← Chapters

ဂိုဏ်းအကြီးအကဲ

Vol. 46 Ch. 642

ဂိုဏ်းအကြီးအကဲ

Vol. 46 Ch. 642

ငွေရောင်လသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါနဲ့ပတ်သက်ပြီးလို့ကတော့…သခင် ကျမကို ကိုယ်တိုင်ကိုယ်ကျ မေးလာမှတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ အနာဂတ်မှာ သခင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။ သခင်မှာသာ အခြားအစီအစဉ်မှာ မရှိဘူးဆို…မျောလွင့်တိမ်ဂိုဏ်းမှာ နေတာဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ သခင် ဒီမှာသာနေမယ်ဆို စဦးစိတ်ဝိညာဉ်အစောပိုင်းကျင့်ကြံသူတွေအတွက် ဘာအတားအဆီးမှ ရှိမနေဘူး။ ဒါ့အပြင် မျောလွင့်တိမ်ဂိုဏ်းက ဂိုဏ်းငယ်တစ်ခုလို့ သတ်မှတ်လို့ မရဘူး။ သခင့်အနေနဲ့ နောက်ခံကောင်းတစ်ခုလည်း ရနိုင်လိမ့်မယ်။ တကယ်လို့ သခင့်မှာသာ တခြားအစီအစဉ်တွေ ရှိမယ်ဆိုရင်တော့ ထားလိုက်တော့။ ပြီးတော့ ဘယ်သူကမှ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ ရန်စဝံ့မှာလည်း မဟုတ်ပါဘူး။

ဟန်လိက တည်ငြိမ်စွာ ပြောသည်။

“အချိန်တစ်ခုထိတော့ ငါ့မှာ သေချာကျနတဲ့ အစီအစဉ်တွေ မရှိသေးဘူး။ ဒါပေမဲ့ နောက်နှစ်တွေမှာ စဦးစိတ်ဝိညာဉ်ကို ပိုခိုင်ခိုင်မာမာ ဖွဲ့စည်းနိုင်ဖို့တော့ လုပ်မယ်။ ပြီးတော့ ငါ အနောက်ဘက်အစွန်ဆုံးအရပ်ဆီ ခရီးတစ်ခေါက် သွားပြီး မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ နောက်ဆုံးအဆင့်သုံးဆင့်ကို ရအောင် လုပ်ရမယ်။ ဒါ့အပြင် ယွမ်ဝူဒေသဆီကိုလည်း ခရီးတစ်ခေါက် သွားရဦးမယ်။ အဲ့မှာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ဖူဂိုဏ်းကို ရှင်းထုတ်ပေးမယ်လို့ လူတစ်ယောက်ကို ကတိပေးထားခဲ့ဖူးတယ်။ အဲ့ဒီဖူဂိုဏ်းဟာ အနာဂတ်ခန့်မှန်းခြင်းခန်းမနဲ့ ပတ်သက်မှု ရှိ၊မရှိတော့ ငါလည်း မသိဘူး…”

နောက်ထပ် စဉ်းစားနေပြီးနောက် ငွေရောင်လက ထပ်ပြောလာသည်။

“အဲ့လိုဆိုရင်တော့ သခင့်အနေနဲ့ မျောလွင့်တိမ်ဂိုဏ်းမှာ နေသင့်ပါတယ်။ သခင်သာ တခြားစဦးစိတ်ဝိညာဉ်တွေဆီက လမ်းညွှန်မှုအချို့ရမယ်ဆို ကျင့်ကြံခြင်းမှာ ပိုအကျိုးများနိုင်ပါတယ်။ တစ်ကိုယ်တည်းဆိုရင် ခရီးပေါက်နိုင်ဖို့ ပိုကြာနိုင်ပါတယ်…”

“ဟုတ်တယ်…ဒီစကားက ကျိုးကြောင်းသင့်တယ်။ ငါ ခုတော့ ပင်ပမ်းလွန်းနေပြီ။ နင်လည်း သွားနားတော့…”

ငွေရောင်လ၏ အကြံပေးစကားများကို ပြန်တုံ့ပြန်ပြီးနောက် ဟန်လိသည် သူ့အိပ်ရာထံ တန်းတန်းမတ်မတ် လျှောက်လာတော့သည်။

ငွေရောင်လက လျှောက်လှမ်းသွားသော ဟန်လိကို တစ်ချက်လှမ်းကြည့်ပြီး အလေးအနက်အသွင် ဖြစ်ပေါ်သွား၏။ ထို့နောက် သူမသည် ဤအခန်းထဲမှ ထွက်ခွာသွားသည်။

အခန်းထဲရှိ ကျောက်သားကုတင်ပေါ်၌ လှဲလျောင်းနေရင်း ဟန်လိသည် မျက်နှာကြက်ကို မော့ကြည့်ကာ အတွေးများနေပြီး အိပ်ပျော်ရန် ခက်ခဲနေသည်။ သူသည် သူ၏စဦးစိတ်ဝိညာဉ် ဖွဲ့စည်းခဲ့ပုံအကြောင်း ပြန်စဉ်းစားမိချိန်၌ ရင်တုန်ကြောက်လန့်မှုကို အပြည့်အဝ ခံစားမိသွားသည်။ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းသည် ရိုးရှင်းခဲ့ပုံ ပေါ်သော်ငြား အမှန်တကယ်တွင်မူ အလွန်တရာ အန္တရာယ်များခဲ့ပေသည်။

အမြုတေတစ်ခုသည် တစစီကွဲသွားသည့်အချိန်၌ ခန္ဓာကိုယ်တစ်ခုလုံး၏သွေးကြောများသည် ပြောင်းပြန်စီးဆင်းတာမျိုး ဖြစ်သွားရ၏။ အမှန်တကယ်တွင်မူ ယင်းဖြစ်အင်ကြောင့် နာကျင်မှုသည် သူ့ကို သေစေနိုင်လောက်သည့်အထိပင်။ သို့ပေမည့် သူ၏ကျင့်ကြံမှုသည် အဆင့်တူများထက် ပို၍ နက်နဲသောကြောင့် ဟန်လိသည် ဤနာကျင်မှုကို တောင့်ခံဖြတ်ကျော်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း၌ ရွက်လွှာကိုးခုဂျင်ဆင်းဆေးလုံး၏ အကျိုးသက်ရောက်မှုမှာလည်း ကောင်းမွန်ခဲ့သည်။ သို့မဟုတ်ပါက သူသည် သတိမေ့သွားနိုင်လောက်သည်ဟု သူ့ကိုယ်သူ ထင်မိ၏။

အမြုတေကို တစစီဖြစ်စေသည့်အဆင့်မှာ အလွန်အမင်း အန္တရာယ်များလှ၏။ သို့ပေမည့် နောက်အဆင့်ဖြစ်သော စိတ်အတွင်းနတ်ဆိုးတန်ပြန်ဒဏ်နှင့် ယှဉ်လျှင်မူ ၎င်းမှာ မပြောပလောက်တော့ပေ။

စိတ်ဝိညာဉ်အားဖြည့်ခြင်းပုတီးစေ့၊ မိန်းမလှမျက်နှာပြင်ပုတီးစေ့နှင့် အခြားစိတ်ဝိညာဉ် အကာအကွယ်ရတနာများနှင့်အတူ စိတ်ဝိညာဉ်အားဖြည့်ခြင်းဆေးလုံးတို့၏ အကူအညီကြောင့်သာ သူသည် ထိုအဆင့်ကို ဖြတ်သန်းခဲ့ချိန်တွင် အခြားစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများထက်စာလျှင် အများကြီး ပိုလွယ်ကူခဲ့တာ ဖြစ်၏။ သို့ပေမည့် စိတ်အတွင်းနတ်ဆိုးတန်ပြန်ဒဏ်သည် ဒဏ္ဍာရီထဲမှာ ဖော်ပြထားသည်ထက်ပင် အဆများစွာ ပိုကြမ်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။

ဟန်လိ ကြုံခဲ့ရသော စိတ်အတွင်းနတ်ဆိုးများမှာ သူ၏စိတ်နှလုံးအတွင်း၏ အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားသော အကြောက်တရားများနှင့်အမုန်းတရားများပင်။ ထိုအတောအတွင်း သူသည် ပုံရိပ်ယောင်တစ်ခုလား၊ လက်တွေ့ရှင်သန်ခြင်းလားကိုပင် ပြောနိုင်စွမ်းမရှိ ဖြစ်ခဲ့ရပေသည်။ ထိုအချိန်အတွင်း၌ သူ့ရွာငယ်လေးမှာ ဖျက်စီးခံခဲ့ရသည်။ သူ့မိသားစုမှာလည်း သေကြေပျက်စီးခဲ့ရသည်။ သူ့ကျင့်ကြံမှုမှာလည်း ပျောက်ကွယ်သွားခဲ့ရပြီး သူ့ကို ကျင့်ကြံခြင်းလောသို့ ခြေလှမ်းနိုင်စေခဲ့သော ပုလင်းအကြောင်းလည်း ထုတ်ဖော်ခံခဲ့ရသည်။ စသည့်…စသည့်သော ဟန်လိ၏ စိတ်နှလုံးအတွင်းရှိ အားနည်းချက်များမှာ တကယ်ဖြစ်နေသည့်အလား ခံစားခဲ့ရသည်။

သူသည် ထိုဖြစ်အင်များထဲ နစ်မြောသွားခဲ့ကာ ချိုးဖျက်နိုင်မည့် နည်းလမ်း မရှိခဲ့ပေ။ သူ့၌ တည်ငြိမ်သော မူမပျက်တတ်သော စိတ်သဘာဝ ရှိသော်ငြား ဤဒေါသထွက်စရာ၊ ကြောက်လန့်စရာ ပုံရိပ်ယောင်များထဲ သက်ဆင်းလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းသည်မှာ စိတ်ဝိညာဉ်အားဖြည့်ခြင်းဆေးလုံးနှင့် အခြားရတနာများကြောင့် သူ့အမည်ကို လှည့်စားနိုင်ခဲ့ကာ အရေးကြီးသော အခိုက်အတန့်၌ သူ့စိတ်ကို ရှင်းအောင် ထားနိုင်ခဲ့ပေသည်။ ဤသို့ဖြင့် ဟန်လိသည် နောက်ဆုံးတွင် ထိုစိတ်အတွင်းနတ်ဆိုးပုံရိပ်ယောင်များထဲမှ လွတ်မြောက်နိုင်ခဲ့သည်။ သူသည် ချွေးစေးတို့ဖြင့် နိုးထလာနိုင်ခဲ့သည်။

သို့ပေမည့် သူ့စိတ်တည်ငြိမ်မှု အပြည့်အဝ ပြန်မရခင်မှာပင် စိတ်အတွင်းနတ်ဆိုးများသည် ချက်ခြင်း နောက်တစ်ဖန် တိုက်ခိုက်ခဲ့၏။ သူ တုန်လှုပ်ကာ ရတတ်မအေး ဖြစ်နေစဉ်မှာပင် ပျော်ရွှင်စရာကောင်းလှသော ပုံရိပ်ယောင်များက သူ့စိတ်သဏ္ဌာန်တွင် အစားထိုးဝင်ရောက်ခဲ့သည်။

သူသည် သူ့အဖေ၊အမေ၊ ညီမလေးတို့နှင့် ထပ်မံ စုံတွေ့ခဲ့ကာ ပျော်ရွှင်သောဘဝကို ဖြတ်သန်းခဲ့ရသည်။ သူသည် မိန်းမလှနန်းကုန်းဝမ်နှင့် လက်ထပ်ကာ သူတို့နှစ်ယောက်မှာ တာအိုလက်တွဲဖော် ဖြစ်လာကြသည်ဟူသော အိပ်မက်ကောင်းတစ်ခုကိုလည်း မက်ခဲ့သည်။ ထိုအိပ်မက်ထဲ၌ မိုညီအစ်မ၊ ချန်ချောင်ချန်းနှင့် အခြားမိန်းမလှများမှာလည်း သူ၏မောင်းမများ ဖြစ်နေသည့်အထိပင်။ သို့ပေမည့် ဟန်လိသည် ထိုလိုအင်ဆန္ဒများကို လွယ်လင့်တကူ ချိုးဖျက်နိုင်ခဲ့ပေသည်။

ထို့နောက်တွင် သူသည် ကောင်းကင်တောင်ပိုင်းဒေသ၏ ကျင့်ကြံခြင်းလောက၌ အစွမ်းထက်ဆုံး ဟာဂျီမွန်တစ်ဦး ဖြစ်လာပြီး နောက်ထပ်မြင့်မားသောလောကသို့ တက်လှမ်းကာ အစစ်အမှန်အင်မောတယ်တစ်ပါး ဖြစ်လာသည်။ ထိုပုံရိပ်ယောင်များက တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ယောင်များထဲ၌ အချိန်မည်မျှကြာကြာ နစ်မြောသွားမှန်း မသိရပြီးနောက် ကံကောင်းစွာဖြင့် ဟန်လိသည် စိတ်အတွင်းနတ်ဆိုးများ၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ပြီး စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်၏။

ဟန်လိသည် အိပ်ရာထဲ လှဲနေရင်း ယင်းအဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်နေမိရင်း သူ၏ပထမဆုံး စဦးစိတ်ဝိညာဉ် ရုပ်လုံးပေါ်လာသည့်အကြောင်းကိုလည်း ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။

သူ၏စဦးစိတ်ဝိညာဉ် ဖွဲ့စည်းပြီးသည်နှင့် ၎င်းသည် ချက်ခြင်း သူ့ခေါင်းထက်သို့ ပျံသန်းသွားသည်။ ၎င်းစဦးစိတ်ဝိညာဉ်သည် သူကိုယ်တိုင်ပင် ဖြစ်ကြောင်း၊ သူ ကိုယ်တိုင်မှာလည်း အနှီစဦးစိတ်ဝိညာဉ်သာ ဖြစ်နေကြောင်း သူ ခံစားမိခဲ့သည်။ သူသည် စဦးစိတ်ဝိညာဉ်၏ အပြုအမူများကို မထိန်းချုပ်နိုင်ခဲ့ပေ။ ၎င်းက သူ့ဆံပင်များကို ဆော့ကစားနေတာကို အကူအညီမဲ့စွာသာ စောင့်ကြည့်ခဲ့ရသည်။ ၎င်းစဦးစိတ်ဝိညာဉ်မှာ အမှန်တကယ် မွေးကင်းစကလေးနှယ်။ ထိုအခိုက်တွင် သူ့စိတ်က အေးမြကြည်လင်ကာ ဝန်ထုပ်ဝန်ပိုးဟူ၍ မရှိတော့ဘဲ စိုးရိမ်သောကအားလုံး ကွယ်ပျောက်၍ သူသည် အစစ်အမှန်သူ ဖြစ်လာသည့်အလား ခံစားခဲ့ရသည်။

ထိုအကြောင်းကို ပြန်စဉ်းစားကြည့်ပ်ြီးနောက် ဟန်လိသည် ဖြစ်ပျက်ခဲ့ပုံကို သဘောပေါက်သွား၏။ သူသည် ခုမှ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းပြီးခါစ ဖြစ်၍ ၎င်းကို သူ့စိတ်နှင့် တစ်သားတည်း မပေါင်းစပ်နိုင်သေးတာ ဖြစ်၏။ သူသာ စဦးစိတ်ဝိညာဉ်ကို ပို၍ ခိုင်မာအောင် ပေါင်းစည်းပြီး ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့် ဤကဲ့သို့သောကိစ္စမျိုးမှာ အနာဂတ်တွင် ထပ်ပေါ်လာနိုင်တော့မည် မဟုတ်ပေ။

စဦးစိတ်ဝိညာဉ်ဖွဲ့စည်းခဲ့သည့်အကြောင်း ဟိုတွေးဒီတွေး ပြန်စဉ်းစားပြီးနောက် ဟန်လိသည် တဖြည်းဖြည်းမျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။ သူ အနားယူနေသည့်အချိန်အတွင်း သူ့စိတ်ထဲ၌ ဖြစ်တောင့်ဖြစ်ခဲ မြင်ကွင်းပုံရိပ်တစ်ခု ပြန်ပေါ်လာသည်။ သူသည် ထိုမြင်ကွင်းပုံရိပ်ထဲ၌ သူ့ဇာတိရွာငယ်လေးသို့ ပြန်ရောက်နေပြီး သူ့အစ်ကိုကြီး၊ ညီမလေးတို့နှင့်အတူ တောင်ပေါ်မှာ လွတ်လွတ်လပ်လပ် ပြေးလွှားသွားလာနေခဲ့သည်။ ယင်းနောက်တွင် သူက မိဘများနှင့် နေ့လယ်စာစားရန် ပြန်လာခဲ့ပြီး စကားဝိုင်းဖွဲ့ ပြောဆိုသည်။ ၎င်းမှာ သာယာသောအိပ်မက်တစ်ခုတည်း။

မျောလွင့်တိမ်ဂိုဏ်းမှ အကြီးအကဲများ ပြန်ရောက်လာချိန်တွင် ဟန်လိသည် ဂိုဏ်းဝင်ရန် သဘောတူခဲ့ပေသည်။ အကြီးအကဲနှစ်ယောက်က ထိုစကားကို ကြားသည့်အခါ အတော်လေး ကျေနပ်သွားကြ၏။

သူတို့သည် ချက်ခြင်းပင် ဟန်လိဂိုဏ်းဝင်မည့် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် စီစဉ်ရန်၊ အခြားဂိုဏ်းများမှာ အဆင့်မြင့်ကျင့်ကြံသူများကို ဖိတ်ကြားရန် ကမ်းလှမ်းကြသည်။

ထိုအကြောင်း ကြားသည်နှင့် ဟန်လိက ချက်ခြင်းခေါင်းခါကာ ငြင်းဆန်သည်။ သူသည် အခြားဂိုဏ်းများသို့ သူ မျောလွင့်တိမ်ဂိုဏ်းထဲ ဝင်ရောက်သည့်အကြောင်းကို တိုးတိုးတိတ်တိတ်သာ အသိပေးခိုင်းခဲ့သည်။ ဤနည်းဖြင့် သူသည် တဖြည်းဖြည်းဖြင့် အခြားဂိုဏ်းနှစ်ဂိုဏ်းမှ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် ဆုံပေလိမ့်မည်။ တခမ်းတနားဖြင့် လူသိအောင်၊ အာရုံစိုက်ခံရအောင် ပြုလုပ်မည့်အစား ဤနည်းလမ်းကို ဟန်လိက ပိုသဘောကျသည်။

ငွေရောင်ဆံပင်အဘိုးအိုနှင့် ကျင့်ကြံသူလုတို့သည် သိပ်မသင့်တော်ဟု ခံစားမိသော်လည်း ဟန်လိသည် ပွဲဆူစေမည့်လုပ်ရပ်များကို မကြိုက်ကြောင်း နားလည်ပြီး ဟန်လိ ပြောသည့်အတိုင်း သဘောတူလိုက်သည်။

ထို့နောက်တွင် ဟန်လိသည် သည်နှစ်ယောက်နှင့်အတူ ဂိုဏ်း၏ အံ့ဖွယ်တောင်ထိပ်ခြောက်ခုထဲမှ ပင်မတောင်ပေါ်ရှိ ခန်းမသို့ လိုက်လာသည်။ သူတို့နှစ်ယောက်က ဂိုဏ်းထဲရှိ အမြုတေဖွဲ့စည်းခြင်းတပည့်များအားလုံးကို ဤနေရာသို့ ဆင့်ခေါ်သည်။

သူတို့ထဲမှ အနည်းငယ်ကသာ ဟန်လိသည် ချီစုဆောင်းခြင်းတပည့် တစ်ယောက်ဖြစ်ခဲ့မှန်း မှတ်မိကြသည်။ သူတို့သည် ပြီးခဲ့သောရက်အနည်းငယ်က စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဂိုဏ်းထဲ ဝင်ရောက်မည့်အကြောင်း ကောလဟာလများ ကြားသိခဲ့ရချိန်၌ ဟန်လိ၏နောက်ကြောင်းရာဇဝင်ကို စုံစမ်းခဲ့ကြပေသည်။

သို့ပေမည့် ဟန်လိကို ကိုယ်တိုင်ကိုယ်ကျ မြင်ရသည့်အခါတွင်မူ သူတို့၏စိတ်ရှုပ်ထွေးမှုများကို ထိန်းချုပ်ကာ မျက်နှာများပေါ်၌ လေးစားသည့်အရိပ်အယောင်များ ထုတ်ဖော်ထားကြသည်။

သည့်အရင်တုန်းက သိုင်းဘိုးဘေးဟု သူတို့ကိုယ်သူတို့ ခေါ်ကြခဲ့သူများသည် ယခုအခါ သိုင်းဦးလေးဟန်ဟု ခေါ်ဝေါ်သုံးစွဲသည့်အခါ ဟန်လိသည် စိတ်ထဲ၌ ကြိတ်ရယ်မိနေသည်။ သို့သော်ငြားလည်း သူ့မျက်နှာဟန်ပန်ကမူ တည်ငြိမ်လျက်ပင်။ သူ့လက်ကို ဝေ့ရမ်းကာ ထိုသူများကို ပြန်ထစေပြီး အေးဆေးသက်သာ ရှိစေလိုက်သည်။

သို့ရာတွင် ဟန်လိ၏စိတ်ဝိညာဉ်အာရုံကမူ သူ့ကို သိုင်းဦးလေးဟု ခေါ်ဝေါ်ခဲ့သည့်အချိန်၌ စိတ်ရှုပ်ထွေးသောမျက်နှာ ဖြစ်သွားသည့် စုန်မျိုးရိုးနှင့်အမျိုးသမီးကိုမူ တစ်ချက် သတိထားမိသွားသည်။ သူမ၏လေသံက ဟန်လိကို ဤသို့ တလေးတစား ခေါ်ဝေါ်ရသည့်အပေါ် အင်တင်တင် ဖြစ်နေပုံပေါ်သည်။

ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများနှင့် တွေ့ဆုံစကားပြောဆိုပြီးနောက် ငွေရောင်ဆံပင်နှင့်အဘိုးအိုက အိပ်မက်တိမ်တောင်တန်း၏ စိတ်ဝိညာဉ်သွေးကြောများပါဝင်သည့် မြေပုံတစ်ချပ်ကို ပြသသည်။ ဟန်လိကို သူ့လှိုဏ်ဂူနေအိမ်အား တည်ဆောက်ရန် စိတ်ဝိညာဉ်ချီ ပေါများသော တောင်တစ်လုံးအား ရွေးချယ်ခွင့်ပေးသည်။ ထိုနေရာသည် မျောလွင့်တိမ်ဂိုဏ်း၏ ပိုင်နက်အတွင်း ရှိနေရန် မလိုအပ်ကြောင်းလည်း သိရ၏။ ထိုအကြောင်းကို ကြားသည့်အခါ ဟန်လိသည် အားနာမနေတော့ဘဲ တစ်ရက်အချိန်ပေး ရှာဖွေပြီးနောက် မျောလွင့်တိမ်ဂိုဏ်း၏ အနောက်ဘက်အရပ်ရှိ အလယ်အလတ်အစားတောင်တစ်လုံးကို ရှာတွေ့သည်။

ဤတောင်သည် အကောင်းဆုံးစိတ်ဝိညာဉ်ချီ မပိုင်ဆိုင်ထားသော်ငြား တောင်တန်းများတစ်တောင်နှင့်တစ်ထောင် ချိတ်ဆက်နေသောနေရာတစ်ခု ဖြစ်လေ၏။ ၎င်းတောင်ကို ပင်မတောင်အပြင် အရွယ်အစားပိုငယ်သော တောင်သုံးလုံးက ဝိုင်းရံထားသည်။ ၎င်းမှာ မန္တာန်အစီအရင်များနှင့် အတားအဆီးများ ချခင်းရန် အတော်လေး သင့်တော်ပြီး ဟန်လိ၏နှစ်သက်မှုနှင့်လည်း အတော်လေး ကိုက်ညီသည်။

နေထိုင်ရန် လှိုဏ်ဂူတစ်ခု တည်ဆောက်ခြင်းသည် ဟန်လိအတွက်တော့ ထမင်းစားရေသောက်သလောက်ပင်။ နေ့တစ်ဝက်လောက် အချိန်အတွင်း သူသည် လှိုဏ်ဂူကြီးတစ်ခုကို တည်ဆောက်ခဲ့သည်။ သူ့လှိုဏ်ဂူနေအိမ်ကို ဖော်ဆောင်ပြီးနောက် ဟန်လိသည် တောင်သုံးလုံးပေါ်၌ မန္တာန်အစီအရင်အချို့ကို ချက်ခြင်းနေရာချ၏။ ဤဧရိယာ၏ ကီလိုမီတာတစ်ဆယ်ဝန်းကျင်၌ မြူတို့ဖြင့် ရစ်ဆိုင်းသွားသည်။

ဟန်လိသည် ဤမန္တာန်အစီအရင်များလောက်ဖြင့် ကျေနပ်မနေချေ။ သူသည် အစီအရင်မန္တာန်တာအို၌ ပို၍ နားလည်အောင် လုပ်ပြီးသည်နှင့် သည့်ထက် ပိုကောင်းမွန်သော အစီအရင်များကို ချခင်းမည်ဟု ဆုံးဖြတ်၏။ လုပ်စရာရှိတာများ လုပ်ဆောင်ပြီးနောက် ဟန်လိသည် ဆေးဥယျာဉ်ရှိ သူ့အရင်လှိုဏ်ဂူထံ ပြန်လာပြီး ဤနေရာသစ်သို့ သူ့ပိုင်ဆိုင်သမျှကို ရွှေ့ပြောင်းရန် ပြင်ဆင်သည်။ သို့ပေမည့် သူ ရောက်လာသည့်အခါတွင် တောင်ခြေရှိ ဆေးဥယျာဉ်ထဲ၌ ကျက်သရေရှိလှသောပုံရိပ်တစ်ခုက သူ အလာကို စောင့်ဆိုင်းနေသည်။

သူမက ဟန်လိကို မြင်သည့်အခါ ဒူးထောက်ချပြီး အသနားခံသည်။

“ကျမ…မူပိုင်လင်းက မျက်စိနှစ်လုံးရှိနေပေမဲ့ ကန်းနေသလို ဖြစ်ခဲ့ရပါတယ်။ ကျမရဲ့ အရင်တုန်းက အပြုအမူတွေအတွက် စီနီယာအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်။ ပြီးတော့ ကျမ စီနီယာ့ကို တစ်ခု တောင်းဆိုချင်ပါတယ်ရှင့်။ စီနီယာ…ကျမကို တပည့်အဖြစ် လက်ခံပေးနိုင်မလား။ ကျမ ဘဝတစ်ခုလုံး စီနီယာအပေါ်မှာ သစ္စာရှိတဲ့ တပည့်ကောင်းတစ်ယောက် ဖြစ်ပေးပါ့မယ်…”

ထိုသို့ပြောပြီးသည်နှင့် သာမန်ဆို မာနကြီးသော ဤအမျိုးသမီးငယ်သည် ခေါင်းငုံ့သွားသည်။ သူမ၏မျက်နှာထက်၌ စိုးရိမ်ကြောင့်ကြမှုတို့လည်း ရှိနေ၏။ သို့သော် သူမ၏မျက်ဝန်းတို့ကမူ မျှော်လင့်ချက်တို့ဖြင့် တောက်ပနေသည်။

All Chapters