နှစ်သုံးဆယ် သဘောတူညီချက်
Vol. 46 Ch. 644
ငွေရောင်လသည် မျက်လုံးပြူးသွားပြီး ချီတုံချတုံဖြင့် မေးလာသည်။
“သခင်…ရှင် တကယ် အတည်ကြီး ပြောနေတာလား…”
“ငါ့ စကားတွေ…မှန်၊မမှန်…နင် သိလာလိမ့်မယ်။ အခု ဟိုမိန်းကလေးကို ငါ့ဆီ လာခိုင်းလိုက်။ ခုလက်ရှိ သူမရဲ့ကျင့်ကြံမှုနဲ့ဆို နင့်ရဲ့လူသားအသွင်ကို ဖြတ်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး…”
ဟန်လိသည် သာမန်ကာလျှံကာ အမိန့်ပေးလိုက်သည်။
သူမသည် သိလိုစိတ်ပြင်းပြနေသော်လည်း တလေးတစား ပြန်ဖြေသည်။
“အမိန့်အတိုင်းပါ…သခင်…”
ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် ငွေရောင်လသည် မူပိုင်လင်းကိုခေါ်၍ အခန်းထဲ ဝင်လာသည်။ မူပိုင်လင်းပုံစံမှာ ဖိအားများနေပုံပေါ်သည်။
ငွေရောင်လက ဟန်လိကို တစ်ချက်ကြည့်ပြီး လေးလေးစားစားပြောသည်။
“သခင်…မိန်းကလေးမူ…ရောက်ပါပြီ…”
ဟန်လိသည် ခေါင်းဆက်ပြပြီး မထူးခြားနားစွာဖြင့် ပြောသည်။
“သိပြီ…နင်…ထွက်သွားနိုင်ပြီ…”
“ဟုတ်ကဲ့ပါ…” ငွေရောင်လသည် မူပိုင်လင်းကို တစ်ချက် ဖြတ်ခနဲ့ ကြည့်လိုက်ပြီး အခန်းထဲကနေ ပြုံး၍ ထွက်ခွာသွားသည်။
“စီနီယာဟန်ကို…လေးစားသမှုပေးပါတယ်…”
ဟန်လိကို ဂါဝရပြုနှုတ်ဆက်ပြီးနောက် မူပိုင်လင်းသည် အကူအညီမဲ့စွာဖြင့် ငြိမ်သက်လို့နေသည်။ သူမသည် ဟန်လိ အပြစ်ပေးမည်ကို စောင့်ဆိုင်းနေသည့်အလား။
ဟန်လိသည် သူမကို မျက်မှောင်ကြုတ်၍သာ တုံ့ပြန်ပြီး ချောမောလှပသောမျက်နှာလေးကို သေချာကြည့်သည်။
နည်းနည်းလေးမျှ ဒေါသထွက်ဟန် မပြဘဲ သူက တည်ငြိမ်စွာ ပြောသည်။
“ငါ…ဘာကြောင့် နင့်ကို ခေါ်လိုက်လည်း သိတယ်မလား။ နင်က ငါ့ရဲ့ပုံရိပ်ကို အသုံးပြုပြီး ကျင့်ကြံခြင်းမျိုးနွယ်စုတွေကို စကားတွေ ကျွံခဲ့တယ်မလား။ တကယ်တော့ အမျိုးသမီးတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ဖို့ဟာ လွယ်လွယ်လုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ တကယ်တော့ ခုလက်ရှိ ငါ့ရဲ့ကျင့်ကြံမှုနဲ့ဆို မူနဲ့ယန်မျိုးနွယ်တို့ဟာ ဒီကိစ္စကို အထွန့်တက်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခုလိုပြောလို့ နင့်ရဲ့လုပ်ရပ်တွေကို ခွင့်လွှတ်ပေးမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ငါ နင့်ကို အပြစ်ပေးမှာတော့ သိတယ်မလား…”
မိန်းမပျိုမူသည် ခေါင်းမော့ကာ ဖြူဖပ်ဖြူရော်ဖြင့် ပြန်ပြောလာသည်။
“ကျေးဇူးပြုပြီး…ကျမကို ခွင့်လွှတ်ပေးပါ…စီနီယာ။ ကျမ…အဆင်အခြင်မဲ့ခဲ့မှန်း သိပါတယ်။ ဒါပေမဲ့ ယန်မျိုးနွယ်ထဲ လက်ထပ်ဝင်ရောက်ရမှာထက်စာရင် စီနီယာရဲ့ကိုယ်လုပ်တော် ဖြစ်လာတာက ပိုကောင်းလိမ့်မယ်လို့ ဂျူနီယာ ထိမိတာပါ…”
ဟန်လိသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှာခေါင်းရှုံ့၍ ဖြည်းဖြည်းချင်း ပြောသည်။
“နင်က ငါ့ရဲ့ကိုယ်လုပ်တော် ဖြစ်တော့မှာလို့ ပြောခဲ့မှတော့ ငါ့အနေနဲ့ ဒီကိစ္စထဲ မပါဝင်လို့ မရတော့ဘူး။ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်မှ ရတော့မယ်။ မဟုတ်ရင် ကျင့်ကြံခြင်းမျိုးနွယ်တွေက မျောလွင့်တိမ်ဂိုဏ်းရဲ့ အကြီးအကဲသစ်ငါဟာ အားနည်းပြီး သူရဲဘောကြောင်တဲ့သူအဖြစ်၊ သူ့အောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအမျိုးသမီးတစ်ယောက်ကိုတောင် မကာကွယ်ပေးနိုင်ဘူးဆိုတဲ့အဖြစ် ရောက်သွားလိမ့်မယ်။ ကျင့်ကြံခြင်းလောကမှာသာ အဲ့သတင်းပြန့်သွားရင် ငါ ဘယ်ကောင်းပါ့မလဲ။ ဆိုတော့….နင်ပဲပြော…ငါ နင့်ကို ဘယ်လိုလုပ်သင့်လဲ…”
မူပိုင်လင်းသည် အောက်နှုတ်ခမ်းကိုက်ကာ တိုးညင်းစွာ ပြောသည်။
“ဂျူနီယာ…ဘယ်လိုပြောရမှန်း မသိတော့ပါဘူး။ စီနီယာ ကြိုက်သလို ကျမကို အပြစ်ပေးနိုင်ပါတယ်။ အဲ့အတွက်လည်း ကျမ ဘယ်လိုမှ သဘောမထားပါဘူး…”
“အပြင်ဘက်မှာ ရှိကြတဲ့ ကျင့်ကြံသူတွေက မင်းဟာ ငါ့ရဲ့ ကိုယ်လုပ်တော်လို့ သိသွားကြပြီဆိုမှတော့ ငါ့နင့်ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ပထမတစ်ခုက နင်ဟာ ငါ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ဟန်ဆောင်ရမယ်။ ဒါပေမဲ့ တကယ်တော့ နင်က ငါ့ရဲ့ အစေခံသာသာပဲ၊ ငါ့အမိန့်ကိုလည်း နာခံရမယ်။ နှစ်ပေါင်းနှစ်ဆယ် ငါ့ဆီမှာ ခစားပြီးရင် ဒီကိစ္စလည်း လူတွေပြောကြမှာ မဟုတ်တော့တဲ့အတွက် ငါ နင့်ကို လွတ်လပ်ခွင့်ပြန်ပေးမယ်။ ဒါပေမဲ့ အရင်ဆုံး အစေခံမိန်းကလေးတစ်ယောက်ရဲ့ ကျင့်ကြံမှုကို ငါ ကူညီပေးလိမ့်မယ်ဆိုတဲ့အတွေးမျိုးကိုတော့ လုံးဝမတွေးထားတာ အကောင်းဆုံးပဲ…”
မူပိုင်လင်းသည် ထိုစကားကို ကြားသည့်အခါ စိတ်ပျက်ဟန် ဖြစ်ပေါ်သွား၏။ သူမက ခေါင်းမော့ကာ မေးလာသည်။
“ဒုတိယရွေးချယ်စရာကကော…စီနီယာ…”ဟန်လိသည် သူမကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒုတိယရွေးချယ်စရာကတော့ ဒီစိတ်ကူးဇာတ်လမ်းကို အမှန်တိုင်း ဖြစ်စေဖို့ပဲ။ ဆိုလိုချင်တာက နင်ဟာ ငါ့ရဲ့ကိုယ်လုပ်တော် တကယ် ဖြစ်လာရမယ်။ နင်က ငါ့ဘဝ တစ်လျှောက်လုံး အတူတူရှိရမယ်။ ငါက နင့်ကို ငါ့ရဲ့ ဇနီးလောင်းတစ်ယောက်လိုတော့ ဆက်ဆံမှာ မဟုတ်ပေမဲ့ ငါ့စိတ်အခြေအနေ ကောင်းမွန်နေမယ်ဆိုရင်တော့ နင့်ကို သင်ကြားပြသပေးမယ်။ ဒါပေမဲ့ နင် ငါ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာချင်တယ်ဆို ငါ့အနေနဲ့ နင့်အပေါ်မှာ စိတ်ဝိညာဉ်အတားအဆီးတစ်ခု ချမှတ်မယ်။ ဒါမှ နင် ငါ့ကို သစ္စာဖောက်တာမျိုးကို ကြိုကာကွယ်နိုင်မှာ…”
“ ကျမ…” မူပိုင်လင်းသည် ထိုစကားကိုကြားသည့်အခါ သူမသည် စိတ်အာရုံထွေပြားကာ သူမ၏အမူအရာမှာ ဂနာမငြိမ် ဖြစ်လာသည်။ သူမသည် ဟန်လိ၏အတွေးကို သေချာစဉ်းစားနေသည့်အလား။ ကြည့်ရတာ သည်အမျိုးသမီးမှာ ဟန်လိကို လက်ထပ်ရန် အတွေး သိပ်မရှိသည့်ပုံပင်။ ဟန်လိက မထူးခြားနားစွာ ပြော၏။
“နင်က မာနရှိမှန်း ငါသိတယ်။ ငါ့လို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် နင့်ရဲ့ စိတ်ကူးထားတဲ့ခင်ပွန်းလောက်တစ်ယောက် ဖြစ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက အရေးမကြီးဘူး။ တာအိုရောင်းရင်းမူကလည်း ငါ့စိတ်ကူးထဲက တာအိုလက်တွဲဖော်မျိုး ဟုတ်မနေဘူး။ ဒါပေမဲ့ အဲ့ဒီအချက်က ငါ နင့်ကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်မှာကို အဟန့်အတား မဖြစ်စေဘူး။ နင်သာ ငါ့ရဲ့ အကာအကွယ် ရမယ်ဆို အရင်းအနှီးသိပ်မလိုဘဲ ကျင့်ကြံခြင်းလမ်းကြောင်းမှာ ပိုရှေ့ရောက်နိုင်မှာ ဖြစ်တယ်။ နှစ်အနည်းငယ်လောက် သိကျွမ်းခဲ့ပြီးတဲ့နောက်မှာ ငါက ရက်စက်တတ်တဲ့သူတစ်ယောက် မဟုတ်မှန်း နင် သိထားခဲ့တယ်မလား။ ငါ နင့်ရဲ့ စိတ်ဝိညာဉ်ပေါ်မှာ အတားအဆီးတစ်ခု ချထားမယ်ဆိုရင်တောင် နင့်ကို ခက်ခဲစေမှာ၊ အနိုင်ကျင့်မှာ မဟုတ်ဘူး။ နောက်ပိုင်း ငါ နင့်အပေါ် ယုံကြည်မှုရှိလာတယ်ဆို အဲ့အတားအဆီးတွေကို ပြန်ဖယ်ရှားပေးမယ်။ ဆိုတော့ ခုလိုမျိုး ငါ့ရဲ့ကိုယ်လုပ်တော် လုပ်မလား…ဒါမှမဟုတ် နှစ်ပေါင်းနှစ်ဆယ်…အစေခံလုပ်မလား…”
ဟန်လိသည် သူမထံမှ အကြည့်ပြန်ခွာလိုက်သည်။ သူ့အနေဖြင့် သူမ၏ရွေးချယ်မှုကို စိတ်ထဲမထားသည့်ပုံပင်။
မူပိုင်လင်းကမူ ဂနာမငြိမ် ဖြစ်နေပေပြီ။ သူမသည် အခြားသူတစ်ဦးဦး၏ ထိန်းချုပ်မှုကို မခံချင်သော်လည်း စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အကူအညီနှင့်လမ်းညွှန်မှုမှာ မက်လောက်စရာ ဖြစ်နေသည်။ ချက်ခြင်းလက်ငင်း ဆုံးဖြတ်နိုင်စွမ်းမရှိ ဖြစ်နေရင်း သူမက ချီတုံချတုံဖြင့် ပြောလာသည်။
“စီနီယာ…ကျမကို စဉ်းစားဖို့ အချိန်နှစ်ရက်လောက် ပေးနိုင်မလား…”
ဟန်လိ၏ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လာပါက ဟန်လိ ပြောခဲ့သလို မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုမဟုတ်မှန်း သူမ သိသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်၌ရှိသည့် မိန်းမလှများစွာသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး၏ ကိုယ်လုပ်တော် ဖြစ်ချင်ကြသည် မဟုတ်ပါလား။
သူမကို ခက်ခဲအောင် လုပ်မနေဘဲ ဟန်လိက ခေါင်းညိတ်ကာ ခွင့်ပြုပေးလိုက်သည်။
“ကောင်းပြီ…နင် နှစ်ရက်အချိန်ယူပြီးမှ ပြန်လာပြီး အဖြေပေး။ ဒီနှစ်ရက်က နင့်အတွက် စဉ်းစားဖို့ အချိန်လုံလောက်မှာပါ…”
ထို့နောက်တွင် သူသည် ငွေရောင်လကို ခေါ်ကာ သူမကို ပြန်ပို့ခိုင်းလိုက်သည်။
မူပိုင်လင်းသည် ငွေရောင်လနောက်မှ လိုက်လာရင်း အခန်းထဲကနေ ထွက်လာခဲ့သည်။
ခဏအကြာတွင် ငွေရောင်လသည် ပြန်ဝင်လာ၏။
ငွေရောင်လ၏မျက်ဝန်းလှလှသည် တောက်ပသွားပြီး ဆန်းကြယ်စွာ ပြုံး၍ မေးသည်။
“သခင်...ပြောခဲ့တဲ့ အခြေအနေနှစ်ခုက…”
ဟန်လိသည် ငွေရောင်လကို တစ်ချက်ကြည့်ကာ ပြောသည်။
“နင်ကော…ငါ ပြောခဲ့တဲ့အခြေအနေနှစ်ခုကို ဘယ်လိုထင်လဲ…”
ငွေရောင်လသည် သက်ပြင်းချကာ ပြောသည်။
“ဒီအမျိုးသမီးက စိတ်ဓာတ်တော့မာတဲ့ပုံပါပဲ။ သူမက မာနကြီးတဲ့သူမလို့ တစ်ခုခုကို ရွေးချယ်ဖို့ ခက်နေတာ ဖြစ်မယ်။ ဒါပေမဲ့…သခင်ကသာ အဲ့မိန်းကလေးကို အမှန်တကယ် လက်ခံခဲ့မယ်ဆို သခင်ရဲ့လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ဝိညာဉ်အတားအဆီးကတော့ မဖြစ်မနေ လိုပါလိမ့်မယ်…”
ဟန်လိသည် ငွေရောင်လကို အနည်းငယ်အံ့အားသင့်ဟန်ဖြင့် ပြောသည်။
“နင်က အဲ့တစ်ယောက်အပေါ် အတော်လေး အထင်အမြင်ကောင်းတဲ့ပုံပဲ…”
ငွေရောင်လသည် မချိပြုံးပြုံး၍ ပြန်ဖြေသည်။
“အဲ့လိုတော့လည်း မဟုတ်ပါဘူး။ သူမရဲ့အကျင့်စရိုက်က ကျမကို ရင်းနှီးတဲ့ခံစားမှုမျိုး ပေးလို့ပါ။ သူမက အတိတ်တုန်းက ကျမနဲ့ ရင်းနှီးခဲ့ဖူးတဲ့တစ်ယောက်ယောက်နဲ့ တူနေလို့ပါ။ ဒါကြောင့် အဲ့မိန်းကလေးနဲ့ ပတ်သက်ပြီး အလိုလိုစိတ်ပူမိသွားတာ နေမယ်…”
ဟန်လိသည် ခေါင်းညိတ်ပြပြီး သည်ကိစ္စကိုဆက်မပြောတော့ပေ။
ငွေရောင်လသည် မူပိုင်လင်းအကြောင်း ရှောင်ပြောပြီး ကောင်းကင်ရေခဲမီးတောက်ကို သန့်စင်မည့်အကြောင်း ဆွေးနွေး၏။
နှစ်ရက်ကြာပြီးနောက် မူပိုင်းလင် ထပ်မံရောက်လာခဲ့၏။ သူမသည် ငွေရောင်လနောက်မှ ပင်မအခန်းထဲသို့ လိုက်ပါလာ၏။ ဟန်လိသည် ထိုမိန်းကလေးကို မြင်သည့်အခါ ပွင့်ပွင့်လင်းလင်း မေး၏။
“ဆိုတော့…နင် ဆုံးဖြတ်ပြီးပြီပေါ့။ နှစ်ပေါင်းနှစ်ဆယ်…အစေခံအဖြစ် နေမလား။ ဒါမှမဟုတ် နင့်ကိုယ်ပေါ်မှာ စိတ်ဝိညာဉ်အတားအဆီးတစ်ခု ချခံမလား…”
မူပိုင်လင်းသည် စိတ်ဆုံးဖြတ်ပြီး ဖြစ်တာ သိသာ၏။ သူမသည် အသက်ရှုမြန်နေပြီး တည်ငြိမ်စွာ ပြောသည်။
“ကျမ…ဆုံးဖြတ်ပြီးပါပြီ။ ကျင့်ကြံခြင်းလောကမှာ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာနိုင်တာဟာ အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့…စီနီယာရဲ့ကိုယ်လုပ်တော် မဖြစ်လာခင် ကျမ ကတိတစ်ခုတောင်းဆိုချင်ပါတယ်။ စီနီယာဘက်က အဲ့တောင်းဆိုမှုကို လိုက်လျောပေးမယ်ဆို ကျမအပေါ်မှာ စိတ်ဝိညာဉ်အတားအဆီး ချပေးပါ။ ရှင့်လက်အောက်မှာ တစ်ဘဝလုံးနေထိုင်ပါ့မယ်…”
“အခြေအနေတစ်ခုတဲ့လား…ပြောလေ…”
ဟန်လိ၏မျက်နှာအမူအရာသည် ဤသို့ပြောလာမည်ဟု မျှော်လင့်ထားပြီး ဖြစ်သည့်အလား ပြောင်းလဲမသွားပေ။
“စီနီယာဟန်က အကျင့်စရိုက်ဆိုးတဲ့သူမဟုတ်မှန်း သိပါတယ်။ စီနီယာအနေနဲ့ ကျမရဲ့အပျိုစင်ကို မယူခင် နှစ်ပေါင်းသုံးဆယ်လောက် အချိန်ပေးပါ။ အဲ့နှစ်သုံးဆယ်အတွင်း အမြုတေတစ်ခု ဖွဲ့စည်းနိုင်၊ မနိုင် ကျမအနေနဲ့ ကြိုးစားကြည့်ချင်ပါတယ်။ အဲ့အချိန်အတောအတွင်း အမြုတေ ဖွဲ့စည်းနိုင်နိုင်၊ မနိုင်နိုင် အဲ့နောက်ပိုင်းကျရင် စီနီယာက ကျမနဲ့ စုံတွဲကျင့်ကြံလို့ ရပါပြီ…”
စုံတွဲကျင့်ကြံခြင်းအကြောင်း ပြောလာသည့်အခါ သူမ၏မျက်နှာမှာ ရှက်ရွှံ့သွား၏။
“နှစ်သုံးဆယ်လား…။ ဟားဟား…ဒါ…အဆင်ပြေတယ်။ နင့်တောင်းဆိုမှုကို ငါ သဘောတူတယ်…”
ဟန်လိသည် ထိုစကားကိုကြားသည့်အခါ သူ့မျက်လုံးမှာ တောက်ပသွားပြီး ချက်ခြင်းသဘောတူသည်။
မူပိုင်လင်းသည် ဟန်လိ ခုလောက်မြန်မြန် သဘောတူသည့်အခါ အံ့အားသင့်သွားသည်။ သို့ပေမည့် သူမသည် ခဏအကြာတွင် အသိပြန်ဝင်လာပြီး ပျော်ရွှင်စွာ ပြောသည်။
“ကျေးဇူးအများကြီးတင်ပါတယ်…စီနီယာ…”
ခဏစဉ်းစားပြီးနောက် ဟန်လိက ပြောသည်။
“နှစ်ရက်အတွင်း ဂိုဏ်းရဲ့ အခြားအကြီးအကဲနှစ်ယောက်ကို နင်ဟာ ငါ့ရဲ့ ကိုယ်လုပ်တော်ဖြစ်တဲ့အကြောင်း တရားဝင် အသိပေးလိုက်မယ်။ ဒါပေမဲ့ ငါတို့အမှန်တကယ် စုံတွဲကျင့်ကြံခြင်းမတိုင်ခင် နှစ်ပေါင်းသုံးဆယ်လိုဦးမှာဆိုတော့ တခြားတောင်သုံးလုံးထဲက တစ်လုံးမှာ နင် ကျင့်ကြံဖို့ လှိုဏ်ဂူတစ်ခု စီစဉ်ပေးမယ်။ ငါ အချိန်ရရင် နင့်ဆီ လမ်းညွှန်မှုလာပေးမယ်…”
“ဟုတ်ကဲ့ပါ…စီနီယာသဘောပါ…” မူပိုင်လင်းသည် သည်ရလဒ်အပေါ် အတော်လေး ကျေနပ်နေသည်။
ဟန်လိအမူအရာမှာ သက်သောင့်သက်သာရှိနေပြီး သူက ဆန်းကြယ်စွာပြုံးသည်။
“ငါ့ကိုယ်လုပ်တော် ဖြစ်နေပြီဆိုတော့ နင် ငါ့ကို စီနီယာတစ်ယောက်ဆိုပြီး မသုံးနှုန်းတော့နဲ့။ ငါ့ကို ဆရာလို့ခေါ်ရင် ရပြီ။ ငါ့အသက်အရွယ်က နှစ်နှစ်ရာလောက်ပဲ ရှိသေးတော့ နှစ်ပေါင်းတစ်ထောင်သက်တမ်းနဲ့စာရင် ငယ်သေးတယ်လို့ ဆိုနိုင်တယ်…”
ဟန်လိသည် ထိုသို့ပြောပြီး သည်မိန်းမလှကို အားနာမနေဘဲ သူမ၏အလှကို သေချာခံစားကြည့်ရှုလိုက်သည်။