လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း_၅
Vol. 12 Ch. 154
တစ်ချိန်တည်းမှာပင် ချန်ကျဲ့သည် အခွင့်ကောင်းကို မြင်တွေ့လိုက်၍ လက်မြှောက်လိုက်ပြီး ‘ရေထိန်းချုပ်လက်ဝါးသိုင်း– လှိုင်းတံပိုးလက်ဝါးသိုင်း’ကို ထုတ်လွှတ်အသုံးပြုလိုက်သည်။
ထိုသိုင်းကွက်သည် လှုပ်ရှားမှုအားဖြင့် လှိုင်းတံပိုးလက်ဝါးသိုင်းနှင့် ၈၀ရာခိုင်နှုန်းခန့် ဆင်တူသည်။ သို့သော် အင်အားမှာမူ နှိုင်းယှဉ်မရနိုင်လောက်အောင် ပို၍အားကောင်း၏။
ချန်ကျဲ့မှ သိုင်းကွက်ထုတ်လိုက်သည်တွင် လှိုင်းလုံးများ ဒလဟော ရိုက်ခတ်လာသည့်အလားပင်။
လှိုင်းလုံးများ ကျောက်ဆောင်ကို ရိုက်ခတ်နေသည့်အလား လှိုင်းလုံးများသည် တစ်လုံးထက် တစ်လုံးပို၍ အားကောင်းပြင်းထန်လာသည်မှာ မြင်တွေ့ရသူများကို ထိတ်လန့်ချောက်ချားစေသည်အထိပင်။
ပွဲကြည့်စင်မြင့်ထက်ရှိ ကျန်းလီယဲ့သည် အာရုံစူးစိုက်ကြည့်နေခဲ့သည်။ သူသည် ချန်ကျဲ့ အသုံးပြုသည့်သိုင်းပညာသည် ရေထိန်းချုပ်လက်ဝါးသိုင်း ဟုတ်၊မဟုတ်ကို ခွဲခြားသိချင်နေခဲ့၏။ သို့သော် သေချာအနီးကပ် စူးစမ်းကြည့်လိုက်သောအခါ လှိုင်းတံပိုးလက်ဝါးသိုင်းနှင့် ပို၍နီးစပ်စွာ ဆင်တူပေသည်။
ထိုစဉ် ချန်ကျဲ့၏အသံကိုလည်း ကြားနေရ၏။
…
“လှိုင်းတံပိုးလက်ဝါးသိုင်း– ကမ်းခြေကိုရိုက်ခတ်သည့် လှိုင်းတံပိုးများ!”
ချန်ကျဲ့ အော်ဟစ်ရွတ်ဆိုလိုက်သည်။ ၎င်းသည် ရှက်စရာကောင်းသည့်တိုင် ဤသို့အခြေအနေအောက်တွင် အခြားသူများသည်လည်း သူတို့၏သိုင်းကွက်အမည်ကို ဟစ်ကြွေးလေ့ရှိကြသည်ပင်။ သို့သော် ချန်ကျဲ့၏ အော်ဟစ်ရေရွတ်မှုသည်တော့ ပွဲကြည့်စင်ပေါ်ရှိ အကြီးအကဲသုံးယောက်ကို လှည့်စားရန်အတွက် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ထိုသုံးဦးသည် ရေထိန်းချုပ်လက်ဝါးသိုင်းကို မကျင့်ကြံဘူးကြသည့်တိုင် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးများ ဖြစ်ကြ၏။
သို့ဖြစ်ရာ အသေးစိတ် စူးစမ်းကြည့်လိုက်ပါက ကွဲပြားခြားနားချက်များကို တွေ့ရှိသွားနိုင်ပေသည်။
ထို့ကြောင့် သိုင်းကွက်အမည်များကို ကျယ်လောင်စွာ ဟစ်ကြွေးခြင်းသည် ချန်ကျဲ့အတွက် ပိုကောင်းနိုင်သည်။ ပြိုင်ဘက်ကိုလည်း လှည့်စားရနိုင်ခြေရှိ၏။
အမှန်တကယ်ပင် ကျန်းလီယဲ့သည် ချန်ကျဲ့၏ ဟစ်ကြွေးသံကိုကြားသောအခါ ထိုသိုင်းကွက်ကို လှိုင်းတံပိုးလက်ဝါးသိုင်းနှင့် အလိုအလျောက် နှိုင်းယှဉ်မိလေသည်။ ထိုအခါ သိုင်းကွက်မှာ အတော်လေး ထပ်တူကျနေသည်ကိုလည်း မြင်တွေ့လိုက်ရသည်။
၎င်းဟစ်ကြွေးမှုသည် ကျန်းလီယဲ့အား ချန်ကျဲ့၏သိုင်းကွက်များကို လှိုင်းတံပိုးလက်ဝါးသိုင်းနှင့် နှိုင်းယှဉ်မိစေသည်။
ပုံစံအချို့တွင် အနည်းငယ် သွေဖည်မှုများ ရှိနေသော်ငြား သိုင်းကွက် ဖွဲ့စည်းတည်ဆောက်မှုသည် လှိုင်းတံပိုးလက်ဝါးသိုင်းနှင့် အများစု ထပ်တူညီနေပေသည်။
သွေဖည်မှုပုံစံအချို့ ရှိနေခြင်းမှာမူ ပုံမှန်ဖြစ်၏။ သိုင်းပညာတစ်ခုကို မတူညီသည့်လူနှစ်ယောက်မှ ကျင့်ကြံသည့်အခါတွင် မတူညီသည့်ပုံစံများ ထွက်ပေါ်လာတတ်ပေသည်။
မတူညီသည့်လူနှစ်ယောက်မှ တူညီသည့်စာလုံးတစ်လုံးကို ရေးသားခြင်းနှင့် အတူတူပင်ဖြစ်သည်။
စာလုံးမှာ တူညီသော်ငြား လူနှစ်ဦး၏လက်ရေးသည် အလွန်တရာ ကွဲပြားနိုင်ပေသည်။
ထိုသို့နှိုင်းယှဉ်လိုက်သောအခါ ချန်ကျဲ့သည် အမှန်တကယ်ပင် လှိုင်းတံပိုးလက်ဝါးသိုင်းကို အသုံးပြုနေသည့်အလား ထင်မှတ်ရပေသည်။
ဂျွတ်!
ချန်ကျဲ့၏ လက်ဝါးရိုက်ချက်သည် ယွီပင်း၏ နှလုံးကြွေလက်ဝါးသိုင်းနှင့် အပြင်းအထန် ထိခတ်သွားခဲ့သည်။
ကျိုးပဲ့သံနှင့်အတူ လူနှစ်ဦး၏ လက်ဖဝါးလေးဖက်သည် အရှိန်အဟုန်ပြင်းစွာ ထိခတ်သွားခဲ့ပြီး လက်ရှိအခြေအနေမှာ သူတို့နှစ်ဦးကြားရှိ အင်အားတိုက်ပွဲဖြစ်သွားခဲ့လေပြီ။
သူတို့နှစ်ဦး၏ လက်မောင်းများကို လိမ်ယှက်ထားကြလျက် တစ်ယောက်ကိုတစ်ယောက် ဖိနှိပ်ထားကြသည်မှာ တစ်ယောက်ကိုတစ်ယောက် မြေကြီးအောက်သို့ နှစ်မြှုပ်ပစ်လိုက်တော့မည့်အလား ထင်မှတ်ရ၏။
ထိုအချိန်တွင် သူတို့လက်မောင်းများရှိ သွေးကြောများမှာ ဖောင်းကားလာကြပြီး ကြွက်သားများသည်လည်း ဖုထစ်တင်းမာလာကြလျက် အင်အားယှဉ်ပြိုင်မှုတွင် အားစိုက်ထုတ်မှုကို ရှင်းလင်းမြင်သာအောင် ပြသနေခဲ့၏။
ချန်ကျဲ့သည် ယွီပင်း၏ခန္ဓာကိုယ်မှ ထွက်လာနေသော အလွန်ပြင်းထန်သည့်အင်အားကို ခံစားမိနိုင်၏။ ယွီပင်းသည် အရေပြားသန့်စင်ခြင်းအဆင့်တွင် ဆယ်စုနှစ်တစ်ခုကျော်သည့်တိုင် ထိန်းသိမ်းတည်ရှိလာခဲ့ပြီးနောက် ရုတ်တရက်ဆန်သည့် အဆင့်တက်လှမ်းမှုသည် သူ၏အင်အားကို သာမန် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်များထက် များစွာပို၍ သာလွန်စေခဲ့သည်။
ချန်ကျဲ့သည် မိမိမှာ ယွီပင်းကို ခန္ဓာကိုယ်ကြံ့ခိုင်မှုအင်အားတစ်ခုတည်းဖြင့် မယှဉ်နိုင်ကြောင်း နားလည်သိရှိပါ၏။
ချန်ကျဲ့သည် မိမိကိုယ်ကိုယ် စိတ်ကိုတည်ငြိမ်စေလိုက်ပြီးနောက် ကသုတ်ကရက်ဖြင့် အသက်ရှူနှုန်းကို ပို၍သင့်တင့်လျောက်ပတ်အောင် ထိန်းညှိလိုက်သည်။
ယန်ချွမ်ကျင့်စဉ်၏ အတွင်းအားသည် သူ၏လက်မောင်းများသို့ လျင်မြန်သည့်အရှိန်ဖြင့် စီးဆင်းဝင်ရောက်လာခဲ့သည်။
ထိုအခါ ယန်ချွမ်ကျင့်စဉ်၏စွမ်းအားသည် သိသာထင်ရှားလာခဲ့ပြီး လက်မောင်းတစ်လျှောက်သို့ အတွင်းအားများ စီးဆင်းလာသည်နှင့်အမျှ ချန်ကျဲ့၏အင်အားကိုလည်း သိသာထင်ရှားစွာ တိုးမြင့်လာစေခဲ့သည်။
သို့ဖြင့် ကြွက်သားနာကျင်မှုသည် စတင် လျော့ပါးလာခဲ့ပြီး ချန်ကျဲ့၏အင်အားသည် ဖြည်းဖြည်းချင်း တိုးမြင့်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ချန်ကျဲ့သည် ယွီပင်းထက် အသာစီးရလာခဲ့၏။
ယွီပင်းသည် မျက်မှောင်ကြုတ်လျက် အံတင်းတင်းကြိတ်ကာ ချန်ကျဲ့ကို ဖိနိုပ်နိုင်ရန်အတွက် အင်အားပိုစိုက်ထုတ်နိုင်ရန် ကြိုးပမ်းသည်။
သို့သော်ငြား မိမိကိုယ်ကိုယ် အင်အားအလွန်အကျွံ သုံးစွဲမိစေသောကြောင့် ရုတ်တရက်ပင် ဘယ်ဘက်လက်မှ နာကျင်မှုထိုးတက်လာခဲ့၏။ ဖိနှိပ်မှုကြောင့် အရိုးကျိုးထားသော နေရာသည် အလွန်အမင်း ရောင်ရမ်းလာခဲ့သည်။ ယွီပင်းသည် ထိုလက်မှ အင်အားကို အလိုအလျောက် ဖြေလျှော့လိုက်မိတော့သည်။
ချန်ကျဲ့သည် ယွီပင်း၏ဘယ်ဘက်လက်၏ မူမမှန်ခြင်းကို ရုတ်ချည်း သတိထားမိလိုက်ပြီး မျက်လုံးများ တောက်ပသွားခဲ့သည်။
လူကြီးလူကောင်းဟူသည် တစ်ပါးသူ၏ အားနည်းချက်ကို အခွင့်ကောင်းမယူဟု ဆိုကြ၏။
စိတ်မကောင်းပါဘူး။ ငါ ချန်ကျိုစစ်က လူကြီးလူကောင်း မဟုတ်ဘဲ လူယုတ်မာတစ်ယောက်ဖြစ်နေတယ်။ အရမ်းကိုမှ ယုတ်ညံ့တတ်တဲ့ လူယုတ်မာမို့လို့ လူတစ်ယောက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူရတာကို သဘောအကျဆုံးပဲ။ အဲဒီတော့ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ!
ထိုသို့တွေးတောလျက် ချန်ကျဲ့သည် အတွင်းအားစီးဆင်းမှုကို ယွီပင်း၏ဘယ်လက်အား ဖိနှိပ်ထားရာလက်သို့ ပို၍ အားစိုက်လိုက်သည်။
ထို့နောက် ယွီပင်း၏ဘယ်လက်ကို အလွန်အမင်း စတင် ဖိနှိပ်တော့သည်။
ယွီပင်း၏ညာလက်ကိုမူ လျစ်လျူရှုထားလိုက်တော့၏။
‘ခြေမသန်စွမ်းသူတစ်ယောက်၏ သန်စွမ်းသည့်ခြေကို ကန်ပါ’ဟူသည့် အဆိုလည်း ရှိပေသည်။
သို့သော် မမြင်သာသည့် အခြေအနေတစ်ခုလည်း ရှိပေသည်– ထိုလူသည် အမှန်တကယ် မသန်စွမ်းသူဖြစ်မှသာ ထိုအဆိုမှာ မှန်ကန်နိုင်၏။ ဟန်ဆောင်မသန်စွမ်းသူနှင့် ရင်ဆိုင်ရလျှင်မူ ထိုဒဏ်ရာရနေသည့် ခြေထောက်ကို ကန်မှသာ အမှန်တကယ် ထိခိုက်စေနိုင်မည်ဖြစ်၏။
ထိုအချိန်တွင် ယွီပင်း၏နဖူးမှာ ချွေးစေးများ စီးကျနေခဲ့လေပြီ။ သူသည် ချန်ကျဲ့ကို ခေါင်းမော့ကြည့်လာ၏။ သူ၏မျက်လုံးများမှာ အမုန်းအာဃာတများ ပြည့်နှက်နေပေသည်။
ချန်ကျဲ့သည် ယွီပင်း၏ ထိုသို့အကြည့်များကို အပြစ်ကင်းစင်သည့် အပြုံးဖြင့် ပြန်ကြည့်လိုက်သည်။
ထို့နောက် ဘယ်လက်ရှိအင်အားကို အစွမ်းကုန် အားစိုက်ပစ်လိုက်သည်။
“အား…”
အလွန်ခက်ထန်သန်မာသည့် ယွီပင်းပင်လျှင် နာကျင်မှုကြောင့် မထိန်းချုပ်နိုင်စွာ အော်ဟစ်မိရသည်။ ချန်ကျဲ့သည် စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် သူ၏အင်အားအလုံးစုံကို ယွီပင်း၏ဘယ်လက်ကို ဖိနှိပ်ရာသို့ ထပ်ပေါင်းထည့်လိုက်သည်။
ခင်ဗျား ဒါကိုရော ခံနိုင်ရည်ရှိဦးမလား ကြည့်ရအောင်!
ချန်ကျဲ့ ဟစ်ကြွေးလိုက်ပြီးနောက် ချက်ချင်းပင် ယွီပင်း၏ဘယ်လက်ကို ဖိနှိပ်ထားသည့် အင်အားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ယွီပင်းမှာ နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ပေ။ နာကျင်စွာ အော်ဟစ်ညည်းတွားလျက် နောက်ဆုတ်သွား၏။
“အား¬”
အော်ဟစ်သံနှင့်အတူ ယွီပင်းသည် ဘယ်ဘက်လက်မောင်းမှာ တွဲလောင်းအနေအထားဖြင့် အလျင်အမြန် နောက်ဆုတ်သွား၏။ သူ၏အခြေအနေမှာ မတည်ငြိမ်တော့ကြောင်း ထင်ရှားပေသည်။ ထိုအခါ ချန်ကျဲ့၏မျက်နှာမှာ လှောင်ပြုံးတစ်ခု ဖြစ်တည်သွား၏။
ချန်ကျဲ့ အော်ပြောလိုက်သည်။
“ဒါကို ပထမတစ်ကွက်လို့ သတ်မှတ်လိုက်!”
ထို့နောက် ယွီပင်းကို အသက်ရှူရန် အခွင့်အရေးပင် မပေးဘဲ ယွီပင်းဆီသို့ ချက်ချင်း တစ်ဟုန်ထိုးပြေးဝင်သွားခဲ့သည်။ ထို့နောက် သူ၏ အင်အားအကြီးမားဆုံး သိုင်းကွက်ဖြစ်သည့် ‘ရေထိန်းချုပ်လက်ဝါးသိုင်း– သုံးလွှားလှိုင်းတံပိုး’ကို အသုံးပြုတိုက်ခိုက်ခဲ့သည်။
ချန်ကျဲ့သည် ယွီပင်းဆီသို့ ပြေးဝင်သွားပြီး နောက်ဆုံးတိုက်ခိုက်မှုကို ပြုလုပ်ခဲ့၏။
ချန်ကျဲ့၏လက်ဖဝါးများသည် ယွီပင်းကို အကြင်နာကင်းမဲ့စွာ ထိခတ်၏။
ထိုအချိန်တွင် ယွီပင်း၏ ဘယ်လက်သည် လုံးလုံးလျားလျား အလုပ်မလုပ်တော့သောကြောင့် သူ၏ညာလက်ဖြင့် ခက်ခက်ခဲခဲ ကာကွယ်နေရ၏။ ယွီပင်းမှ အံကြိတ်၍ ကြုံးဝါးသည်။
“ချန်ကျိုစစ် ငါ သေချာပေါက် မင်းကိုသတ်မယ်!”
“နှလုံးကြွေလက်ဝါးသိုင်း!”
ထိုသို့ဟစ်ကြွေးလျက် ယွီပင်းသည် ချန်ကျဲ့၏သိုင်းကွက်ကို သူ၏လက်ဖဝါးသိုင်းဖြင့် တန်ပြန်တိုက်ခိုက်သည်။
ချန်ကျဲ့သည်တော့ လှောင်ပြောင်သရော်သည့် အမူအရာဖြင့်ပင်။
လက်တစ်ဖက်တည်းနဲ့ တိုက်ခိုက်တဲ့ နှလုံးကြွေလက်ဝါးသိုင်းပေါ့လေ။ ငါက အဲဒါလောက်ကို ကြောက်နေမယ်ထင်နေလား။
ချန်ကျဲ့၏ ရေထိန်းချုပ်လက်ဝါးသိုင်းမှ စွမ်းအင်သည် သက်ရောက်နေခဲ့လေပြီ။ ရေထိန်းချုပ်လက်ဝါးသိုင်း၏ အသက်နုတ်ယူနိုင်လောက်သော သိုင်းကွက်များထဲမှ တစ်ခုဖြစ်သော သုံးလွှာလှိုင်းတံပိုးသိုင်းကွက်သည် သိုင်းကွက်တစ်ကွက်တည်းသာ ဖြစ်သည်ဟု ထင်ရသော်ငြား တစ်ကယ်တမ်းတွင် ရိုက်ချက်သုံးချက် ပါဝင်သည်။ ပြင်းထန်သည့် လှိုင်းလုံးကြီးသုံးလုံးကဲ့သို့ လှိုင်းလုံးတစ်လုံးပြီး နောက်လှိုင်းတစ်လုံးကို ဆက်တိုက်တွန်းပို့ခဲ့ပြီး လှိုင်းလုံးတစ်လုံးစီတိုင်းမှာ တစ်လုံးထက်တစ်လုံး ပို၍ ကြောက်မက်ဖွယ်အားကောင်းလာပေသည်။
ထို့ကြောင့် ချန်ကျဲ့၏ ပထမဆုံးလက်ဝါးရိုက်ချက်သည် ယွီပင်းကို အကြင်နာကင်းမဲ့စွာ ထိသွားခဲ့ချိန်တွင် ယွီပင်း၏ နှလုံးကြွေလက်ဝါးသိုင်းကိုလည်း ချိုးဖျက်ပစ်ခဲ့သည်။
ထိုအချိန်တွင် ချန်ကျဲ့၏ခန္ဓာကိုယ်အတွင်း၌ ယန်ချွမ်ကျင့်စဉ်ကို အပြည့်အဝ အသက်သွင်းထား၏။ ၎င်းကျင့်စဉ်မှ သယ်ဆောင်လာပေးသည့် အတွင်းအားသည် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ပေါင်းစည်းသွားပြီးနောက်တွင် ဆေးဘုရင်တောင်ကြားမှ ချန်ချွမ်းကျင့်စဉ်၏ အရိုးရှင်းဆုံးသော ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ထက် သာလွန်သည့် ကျင့်စဉ်ဖြစ်ပြီး အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည့် အင်အားကြီးဖြစ်ပေသည်။