စဦးစိတ်ဝိညာဉ် (၃)
Vol. 46 Ch. 639
အလင်းပေါက်ကွဲမှုနှင့်အတူ ကြည်တောက်နေသောအလင်းလုံးသည် တဖျတ်ဖျတ် လင်းဖြာ၏။ ၎င်းအလင်းလုံးကို သုံးမီတာမျှ အကျယ်အဝန်းရှိသော သက်တံမြူတစ်ခုက ခြုံလွှမ်းထားသေးသည်။ ၎င်းသည် အောက်သို့ အလျင်အမြန် ကျဆင်းသွားပြီး တောင်ပေါ်သို့ ခဏအတွင်း ရောက်ရှိသွားသည်။ တစ်ချိန်တည်းတွင် အထက်ရှိ အနက်ရောင်မုန်တိုင်းတိမ်တိုက်များမှာလည်း ချက်ခြင်းပျောက်ကွယ်ကာ ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုရုတ်ချည်းဆန်သော ပြောင်းလဲမှုများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဆွံ့အသွားစေသည်။
ထို့နောက်တွင် တောင်တန်းများထံမှ ကောင်းကင်နှင့်မြေကြီး တုန်ခါလှုပ်ရမ်းစေမည့် နဂါးဟိန်းသံ ကြားရလေ၏ ထို့နောက်တွင် မီတာသုံးရာလောက် အမြင့်ရှိသည့် အရိပ်တစ်ခုသည် တောင်ထံမှ မြင့်တက်ပေါ်ထွန်းလာသည်။
ထိုအရိပ်၌ လေးရောင်စုံရှိ၏။ ၎င်း၏ခြေတံလက်တံများမှာ သိသိသာသာ ကြီးမားသည်။ သို့သော် ၎င်းထံမှ အလင်းဖြာထွက်လွန်းနေသဖြင့် မည်သူကမျှ ၎င်း၏ပုံစံအသွင်အမှန်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ စောင့်ကြည့်နေသော ကျင့်ကြံသူများသည် အံ့ဩထိတ်လန့်သည့်ဟန်ပန်ဖြင့် ရှိနေကြ၏။ သို့ပေမည့် သူတို့အားလုံးကို အကြောက်လန့်ဆုံး ဖြစ်သွားစေသည်မှာ ထိုအရိပ်က ခေါင်းညိတ်လိုက်ချိန်၌ ဖြစ်ပွားသွားခြင်းပင်။ အလင်းတန်းနှစ်ခုသည် ဤနေရာရှိ ကျင့်ကြံသူများကို ဖြတ်သန်းသွားသည့်အခါ သူတို့ကို ခဏအတွင်း အသက်မရှုနိုင်သည့်အထိ ဖြစ်သွားစေခဲ့သည်။
ဆူညံပေါက်ကွဲသံများနှင့်အတူ ထိုကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်များ လေးလံကာ ချက်ခြင်း ဒူးညွတ်ကျသွားသည်။ သူတို့သည် သူတို့အပေါ်သို့ ထိုက်ချိတောင်တန်းကြီး ပိကျသည့်နှယ် နည်းနည်းလေးမျှ မလှုပ်ရှားနိုင် ဖြစ်ကုန်၏။ ကျင့်ကြံမှုအဆင့် နက်ရှိုင်းသူအချို့က သူတို့ကိုယ်သူတို့ မားမားရပ်နေနိုင်စွမ်း ရှိသော်လည်း သူတို့၏ခြေထောက်များမှာမူ တုန်ခါနေပြီး နဖူးထက်၌ သွေးကြောများ ထောင်သည့်အထိ ဖိအားကို တောင့်ခံထားရသည်။
ထိုကျင့်ကြံသူများသည် အဖြစ်သနစ်ကို နားလည်သဘောပေါက်သွားပြီး စိတ်ထဲ၌ ကျိန်ဆဲမိနေကြစဉ် အရိပ်ကြီးသည် ပြုံး၏။ ၎င်း၏ခန္ဓာကိုယ်မှာ ရုတ်တရက် လွင့်ပြယ်ကာ ကောင်းကင်ထက်၌ ကြယ်အလင်းစက်များ ပြည့်နှက်သွားသည်။ ယင်းကာ စောင့်ကြည့်နေသူများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။
ဟန်လိသည် သူ့ကျင့်ကြံရာအခန်းထဲ၌ တင်ပလ္လင်ခွေချိတ်၍ မျက်လုံးမှိတ်ကာ ထိုင်နေ၏။ သို့သော် သူ့ခေါင်းထက်တါင်မူ တစ်ပေမျှ အရှည်ရှိသည့် မွေးကင်စသန္ဓေသားတစ်ယောက် ရှိနေသည်။ ၎င်း၌ နူးညံ့သော အရေပြားတစ်ခု ပိုင်ဆိုင်ထားသလို မိုးပြာအလင်း အရံအတားဖြင့်လည်း ခြုံလွှမ်းထားသည်။ ၎င်းသန္ဓေသားလောင်း၏ မျက်နှာသည် ဟန်လိနှင့် ချွတ်ဆွတ်တူသည်။ သို့ပေမည့် ၎င်း၏မျက်နှာထက်ရှိ ပျော်ရွှင်စိတ်လှုပ်ရှားမှုကမူ ဟန်လိ၏ ပုံမှန် မထုံတတ်တေးနှင့် တည်ငြိမ်သောဟန်ပန်အမူအရာနှင့် ကွဲပြားနေပေသည်။ ဟန်လိ၏ပင်မခန္ဓာကိုယ်ကမူ နီတျာတျာအရောင်ပေါက်နေပြီး သူ့အမူအရာမှာ အေးချမ်းမှုအပြည့် ရှိနေ၏။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်နှယ်။
ခဏအကြာတွင် သန္ဓေသားလောင်းသည် ပင်ပန်းလာပုံရပြီး သမ်းဝေသည်။ မိုးပြာအလင်း လင်းဖြာသွားပြီး ၎င်းသည် ဟန်လိ၏နဖူးထက်ကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ဟန်လိ၏အမူအရာသည် စတင်လှုပ်ရှားလာ၏။ သူ့မျက်တောင်တို့မှာ လှုပ်လာ၏။ သူသည် မျက်လုံးဖြည်းဖြည်းချင်း ပြန်ဖွင့်လာသည်။ သူ၏မျက်ဝန်းထဲ၌ ကြည်လင်တောက်ပသောအကြည့်တစ်ခု ကွယ်ဝှက်နေချေသည်။
ဟန်လိသည် နိုးလာသည်နှင့် ချက်ခြင်း မထသေးပေ။ ထိုအစား သူသည် ပျော်ရွှင်အားရသည့်ဟန်ဖြင့် ရှိနေသေးသည်။ သူက သူ့လက်ဝါးကို ဖြန့်၍ လေးငါးကြိမ်လောက် ကြည့်ရှုသည်။ ထို့နောက် သူ့လက်ကို ပင့်မြှောက်ကာ သူ့နဖူးထိပ်သို့ စဉ်းစားမရသည့်ဟန်ပန်ဖြင့် ပွတ်သက်သည်။ ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် ဟန်လိ၏စိတ်လှုပ်တရှားဖြစ်နေသော အမူအရာသည် တဖြည်းဖြည်း ပျောက်ကွယ်ကာ ခါတိုင်းကဲ့သို့ တည်ငြိမ်မှုက ပြန်အစားထိုးသွား၏။
ဟန်လိသည် သူ ကျင့်ကြံနေသောအခန်းကို ဝေ့ခတ်ကြည့်ရှုပြီး အကျောဆန့်ကာ ဖြည်းဖြည်းချင်း ထရပ်သည်။ ထို့နောက် သူ့လက်ချောင်းကို ဆန့်ထုတ်ကာ မိုးပြာအလင်းတန်းတစ်ခုကို တံခါးထံ စေလွှတ်သည်။ ဖြတ်ခနဲ လင်းလက်သွားပြီး တံခါးက တိတ်တဆိတ် ပွင့်သွား၏။
ဟန်လိ၏အခန်းအပြင်ဘက်တွင် စောင့်ကြပ်ပေးနေသော မိန်းမလှလေးတစ်ယောက်အသွင် ပြောင်းလဲထားသည့် ငွေရောင်လက ဟန်လိကို တွေ့သွားသည်။ သူမက ချက်ခြင်းပင် ခေါင်းငုံ့ကာ တလေးတစား ဆိုသည်။
“စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်…သခင်လေး…”
သူမ၏ ပြောင်းလဲသွားသောလေသံကြောင့် ဟန်လိသည် အံ့အားသင့်သွားရသည်။
ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ သာမန်ကာလျှံကာ ပြောလိုက်သည်။
“သခင်လေး…ဟုတ်လား။ ကြည့်ရတာ ရောင်းရင်းငွေရောင်လက ကျုပ်ကို ခုမှ အမှန်တကယ် အသိအမှတ်ပြုတဲ့ပုံပဲ။ ဒါပေမဲ့…အဲ့တာက မျှော်လင့်ထားသလိုပါပဲ။ ကျုပ် စဦးစိတ်ဝိညာဉ် မဖွဲ့စည်းခင်တုန်းကဆို ကျုပ်ရဲ့ ကျင့်ကြံမှုဟာ ခင်ဗျားနဲ့ တူတူပဲလေ။ ဒါကြောင့် အဲ့အချိန်တုန်းက ခင်ဗျားအနေနဲ့ ကျုပ်ကို အပြည့်အဝ လက်ခံဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ…”
လေးစားမှုဟန်ပန်အပြည့်ဖြင့် ငွေရောင်လက ပြောသည်။
“သခင်ရဲ့ စကားတွေက အမှန်ပါပဲ။ အခု သခင်ဟာ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းပြီးပြီးဆိုတော့ ကျင့်ကြံခြင်းလောကရဲ့ တကယ့်အစစ်အမှန်နယ်ပယ်ထဲကို ဝင်ရောက်သွားခဲ့ပါပြီ။ သခင်ရဲ့ သက်တမ်းဟာလည်း နှစ်ပေါင်းတစ်ထောင်ကျော်သွားပြီ ဖြစ်တယ်။ ဒါပေမဲ့ သခင်ဟာ ခုမှ နှစ်ပေါင်းနှစ်ရာလောက်ထိပဲ ရှင်သန်နေထိုင်ခဲ့ရသေးတာ။ ဒါကြောင့် ကံတရားသာ ဖေးမခဲ့မယ်ဆို သခင်ဟာ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ထိ ကျင့်ကြံနိုင်လိမ့်မယ်လို့ ကျုပ် ထင်ပါတယ်…”
ဟန်လိသည် ခေါင်းခါကာ အေးအေးအေးဆေး ပြောပြသည်။
“နတ်အသွင်ပြောင်းလဲခြင်းအဆင့်အကြောင်း ပြောဖို့ စောလွန်းပါသေးတယ်။ ဒီအဆင့်က ဝေးလွန်းသေးတယ်။ ကျုပ် ဆုံဖူး၊တွေ့ဖူးတဲ့ စဦးစိတ်ဝိညာဉ်အဆင့် အများစုဟာ ရှေ့အဆင့်ထပ်မတက်ဘဲ စဦးစိတ်ဝိညာဉ်အစောပိုင်းမှာပဲ ရပ်တန့်ကုန်ကြတာ များတယ်။ နင်…အဲ့လောက်ကြီး မျှော်လင့်မထားသင့်ဘူး…”
“ကျမကတော့ သခင့်အပေါ်မှာ ယုံကြည်မှု ရှိနေဆဲပါပဲ…”
ငွေရောင်လသည် နှုတ်ခမ်းတွန့်ကွေးကာ ချိုသာစွာ ပြုံး၍ ဆိုလေသည်။ ထိုအခါ သူမ၏ စွဲဆောင်မှုရှိလှသော အလှတရားကို အထင်းသား မြင်ရသည်။ မည်သို့ပင်ဖြစ်စေ ဟန်လိအနေဖြင့် သူမ၏ စကားများကို ငြင်းဆန်စရာ မတွေ့ဘဲ ဖြစ်ရပါသည်။
ခုလက်ရှိတွင် ကျင့်ကြံသူတစ်ထောင်ကျော်သည် ဤပတ်ဝန်းကျင်၌ စုစုဝေးဝေး ရှိနေကြသည်။ သူတို့သည် မှော်ရတနာများပေါ်တွင် ရပ်၍ ဤတောင်ပတ်လည်၌ ရှိနေကာ တစ်ဦးနှင့်တစ်ဦး တီးတိုးစကား ပြောနေကြသည်။ သူတို့၏ အတွေ့အကြုံမရှိသော၊ မသိနားမလည်သော ဟန်ပန်များကို ကြည့်ရသလောက် ထိုသူများသည် မကြာသေးခင်က ဖြစ်ပွားခဲ့သော အံ့ဖွယ်ဖြစ်ရပ်မှာ မည်သည့်အရာမှန်း မသိကြလောက်ပေ။ သူတို့အနေဖြင့် အကြမ်းဖျင်းခန့်မှန်းမှုအချို့သာ လုပ်နိုင်ကြသည်။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ ဤဖြစ်ရပ်ကြောင့် သူတို့သည် စိတ်လှုပ်တရှား ဖြစ်နေကြသည်ပင်။
ဟန်လိ တာဝန်ကျနေသော ဆေးဥယျာဉ်မှာလည်း အတော်လေး အာရုံစိုက်ခံနေရ၏။ စောင့်ကြည့်နေသူများဆို ဆေးဥယျာဉ်၏ အတားအဆီးများကို အတင်းအကျပ် ချိုးဖျက်ကာ မည်သို့ဖြစ်ပျက်နေသလဲ သိရအောင် ဝင်ကြည့်ကြသည်။ သို့ရာတွင် သူတို့ တွေ့ရသည်မှာ သာမန်ဆေးဥယျာဉ်တစ်ခုကိုသာ။
မူပိုင်လင်းလည်း သည်မြင်ကွင်းကို အသည်းအသန် လာကြည့်သော လူအုပ်ထဲ၌ ပါ၏။ သူမသည် ဤကိစ္စမှာ ဟန်လိနှင့် ပတ်သက်နေနိုင်သည်ဟု ရေးတေးတေး ခံစားမိနေ၏။ ထိုအခိုက်တွင် အရောင်စုံအလင်းတန်းများက ရုတ်တရက် ရောက်ရှိလို့လာ၏။ ထိုအလင်းများ ပျောက်ကွယ်သွားချိန်တွင် အလေးအနက်အသွင်ဖြင့် ရှိနေသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူခြောက်ယောက်ကို တွေ့မြင်ရသည်။ သူတို့ကို ဖန်မျိုးရိုးဖြင့် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က ဦးဆောင်လာခဲ့ခြင်းပင်။ သူ့ဘေးတွင်မူ အနီရောင်ဝတ်စုံနှင့်အဘိုးအို၊ မိန်းမလှစုန်နှင့် အခြားအရင်က မမြင်ဖူးသော ကျင့်ကြံသူတို့ ပါလာကြသည်။
အဘိုးအိုဖန်သည် မျက်ခုံးပင့်ကာ အဆင့်နိမ့်ကျင့်ကြံသူများကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“တပည့်အားလုံး…သေချာနားထောင်ကြ။ ဒီတောင်ရဲ့ ငါးကီလိုမီတာအကွာဟာ ယာယီတားမြစ်ဧရိယာ ဖြစ်သွားပြီ။ ဒီစည်းကမ်းကို ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်…”
ထိုတပည့်များသည် သူတို့သိုင်းဘိုးဘေး၏အမိန့်ကို ကြားသည့်အခါ သိချင်စိတ် ပြင်းပြလွန်းနေသော်ငြား နာခံရုံသာ တတ်နိုင်၍ ချက်ခြင်း ထွက်သွားကြသည်။ သာမန်ရုပ်ရည်နှင့် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က အဘိုးအိုဖန်ထံ ရုတ်တရက် အသံပို့လွှတ်ပြီး ဆေးဥယျာဉ်အောက်ဘက်ကို လက်ညှိုးထိုးပြသည်။ အဘိုးအို၏ အမူအရာသည် လှုပ်ရှားသွားပြီး မိန်းမပျိုမူကို လှမ်းခေါ်သည်။
“တူမလေးမူ…ရှေ့ကိုလာခဲ့…”
“အမိန့်တိုင်းပါ…သိုင်းဦးလေး…” ထိုအမျိုးသမီးသည် ခဏ မင်သက်သွားသေးသည်။ သို့ပေမည့် သူမသည် ချက်ခြင်းပင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများရှေ့သို့ တလေးတစား ပျံသန်းလာသည်။
အဘိုးအိုဖန်၏အမူအရာက တင်းမာနေရာကနေ ပြေလျော့သွားပြီး စကားဆိုသည်။
“တူမလေးမူ…နင်ဟာ ဒီဆေးဥယျာဉ်ရဲ့ တာဝန်ရှိသူလို့ ငါ ကြားသိရတယ်…”
“ဟုတ်ပါတယ်ရှင့်…ဒီဆေးဥယျာဉ်ကို ဟန်လိဆိုတဲ့ ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ယောက်ကို စောင့်ကြပ်ခိုင်းထားတာပါ…”
“ချီစုဆောင်းခြင်းတပည့်…။ သူ ဘယ်မှာလဲ…”
မူပိုင်လင်းသည် ခဏ စဉ်းစားပြီး ပြန်ဖြေသည်။
“ကျမလည်း မသိပါဘူး။ စီနီယာအစ်ကိုတော်တော်များများကတော့ ဆေးဥယျာဉ်ထဲ ဝင်သွားကြည့်ကြပါသေးတယ်။ ဒါပေမဲ့ သူ့ကို လုံးဝ မတွေ့ပါဘူး…”
အနီရောင်ဝတ်စုံနှင့်အဘိုးအို၏အမူအရာသည် လှုပ်ရှားသွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။
“ဟန်လိလား။ သူက နောက်ဆုံးအကြိမ် ကျင်းပခဲ့တဲ့ ဓားပြိုင်ပွဲမှာ လက်ရွေးစင်ဆယ်ယောက်ထဲ ပါခဲ့တဲ့ ပြင်ပတပည့်တစ်ယောက်မလား။ အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိသေးတဲ့ ကောင်လေးလေ…”
“သိုင်းဦးလေးသွန် ပြောတာ မှန်ပါတယ်။ ဟုတ်…ဒီတပည့်ပါပဲ…”
“ပြင်ပတပည့်တစ်ယောက်က ထိပ်ဆုံးဆယ်ယောက်ထဲ ပါနိုင်ခဲ့တဲ့အဖြစ်ဟာ ထူးတော့ထူးဆန်းတယ်။ သူဟာ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းခဲ့တဲ့သူများ ဖြစ်နိုင်လောက်လား…”
အဘိုးအိုဖန်သည် စိတ်ရှုပ်ထွေးစွာဖြင့် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ အခြားအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ထိုစကားကို ကြားသည့်အခါ အလေးအနက် ဖြစ်ကုန်သည်။
အမျိုးသမီးစုန်သည်လည်း သည်စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းသည့် အံ့ဖွယ်ဆန်းကြယ်ပုံရိပ်။ ထိုသူသည် စဦးစိတ်ဝိညာဉ်ကို အမှန်တကယ် ဖွဲ့စည်းနိုင်ခဲ့တာများလား။ မူပိုင်လင်းမှာလည်း သည်စကားကို ကြားသည့်အခါ တုန်လှုပ်ချောက်ချားသွားသည်။
အနီရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် တဖြည်းဖြည်း ပြောသည်။
“စီနီယာဖန်…အဲ့လိုဆိုရင်တော့ ကြည့်ရတာ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းတဲ့သူဟာ သူပဲ ဖြစ်ဖို့များနေပြီ။ ကျုပ်တို့ သူ့ကို ဘယ်လိုတုံ့ပြန်သင့်လဲ…”
“သူက ခုမှ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းခါစ ဆိုရင်တော့ ကျုပ်တို့က သူ့ပြိုင်ဘက် မဟုတ်ဘူး။ ဒီကိစ္စကို သိုင်းဦးလေးနှစ်ယောက် ကိုယ်တိုင် ကိုင်တွယ်လိမ့်မယ်လို့ ကျုပ် ထင်တယ်။ အခုတော့ သူ့ကို ဒေါသ ဖြစ်စေမဲ့ အပြုအမူမှန်သမျှ မလုပ်ဖို့ လိုလိမ့်မယ်…”
အဘိုးအိုဖန်၏ စကားဆုံးရုံရှိသေး သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူက အော်ပြောလိုက်သည်။
“ဟင်…သိုင်းဦးလေးနှစ်ယောက် ရောက်နေပြီ…”
အခြားသူများသည် ထိုစကားကို ကြားသည့်အခါ စိတ်အေးသွားပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ အလင်းတန်းနှစ်ခု သည်ဘက်ကို ပျံသန်းလာနေတာ မြင်ရသည်။ ခဏအကြာတွင် အဖြူရောင်နှင့်အဝါရောင်အလင်းတို့သည် သူတို့ထံ ချဉ်းကပ်လာချေသည်။
အဘိုးအိုဖန်နှင့် အခြားသူများသည် ထိုစကားကို ကြားသည့်အခါ ချက်ခြင်းပင် ဦးညွှတ်၍ တလေးတစားဟန်ပန်များ ဖြစ်ကုန်သည်။ တအောင့်အကြာတွင် မီးခိုးရောင်ဆံပင်အဘိုးအိုနျင့် သက်လတ်ပိုင်းလူတစ်ယောက်တို့သည် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ရှေ့သို့ ရောက်လာကြသည်။ အဘိုးအိုက မထူးခြားနားဟန်ဖြင့် ပြောသည်။
“ဒီကိစ္စကို ကျုပ်တို့ ကိုင်တွယ်လိုက်မယ်။ မင်းတို့ လုပ်ချင်တာ သွားလုပ်ကြတော့။ ဒါပေမဲ့ ဒီမှာတော့ မနေတော့နဲ့…”
အခြားသူများသည် ထိုစကားကိုကြားသည့်အခါ အဘိုးအိုပြောသည့်အတိုင်း ဤတောင်ငယ်ဝန်းကျင်မှ ထွက်သွားကြသည်။
မူပိုင်လင်းလည်း နောက်မှ ကျန်မနေဝံ့ပေ။ သူမက စဦးစိတ်ဝိညာဉ်အဆင့် ဘိုးဘေးနှစ်ယောက်ကို ဂါဝရပြုပြီး အလောတကြီး ပျံသန်းသွားသည်။ သို့ပေမည့် သူမ မထွက်သွားခင် ဆေးဥယျာဉ်ဘက်သို့ တစ်ချက်ငဲ့မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်ပင်။
“တကယ်ပဲ…ဟန်လိက စဦးစိတ်ဝိညာဉ် ဖွဲ့စည်းခဲ့တာလား…”
သူမ၏စိတ်ထဲ၌ ဂနာမငြိမ် ပိုဖြစ်လာ၏။ သူမ၏အမူအရာမှာလည်း လွတ်လွတ်လပ်လပ် ပိုဖြစ်သွားသည့်အလား။
ဤအချိန်အတွင်း၌ ငွေရောင်လသည် ဟန်လိနှင့် အေးဆေးစကားပြောနေရာကနေ အပြင်ဘက်မှ အိုမင်းရင့်ရော်သောအသံတစ်သံကို ကြားရလေ၏။
“စဦးစိတ်ဝိညာဉ်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်…တာအိုရောင်းရင်း။ ကျုပ်က မျောလွင့်တိမ်ဂိုဏ်းရဲ့ ချောင်ထျန်ခွန်းပါ။ ကျုပ်တို့ရဲ့ ဂျူနီယာညီလေး…မင်းနဲ့ စကားစမြည် ပြောဖို့ မင်းလှိုဏ်ဂူဆီ လာလည်လို့ ရမလား…”