ကောင်းကင်လေဟာနယ်ဒယ်စောက်နှင့် ပုလင်းငယ်
Vol. 46 Ch. 641
ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် ဟန်လိ မငြင်းဆန်သေးတာ မြင်သည့်အခါ ကျေနပ်သွားသည်။ သူက အရိုးသားဆုံးလေသံဖြင့် ဆက်ပြောသည်။
“စိတ်အေးအေးထားပါ…ရောင်းရင်းဟန်။ ခင်ဗျားဟာ ဂိုဏ်းရဲ့ အကြီးအကဲချုပ်တွေထဲက ရာထူးတစ်ခုကို ယူရမယ်ဆိုပေမဲ့ ဂိုဏ်းကိစ္စအသေးအမွှားတွေမှာ တာဝန်ယူစရာ မလိုဘူး။ ခင်ဗျား စိတ်ကြိုက်နေထိုင်နိုင်ပါတယ်။ ခင်ဗျားဟာ ဂိုဏ်းအတွက် အကာအကွယ် အဟန့်အတားအနေနဲ့ ရှိပေးရုံပဲ။ နှစ်စဉ်နှစ်တိုင်းမှာ ကျုပ်တို့ဂိုဏ်းတပည့်တွေက ကျုပ်တို့ကို စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီ ပေးကမ်းကြရတယ်။ ကျုပ်တို့ အထူးတလဲ လိုအပ်တဲ့ ဆေးပင်ပဲဖြစ်ဖြစ်၊ ပစ္စည်းအမယ်တွေပဲဖြစ်ဖြစ်ရှိလာခဲ့ရင်လည်း သူတို့ကို အမိန့်ပေး ရှာခိုင်းလို့လည်း ရတယ်။ လိုရင်းတိုရင်း ပြောရရင်တော့ ကျုပ်တို့ မျောလွင့်တိမ်ဂိုဏ်းရဲ့ အကြီးအကဲဆိုတဲ့ အဆင့်အတန်းနဲ့ဆို ခင်ဗျားဟာ အခြားဂိုဏ်းက သူတွေထက် ပိုမြင့်မားတဲ့နေရာမှာ ရှိနေမှာ ဖြစ်တယ်…”
ကျင့်ကြံသူလုက ထပ်ဖြည့်ပြောလာသည်။
“စီနီယာအစ်ကို ပြောတာ အမှန်ပဲ။ အစ်ကိုဟန်က စဦးစိတ်ဝိညာဉ်ခုမှ ဖွဲ့စည်းပြီးတာ ဖြစ်တဲ့အတွက် ခင်ဗျားအတွက် အသစ်ဖြစ်နေဦးမှာ။ ဒီအဆင့်နဲ့ ပတ်သက်ပြီး သိချင်တာတွေလည်း ရှိနေမှာ သေချာတယ်။ ကျုပ်တို့က ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်လို့တော့ မပြောလိုဘူး။ ဒါပေမဲ့ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်မှာ နှစ်ပေါင်းရာချီ တစ်ဆို့နေခဲ့ပြီးတဲ့နောက် ကျုပ်တို့မှာ အတွေ့အကြုံအချို့တော့ ပိုင်ဆိုင်ထားတာ အမှန်ပဲ။ ရောင်းရင်းကသာ ကျုပ်တို့ဂိုဏ်းထဲ ဝင်မယ်ဆို ကျုပ်တို့ဘက်က လမ်းညွှန်မှုတချို့တလေ ပေးနိုင်ပါတယ်…”
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ထပ်တိုးလာခြင်းသည် ဂိုဏ်း၏စွမ်းအားကို ချက်ခြင်းမြင့်တက်သွားစေနိုင်ပေသည်။ သူတို့ဂိုဏ်းအင်အားသည် ရှေးဟောင်းဓားဂိုဏ်းနှင့် မယှဉ်နိုင်သော်လည်း အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းနှင့် သူတင်ကိုယ်တင် အနေအထားလောက်ထိ ရောာက်သွားနိုင်ပေသည်။ ထိုအခါကျလျှင် အိပ်မက်တိမ်တောင်တန်း၌ မျောလွင့်တိမ်ဂိုဏ်း၏ အနေအထားမှာလည်း ပိုခိုင်မာသွားပေလိမ့်မည်။
ဟန်လိသည်လည်း ကျင့်ကြံသူလု၏ ကမ်းလှမ်းမှုအပေါ် စိတ်ဝင်စားမိသည်သာ ဖြစ်၏။ ခုမှ စဦးစိတ်ဝိညာဉ်ဖွဲ့စည်း ပြီးခါစသူတစ်ယောက်အနေဖြင့် နှစ်ပေါင်းရာချီ ထိုအဆင့်၌ ရှိခဲ့သူများ၏ လမ်းညွှန်မှုမှာ အဖိုးတန်လှမှန်း သူ သိသည်။ သူ့အတွက် အချိန်အများကြီး သက်သာသွားစေနိုင်သည် မဟုတ်လား။
မျောလွင့်တိမ်ဂိုဏ်း၌ နေထိုင်မည့် အခြေအနေတစ်ခုကို ဟန်လိသည် မစဉ်းစားထားခဲ့တာမျိုး မဟုတ်ပေ။ သို့ပေမည့် သူသည် ကောင်းကျိုး၊ဆိုးကျိုးကို သေချာ မသုံးသပ်ရသေးပေ။ သူတို့ဘက်က အခုကဲ့သို့ စပြောလာသည့်အခါ သူ့အနေဖြင့် ဂရုတစိုက် ဆုံးဖြတ်ရန်ကလွဲ၍ အခြားရွေးချယ်စရာ ရှိမနေပေ။
သူသည် လေလွင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ဆက်နေသင့်လား။ မျောလွင့်တိမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် လုပ်ကာ အခွင့်အရေးတစ်ခု ရှာဖွေသင့်လား။ သို့မဟုတ် အခြားပို၍ သင့်တော်သော ဂိုဏ်းတစ်ခုထံ ဝင်သင့်ပါသလား။
တစ်ကိုယ်တည်း အချိန်အတော်ကြာ တီးတိုးရေရွတ်နေရင်း ဟန်လိက ခေါင်းမော့ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်…တာအိုရောင်းရင်းတို့။ ဒါပေမဲ့ ကျုပ်က စဦးစိတ်ဝိညာဉ်အဆင့်ကို ခုမှ ရောက်တာဆိုတော့ ကျုပ်စိတ်ထဲ တည်ငြိမ်မှုအပြည့် မရသေးဘူး။ ခု ခင်ဗျားတို့ ပြောတဲ့ ကိစ္စကလည်း အရေးကြီးတယ်ဆိုတော့ ကျုပ်ကို စဉ်းစားဖို့ အချိန်နှစ်ရက်၊ သုံးရက်လောက် ပေးနိုင်မလား။ သုံးရက်လောက်ဆို ခင်ဗျားတို့ကို အဖြေပြန်ပေးဖို့ လုံလောက်ပါပြီ…”
ဟန်လိ၏စကားများကို ကြားသည့်အခါ ထိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ ခဏ စဉ်းစားပြီးနောက် အဘိုးအိုက တမျိုးဖြစ်သွားဟန်ဖြင့် ပြောသည်။
“ကျုပ်တို့ အားနာရပါတယ်။ ကြည့်ရတာ ကျုပ်တို့ အတော်လေး စိတ်မရှည် ဖြစ်သွားတဲ့ပုံပဲ။ ဒီကိစ္စကို ရည်အနည်းငယ်လောက် အချိန်ပေးစဉ်းစားရမှာဟာ သဘာဝပဲကို။ ခုချိန်ကစပြီး ကျုပ်တို့ တပည့်တွေ ခင်ဗျားကို အနှောက်အယှက်ပေးမိတာမျိုး မဖြစ်ရအောင် ဒီနေရာကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားလိုက်မယ်။ သုံးရက်ပြည့်မှပဲ ကျုပ်တို့ ခင်ဗျားဆီ လာလည်တော့မယ်…”
ဤ ပြောဆိုပြီးနောက် ထိုနှစ်ယောက်သည် ဟန်လိနှင့် အာလပသလာပ ပြောဆိုပြီး ပြန်ထွက်သွားကြသည်။
ဟန်လိသည် ထိုနှစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး ပြန်လိုက်ပို့ပြီးနောက် အခန်းထဲတွင် ပြန်ဝင်လာထိုင်သည်။ သူသည် မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေ၏။
အခန်းအပြင်ဘက်၌ အလင်းတစ်ချက် လင်းဖြာသွားပြီး ငွေရောင်လသည် ကျက်သရေရှိစွာ လျှောက်လှမ်း၍ မြေခွေးပုံစံဖြင့် အခန်းထဲ ဝင်လာသည်။
ဟန်လိသည် မြေခွေးငယ်ကို တစ်ချက်ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“လူသားအသွင် ဆက်ရှိနေဖို့အတွက် မင်းရဲ့ မှော်စွမ်းအားက လုံလောက်လို့လား…”
ငွေရောင်လက ခေါင်းညိတ်ပြကာ ပြောသည်။
အမှန်ပါပဲ…သခင်။ မြေခွေးစိတ်ဝိညာဉ်စွမ်းအားနဲ့အတူ ရတနာစိတ်ဝိညာဉ်ဖြစ်တဲ့ ကျမရဲ့ မှော်စွမ်းအားဟာ လူသားအသွင်အဖြစ် အချိန်ခဏပဲ ထိန်းထားနိုင်ပါတယ်။ “နောက်တစ်လထိ ကျမဟာ လူသားအသွင် ပြောင်းနိုင်ဦးမှာ မဟုတ်ပါဘူး…”
“နင်သာ အဆင့်ရှစ်နတ်ဆိုး အမှန်တကယ် ဖြစ်သွားခဲ့မယ်ဆို လူသားအသွင်ကို ထာဝရ ထိန်းထားနိုင်မှာ မဟုတ်လား။ စိတ်မရှည် မဖြစ်ဖို့ မလိုပါဘူး…”
ငွေရောင်လသည် ရိုးသားစွာ ပြောသည်။
“ဟုတ်ကဲ့ပါ။ ကျမဟာ ကောင်းကင်လေဟာနယ်ဒယ်စောက်ထဲမှာ နှစ်ပေါင်းမြောက်များစွာ အချိန်ကုန်ခဲ့ပြီး ဖြစ်တဲ့အတွက် နောက်ထပ်နှစ်ရာဂဏန်းလောက် ထပ်စောင့်တော့ကော ဘာဖြစ်သေးလဲ။ ဒါ့အပြင် ဆရာ့ရဲ့ ဆေးဝါးအကူအညီတွေနဲ့ဆို ကျမဟာ ထင်ထားတာထက် ပိုစောပြီး အမြင့်ကို ရောက်နိုင်မှာပါ…”
ဟန်လိသည် ခေါင်းညိတ်ပြ၏။ သို့သော် သူ့အသံက ရုတ်တရက် အလေးအနက် ဖြစ်သွားသည်။
“ကောင်းကင်လေဟာနယ်ဒယ်စောက် ဆိုလို့…အရင်တုန်းက ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ကျသေးတာကြောင့် အဲ့အကြောင်း လုံးဝ မမေးကြည့်ခဲ့ဖူးဘူး။ ဒါပေမဲ့ ခုချိန်မှာ ကျုပ်က စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီဆိုတော့ ဒီဒယ်စောက်အကြောင်း ကျုပ်ကို ပြောပြချေ။ တကယ်တော့ မင်းက ဒီဒယ်စောက်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့တာဆိုတော့ ဒါကို ဘယ်လိုဖွင့်ရမလဲဆိုတာ သိထားမှာပဲ။ ဒါ့အပြင် ကျုပ်ဟာ ကောင်းကင်ဖာထေးခြင်းဆေးလုံးအပြင် အဲ့ဒယ်စောက်ထဲက တခြားရတနာတွေအကြောင်းလည်း သိချင်တယ်…”
ငွေရောင်လသည် ခဏနှုတ်ဆိတ်သွားပြီး သက်ပြင်းချကာ ပြောလိုက်သည်။
ဟုတ်ပါတယ်…ဒယ်စောက်ကို ဘယ်လိုဖွင့်ရမလဲဆိုတာ ကျမ သိထားပါတယ်။ ဒါပေမဲ့ သခင်အနေနဲ့ အတော်လေး စိတ်ပျက်သွားမှာ စိုးမိပါတယ်…”
ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ သံသယဝင်ဟန်ဖြင့် ပြောသည်။
“အို…မင်းဆိုလိုတာက ခုကျုပ်ရဲ့ လက်ရှိကျင့်ကြံမှုနဲ့လည်း ဒီဒယ်စောက်ကို မဖွင့်နိုင်သေးဘူးပေါ့…ဟုတ်လား…”
ငွေရောင်လက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မူလတုန်းက နတ်စိတ်ဝိညာဉ်ရတနာရဲ့ ချည်နှောင်မှုကနေ တခြားရှေးဟောင်းရတနာတွေနဲ့ ကျမတို့ဟာ လွတ်မြောက်နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သခင် ကောင်းကင်လေဟာနယ်ခန်းမထဲမှာ ရှိခဲ့တဲ့အချိန်တုန်းက ဒီရတနာကို ခြုံလွှမ်းထားတဲ့ ကောင်းကင်ရေခဲမီးတောက်ဟာ အဲ့မှာရှိတဲ့သူတွေရဲ့ နှောက်ယှက်တာကို ခံခဲ့ရလို့ပါပဲ…”
ဟန်လိ၏မျက်နှာထက်တွင် သံသယဝင်ဟန် ဖြတ်ပြေးသွားပြီး သူက မေးလိုက်သည်။
“နတ်စိတ်ဝိညာဉ်ရတနာတွေဆိုတာ ဘာတွေလဲ။ ကောင်းကင်လေဟာနယ်ဒယ်စောက်က ရှေးဟောင်းရတနာတစ်ခု မဟုတ်ဘူးလား။ နင် ပြောပုံအရဆို ကောင်းကင်ရေခဲမီးတောက်နဲ့ ကောင်းကင်လေဟာနယ်ဒယ်စောက်တို့ကြားမှာ ကြီးမားတဲ့ဆက်စပ်မှု ရှိတဲ့ပုံပဲ…”
ငွေရောင်လသည် အလေးအနက်လေသံဖြင့် ရှင်းပြလာသည်။
“နတ်စိတ်ဝိညာဉ်ရတနာတွေဟာ ကျင့်ကြံသူတွေရဲ့ အခေါ်အဝေါ်အရဆို ရှေးဟောင်းရတနာတွေပါပဲ။ ဒါပေမဲ့ ရှေးဟောင်းရတနာတွေဟာ သူတို့ရဲ့ အမည်ဂုဏ်ပုဒ်အလိုက် အံ့အားသင့်ဖွယ်စွမ်းရည်တွေ ပိုင်ဆိုင်ထားကြတယ်။ ကောင်းကင်လေဟာနယ်ဒယ်စောက်က အဲ့လိုအရာတွေထဲက တစ်ခုပေါ့။ ကျမအနေနဲ့ ဒယ်စောက်မှာ ဘယ်လို စွမ်းရည်မျိုး ပိုင်ဆိုင်ထားမှန်း မသိပေမဲ့…အဲ့တာဟာ ပုံမှန်ရှေးဟောင်းရတနာတွေထက် သာလွန်ဖို့တော့များတယ်။ မဟုတ်သေးဘူး…နတ်စိတ်ဝိညာဉ်ရတနာတွေဟာ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ထိန်းချုပ်ဖို့အတွက် ပထမဆုံးအဆင့်လို့ ပြောရင် ပိုသင့်တော်လိမ့်မယ်။ သခင်ဟာ ဘာတစ်ခုမျှ မလုပ်ခင် အရင်ဆုံး ကောင်းကင်ရေခဲမီးတောက်တွေကို သန့်စင်ဖို့ လိုအပ်လိမ့်မယ်…”
ဟန်လိက ပြုံး၍ မေးလိုက်သည်။
“နတ်စိတ်ဝိညာဉ်ရတနာတွေလား။ ရှေးဟောင်းကျင့်ကြံသူတွေတောင် ဒီစိတ်ဝိညာဉ်ရတနာတွေအပေါ် မြင့်မြင့်မားမား သဘောထားတဲ့အတွက်ကြောင့် ဒီရတနာတွေဟာ ထူးကဲမှာ သေချာတယ်။ မီးတောက်တွေကို အရင်ဆုံး သန့်စင်ဖို့ လိုတယ်ဆိုတော့…ငါ့အနေနဲ့ ဘယ်ကစလုပ်ရမလဲ။ ပြောမယ်ပြောတော့ ပြောစရာရှိတာအကုန် ငါ့ကို တစ်ခါတည်းသာ ပြောပြချေ…”
ဟန်လိသည် ငွေရောင်လ၏ ထိုစကားများကြောင့် ဒေါသ ဖြစ်မသွားပေ။ သူ မျှော်မှန်းနိုင်သည့်ထက် ပိုလွန်သောစွမ်းအား ပိုင်ဆိုင်ထားသော ဤရတနာမျိုးကို အသုံးပြုနိုင်ရန် အခြေအနေများစွာ လိုအပ်ကြောင်း သူ ကောင်းကောင်း သိပေသည်။ ဤကိစ္စမှာ အတော်လေးလည်း အံ့ဩဖွယ်ကောင်း၏။ သူ့လက်ထဲ၌ ကောင်းကင်လေဟာနယ်ဒယ်စောက် လက်ဝယ်ရှိခဲ့သည့်အချိန်မှစ၍ သူ့အနေဖြင့် ၎င်းကို ထိန်းချုပ်နိုင်မည့် နေ့တစ်နေ့ကတော့ ရောက်လာလိမ့်မည်သာ။ ဟန်လိသည် ထိုအချက်နှင့်ပတ်သက်ပြီး သံသယ ရှိမနေပေ။
ငွေရောင်လသည် ခေါင်းခါကာ အမှန်အတိုင်း တုံ့ပြန်သည်။
“ကျမ ဘယ်လိုလုပ်ရမလဲဆိုတော့ အဆင့်တွေတော့ မသိထားပါဘူး။ ကျမဟာ သခင်အနေနဲ့ ကောင်းကင်ရေခဲမီးတောက်ကို သန့်စင်ပြီးတဲ့အခါကျမှ အကြံပေးနိုင်ရုံပါ…”
“အို…ဒီလိုကို။ ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ပြဿနာတော့ နည်းနည်းရှိနေတယ်။ ဒါပေမဲ့ အဲ့လိုဆိုရင်လည်း အဆင်ပြေပါတယ်။ ကျုပ်က အရင်ဆုံး ကောင်းကင်ရေခဲမီးတောက်ကို သန့်စင်ပြီးတဲ့အခါကျမှ နောက်ဘာဆက်လုပ်မယ် ဆုံးဖြတ်ရတော့မှာပဲ…”
ဟန်လိသည် စစချင်းတော့ စိတ်ပျက်သွားသေးသည်။ သို့ပေမည့် ထို့နောက်တွင် သူက ငွေရောင်လကို လေးလေးနက်နက် စိုက်ကြည့်သည်။
ဟန်လိ မကျေမနပ် ဖြစ်သွားမှာစိုး၍ သူမက အလျင်စလို ရှင်းပြသည်။
“ကျမ ဘာကိုမှ ကွယ်ဝှက်ထားတာ မဟုတ်ပါဘူး။ ဒီဒယ်စောက်ထဲမှာ ကောင်းကင်ဖာထေးခြင်းဆေးလုံးနှစလုံးအပြင် အခြားရတနာတွေ မရှိနေတာပါ။ အဲ့တာက ဗလာသက်သက် ဒယ်စောက်တစ်ခုပါပဲ။ တကယ်တော့ ကောင်းကင်လေဟာနယ်ဒယ်စောက်က ကောင်းကင်လေဟာနယ်ခန်းမထဲမှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီး ကောင်းကင်ရေခဲမီးတောက်တွေကိုလည်း အနှောက်အယှက်ပေးနိုင်တဲ့ ကျင့်ကြံသူတစ်ချို့လည်း ရှိနေသေးတယ် မဟုတ်လား။ သခင်…ကောင်းကင်လေဟာနယ်ခန်းမထဲ ရောက်လာခဲ့တဲ့အချိန်တုန်းကဆိုလည်း သခင် ထောက်လှမ်းမိခဲ့တဲ့ ရှေးဟောင်းရတနာအချို့ပဲ ရှိခဲ့တာပါ…”
ဟန်လိသည် ထိုသို့ဖြစ်မည်ကို မျှော်လင့်ထားပြီးသည့်အလား နည်းနည်းလေးမျှ စိတ်မပျက်သွားပေ။
“ရှိစေတော့…အဲ့လိုဆိုမှတော့လည်း အဲ့လိုပဲပေါ့။ ခုလက်ရှိ ကျုပ်ရဲ့ ကျင့်ကြံမှုအရဆို သာမန်ရှေးဟောင်းရတနာတွေဟာ ကျုပ်ထက် နိမ့်သွားကြပြီ။ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ကျုပ်အပိုင်ဖြစ်အောင် လုပ်တာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်…”
ငွေရောင်လသည် တခစ်ခစ်ရယ်မောကာ ပြောဆိုသည်။
“ကျမကတော့ သခင်လေးအနေနဲ့ ကျမကို လွတ်လပ်မှု ပေးနိုင်တဲ့သူဖြစ်တော့ အပြည့်အဝ လေးစားပြီးသားပါ။ သခင်လေးရဲ့ စကားတွေက မမှားနိုင်ဘူး။ ကျမသိထားသလောက်ဆို ရှေးပဝေသဏီအချိန်တည်းက စိတ်ဝိညာဉ်ရတနာလို့ အမည်နာမ တတ်နိုင်တဲ့ ရှေးဟောင်းရတနာ အရေအတွက် ခြောက်ဆယ်လောက် ရှိထားပါတယ်။ တစ်ခုစီတိုင်းဟာလည်း ကြီးမားတဲ့စွမ်းရည်မျိုးတွေ ပိုင်ဆိုင်ထားပြီး လောကကို တုန်လှုပ်စေနိုင်တယ်။ အမှန်တိုင်းပြောရရင် သခင်လေးရဲ့ ပုလင်းငယ်ကိုလည်း စိတ်ဝိညာဉ်ရတနာတစ်ခုလို့ ကျမ အစတုန်းက ထင်မိခဲ့တာ။ ဒါပေမဲ့ နောက်သေချာ တွေးကြည့်တော့ ဒီပုလင်းဟာ အဲ့လိုလည်း ဟုတ်မနေပြန်ဘူး…”
ဟန်လိသည် မင်သက်သွားပြီး သံသယဝင်ကာ မေးလိုက်သည်။
“အို…ဒါဆို အဲ့ပုလင်းငယ်ရဲ့စွမ်းရည်တွေက ရှေးဟောင်းရတနာတစ်ခု ဖြစ်ဖို့ မလုံလောက်သေးတဲ့ သဘောလား…”
မြေခွေးငယ်သည် နှုတ်ခမ်းသပ်ကာ အလေးအနက် ပြန်ပြောသည်။
“အဲ့လိုသဘောမျိုး မဟုတ်ပါဘူး။ သခင်လေးရဲ့ ပုလင်းငယ်ဟာ စိတ်ဝိညာဉ်ရတနာတွေကိုပါ အထင်အမြင်သေးစွာ ကြည့်ပစ်လို့ရတဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတဲ့အရာပါ။ တကယ်တော့ စိတ်ဝိညာဉ်ရတနာတွေဟာ ဘယ်လောက် ကြီးကျယ်ခမ်းနားတဲ့ စွမ်းရည်မျိုးကိုပဲ ပိုင်ဆိုင်ထားထား ဒီလောကရဲ့ မိုးကောင်းကင်ဥပဒေသတွေကို လိုက်နာရတာပါပဲ။ ဒီစိတ်ဝိညာဉ်ရတနာတွေက လောကဥပဒေသတွေကို ပိုချဲ့ကားနိုင်ရုံပဲ စွမ်းနိုင်ကြတာ။ ဒါပေမဲ့ ပုလင်းငယ်ရဲ့ စွမ်းရည်မျိုးကတော့ မိုးကောင်းကင်ကိုဖိဆန်နေတာလေ။ ကျမအထင် စိတ်ဝိညာဉ်နယ်ပယ် ဒါမှမဟုတ် ခုထက် မြင့်မားတဲ့လောကတစ်ခုကို သခင်လေး တက်လှမ်းနိုင်မှ ဒီလိုအရာမျိုးကို သန့်စင်ဖန်တီးနိုင်လိမ့်မယ်…”
ဟန်လိသည် အသက်မရှုနိုင်သလိုပင် ခံစားမိသွားပြီး သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
“နင် ဆိုလိုတာက ဒီပုလင်းဟာ ပိုမြင့်မားတဲ့နယ်မြေက အင်မောတယ်တွေ သန့်စင်ဖန်တီးထားတဲ့ ရတနာတစ်ခုဆိုတဲ့ သဘောလား…”
ငွေရောင်လက ခေါင်းညိတ်လိုက်သည်။
“အမှန်ပါပဲ။ ဒီပုလင်းက သေချာပေါက် အဲ့လို ဖြစ်မှာပါ…”
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ ငြိမ်ကျသွားပြီး ရုတ်တရက် သူ့သိုလှောင်အိတ်ထဲမှ ပုလင်းငယ်ကို ထုတ်ယူကြည့်သည်။ သူ့အမူအရာမှာ မတည်ငြိမ်တော့ပေ။ သူသည် ၎င်းကို လက်ဖြင့်ကိုင်၍ သေချာစူးစမ်းကြည့်နေ၏။
အတော်လေးကြာပြီးနောက် ဟန်လိသည် ပုလင်းကို သေချာပြန်သိမ်းကာ မေးခွန်းထုတ်သည်။
“ငွေရောင်လ…နင်လည်း ဘေးအခန်းမှာ နားထောင်နေခဲ့တာဆိုတော့ ဟိုနှစ်ယောက် ပြောခဲ့တာကိုလည်း ကြားပြီးသားမလား။ ဒီတော့ ငါ့အနေနဲ့ ဒီဂိုဏ်းမှာပဲ ဆက်နေသင့်လား ဒါမှမဟုတ် ပိုကောင်းတဲ့အရာတစ်ခုခုကို ရှာဖွေသင့်လား…နင် ဘယ်လိုထင်လဲ…”