စဦးစိတ်ဝိညာဉ် (၁)
Vol. 46 Ch. 637
လှိုဏ်ဂူနေအိမ်အတွင်းရှိ ဆေးလုံးသန့်စင်ဖော်စပ်ခြင်းအခန်းထဲတွင် ဟန်လိ၏ပါးစပ်ထဲမှ မိုးပြာမီးတောက်အမျှင်တန်းတစ်ခု ထွက်ပေါ်လာကာ တစ်ပေဝက်ခန့် ဗြက်ရှိသည့် ငွေရောင်ဒယ်စောက်တစ်ခုအား ခြုံလွှမ်းသွားသည်။ ဟန်လိသည် အလေးအနက်အသွင်နှင့် ရှိနေ၏။ ဒယ်စောက်သည် အခန်းမန္တာန်အစီအရင် ဗဟိုချက်အထက်တွင် လွင့်မြော လည်ပတ်လျက် ရှိသည်။
အချိန် တဖြည်းဖြည်း ကုန်လာသည်နှင့်အမျှ ဆေးဖော်စပ်ခြင်းအခန်းထဲ၌ ဆေးရနံ့တို့ ပြည့်နှက်လာသည်။ ဟန်လိသည် ထိုရနံ့ကို ရသည်နှင့် သူ့စိတ်အားသတ္တိမှာ မြင့်တက်လာသည်ဟု ခံစားမိ၏။ သူ့မျက်နှာထက်တွင် ကျေနပ်ပျော်ရွှင်ဟန် ဖြစ်ပေါ်သွားသည်။
ဆေးရနံ့သည် ပို၍ စုဝေးလာသည့်အခါ သူ့မျက်လုံးက အရောင်လက်သွား၏။ သူက လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖန်တီးပြီး မန္တာန်အစီအရင်၏ထောင့်ကို ၎င်းချိပ်တံဆိပ်ဖြင့် ထိမှန်စေပြီး အော်ဟစ်လိုက်သည်။
“ပွင့်စမ်း…”
မန္တာန်အစီအရင်ထံမှ ခပ်တိုးတိုးအသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဒယ်စောက်ကို ထိမှန်သည်။ ဒယ်စောက်ငယ်သည် လေးငါးကြိမ်လောက် တုန်ခါသွားပြီး ၎င်း၏အဖုံးပွင့်ဟသွားသည်။ ဒယ်စောက်အတွင်း၌ နို့နှစ်ရောင်ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။
ထိုဆေးလုံးသည် လက်မအရွယ်အစားလောက်သာ ရှိပြီး ၎င်းကိုယ်ထည်သည် ကြည်လင်တောက်ပနေသည်။ ၎င်းပတ်ပတ်လည်၌ နို့နှစ်ဖြူရောင်အခိုးအငွေ့တို့လည်း ရစ်သိုင်းလျက် ရှိ၏။
ထိုဆေးလုံးအခြေအနေကို တွေ့မြင်သည့်အခါ ဟန်လိသည် သူ့ပျော်ရွှင်မှုကို မထိန်းထားနိုင်တော့ပေ။ နောက်ဆုံးတွင် ရွက်လွှာကိုးခုဂျင်ဆင်းဆေးလုံးကို သန့်စင်ဖော်စပ်နိုင်ခဲ့ပြီ မဟုတ်လား။ သူသည် သည့်မတိုင်ခင်က အခါခါ ကျရှုံးခဲ့ဖူး၏။ သည်တစ်ကြိမ် ကြိုးစားမှုတွင် မအောင်မြင်ခဲ့ပါက သူ့၌ နောက်ထပ်ထပ်မံဖော်စပ်ရန် မဟူရာဦးချိုနှင့် နတ်ဆိုးပဲ့တင်ထပ်ခြင်း မြက်တို့ လုံလောက်အောင် မရှိတော့ပေ။
ထိုဆေးလုံးဖော်စပ်ရန်အတွက် အရေးပါဆုံးဖြစ်သော ရွက်လွှာကိုးခုဂျင်ဆင်းနှင့်ပတ်သက်၍မူ ဟန်လိသည် ပူပန်နေခြင်း မရှိပေ။ ဟန်လိသည် ဤဆေးလုံးကို ဖော်စပ်ရန် ၎င်းဂျင်ဆင်းပင်၏ ပင်မကိုယ်ထည်ကို အသုံးပြုခဲ့ခြင်း မရှိသောကြောင့်ပင်။ သူ့အနေဖြင့် ပင်မကိုယ်ထည်ထံမှ အရည်စက်အချို့ကိုသာ ထုတ်ယူအသုံးပြုခဲ့သည်။ ထို့ကြောင့် ဂျင်ဆင်းပင်သည် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ စိတ်ဝိညာဉ်ပင်ဂျင်ဆင်းသည် ချက်ခြင်း သေဆုံးသွားခြင်း မရှိသော်လည်း ၎င်း၏အပင်စိတ်ဝိညာဉ်ဖြစ်သော ယုံဖြူ၏ ပြန်လည်ဝင်စားခြင်းကမူ ထိခိုက်နစ်နာမှု ရှိသွားမည်သာ ဖြစ်သည်။
ထိုအကြောင်းကို သုံးလေးငါးရက်လောက် သေချာစဉ်းစားပြီးနောက် ဟန်လိသည် ထိုဂျင်ဆင်းအား အစိမ်းရောင်အရည်ဖြင့် အားဖြည့်မပေးခင် နောက်ထပ်အတားအဆီးအလွှာများ ထပ်ချထားလိုက်သည်။ သေချာ ပြုလုပ်ပြီးနောက်မှာ ဟန်လိသည် အစိမ်းရောင်အရည်စက်အချို့ကို အပင်ပေါ်သို့ ချကြည့်သည်။ သူ့အနေဖြင့် မထင်မှတ်တာတစ်ခုခု ဖြစ်သွားမှာကိုလည်း စိုးရိမ်ရသေးသည် မဟုတ်လား။ ကောင်းကင်နှင့်မြေကြီးထံမှ မွေးဖွားလာသော စိတ်ဝိညာဉ်အရာဝတ္ထုများ အထူးသဖြင့် ပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသော အပင်များသည် သာမန်အပင်များနှင့် ကွဲပြားပေသည်။ အဆုံးသတ်တွင်မူ အစိမ်းရောင်အရည်သည် ထိုဂျင်ဆင်းပင်၏ မူလချီဓာတ်ကို များစွာ ပြန်သိုလှောင်ပေးနိုင်စွမ်း ရှိခဲ့၏။ ထိုအခါကျမျှ ဟန်လိသည် စိတ်အေးနိုင်သွားပြီး ၎င်းပေါ်၌ အစိမ်းရောင်အရည်ကို အမှန်တကယ် စအသုံးပြု၏။
ဤသို့ဖြင့် ဟန်လိသည် ၎င်းထံမှ အရည်စက်အချို့ကို ထုတ်ယူပြီးတိုင်း ၎င်း၏မူလချီဓာတ် ပြန်ကောင်းမွန်အောင် အစိမ်းရောင်အရည်အား အသုံးပြုခဲ့သောကြောင့် သူ့အတွက် ဂျင်ဆင်းပင် ပြတ်လပ်သွားမှာကို မပူပန်ရတော့ခြင်း ဖြစ်၏။ သို့ပေမည့် ထိုနည်းလမ်းသည် ရွက်လွှာကိုးခုဂျင်ဆင်းပေါ်တွင်သာ သက်ရောက်မှု ရှိခြင်းပင်။ အခြားစိတ်ဝိညာဉ်ဆေးပင်များအပေါ် ၎င်းနည်းလမ်းအတိုင်း အသုံးချကြည့်သော်လည်း ရလဒ်ကမူ ထိုအပင်များ၏ သက်တမ်းကို ပိုတိုးစေရုံသာ ရှိ၏။
ခုလက်ရှိတွင် ဟန်လိသည် သူ့လက်ကြားထဲရှိ နို့နှစ်ဖြူရောင်ဆေးလုံးကို ကိုင်ထားပြီး သေချာလေ့လာကြည့်နေသည်။ ထိုဆေးလုံး၏အသွင်အပြင်နှင့် ရနံ့တို့မှာ အများပြောကြသည့်အတိုင်းပင်။ ဆေးလုံး၏ လက်တွေ့အာနိသင်ကိုမူ ဟန်လိအနေဖြင့် အချိန်ကျလာမှ စမ်းသပ်ကြည့်ရပေမည်။
သက်ပြင်းသဲ့သဲ့ချကာ ဟန်လိသည် ခက်ခက်ခဲခဲ ရလာသော ဆေးလုံးကို သူ ကြိုပြင်ဆင်ထားသည့် ကျောက်စိမ်းသေတ္တာထဲ၌ ထည့်သိမ်းထားလိုက်သည်။ ထို့နောက် သူသည် ဆေးဝါးဖော်စပ်ခြင်းအခန်းထဲမှ ထွက်လာခဲ့သည်။
နှစ်ပေါင်းခြောက်ဆယ်လောက် ကျင့်ကြံပြီးနောက် ဟန်လိသည် နောက်ဆုံး၌ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ စတုတ္ထအဆင့်သို့ ရောက်လာခဲ့ကာ သူ၏စိတ်ဝိညာဉ်အာရုံ ခြုံလွှမ်းနိုင်သည့် အကျယ်အဝန်းမှာလည်း တိုးတက်လာခဲ့သည်။ မိုးပြာအနှစ်သာရဓားပညာရပ်နှင့်ပတ်သက်၍လည်း လွန်ခဲ့သော လအချို့တည်းက ပြီးပြည့်စုံသော အဆင့်ကိုးသို့ ရောက်သွားခဲ့ပြီးပင်။ နောက်ဆုံးတွင် သူ၏ကျင့်ကြံမှုအဆင့်သည် အတုအယောင်စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
ဆေးလုံးများဖြစ်စေ၊ ပညာရပ်များနှင့်ပတ်သက်၍ဖြစ်စေ ဟန်လိသည် အခုအခါ၌ အပြည့်အဝ ပြင်ဆင်ခဲ့ပြီး ဖြစ်၏။
သို့ရာတွင် ဟန်လိသည် ဂျင်ဆင်းဆေးလုံး ရရှိပြီးချင်းချင်း စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းရန် လောမနေပေ။ ထိုအစား သူသည် လှိုဏ်ဂူထဲကနေ ကိုယ်တိုင်ထွက်လာပြီး အိပ်မက်တိမ်တောင်တန်းပေါ်ရှိ သာယာလှပသော လူသူကင်းမဲ့သည့်နေရာတစ်ခုကို ရှာဖွေ၏။ ထို့နောက် သူသည် အေးချမ်းတိတ်ဆိတ်စွာဖြင့် ထိုနေရာတွင် ထိုင်နေသည်။
ထိုကဲ့သို့ ဆိတ်ငြိမ်စွာ ရှိနေစဉ် သူသည် သူ့ဘဝတစ်လျှောက် သည်အထိ ဖြတ်သန်းလာခဲ့သော ခရီးလမ်းအကြောင်းကို ပြန်တွေးကာ ကျေနပ်လက်ခံမိသည်။
သူ ငယ်ရွယ်စဉ်တုန်းက သူသည် ချစ်ရသောမိသားစုဘဝကို ရခဲ့၏။ သူနှင့်အတူ ဆော့ကစားရန်အတွက် ညီမလေးတစ်ယောက် ပိုင်ဆိုင်ခဲ့၏။ သူ လူပျိုပေါက်ဖြစ်လာချိန်တွင် ခုနစ်ထွေဆန်းကြယ်ဂိုဏ်းသို့ တတိယဦးလေး၏ အကူအညီဖြင့် ဝင်ရောက်ခဲ့ပြီး ကြမ်းကြုတ်ရက်စက်သော လူ့သဘာဝကို တွေ့ကြုံ သဘောပေါက်ခဲ့၏။ ထိုဂိုဏ်းတွင် သမားတော်မော့နှင့် မထင်မှတ်ဘဲ တွေ့ဆုံခခဲ့ပြီး ထာဝရနွေဦးပညာရပ်ကို ကျင့်ကြံနိုင်ခဲ့သည်။ ထို့နောင် သူသည် တောင်ပိုင်းတွေ့ဆုံပွဲသို့ သွားရောက်ကာ အစစ်အမှန်အင်မောတယ်ကျင့်ကြံခြင်းလောကအကြောင်း သိရှိလာခဲ့သည်။ ထို့နောက် သူသည် အဝါရောင်မေပယ်တောင်ကြား…
ဟန်လိသည် အတိတ်ကို ပြန်ပြောင်းတွေးကြည့်နေပြီးနောက် မှုန်ဝါးဝါးအတိတ်ကာလသည် ပိုကြည်လင်ထင်ရှားလာသည်။ ဟန်လိ၏အသွင်၌ အရင်က လုံးဝ မဖြစ်ပေါ်ခဲ့ဖူးသော ပျော်ရွှင်မှုပုံစံနှင့်အတူ သူ့မျက်နှာထက်တွင် ခံစားချက်မျိုးစုံ ထင်ဟပ်ပေါ်လွင်နေသည်။ သုံးရက်ကြာပြီးနောက် ဟန်လိသည် မျက်လုံးတင်းတင်းမှိတ်ကာ စိတ်တည်ငြိမ်အောင် ပြန်လုပ်သည်။ ထို့နောက် သူသည် ဈာန်ဝင်စားသည့်အနေအထားဖြင့် လောက၏တာအိုကို စတင်ဆင်ခြင်သည်။
တစ်လလောက်ကြာပြီးနောက် ဟန်လိသည် သူ့မှော်စွမ်းအား၊ သူ့ခန္ဓာ၊ သူ့စိတ်တို့၏ အထွတ်အထိပ်အခြေအနေဖြင့် ပြန်နိုးထလာသည်။ သူ့စိတ်နှလုံးထဲ၌ နောက်တစ်ဆင့် တက်လှမ်းလိုသော အာသိသာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည်။
ဤသို့ စိတ်အခြေအနေတစ်ခု ရရှိပြီးသည့်အခါ ဟန်လိသည် လှိုဏ်ဂူထံ ပြန်လာပြီး အစီအရင်များ၊ အတားအဆီးများကို ချခင်းလေသည်။ ထို့နောက် သူသည် ငွေရောင်လကို အမိန့်ပေးသည်။
“အပြင်ဘက်မှာ စောင့်ကြပ်ပေး။ ကိစ္စဘယ်လောက်ကြိးကြီး ကျုပ်ကို မနှောက်ယှက်နဲ့…”
ထိုသို့ပြောပြီးနောက် ဟန်လိ၏ မိုးပြာဝတ်ရုံသည် တလွင့်လွင့်လှုပ်ခါသွားပြီး သူသည် တိတ်ဆိတ်ငြိမ်သက်သောအခန်းတစ်ခုထဲသို့ ဝင်ရောက်သွားလေသည်။
အခန်းတံခါးသည် ၎င်းဘာသာ ပိတ်သွားပြီး သိပ်သည်းနက်ရှိုင်းသော မှော်အဆောင်သင်္ကတများက တံခါးပေါ်၌ ပေါ်လာသည်။ ဟန်လိသည် သူ၏စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနေစဉ် မည်သည့်အနှောက်အယှက်မျှ မဖြစ်ရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် တံခါးပေါ်တွင် အတားအဆီးများ ချခင်းထားခဲ့ခြင်းပင်။ ဟန်လိသည် စကားရှည်ရှည်ဝေးဝေး မပြောခဲ့သော်လည်း ငွေရောင်လအနေဖြင့် မည်သည့်အခြေအနေမှန်း ရိပ်စားမိသည်သာ။ သူမ၏မျက်နှာထက်၌ လေးစားသည့်၊ တောင့်တသည့်၊ မကျေမချမ်းသည့် အရိပ်အယောင်များ ပါဝင်သော စိတ်ရှုပ်ထွေးသည့်ခံစားချက်တစ်ခု ဖြစ်ပေါ်သည်။ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကို အချိန်အတော်ကြာသည့်အထိ ငေးကြည့်နေပြီးနောက် ငွေရောင်လသည် သက်ပြင်းချကာ ထွက်ခွာလာ၏။
သူမသည် ခုချိန်၌ ဟန်လိနှင့် နီးကပ်လွန်းစွာ နှောင်ဖွဲ့မိသွားပြီ ဖြစ်၍ သူမ၏အတွေးများကို ထိန်းချုပ်ပြီး ဟန်လိအနေဖြင့် စဦးစိတ်ဝိညာဉ် ဖွဲ့စည်းရာတွင် အောင်မြင်ပါစေဟုသာ ဆုတောင်းရုံ ရှိတော့သည်။ မနီးမဝေး၌ မုပိုင်လင်းသည်
သိပ်မဝေးသောနေရာရှိ ဆေးဥယျာဉ်အနီးအနားတွင် မုပိုင်လင်းသည် စိတ်မကြည်မသာဖြင့် ဖြည်းဖြည်းချင်း ပျံသန်းနေသည်။ သူမ၏အတွေးတို့မှာ ရောက်ယှက်ခက်နေ၏။ သူမမျိုးနွယ်၏အကြီးအကဲများက ယန်ဆိုသည့်လူနှင့် လက်ထပ်ခိုင်းသည့်အကြောင်း တွေးမိသည်နှင့် သူမ၏အနာဂတ်မှာ မျှော်လင့်ချက် ဆိတ်သုဉ်းပြီဟု ခံစားနေရသည်။ မုမျိုးနွယ်အကြီးအကဲများသည် နိုင်ငံရေးအကျိုးအမြတ်အတွက် သူမကို ယန်မျိုးနွယ်မှ လူနှင့် စေ့စပ်ပေးရန် ဆုံးဖြတ်ရာတွင် တွေဝေခြင်း မရှိခဲ့ပေ။
သူမသာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပါက မျိုးနွယ်အကြီးအကဲများသည် သူမအပေါ် ထိုသို့ အကြပ်ကိုင် ဆုံးဖြတ်ဝံ့လိမ့်မည် မဟုတ်ပေ။ ထိုအစား သူမကို တလေးတစားနှင့်သာ ဆက်ဆံကြပေလိမ့်မည်။ တကယ်တော့ လူတိုင်းသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ကသာ မျိုးနွယ်တစ်ခု၊ ဂိုဏ်းတစ်ခုအတွက် အရေးပါမှန်း သိထားကြတာ မဟုတ်လား။
လှပမှု၊ အေးစက်ကျော့ရှင်းမှုတို့ ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ယောက်အနေဖြင့် သူမသည် သည်ကိစ္စအကြောင်း တွေးမိသည့်အခါတိုင်း အံတကြိတ်ကြိတ်နှင့် မခံမရပ်နိုင် မဖြစ်ဘဲ မနေနိုင် ဖြစ်ရပါသည်။ နိုင်လိုစိတ် ပြင်းထန်သောစိတ်ရှိသူ သူမအဖို့ သူမ၏ခံစားချက်အမှန်၊ အတွေးအမှန်ကို လုံးဝ မဖော်ပြခဲ့ပေ။ သို့ပေမည့် ခုချိန်တွင်တော့ သူမ၏စိတ်နှလုံးမှာ သောကဗျာပါဒ များနေရလေပြီ။
မုပိုင်လင်း၏ မူလအစီအစဉ်ကို မျိုးနွယ်အကြီးအကဲများဘက်မှ လက်ခံခဲ့ကြ၏။ သူမသည် အကြီးအကဲများကို တတ်နိုင်သမျှ လက်ထပ်ပွဲအား အချိန်ဆွဲပေးဖို့ တောင်းဆိုထားခဲ့ပေသည်။ သူမအနေဖြင့် လက်ထပ်ပွဲမတိုင်ခင် အမြုတေတစ်ခုသာ ဖွဲ့စည်းနိုင်ခဲ့ပါက ဤစေ့စပ်မှုကို ပယ်ဖျက်နိုင်ပေလိမ့်မည်။
သို့သော် အံ့အားသင့်ဖွယ် ပါရမီကို ပိုင်ဆိုင်ထားသည့်တိုင် သူမအတွက် နှစ်သုံးဆယ်လောက်နှင့် အမြုတေတစ်ခု ဖွဲ့စည်းနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူမသည် အစွမ်းကုန်ကြိုးစား၍ ကျင့်ကြံခဲ့လျှင်ပင် အတုအယောင်အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရန် နောက်ထပ်နှစ်ပေါင်းသုံးဆယ်လောက် ကြာနိုင်ပေလိမ့်မည်။
သူမသည် ထိုအချိန်ကာလတစ်ခု ရထား၍ ပျော်ရွှင်နေစဉ် မုမျိုးနွယ်အကြီးအကဲများသည် စိတ်မရှည်ဖြစ်လာကာ သူမကို အရှက်ရအောင် လက်ထပ်ပွဲနေ့ကို အတင်းအကြပ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူမကို ထောက်ပံ့ပေးမည့် စိတ်ဝိညာဉ်ကျောက်တုံးများကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခံရသည့်အပြင် မျိုးနွယ်အတွင်းရှိ သူမ၏ဆွေရင်းမျိုးရင်းများနှင့်ပါ ကိုင်ပေါက်ခဲ့ပေသည်။
ထိုအကြောင်း တွေးမိတိုင်း မုပိုင်လင်းသည် အင်အားမဲ့သလို ခံစားရ၏။ ခုခံနိုင်စွမ်း မရှိသလို ခံစားရ၏။
မျောလွင့်တိမ်ဂိုဏ်း၌ သူမကို တောင်သခင်နှင့် ရောင်းရင်းများ၊ တပည့်တပန်းများက မျက်နှာသာ ပေးကြသော်လည်း သူတို့သည် မျိုးနွယ်စုကြား အရေးကိစ္စများတွင် ဝင်ပါရန် မစွမ်းသာကြပေ။
ပိုဆိုးတာ တစ်ခု ရှိသေး၏။ စီနီယာအစ်ကိုယန်ဆိုသူသည် သူမအနေဖြင့် နွေဦးတောင်သို့ ပြန်ရောက်သည့်အကြောင်း သိသွားပြီး အမြဲတတေ လိုက်နှောက်နေခဲ့ခြင်းပင်။ သူမ၏မှော်စွမ်းအားသည် ထိုသူထက် အပြတ်အသတ်သာသောကြောင့်သာ မဟုတ်ပါက အတင်းအကြပ် ပြုခံရခြင်းမျိုးပင် ဖြစ်နိုင်လောက်သည်။ ထိုသို့ အနှောက်အယှက် ပေးခံရခြင်းကြောင့် ဤမာနကြီးသောမိန်းမပျိုသည် သူမ၏မှော်လက်နက်အား ထုတ်၍ ထိုသူ့အား သတ်ပစ်ရင်ကောင်းမလားဟု အတွေးပေါ်စေသည့်အထိပင်။
သို့ပေမည့် မည်သို့ပင်ဖြစ်ပါစေ ယနေ့သည် သူမသည် ဆေးဥယျာဉ်များကို ကြည့်ရှုရန် တာဝန်ကျခဲ့သည်။ သူမသည် သည်တာဝန်ကို ပြီးမြောက်အောင် လုပ်ရန် နွေဦးတောင်မှ မနက်အစောပိုင်းတည်းက ထွက်လာခဲ့သည်။ သူမသည် လမ်းတွင်လည်း ယန်မျိုးရိုးနှင့်လူဖြင့် မတွေ့အောင်လည်း ရှောင်ရသေးသည်။ ဟန်လိ၏ ဆေးဥယျာဉ်သည် သူမ လာရောက်ကြည့်ရှုရသည့် သုံးခုမြောက် ဆေးဥယျာဉ်ပင်။
သူမသည် ဟန်လိအကြောင်း တွေးမိသည်နှင့် စိတ်ထဲထူးဆန်းသလို ဖြစ်မိသည်။ အစပိုင်းတုန်းက သူမသည် ဟန်လိမှာ ချီစုဆောင်းခြင်းတပည့်တစ်ယောက်ဖြစ်သော်လည်း သူ၏ ထူးခြားဆန်းကြယ်မှုကို မဖော်ထုတ်နိုင်ဟု ခံစားမိခဲ့ရသည်။ ဓားပြိုင်ပွဲပြီးသွားသည့်အခါတွင် သူမသည် ဟန်လိမှာ ကျင့်ကြံခြင်းအဆင့်အမှန် သို့မဟုတ် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားသည်ဟု ခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် သူမသည် ဟန်လိ၏ လှုပ်ရှားလုပ်ဆောင်မှုများကို သတိထားကြည့်ခဲ့သည်။
သို့သော် ပြီးခဲ့သောနှစ်များ၌ ဟန်လိဆိုသူမှာ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ပြီး ထူးခြားတာ ဘာတစ်ခုမျှ မရှိခဲ့ပေ။ သူသည် ဆေးဥယျာဉ်၌ အချိန်အများစု နေထိုင်ပြီး ရံဖန်ရံခါ သူ့မိတ်ဆွေအချို့နှင့် စကားစမြည် ပြောလေ့ရှိခဲ့သည်။ ထို့ကြောင့် မုပိုင်လင်းသည် ဟန်လိအပေါ် ပို၍ စိတ်ဝင်စားလာခဲ့သည်။ ဟန်လိနှင့် ကြုံရဆုံရတိုင်း မုပိုင်လင်းသည် သူ၏အပြုအမူများကို သတိထားစောင့်ကြည့်ခဲ့သည်။ သို့ရာတွင် ဟန်လိသည် နှိမ့်ချစွာ နေထိုင်ပြီး ဂိုဏ်းအတွင်း၌ ပါဝင်ပတ်သက်ခဲပေသည်။ ထို့ကြောင့် သူမသည် သည်နှစ်များစွာအတွင်း ဟန်လိနှင့် အကြိမ်အနည်းငယ်လောက်သာ တွေ့ဆုံမိသည်။
နှစ်ပေါင်းနှစ်ဆယ်လောက် ကုန်လွန်လာခဲ့သည့်အခါတွင်မူ သည်အမျိုးသမီးသည် ဟန်လိအပေါ် သံသယစိတ်ဖြစ်ခြင်းကို ပယ်ဖျက်ကာ သူမအထင်မှားခြင်းဖြစ်ကြောင်း ယုံကြည်သွားခဲ့သည်။ ဟန်လိဆိုသူမှာ သာမန်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သူ၏နိမ့်ကျသော ပါရမီကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်ဟူသည် သူ့အတွက် တက်လှမ်းနိုင်စွမ်း မရှိလောက်မည့် အဆင့်မျိုး ဖြစ်ပါလိမ့်မည်။
ဟန်လိအကြောင်း စဉ်းစားမိသွားရင်း ထိုအမျိုးသမီးသည် အရှိန်မြှင့်၍ ပျံသန်းလိုက်ပြီး ဆေးဥယျာဉ်ထံ ဦးတည်လာခဲ့သည်။