အပြန်
Vol. 46 Ch. 636
ဟန်လိသည် လုံခြုံသောအခန်းသို့ တိတ်တဆိတ် ပြန်ရောက်လာသည့်အခါ တပည့်ငယ်များသည် အခန်းကြမ်းပြင်ပေါ်၌ သတိမေ့နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ သူတို့၏ပါရမီသည် ထူးကဲသော်ငြား အဆင့်နိမ့်တပည့်များသာ ဖြစ်နေဆဲ မဟုတ်လား။
ငွေရောင်လသည်လည်း ဟန်လိ၏အသွင်ပုံစံ ပြောင်းထားကာ ကြမ်းပြင်ပေါ်၌ သတိမေ့သည့်အနေအထားဖြင့် လဲနေသည်။ သူမက ဟန်လိ ရောက်လာတာ မြင်သည့်အခါ မြေခွေးတစ်ကောင်အဖြစ်သို့ ချက်ခြင်း ပြောင်းလဲပြီး ဟန်လိ၏အင်္ကျီလက်အိုးထဲ တိုးဝင်သွား၏။
ငွေရောင်လက တခစ်ခစ် ရယ်မောကာ ပြောသည်။
“ဘယ်လိုလဲ။ အစ်ကို လိုချင်တာ ရခဲ့လား။ စကားမစပ် ဒီကို ဘယ်သူမှ ရောက်မလာဘူး။ တာအိုရောင်းရင်းက သတိထားလွန်းခဲ့တဲ့ပုံပဲ…”
ဟန်လိက ပြန်ဖြေသည်။
“အဆင်ပြေပြေပဲ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ သတိထားတဲ့အတွက် ငါ ဘယ်သူလဲ ပေါ်မသွားတော့ ပိုမကောင်းပေဘူးလား…”
ငွေရောင်လသည် တခြားအကြောင်းအရာတစ်ခုကို စိုးရိမ်စွာ ပြောသည်။
“ဒါပေမဲ့လည်း…အစ်ကိုဟန် အသက်ရှင်နေတဲ့အကြောင်း ဘယ်လိုများ ရှင်းပြမလဲ။ အဲ့တစ်ခုတော့ ပြဿနာ ရှိနိုင်တယ်…”
“ကျုပ် ဘယ်လိုရှင်းပြရမလဲ ဟုတ်လား။ အမှန်တိုင်း ပြောလိုက်ရုံပဲပေါ့…”
ဟန်လိသည် ဤကိစ္စကို ရေးကြီးခွင်ကျယ် သဘောမထားဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အမှန်အတိုင်း ပြောမယ် ဟုတ်လား…” ငွေရောင်လသည် အံ့အားတသင့် ဖြစ်သွားသည်။
ဟန်လိက တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်၏။
“ကျုပ်က အဆင့်မြင့်အဆောင်တစ်ခုကို အသုံးပြုပြီး အသက်မသေအောင် လုပ်ခဲ့တာလို့ ဖြေရှင်းလိုက်ရုံပဲ။ ပြီးတော့ ပုံရိပ်ယောင်တာအိုကို မကျွမ်းကျင်တဲ့သူတွေအနေနဲ့ ဖြစ်စဉ်အတိအကျကို သိနိုင်မှာ မဟုတ်တော့ ဒီဆင်ခြေဟာ အဆင်ပြေလိမ့်မယ်…”
ငွေရောင်လာသည် တခစ်ခစ် ရယ်မောကာ ပြောလာ၏။
“ကောင်းသားပဲ။ အတော်လေး ကောင်းတဲ့ ဆင်ခြင်ပဲ…”
နောက်ထပ် ဖြစ်ရပ်များသည် အတော်လေး ရိုးစင်းပေသည်။ နေ့ဝက်လောက် ကြာပြီးနောက် အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက်သည် လုံခြုံဘေးကင်းသောအခန်းထဲသို့ အလေးအနက်အသွင်ဖြင့် လှမ်းဝင်လာ၏။ သူသည် သတိမေ့နေသော တပည့်များကို မြင်သည့်အခါ သက်ပြင်းချ၍ မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်ကာ သူ့လက်ကို တောက်ထုတ်လိုက်သည်။ ထိုအခါ အဖြူရောင်အလင်းတန်းများသည် သတိမေ့နေသော တပည့်တိုင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကြသည်။
၎င်းမှာ သူတို့ကို သတိပြန်ရအောင် လုပ်ပေးသော ပညာရပ်တစ်ခုမျှသာ။ ခဏအကြာတွင် သူတို့အားလုံးသည် သတိပြန်ရလာပြီး တုတုံနှင့်ကျင့်ကြံသူပိုင်တို့အစား အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူကို တွေ့မြင်သည့်အခါကျမျှ ချက်ခြင်း စိတ်သက်သာရာ ရသွားကြ၏။ သူတို့သည် ဟန်လိလည်း မထိမခိုက် ရှိနေတာ မြင်သည့်အခါ အလန့်တကြား ဖြစ်သွားကြသေးသည်။ သို့ပေမည့် ဟန်လိသည် ပုံရိပ်ယောင်အဆောင်တစ်ခုကို ထုတ်ပြပြီး အစောပိုင်းတုန်းက အဖြစ်အပျက်ကို ရှင်းပြသည်။
ထင်ထားသည့်အတိုင်းပင်။ သံသယဝင်သူအချို့ ရှိနေသော်ငြား အများစုကမူ ဟန်လိ၏ဆင်ခြေကို လက်ခံကြ၏။ အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူကမူ ဟန်လိကို အံ့အားသင့်ဟန်ဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီး ထိုအကြောင်းကို ဆက်မေးမနေတော့ပေ။
သို့ပေမည့် စွန်ဟောင်နှင့် မုပိုင်လင်းတို့ကမူ သံသယဖြစ်ဟန် ပေါ်နေသည်။ တကယ်တော့ တုတုံသည် သူ့ကိုယ်သူ ဖော်ထုတ်ပြပြီးပြီးချင်း ဟန်လိကို စကားပြောခွင့်ပင် မပေးဘဲ တိုက်ခိုက်ခဲ့သည် မဟုတ်လား။ ဟန်လိက သူတို့၏သံသယများကို အထူးတလဲ စိတ်ပူမနေပေ။ ထိုနှစ်ယောက်၌ သက်သေမရှိသ၍ သူတို့ ဘာများ ပြောနိုင်ပါ့မည်နည်း။ ထို့အပြင် တုတုံ၏ ရုတ်တရက် တိုက်ခိုက်ခဲ့မှုကြောင့် သူတို့ကြား၌ မည်သည့်ပတ်သက်မှုမျှ မရှိဟုလည်း အဓိပ္ပာယ် ရနေပြန်၏။
ဤသို့ဖြင့် ဂိုဏ်းသုံးဂိုဏ်းမှ အထက်ပုဂ္ဂိုလ်များသည် ဓားပြိုင်ပွဲ အဆုံးသတ်ကြောင်းကို မြန်မြန် ကြေညာပြီး နောက်ဆုံးလက်ရွေးစင် တပည့်ဆယ်ယောက်အတွက် မှော်ရတနာတစ်ခုစီ ပေးကာ ချွေးသိပ်ပေးခဲ့လေသည်။ ထို့နောက် ဂိုဏ်းသုံးဂိုဏ်းသည် သူတို့၏ကိုယ်ပိုင်ဂိုဏ်းများထံ ကိုယ့်အစုနှင့်ကိုယ် ပြန်လာကြသည်။
သူတို့၏အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ လေးနက်ပြီး ပူပန်နေသော မျက်နှာသွင်ပြင်များကြောင့် ငတုံးတစ်ကောင်ပင် သည်လက်ရွေးစင်တပည့်ဆယ်ယောက် သတိလစ်သွားစဉ် ဖြစ်ပွားခဲ့သည့်အခြေအနေကို သိနိုင်သည်။ အဆင့်နိမ့်တပည့်များသည် သုန်မှုန်ကာ မကျေနပ်ကြသော်လည်း သူတို့အဖို့ သက်ဆိုင်ရာဂိုဏ်းသို့ နာခံစွာဖြင့် ပြန်ရုံသာ တတ်နိုင်လေ၏။
ဟန်လိနှင့် အခြားသူများသည် မျောလွင့်တိမ်ဂိုဏ်းသို့ ပြန်ရောက်လာသည်နှင့် သူတို့ကို ဂိုဏ်းထိပ်ပိုင်းအကြီးအကဲများက ချက်ခြင်း ဆင့်ခေါ်ကာ တားမြစ်ဧရိယာ၌ ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းသည်။ ထို့နောက်တွင် ဟန်လိတို့အုပ်စုကို ပြန်လွှတ်ကာ ဤအကြောင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် အမိန့်ပေးလိုက်သည်။
ဟန်လိအနေဖြင့် ဂိုဏ်းသုံးဂိုဏ်း၏ သူလျှိုထုတ်ဖော်မည့် အစီအစဉ်မှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုနှင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ကြောင်းကို သဘောပေါက်မိသည်။
တုတုံနှင့် အခြားသူများသည် ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်၊ လမ်းမှန်နှင့် မိစ္ဆာတာအိုတို့၏ အကူအညီပေးမှုကြောင့် အပင်ဝတ်ရည်ကို ရယူနိုင်ရုံသာမက သူတို့သည် ရှီဒေသကနေ အထိအခိုက်လုံးဝ မရှိဘဲ ထွက်ခွာသွားနိုင်ကြသည်။ သို့ပေမည့် ကျင့်ကြံသူပိုင်သည် အမှားတစ်ခု ပြုလုပ်ခဲ့၍ လူအိုကြီးဖုနှင့် အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ကောင်းကင်မိစ္ဆာအရှင်၏ ခန္ဓာကိုယ်ပိုင်စိုးခြင်း အချိန်ကာလကျော်သွားသည့်အခါ ဆံပင်စုတ်ဖွားနှင့်ကျင့်ကြံသူမှာ ကောင်လေးလန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူ့အကြောင်းကို ဘာသတင်းမှ မကြားရတော့ပေ။ သူ့ကို သေဒဏ်ပေးလိုက်လား၊ ချမ်းသာပေးလိုက်လားကိုလည်း မသိရပေ။
မျောလွင့်တိမ်ဂိုဏ်းမှ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် ဂိုဏ်းသုံးဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် မိစ္ဆာတာအိုဘက်မှ ပုံရိပ်ယောင်တစ်ထောင်ဂိုဏ်းနှင့် ကောင်းကင်မိစ္ဆာဂိုဏ်းတို့၏ အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများစွာ အသတ်ခံရရုံသာမက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူချန်သည် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သူ၏မူလချီသည် များစွာ ထိခိုက်သွားခဲ့ရသည်။
ထိုကိစ္စက ဂိုဏ်းသုံးဂိုဏ်းကို တုန်လှုပ်သွားစေ၏။ သူတို့သည် ကောင်းကင်တာအိုအဖွဲ့အစည်းမှတစ်ဆင့် လမ်းမှန်နှင့်မိစ္ဆာတာအိုဂိုဏ်းများကို အပြင်းအထန် ဖိအားပေးရန် ကြိုးစားကြ၏။ သို့ပေမည့် ဤကိစ္စမှာ ငြင်းဆိုခံခဲ့ရသည်။ ဤသို့ဖြင့် မည်သို့မျှဆက်ဖြစ်မလာတော့ဘဲ ဂိုဏ်းသုံးဂိုဏ်းမှ အထက်ပိုင်းပုဂ္ဂိုလ်များသည် သည်းခံရုံသာ တတ်နိုင်တော့သည်။
သို့ပေမည့် သူတို့အတွက် ကံကောင်းတာတစ်ခုမှာ ကောင်းကင်တာအိုအဖွဲ့အစည်းအတွင်းရှိ လမ်းမှန်နှင့်မိစ္ဆာတာအိုဂိုဏ်းများအတွင်းရှိ သူတို့၏ သူလျှိုများကြောင့် အပင်ဝတ်ရည်သည် အာနိသင်မရှိကြောင်းကို သိရှိခဲ့ခြင်းပင်။ နတ်သမီးလက်ဝါးအပင်အပေါ် ၎င်းဝတ်ရည်ဖြင့် လောင်းချပေးခဲ့သော်လည်း ထိုသစ်ပင်သည် မည်သည့်ပြောင်းလဲမှုမျှ မရှိဘဲ ခြောက်သွေ့ဆဲ ဖြစ်နေခဲ့သည်။ ထိုသတင်းကြောင့် သူတို့သည် စိတ်အေးသက်သာ ရသွားခဲ့၏။
ဤအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ဂိုဏ်းကြီးသုံးဂိုဏ်းသည် ပို၍ သတိထားလာကြသလို နှစ်ရာချီ ရှိခဲ့သော သူတို့၏ငြိမ်းချမ်းရေးသည်လည်း တင်းတင်းမာမာ ဖြစ်လာခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ပဍိပက္ခဖြစ်နိုင်ခြေ ပိုများလာနိုင်သည့်ပုံပင်။
ဟန်လိသည် ဂိုဏ်းအကြီးအကဲများထံ အဖြစ်အပျက်ကို တင်ပြပြီးနောက် သူ့လှိုဏ်ဂူထံ ချက်ခြင်း ပြန်လာခဲ့သည်။ သူသည် ရွက်လွှာကိုးခုဂျင်ဆင်း ထားထားသောအခန်းထဲသို့ တန်းသွားပြီး ၎င်းဘေး၌ စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်မြစ်ကို ထားလိုက်သည်။ ၎င်းနှစ်ခုလုံးသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာခဲ့သော စိတ်ဝိညာဉ်အပင်များ ဖြစ်၍ အတူတကွ ထားပါက တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် အာဟာရ ပေးနိုင်ပေလိမ့်မည်။
ဟန်လိသည် ဓားပြိုင်ပွဲအကြောင်း သူ့ဂိုဏ်းဖော်ဂိုဏ်းသားများ မေးမြန်းခြင်းကို ဖြေပေးပြီးနောက် စိတ်ရောကိုယ်ပါနှစ်၍ ကျင့်ကြံတော့သည်။ ဓားပြိုင်ပွဲ၏လွှမ်းမိုးမှုကြောင့်လားမသိရသော်လည်း ဟန်လိသည် နောက်ဆုံး၌ မဟာဖွံ့ဖြိုးခြင်းပညာရပ်၌ အဆင့်တစ်ဆို့ခြင်းကို ချိုးဖျက်နိုင်သွားသည်။ သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်နှင့် မိုးပြာဓားအနှစ်သာရပညာရပ်တို့ကို အဆက်မပြတ် ကျင့်ကြံနေရင်း သူ၏ကျင့်ကြံမှုအဆင့်မှာလည်း တိုးတက်လာခဲ့သောကြောင့် ကျေနပ်အားရ ဖြစ်ရသည်။
သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို အခုကဲ့သို့ ချောချောမွေ့မွေ့ကျင့်ကြံနိုင်ခြင်းသည် သူ့လည်ပင်းတွင် ဝတ်ထားသော စိတ်ဝိညာဉ်အားဖြည့်ခြင်း သစ်သားပုတီးကြောင့် ဖြစ်နိုင်ခြေများမှန်း ကောင်းကောင်း သဘောပေါက်သည်။ သူသည် ၎င်းကို ဝတ်ဆင်ခဲ့သည့်အချိန်မှစ၍ သူ့စိတ်ဝိညာဉ်အာရုံသည် အထူးတလဲ အားစိုက်မြှင့်တင်ရန် မလိုဘဲ ဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပေသည်။ ထို့ကြောင့် သူ့အနေဖြင့် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို အထစ်အငေါ့မရှိ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်ခဲ့တာပင်။
ထို့အပြင် သူ့အနေဖြင့် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံတိုင်း စိတ်ဝိညာဉ်အားဖြည့်ခြင်းပုတီးစေ့သည် သူ့စိတ်ကို လန်းဆန်းစေသဖြင့် အကျိုးအမြတ်များစွာ ရခဲ့ပေသည်။ သည်အတောအတွင်း ဟန်လိသည် စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်အမြစ်ကို အစိမ်းရောင်အရည်ဖြင့် ရက်အနည်းငယ် အားဖြည့်ပေးခဲ့သည်။ လအတန်ငယ်ကြာသည့်အခါ အမြစ်မှ အပင်ပေါက်တစ်ခု စထွက်လာသည်။ တားမြစ်ဧရိယာတွင် ရှိခဲ့သော စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင် အရွယ်အစားလောက်ထိ ကြီးထွားလာနိုင်ရန်မှာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။ ဟန်လိသည် သေချာသာ ဂရုစိုက်ပျိုးထောင်ပေးပါက ၎င်းအနေအထားအထိ ရောက်ရန် နှစ်ပေါင်းနှစ်ဆယ်လောက် ကြာနိုင်မည်ဟု မှတ်ယူထားသည်။
သူသည် အလျင်မလိုပေ။ သူသည် စဦးစိတ်ဝိညာဉ်အတုအယောင်အဆင့်သို့ မရောက်ခင် နှစ်ပေါင်းများစွာ လိုနိုင်သည် မဟုတ်လား။ ထို့အပြင် သူ့၌ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးတစ်လုံး လက်ဝယ်ရှိထားသေးသည် မဟုတ်လား။ ထို့ကြောင့် အချိန်ယူရလျှင်လည်း ပြဿနာ မဟုတ်နေပေ။
ထိုသို့ တွေးနေရင်း ဟန်လိသည် ဝတ်ရုံနက်နှင့်လူငယ်မှာ သူ့သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံး ပျောက်ကွယ်သွားကြောင်း သိသွားခဲ့ပါက ဖြစ်သွားမည့်အမူအရာကို စဉ်းစားမိသွားသေးသည်။ ထိုသို့ စဉ်းစားမိသွားသည့်အခါ ဟန်လိသည် မရယ်မိဘဲ မနေနိုင် ဖြစ်သွားရ၏။
စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ကို ရရှိရန် သူ ခက်ခက်ခဲခဲ ကြိုးစားခဲ့ခြင်းသည့်အကြောင်းရင်းမှာ တောက်ပမြင်ကွင်းရေအတွက်ပင်။ တောက်ပမြင်ကွင်းရေဖြင့် သူ့မျက်လုံးကိုသာ သန့်စင်ကြည်လင်အောင် လုပ်နိုင်ပါက တိုက်ပွဲ၌ အားသာချက်ကြီးတစ်ခု ရနိုင်မည် မဟုတ်လား။ သူ၏ ထူးကဲလှသော စိတ်ဝိညာဉ်အာရုံနှင့် အမြင်အာရုံအစွမ်းတို့ကိုသာ ပေါင်းစပ်လိုက်ပါက သူသည် ရန်သူ၏အားနည်းချက်ကို ပြတ်ပြတ်သားသား တိုက်ခိုက်နိုင်မည် မဟုတ်ပါလော။
တစ်ချိန်တည်းမှာ ဟန်လိသည် ဆေးလုံးသန့်စင်ဖော်စပ်ခြင်း၌ လေ့ကျင့်ခြင်းကိုလည်း လက်မလွှတ်ထားပေ။ သူသည် ရွက်လွှာကိုးခုဂျင်ဆင်းကို ဖြည်းဖြည်းချင်း သန့်စင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဆဲပင်။ ဤသို့ဖြင့် ဟန်လိသည် ကျင့်ကြံလိုက်၊ ဆေးလုံးဖော်စပ်လိုက်နှင့် ဖြည်းဖြည်းချင်း အချိန်ကုန်လာခဲ့၏။
သည်အတောအတွင်း ဟန်လိသည် လူမှုရေးသဘောလောက်ကလွဲ၍ သူ့လှိုဏ်ဂူထံမှ ခြေတစ်ဖဝါးမှ မထွက်ခွာခဲ့ပေ။ သူသည် အပြည့်အဝ အာရုံစိုက်ကာ လေ့ကျင့်နေစဉ်အတွင်း သူ့ထံ လာလည်ပတ်သော ဂိုဏ်းဖော်များကို ငွေရောင်လနှင့်သာ လွှတ်ထားသည်။ ကံကောင်းသည်မှာ ငွေရောင်လ၏ မြေခွေးခန္ဓာကိုယ်သည် ဆေးလုံးမြောက်များစွာ သောက်သုံးပြီးနောက် အလျင်အမြန်တိုးတက်လာခဲ့ပေသည်။ သူမ၏ပုံရိပ်ယောင်ပညာရပ်များသည် သိသိသာသာ တိုးတက်လာခဲ့သည့်အတွက် ဟန်လိအသွင် ဟန်ဆောင်ရသည့်အခါ ပစ်ချက်အနည်းငယ်ပင် မပေါ်တော့ပေ။
မုပိုင်လင်းသည် သံသယ ရှိနေဆဲပင်။ သို့ပေမည့် ဟန်လိသည် မျောလွင့်တိမ်ဂိုဏ်းသို့ ပြန်ရောက်လာပြီးနောက် မထင်မရှားသာနေနေဆဲ ဖြစ်တာ တွေ့ရသည့်အခါ သူမ၏သံသယစိတ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ သူမသည် ဟန်လိမှာ သာမန်ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်မြင်သွား၏။
သည့်အတွက်ကြောင့် ဟန်လိသည် မျောလွင့်တိမ်ဂိုဏ်း၌ နေရထိုင်ရတာ ပိုအဆင်ပြေသွားသည်။ မျက်စိတစ်မှိတ်အတွင်း ဟန်လိသည် ချီစုဆောင်းခြင်းအဆင့် တပည့်တစ်ယောက်အနေဖြင့် မျောလွင့်တိမ်ဂိုဏ်းတွင် ရှိနေခဲ့တာ နှစ်ပေါင်းနှစ်ဆယ် ရှိသွားခဲ့လေပြီ။
သူ၏စဦးစိတ်ဝိညာဉ် ဖွဲ့စည်းတော့မည့်နေ့ရက်သည် သိပ်မကြာခင် ရောက်လာပေတော့မည်။