်သော မန်တိအပေါ် ကျရောက်သွားသည်။

ငွေရောင်လသည် ဟန်လိ၏အတွေးကို ခန့်မှန်းမိပုံ ရသည်။ သူမသည် လူငယ့်အနား ခုန်ဝင်သွားပြီး သူ့ခါးရှိ သိုလှောင်အိတ်ကို ယူဆောင်သည်။ ထို့နောက် သူမက ဟန်လိဘေးနားသို့ ပြန်ခုန်ဝင်လာပြီး ၎င်းအိတ်ကို နာခံစွာ ပေးသည်။

ဟန်လိသည် ပြုံးယောင်သမ်း၍ ၎င်းကို လက်ခံယူပြီး သူ့စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ စိတ်ဝိညာဉ်အားဖြည့်ခြင်းဆေးလုံး ထည့်ထားသော ကျောက်စိမ်းသေတ္တာကို ယူဆောင်ပြီးနောက် သူသည် သိုလှောင်အိတ်ကို လူငယ်အပေါ်သို့ ပြန်ပစ်ထားလိုက်သည်။

ကျောက်စိမ်းသေတ္တာကို သိမ်းဆည်းပြီးနောက် ဟန်လိသည် မေးစေ့ကို ပွတ်၍ စဉ်းစဉ်းစားစား ပြောသည်။

“သွားကြမယ်။ ဟိုနှစ်ယောက် စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ရှိတဲ့ လှိုဏ်ဂူထဲ ရောက်နေလောက်ပြီ။ တစ်ချက်လောက် သွားကြည့်ကြတာပေါ့…”

ငွေရောင်လသည် ဟန်လိ၏အင်္ကျီလက်အိုးထဲ ခုန်ဝင်လာပြီးနောက် သူသည် မိုးပြာအလင်းတန်းအဖြစ် ပြောင်းကာ အခန်းထဲမှ ပျံသန်းထွက်လာခဲ့တော့သည်။

ဟန်လိသည် လှိုဏ်ဂူသို့ ရောက်လာချိန်တွင် ကျောက်တံခါးသည် ပွင့်ဟနေလေပြီ။ အတားအဆီးများပါ ရှိမနေတော့ပေ။ အတွင်းဘက်မှ ဒေါသတကြီး အော်ဟစ်သံများကိုလည်း ကြားရ၏။

တုတုံသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အစ်ကိုဝေ…ခင်ဗျားက ဒါ ဘာသဘောလဲ။ ဒီအခြေအနေရောက်မှ ခင်ဗျားက ဘာလို့ ကျုပ်တို့ကို သစ္စာဖောက်ရတာလဲ။ ဂိုဏ်းချုပ်က ခင်ဗျားအပေါ် ကြင်နာပေးခဲ့တာကို မေ့သွားတာများလား။ ဒါမှမဟုတ် ခင်ဗျားဟာ မျောလွင့်တိမ်ဂိုဏ်းထဲ ဝင်ရောက်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ကောင်းကင်မိစ္ဆာဂိုဏ်းက တပည့်တစ်ယောက်ဖြစ်တာကို မေ့သွားတာများလား…”

ထိုစကားကို ကြားသည့်အခါ ဟန်လိ၏စိတ်ထဲ လှုပ်ခတ်သွားမိသည်။ သို့သော် သူသည် သူတို့၏စကားဝိုင်းကို ဆက်၍ နားထောင်ပြီးနောက် သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားကာ သူ့မူလနေရာမှ ပျောက်ကွယ်သွား၏။

ထိုစဉ် အဆင့်မြင့်ကျင့်ကြံသူရှစ်ယောက်အုပ်စုသည် လှိုဏ်ဂူထဲ ရုတ်တရက် ဝင်ရောက်လာကြသည်။ တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူတို့အုပ်စုထဲတွင် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ပါဝင်နေခြင်းပင်။ ထိုကျင့်ကြံသူအားလုံးသည် အဝါရောင်အလင်းအကာနှင့်အတူ မြေကြီးတွင်းမှ ကွယ်ဝှက်ကာ ရောက်လာခဲ့ကြတာ ဖြစ်၏။ ထို့ကြောင့် လှိုဏ်ဂူခန်းမထဲတွင် ရှိနေသော သုံးယောက်သည် သူတို့ကို သတိမပြုမိခဲ့ပေ။

ဟန်လိသည် ထိုသူများနှင့် ခပ်လှမ်းလှမ်းရှိ ထောင့်တစ်နေရာတွင် ရပ်ကာ ငြိမ်သက်စွာဖြင့် အရာအားလုံးကို စောင့်ကြည့်နေသည်။

ထိုမြေအောက်မှ ကျင့်ကြံသူများကို ဟန်လိသည် ကောင်းကောင်းသိပေသည်။ သူတို့သည် အပြင်ဘက်၌ အစီအရင်ကို ခုခံကာကွယ်နေသင့်သော ကျင့်ကြံသူအုပ်စု ဖြစ်နေသည် မဟုတ်လား။ စဦးစိတ်ဝိညာဉ်အဆင့်ရှိသော လန်မျိုးရိုးနှင့်ကောင်လေးသည်လည်း သည်လူအုပ်ထဲတွင် ရှိနေသည်။

ဟန်လိ၏စိတ်ဝိညာဉ်အာရုံသည် ဤကျင့်ကြံသူများ၏ အလင်းအရံအတားများကို လွယ်ကူစွာ ထွင်းဖောက်နိုင်စွမ်း ရှိ၍ သည်အုပ်စုမှာ သူ လမ်းတစ်လျှောက် တွေ့မြင်ခဲ့သော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။ ဤအုပ်စုထဲရှိ အမျိုးသမီးကမူ သတိလစ်နေသော မျက်နှာရှည်ရှည်နှင့်အဘိုးအိုဟုကို ပွေ့ထား၏။

ဟန်လိသည် သူတို့ကို တွေ့မြင်သည့်အခါ လေအေးတစ်ချက် ရှိုက်သွင်းမိသွားပြီး တစ်ချိန်တည်းမှာ သူ့စိတ်ထဲ၌လည်း သံသယ ဝင်လာသည်။ အပြင်ဘက်၌ ပေါက်ကွဲဆူညံသံများက မရပ်သေး၍ တိုက်ပွဲဆက်ဖြစ်နေဆဲပင်။ သို့ပေမည့် ထိုတိုက်ပွဲမှာ အစီအရင်ကို ဖျက်စီးရန် ဟုတ်မနေခဲ့ပေ။ အယောင်ဆောင်တိုက်ခိုက်မှုသာ ဖြစ်သည်။

ထိုအခိုက်တွင် ဆံပင်စုတ်ဖွားနှင့်အဘိုးအို၏စကားသံသည် ရွှေရောင်အလင်းအကာအရံထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“လမ်းမှန်တာအိုနဲ့ မိစ္ဆာတာအိုတို့ဟာ မောက်လန်လွင်ပြင်အနီးဝန်းကျင်မှာ ရှေးဟောင်းနတ်ဘုရားမသစ်ပင်ကို ရှာတွေ့ခဲ့ကြမှန်း ကျုပ် သိပြီးသားပါ။ ဒီသစ်ပင်ဟာ သွေ့ခြောက်သွားခဲ့တာ ကြာပြီဆိုပေမဲ့ စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ရဲ့ ဝတ်ရည်နဲ့သာ အားဖြည့်ပေးမယ်ဆို အာဟာရဓာတ်ရရှိပြီး နောက်တစ်ဖန် ပြန်ရှင်သန်လာနိုင်မှာပဲ။ ဒါကြောင့်လည်း ဒီဝတ်ရည်ကို ရဖို့အတွက် ကျုပ်တို့ဟာ ဂိုဏ်းသုံးဂိုဏ်းအတွင်းစည်းထဲ ကျုပ်တို့တပည့်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက စိမ့်ဝင်စေခဲ့တာပဲ။ အဲ့အချိန်ကာလတုန်းက ဂိုဏ်းသုံးဂိုဏ်းကို ဖျက်စီးမဲ့ ကျုပ်တို့အကြံအစည်တွေကိုပါ စွန့်လွှတ်ခဲ့တာ။ ပြီးတော့ ခုချိန်မှာ လမ်းမှန်နဲ့မိစ္ဆာတာအိုတို့ အတူတူပူးပေါင်းဆောင်ရွက်နိုင်အောင် အမိန့်ပေးဖို့အတွက် ပုံရိပ်ယောင်တစ်ထောင်ဂိုဏ်းက လူငယ်သခင်လေးကိုတောင် တုတုံအဖြစ် ရုပ်ဖျက်စေလွှတ်ခဲ့ပြီး ဖြစ်တယ်…”

All Chapters