ဖိတ်ကြားမှု
Vol. 46 Ch. 640
ဟန်လိသည် အသံပို့လွှတ်သံကို ကြားသည့်အခါ မျက်မှောင်ကြုတ်သွားသည်။
သူက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
“ငွေရောင်လ…အတားအဆီးတွေကို ဖြေလျှော့လိုက်။ မျောလွင့်တိမ်ဂိုဏ်းက အကြီးအကဲနှစ်ယောက်ကို ဝင်ခွင့်ပြုလိုက်ချေ။ အနှေးနဲ့အမြန်ပဲ ကျုပ် သူတို့နဲ့ စကားပြောရမှာပဲ။ ဒါပေမဲ့ အတားအဆီးတွေ ပယ်ဖျက်ပြီးရင်တော့ မင်းကတော့ ကွယ်ဝှက်ပြီးသာနေ။ မြေခွေးတစ်ယောက်ဖြစ်တဲ့အတွက် မင်းဟာ ကွယ်ဝှက်ခြင်းနဲ့ ပုံရိပ်ယောင် လုပ်ဆောင်မှုတွေမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်တဲ့အတွက် မင်းရဲ့ နတ်ဆိုးချီဟာ အဲ့စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေကို သိစေမှာ မဟုတ်ဘူး...”
“ဟုတ်ကဲ့ပါ…သခင်…” ငွေရောင်လသည် တလေးတစား တုံ့ပြန်ပြီး ပေါ့ပေါ့ပါးပါး ခြေလှမ်းကာ ထွက်သွားသည်။ ခဏအကြာတွင် တောင်၏မြင်ကွင်းပုံရိပ်မှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားသည်။ သာမန်တောင်ငယ်တစ်လုံးသည် မိုးပြာမြူများ ခြုံလွှမ်းလျက် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမြူများထဲ၌ အထင်ကြီးဖွယ် အရှိန်အဝါတို့ ပါဝင်နေပြီး အဆောင်သင်္ကေတများ လွင့်မြောလျက် ရှိသည်။ ၎င်းမှာ ကြမ်းလှသော အတားအဆီးများကို ထုတ်လွှတ်ပေးနိုင်တာ သိသာသည်။
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ မချိပြုံးပြုံးမိသွားသည်။ ဤလေလွင့်ကျင့်ကြံသူသည် မျောလွင့်တိမ်ဂိုဏ်းအတွင်း၌ပင် လှိုဏ်ဂူတစ်ခု တူးကာ မဟာအတားအဆီးတစ်ခုကိုပင် ချခင်းထားသေးသည် မဟုတ်လော။ ဂိုဏ်းသခင်များဖြစ်ကြသော သူတို့နှစ်ယောက်မှာ ၎င်းဖြစ်အင်ကို နည်းနည်းလေးမျှ အာရုံမခံမိခဲ့ပေ။ ထိုအကြောင်းကိုသာ အခြားသူများ သိသွားပါက သူတို့သည် အရှက်ရသွားနိုင်သည်။
ထိုအခိုက်တွင် ဟန်လိ၏အသံသည် မြူအတွင်းမှ ထွက်ပေါ်လာသည်။
“ကျုပ်…ဟန်လိက ဒီဂိုဏ်းရဲ့ နယ်မြေကို ငှားရမ်းပြီး ကျင့်ကြံခဲ့တဲ့အပြင် ခင်ဗျားတို့ကိုလည်း အသိမပေးခဲ့မိဘူး။ ကျုပ်ရဲ့ အပြုအမူတွေက ရိုင်းပျသလို ဖြစ်သွားခဲ့ပေမဲ့ ရောင်းရင်းတို့နှစ်ယောက် အပြစ်မယူဖို့ မျှော်လင့်မိပါတယ်။ ကျေးဇူးပြုပြီး ဝင်လာပါ။ ကျုပ် အတားအဆီးတွေ ဖယ်ရှားပြီးပါပြီ…”
ဟန်လိသည် စကားကို အထစ်အငေါ့မရှိ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် သည်ကိစ္စကို စိတ်ထဲလုံးဝ မထားသည့်နှယ် ပြုံး၍ ပြန်တုံ့ပြန်သည်။
“ဟားဟား…ရောင်းရင်း ဘာတွေ ပြောနေတာလဲ။ ကျုပ်တို့ဂိုဏ်းမှာ ခင်ဗျားက စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဂိုဏ်းအနေနဲ့ ကံကောင်းတယ်လို့တောင် ယူဆနိုင်တယ်။ ကျုပ်တို့က ခင်ဗျားကို ဘယ်လိုလုပ် အပြစ်တင်ပါ့မလဲ။ ကျုပ်တို့ ဒီကို ဂုဏ်ပြုဖို့ အလျင်စလို ရောက်လာခဲ့ရတော့ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းနိုင်ခဲ့တဲ့ခင်ဗျားကို လက်ဆောင်ပေးဖို့ မေ့သွားခဲ့ရတယ်။ ကျုပ်တို့ အတော်လေး အရှက်ရမိပါတယ်…”
ဟန်လိသည် တည်ငြိမ်စွာ ပြန်ဖြေသည်။
“ရောင်းရင်းတို့ကတော့ နောက်ပြီ။ ကျုပ်ဟာ ဒီမှာ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်တဲ့အတွက် ကျေးဇူးတင်ရမဲ့သူက ကျုပ်ပါ…”
ထိုသို့ပြောပြီးနောက် မိုးပြာမြူသည် လေးငါးခါလောက် တုန်ခါသွားပြီး ဆယ်မီတာလောက် အကျယ်ရှိသည့် လမ်းကြောင်းတစ်ခု ဖွင့်ဟသွားသည်။
ဤသည်ကို မြင်သည့်အခါ သူတို့နှစ်ယောက်သည် တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်လာကြသည်။ ခဏအကြာတွင် သူတို့သည် ကျောက်တံခါးရှေ့သို့ ရောက်လာကြသည်။ ထိုတံခါးသည် ပွင့်နေပြီး မိုးပြာဝတ်စုံနှင့်လူငယ်တစ်ယောက်က ပြုံးယောင်သမ်း၍ ရပ်နေသည်။ သူ့အသွင်က အသက်အရွယ်အားဖြင့် နှစ်ဆယ်ဝန်းကျင်သာ ရှိဦးမည် ဖြစ်ပြီး ရုပ်ရည်ကလည်း သာမန်ပင်။
“ရောင်းရင်းတို့…ကျေးဇူးပြုပြီး…ဝင်လာခဲ့ပါ…”
ဟန်လိသည် ထိုနှစ်ယောက်ကို ပြုံး၍ ကြိုဆိုသည်။
“ရောင်းရင်းကို ဒုက္ခပေးမိသလိုတော့ ဖြစ်ပြီ…” ထိုနှစ်ယောက်က ဟန်လိကို နှုတ်ဆက်ပြီး အထဲသို့ ဝင်လာကြသည်။ ခဏအကြာတွင် မိုးပြာမြူသည် တလိမ့်လိမ့် ဖြစ်သွားပြီး လမ်းကြောင်းမှာ ပျောက်ကွယ်သွား၍ အတားအဆီးအစီအရင်သည် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
သူတို့နှစ်ယောက်သည် ဤသည်ကို ခံစားမိသော်လည်း နည်းနည်းလေးမျှ မစိုးရိမ်ပေ။ ဤပိုင်နက်ကား သူတို့ထိန်းချုပ်မှုအောက်မှာ ရှိနေသော မျောလွင့်တိမ်ဂိုဏ်း မဟုတ်လား။
ထိုနှစ်ယောက်သည် ဟန်လိနောက်သို့ လမ်းကြောင်းတိုတစ်ခုကနေ ဖြတ်၍ လျှောက်လာကြရင်း အခန်းကျယ်တစ်ခုထံ ရောက်လာကြသည်။ သူတို့ ထိုင်ခုံပေါ်၌ ထိုင်ချပြီးသည်နှင့် ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံဖြင့် လူဝံရုပ်သေးတစ်ကောင်ကို အမိန့်ပေးလိုက်သည်။ ထိုရုပ်သေးသည် လဘ္ဘက်ရည်ကြမ်းခွက်သုံးခွက် ထည့်ထားသော ဗန်းတစ်ခုကို ယူလာပြီး သူတို့ရှေ့၌ တစ်ခွက်စီ ချပေးကာ ပြန်ထွက်သွားသည်။
ထို့နောက် ဟန်လိက စကားဆိုသည်။
“ကျေးဇူးပြုပြီး…ဒီစိတ်ဝိညာဉ်လဘ္ဘက်ရည်ကြမ်းကို မြည်းစမ်းကြည့်ပါဦး။ ကျုပ်ကိုယ်တိုင် ဒါကို သန့်စင်ထားတာ…”
လဘ္ဘက်ရည်ကြမ်းကို ချီးမွမ်းခန်း ဖွင့်ပြီးနောက် ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် ရုပ်သေးရုပ် ထွက်သွားသော နေရာသို့ လှမ်းစိုက်ကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
“ရုပ်ရင်းက စက်ရုပ်သေး ပညာရပ်ကိုပါ ကျင့်ကြံလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ဒါက မြင်ရခဲတယ်…”
ဟန်လိက ပုံမှန်အတိုင်းသာ ပြန်ဖြေသည်။
“ဘာမှမဟုတ်ပါဘူး။ ဒါက မတောက်တခေါက် လိုက်စားခဲ့ရုံပါ။ ရုပ်သေးအချို့ကို ထိန်းချုပ်နိုင်ရုံပါပဲ။ ခင်ဗျားတို့ စိတ်အာရုံကို ဖမ်းစားဖို့တော့ မထိုက်တန်ပါဘူး…”
သက်လတ်ပိုင်းလူလုသည် ရုပ်သေးများကြောင့် အတော်လေး အံ့အားသင့်သွားကာ တဟားဟား ရယ်မော၍ ပြောဆိုလိုက်သည်။
“ဟားဟား…တာအိုရောင်းရင်းကတော့ နှိမ့်ချလွန်းနေပြီ။ လူဝံက ရုပ်သေးတစ်ကောင်ဆိုပေမဲ့ စိတ်ဝိညာဉ်ချီကတော့ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်နေတာ သံသယဖြစ်စရာကို မလိုတာပဲ…”
ဟန်လိသည် ခေါင်းရမ်းကာ မထူးခြားနားသည့်လေသံဖြင့် ပြောသည်။
“ဒီရုပ်သေးရဲ့ ခွန်အားက အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်နိုင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါက တစ်ပွဲထိုးပဲလေ။ ဒါ့အပြင် ဒီရုပ်သေးကောင်ကို သန့်စင်ရတဲ့ အမယ်ပစ္စည်းတွေက ဈေးကြီးလွန်းသေးတယ်။ ထိပ်တန်းမှော်ရတနာတစ်ခု သန့်စင်ရသလောက်ကို ကုန်တာ…”
“အဲ့လိုဆိုရင်တောင် ရောင်းရင်းရဲ့ ရုပ်သေးတွေဟာ ပမွှားမှ မဟုတ်တာ။ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်သာ လက်ထဲမှာ ဒီရုပ်သေးမျိုး ပိုင်ဆိုင်ထားမယ်ဆို သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် လုံလောက်တာထက်တောင် ပိုနေဦးမယ်။ ဒါပေမဲ့ ဒီရုပ်သေးဟာ အနောက်ဘက်အစွန်ဆုံးအရပ်က ဝါးတစ်ထောင်ကျောင်းတော်ကနေ မြစ်ဖျားခံတာမလား။ ရောင်းရင်က အဲ့ဒေသကနေများ လာခဲ့တာလား…”
ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် ရုပ်သေးများအကြောင်း ချီးမွမ်းနေရင်း ဟန်လိ၏မူလဇစ်မြစ်အကြောင်းကို သိနိုင်ရန် အကြောင်းအရာ ပြောင်း၍ ပြောလာသည်။
ဟန်လိသည် ပြုံး၍ မျက်မှောင်ကြုံ့သွား၏။ သူသည် အကြည့်တစ်ချက်ဖြင့်ပင် တစ်ဖက်သူ၏ရည်ရွယ်ချက်ကို သဘောပေါက်နိုင်သည်။ သူက တည်ငြိမ်စွာ ပြန်ဖြေသည်။
“ဒီရုပ်သေးပညာရပ်ကို ကျုပ် ရရှိခဲ့တဲ့ အမည်မသိ မှတ်တမ်းတစ်ခုကနေ ရခဲ့တာ။ ဒါပေမဲ့ ကျုပ်အနေနဲ့ ရုပ်သေးတာအိုမှာ ဒီထက်အများကြီး ပိုကျွမ်းကျင်အောင် သင်ယူဖို့အတွက် အနောက်အရပ်ကို သွားဖို့တော့ စီစဉ်ထားတယ်။ ကျုပ်ရဲ့ဇစ်မြစ်ကတော့ ကောင်းကင်တောင်ပိုင်းက ပါရမီရှင်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တာပါ။ ကျုပ်ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ယွဲ့ဒေသမှာ မွေးဖွားခဲ့တဲ့သူပဲ။ ဒါပေမဲ့ မိစ္ဆာတာအိုရဲ့ ကျူးကျော်မှုကြောင့် ကျုပ်က တိုင်းပြည်ကနေ မဖြစ်မနေ ထွက်ပြေးခဲ့ရတယ်လေ…”
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးနောက် သက်လတ်ပိုင်းလူက ဖြည်းဖြည်းချင်း မေးလိုက်သည်။
“ဆိုတော့…ရောင်းရင်းက ယွဲ့ဒေသကနေ လာခဲ့တာပေါ့။ ဒါက အံ့အားသင့်ဖို့ ကောင်းတာတော့ အမှန်ပဲ။ ခင်ဗျား ကျင့်ကြံခဲ့တာ အချိန်တစ်ခုတော့ ကြာခဲ့လောက်ပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့ ပုံပန်းသွင်ပြင်က ငယ်ရွယ်လွန်းနေတယ်။ ပညာရပ်တစ်ခုကြောင့်များ ခင်ဗျားရဲ့ရုပ်ရည်က ဒီလိုမျိုး ဖြစ်နေတာလားဗျ…”
ဟန်လိသည် ငယ်ရွယ်သည့်ရုပ်သွင် ပိုင်ဆိုင်ထားသူ ဖြစ်နေသော်လည်း လူတစ်ယောက်အနေဖြင့် စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်ပေါင်းသုံးရာလောက် ကျင့်ကြံရမည် ဖြစ်သည်။ အခု ဟန်လိနှင့်စကားပြောနေသော ကျင့်ကြံသူလုအတွက်မူ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းလေးရာလောက် အချိန်ပေးခဲ့ရသည်။
“ကျုပ်ရဲ့ ရုပ်ရည်က ကျင့်ကြံခြင်းပညာကြောင့် မဟုတ်ဘူး။ ဒါပေမဲ့ ကံကောင်းထောက်မပြီး ကျုပ်ဟာ ရုပ်သွင်နုပျိုဆေးလုံးတစ်လုံးကို ရရှိသောက်သုံးခဲ့တဲ့အတွက်ကြောင့် ကျုပ်ရဲ့ ရုပ်ရည်ကို ထိန်းနိုင်ခဲ့တာ။ ကျုပ် ကျင့်ကြံခဲ့တဲ့အချိန်ကတော့ နှစ်ပေါင်းနှစ်ရာကျော်လောက် ရှိခဲ့ပြီ…”
ကျင့်ကြံသူလုသည် ရုပ်သွင်နုပျိုဆေးအကြောင်း ကြားသည့်အခါ အထူးတလဲ အံ့အားမသင့်သွားပေ။ သို့ပေမည့် ဟန်လိက အသက်အကြောင်း ထုတ်ပြောလာချိန်တွင်မူ သူသည် အံ့အားသင့်မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်သွားရသည်။
“ဘယ်လို…နှစ်ပေါင်းနှစ်ရာတဲ့လား…”
စိတ်ထဲ တုန်လှုပ်သွားမိရင်း ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် မမေးဘဲ မနေနိုင်တော့ပေ။
“ရောင်းရင် နှစ်ပေါင်းနှစ်ရာကျော်ပဲ တကယ်ကြီး ကျင့်ကြံရသေးတာလား…”
ထိုအဘိုးအိုသိထားသလောက်ဆို ကောင်းကင်တောင်ပိုင်းဒေသ၌ နှစ်ပေါင်းနှစ်ရာအတွင်း စဦးစိတ်ဝိညာဉ်ဖွဲ့စည်းနိုင်စွမ်းရှိသော လက်တစ်ဆုပ်စာ ကျင့်ကြံသူတိုင်းသည် ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်ကာ လောကကို တုန်လှုပ်စေနိုင်စွမ်း ရှိကြသူများပင်။ ထိုအသက်အရွယ်ဖြင့် စဦးစိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့ကြသူများသည် ရုတ်တရက် ပျောက်ကွယ်ကာ ဒဏ္ဍာရီလာနယ်မြေတစ်ခုထံသို့ တက်လှမ်းသွားလေ့ ရှိကြ၏။
“ဘာလဲ။ စဦးစိတ်ဝိညာဉ်ကို နှစ်ပေါင်းနှစ်ရာနဲ့ ဖွဲ့စည်းနိုင်တာနဲ့ ပတ်သက်ပြီး တစ်ခုခုများ မှားနေလို့လား…”
ဟန်လိ၏မျက်လုံးထဲတွင် သံသယဖြစ်ဟန် ဖြစ်ပေါ်သွားသည်။ သူသည် စဦးစိတ်ဝိညာဉ်ကို အခြားသူများထက် ပိုမြန်မြန် ဖွဲ့စည်းနိုင်ခဲ့မှန်း သိသော်လည်း ၎င်းနောက်ကွယ်မှ အဓိပ္ပာယ်ကိုမူ သူ့အနေဖြင့် အတိအကျ မသိပေ။ အဆုံးသတ်တွင် ဟန်လိသည် စဦးစိတ်ဝိညာဉ်အဆင့်နှင့်ပတ်သက်၍ အပိုင်းအစလောက်သာ သိထားသေးသည်။ သူ့အနေဖြင့် ထိုအဆင့်အကြောင်း ဂဃနဏ သိနိုင်မည့် အခွင့်အရေး မရခဲ့ပေ။
ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် သက်ပြင်းချ၍ လေးစားသည့်အရိပ်အယောင်ဖြင့် ပြောလာသည်။
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ကျုပ်တို့က ရောင်းရင်းအနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်ခဲ့တာကြောင့် အံ့အားသင့်တုန်လှုပ်သွားခဲ့မိတာပါ။ ကြည့်ရတာ ရောင်းရင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့တဲ့ပုံပဲ…”
ခုချိန်၌ တစ်ဖက်သူ၏ စကားများများ မှန်၊မမှန်မှာ သူ့အတွက် အရေးမကြီးဟု ဆုံးဖြတ်သည်။ သူ့အနေဖြင့် သူ့ဂိုဏ်းထဲ၌ ရောက်နေသော သည်စဦးစိတ်ဝိညာဉ်ကျင့်ကြံသူကို ရင်းနှီးမှုရ၍ ချည်ပြီးတုတ်ပြီးလုပ်ရန်၊ ရန်မစမိရန်သာ လိုအပ်သည်။
သက်လတ်ပိုင်းအရွယ်ရှိသည့် ကျင့်ကြံသူလုက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။ သို့ပေမည့် ခဏအကြာတွင် သူသည် တည်ငြိမ်မှု ပြန်ရလာသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အသံခဏပို့လွှတ်ပြီး အလေးအနက်အသွင်များ ဖြစ်ပေါ်ကြသည်။
ဟန်လိသည် သူတို့နှစ်ယောက်ကို တည်ငြိမ်စွာဖြင့် စောင့်ကြည့်နေပြီး မကျေမနပ်ဖြစ်သည့် အရိပ်အယောင် လုံးဝ မပြသပေ။ ထိုအစား သူသည် သူ့ရှေ့မှ လဘ္ဘက်ရည်ကြမ်းကိုသာ ကောက်ယူသောက်လိုက်သည်။
ခဏအကြာတွင် ကျင့်ကြံသူလုနှင့် ငွေရောင်ဆံပင်အဘိုးအိုတို့သည် ဆွေးနွေး၍ ပြီးသွားကြသည်။ ထို့နောက် အဘိုးအိုက ပြောသည်။
“အစ်ကိုဟန်အနေနဲ့ ကျုပ်ရဲ့ ရဲတင်းလွန်းတဲ့ မေးခွန်းအပေါ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အစ်ကိုဟန်က လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တော့ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းပြီးတဲ့အခါ ဘယ်ကိုများ သွားဖို့ စဉ်းစားထားလဲဗျ…”
“တနေရာရာ သွားဖို့လား။ ကျုပ် အဲ့ကိစ္စတော့ မတွေးထားရသေးဘူး။ ခုချိန်မှာ ယွဲ့ဒေသဟာ မိစ္ဆာတာအိုလက်ထဲမှာ ကျရောက်နေပြီး ကျုပ်ကလည်း တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေနဲ့ အတိတ်တချိန်တုန်းက ရန်ငြှိုးရန်စ ရှိခဲ့ဖူးတယ်။ ဒါကြောင့် ကျုပ် ယွဲ့ဒေသဟာ ကျုပ်အတွက် ရွေးချယ်စရာ ဖြစ်လာမှာ မဟုတ်ဘူး။ အခြားနေရာတွေကတော့…”
ဟန်လိသည် ဤအကြောင်းကို စဉ်းစားနေရင်း တီးတိုးရေရွတ်နေသည်။
အလေးအနက်အသွင်ဖြင့် ငွေရောင်ဆံပင်နှင့်အဘိုးအိုက ပြောလာသည်။
“ရောင်းရင်းသာ ကျုပ်တို့ရဲ့ နိမ့်ကျတဲ့ မျောလွင့်တိမ်ဂိုဏ်းကို မငြင်းပယ်ဘူးဆို ကျုပ်တို့ဂိုဏ်းနဲ့ ပူးပေါင်းလိုက်ရင် ပိုမကောင်းဘူးလား။ ကျုပ်တို့မျောလွင့်တိမ်ဂိုဏ်းဟာ ရှေးဟောင်းဓားဂိုဏ်းထက် အများကြီး နိမ့်နေပြီး အနာဂတ်ခန့်မှန်းခြင်းခန်းမထက် မဆိုသလောက် နိမ့်ကျတယ်ဆိုရင်တောင် ကျုပ်တို့ဂိုဏ်းဟာ ဘယ်ကျင့်ကြံခြင်းနည်းလမ်းကိုပဲ အထူးပြုမယ်လို့ သတ်မှတ်လိုက်စားတာမျိုး ရှိမနေဘူး။ ကျုပ်တို့ဟာ နှစ်ပေါင်းများစွာ မတူညီတဲ့ ပညာရပ်ပေါင်းမျိုးစုံကို ကျင့်ကြံခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ရောင်းရင်းအနေနဲ့ ကျုပ်တို့ဂိုဏ်းကို ဝင်မယ်ဆို ကျုပ်တို့ညီအစ်ကိုတွေနဲ့ အဆင့်တူတစ်ခုမှာ နေရာပေးပြီး အပြင်လူတစ်ယောက်လို ဆက်ဆံမှာ မဟုတ်ဘူး…”
သူ့စကားများထဲ၌ ရိုးသားမှုရှိကြောင်း ပေါ်လွင်နေပေသည်။
“ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာရမှာလား…”
ဟန်လိသည် အလိုလို မျက်မှောင်ကြုတ်သွားပြီး တွေဝေတုံ့ဆိုင်းဟန် ဖြစ်ပေါ်သွား၏။