← Chapters

လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း_၆

Vol. 12 Ch. 155

လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း_၆

Vol. 12 Ch. 155

ထို့ကြောင့် ၎င်းလက်ဝါးရိုက်ချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ထို့ပြင် ယွီပင်း၏ နှလုံးကြွေလက်ဝါးသိုင်းသည်လည်း သာမညောင်ညသော သေးနုပ်သည့်သိုင်းကွက်လေး မဟုတ်ပါချေ။ အမှောင်စွမ်းအင်အဆင့် သိုင်းပညာမျှသာ ဖြစ်သော်ငြား ယွီပင်းသည် ထိုသိုင်းကျင့်စဉ်ကို နှစ်မြှုပ်ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ သူ၏ နှလုံးကြွေလက်ဝါးသိုင်းမှာ အောင်မြင်မှုကြီးအဆင့်နီးပါးအထိ ရောက်နေခဲ့လေပြီ။

ထို့ကြောင့် သူ၏ လက်ဝါးရိုက်ချက်သည်လည်း အလွန်တရာ အင်အားကြီးမားပါ၏။

လက်ဝါးရိုက်ချက်နှစ်ခု ထိခတ်သွားသည့်အချိန်တွင် ဂျွတ်ခနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်အတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်သွားခဲ့သည်။

နောက်တဒင်္ဂတွင် ကြောက်ခမန်းလိလိသော တန်ပြန်တွန်းကန်အားသာ် သူတို့နှစ်ဦး၏ ထိခတ်သွားသော လက်ဖဝါးများကို နောက်ပြန်ဆုတ်သွားစေ၏။ ယွီပင်း၏ ညာလက်မှာ အရှိန်ပြင်းပြင်း တွန်းကန်သွားခဲ့သည်။

ယွီပင်းမှာ လုံးလုံးလျားလျား အကာအကွယ်ကင်းမဲ့သွားခဲ့သည်။

.

…

ထိုအချိန်တွင် ချန်ကျဲ့၏ ဒုတိယမြောက်လက်ဝါး ကျရောက်လာခဲ့သည်။

ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် ‘ဗုန်း’ဟူသော အသံနှင့်အတူ ယွီပင်း၏ နှလုံးတည့်တည့်သို့ ကျရောက်သွားခဲ့သည်။ ယွီပင်းသည် သူ၏နှလုံးမှာ ရုတ်တရက် ရပ်တန့်သွားသည်ဟု ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နေရာတွင် တောင့်ခဲသွားခဲ့ပြီး သွေးစွမ်းအင်စီးဆင်းမှု ရပ်တန့်သွားခဲ့သည်။

ထို့ပြင် ဤတစ်ကြိမ်လက်ဝါးရိုက်ချက်၏အင်အားသည် ယွီပင်း၏ နှလုံးကြွေလက်ဝါးသိုင်းထက် သေချာပေါက် အားမနည်းပါချေ။

သို့သော် ၎င်းသည် အဆုံးသတ်မဟုတ်သေးပေ။ ချန်ကျဲ့၏ ‘သုံးလွှာလှိုင်းတံပိုးသိုင်းကွက်’၏ နောက်ဆုံးတစ်ချက်ကို ထုတ်မသုံးရသေးပေ။ နောက်ဆုံးရိုက်ချက်ကို အသုံးပြုတိုက်ခိုက်လိုက်သည်တွင် ၎င်းရိုက်ချက်၏ တုနှိုင်းမမီအောင် ကြီးမားလှစွာသော အင်အားသည် ‘ဂျွတ်’ဟူသော အသံနှင့်အတူ ယွီပင်း၏မေးရိုးအောက်ကို ထိသွားစေသည်။

လည်မျိုကို ထိသွားခဲ့၏။

ဂျွတ်!

ယွီပင်း၏ လည်တိုင်ရိုးသည် ထိုလက်ဝါးရိုက်ချက်ကြောင့် ရုတ်ချည်း ကျိုးသွားခဲ့သည်။ ဦးနှောက်သွေးကြောများလည်း ပြိုကွဲပြတ်တောက်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် ယွီပင်း၏ မူလက ကြည်လင်နေခဲ့သောမျက်လုံးများမှာ သွေးရောင်လွှမ်းသွားကာ သွေးရောင်နောက်ကျိသော မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွားသည်အား မြင်တွေ့နိုင်ပေသည်။

ထို့နောက် ‘ဗုန်း’ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ယွီပင်း၏ခန္ဓာကိုယ်သည် နှစ်ကြိမ်မျှ တွန့်လိမ်သွားခဲ့ပြီးနောက် လှုပ်ရှားမှုကင်းမဲ့သွားတော့၏။

ဝှစ်!

ချန်ကျဲ့သည် လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်ရာ ပြိုင်ပွဲကွင်းထက်တွင် ဝဲဂယက်တစ်ခု ဖြစ်တည်သွားခဲ့သည်။ ထို့နောက်တွင် အမဲရောင်ပုံရိပ်တစ်ခုသည် စင်ပေါ်သို့ အလျင်စလိုတက်လာခဲ့ပြီး ယွီပင်းကို အပြေးသွားကြည့်၏။

ထိုလူသည် ယွီပင်း၏ လက်ကောက်ဝတ်သွေးကြောထက်တွင် လက်တင်ကြည့်လိုက်သည်။

ထို့နောက်တွင် ထိုလူသည် ဒေါသတကြီးဖြင့် အော်ဟစ်ကြိမ်းဝါးတော့သည်။

“ကောင်စုတ်လေး မင်းက ငါ့ရဲ့ တပည့်တူလေးကို သတ်ရဲတယ်ပေါ့လေ!”

ထိုလူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိ ချန်ကျဲ့ကို လှမ်းဆွဲ၏။

ချန်ကျဲ့သည် မိမိထံသို့ နီးကပ်လာနေသော လက်ကို မြင်တွေ့ပါ၏။ သို့သော် ထိုလက်လှုပ်ရှားမှုသည် တစ္ဆေခြောက်လှန့်သည့်အလား ချန်ကျဲ့ကို နေရာတွင် တောင့်ခဲနေစေပြီး မလှုပ်ရှားနိုင်ဖြစ်နေစေသည်။

ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် အလွန်တရာ ထိတ်လန့်သွား၏။ မိမိနှင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များအကြားရှိ ကောင်းကင်နှင့်မြေကြီးတမျှ ဝေးကွာလွန်းသည့် ကွာဟမှုကိုလည်း နားလည်လိုက်ရသည်။

သို့ဖြင့် ချန်ကျဲ့၏စိတ်နှလုံးထဲတွင် အကြောက်တရားများ နိုးထလာရ၏။

ရုတ်တရက်ပင် အဖြူရောင်ဝတ်ရုံဖြင့် လူတစ်ယောက်သည် ချန်ကျဲ့၏ရှေ့တွင် ပိတ်ရပ်၍ ချန်ကျဲ့ထံ ဦးတည်လာနေသည့် လက်ကို ဟန့်တားလိုက်သည်။

ကျယ်လောင်လှစွာသော ထိခတ်သံနှင့်အတူ တစ္ဆေလက်သည် ဟန့်တားခံလိုက်ရပြီး တစ်ပြိုင်နက်တည်းပင် စကားသံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

“ကုချင်းဖုန်း၊ ပြိုင်ပွဲစင်မြင့်ပေါ်မှာ ယှဉ်ပြိုင်တယ်ဆိုကတည်းက သေခြင်းရှင်ခြင်းကို ကံကြမ္မာဆီ ပုံအပ်ထားလိုက်ပြီလို့ ဆိုလိုတာပဲ။ မင်း ဘယ်လိုတောင် လူငယ်တစ်ယောက်ကို တိုက်ခိုက်ရဲရတာလဲ၊ အဲဒီလိုလုပ်တာ စည်းကျော်နေပြီကွ!”

“ဖန်းရှစ်ကျုံး၊ မင်းရဲ့ သောက်ရေးမပါတဲ့ တရားချစကားတွေကို တော်လိုက်စမ်းပါ။ ယွီပင်းက ငါ့အစ်ကိုကြီးရဲ့တပည့်၊ သူ့မှာ ကျန်ရစ်တဲ့ တစ်ဦးတည်းသော တပည့်ပဲ။ အခု သူ့ကို မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့က လူက သတ်ပစ်လိုက်တယ်။ မင်းငါ့ကို ရှင်းပြချက်ပေးသင့်တယ် မထင်ဘူးလား”

“ရှင်းပြချက်ပေးရမယ်? ဘာကို ရှင်းပြရမှာလဲ? ပြိုင်ပွဲစင်ပေါ်မှာ ယှဉ်ပြိုင်တာ သေသွားရင် သေသွားတယ်ပဲပေါ့။ သာမန်နေ့တစ်ရက်ရက်မှာ အသတ်ခံရတာဆိုရင်တော့ ငါလည်း ကြားဝင်နှောင့်ယှက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက ပြိုင်ပွဲစည်းမျဉ်းအတွင်းမှာ အကျုံးဝင်နေတဲ့ကိစ္စလေ”

“ကုချင်းဖုန်း မင်းက စည်းမျဉ်းချိုးဖောက်ချင်လို့လား”

ထိုစကားတွင် ကုချင်းဖုန်းမှာ တိတ်ဆိတ်သွားတော့သည်။

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့၏ရှေ့တွင် ရပ်နေလျက် ဘာမှဆက်မပြောပေ။

ထိုသို့ အနည်းငယ်မျှ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းပြီးနောက်တွင်မှ စင်အောက်ရှိ ပွဲကြည့်ပရိသတ်များသည် အံ့ဩမင်သက်နေကြရာမှ ပြန်လည်အသိဝင်လာကြ၏။

ဘာ ဘာဖြစ်သွားတာလဲ!

ငါတို့ ဘာကို မြင်လိုက်ကြရတာလဲ!

ချန်ကျိုစစ်သည် ယွီပင်းကို လက်ဝါးရိုက်ချက်နှစ်ချက်ဖြင့် သတ်ပစ်လိုက်လေသည်။

ဘယ်လို ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!

အဲဒါက ရှန်းထောင်မြို့ကို ဆယ်စုနှစ်တစ်ခုကျော် ဩဇာလွှမ်းမိုးလာခဲ့တဲ့ ပြိုင်ဘက်ကင်းသခင်ကြီး ယွီပင်းလေ၊ ငါးဖမ်းကုန်သည်အဖွဲ့ သင်္ဘောခေါင်းဆောင်၂ကို သိုင်းကွက်နှစ်ကွက်တည်းနဲ့ အနိုင်ရခဲ့တဲ့သူလေ!

သူက ရှုံးသွားတယ်လား!

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

ထိုအခိုက်အတန့်၌ အားလုံးသည် တိတ်ဆိတ်နေကြလျက် မျက်လုံးများမှာ မယုံကြည်နိုင်ခြင်းများ ထင်ဟပ်နေကြသည်။

သူတို့ မယုံကြည်နိုင်ပါချေ။ တိုက်ခိုက်မှုသည် ထိုသို့တစ်ခဏအတွင်း ပြီးဆုံးသွားခြင်းကို သူတို့ မယုံကြည်နိုင်ပါချေ။

ယွီပင်းက ဘယ်လိုလုပ်ပြီး အဲဒီလောက်လွယ်လွယ်နဲ့ ရှုံးသွားရတာလဲ!

သူက ယွီပင်းလေ။

မကြာမီကပင် အားလုံးသည် ချန်ကျဲ့မှာ လေလုံးထွားနေခြင်းဟု တွေးထင်ခဲ့ကြသေး၏။ ယခုတွင်တော့ အားလုံးမှာ တိတ်ဆိတ်သွားရလေသည်။

ငါးဖမ်းကုန်သည်အဖွဲ့မှ သင်္ဘောခေါင်းဆောင်၃သည် အလွန်တရာ အံ့အားသင့်နေ၏။

“ဒါက ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ချန်ကျိုစစ် သူ သူ အနိုင်ရသွားတာလား။ သူ တကယ်ကြီး နိုင်သွားတာပဲ!”

သင်္ဘောခေါင်းဆောင်၄သည် ပါးစပ်အဟောင်းသားဖြင့် ပွင့်ဟနေခဲ့သော သူ၏ပါးစပ်ကို လက်ဖြင့် ပြန်လည်စေ့ပိတ်လိုက်ရ၏။ မျက်နှာအမူအရာမှာတော့ မယုံကြည်နိုင်စွာ အံ့ဩထိတ်လန့်နေဆဲပင်။

သူ တကယ်ကြီး နိုင်သွားတယ်၊ သူ တကယ်နိုင်သွားတယ်။ မယုံကြည်နိုင်စရာပဲ၊ မယုံကြည်နိုင်စရာပဲ!

“ရှောင်ဟူ ရှောင်ဟူ၊ ငါ့ကို ဆွဲဆိတ်လိုက်စမ်းပါ ဆွဲဆိတ်ကြည့်စမ်းပါ၊ ငါ အိပ်မက်မက်နေတာလားလို့။ ကျိုစစ် နိုင်သွားတယ်၊ ကျိုစစ်က သိုင်းကွက်နှစ်ကွက်အတွင်း တကယ်ကြီး နိုင်သွားတယ်!”

ထိုအခါ ရှောင်ဟူသည် ကျိုးချူကို အားပြင်းပြင်းဖြင့် ဆွဲဆိတ်ပေးလိုက်၏။

ကျိုးချူသည် နာကျင်မှုကြောင့် အော်ဟစ်လေတော့သည်။ သူသည် ရှောင်ဟူကို လှည့်ကြည့်လိုက်ပြီး ပြော၏။

“မင်းဘာလို့ ဒီလောက်ကြမ်းတမ်းရတာလဲ”

ရှောင်ဟူမှ ပြောသည်။

“အစ်ကိုပြောတော့ အစ်ကိုနားလည်တယ်ဆို? အစ်ကိုကျိုစစ်ရဲ့ နည်းဗျူဟာက သိုင်းကွက်နှစ်ကွက်အတွင်း အနိုင်ယူမယ်လို့ ဟန်ဆောင်ပြောပြီး ရှုံးသွားရင် ထွက်ပြေးဖို့ဆို?”

ကျိုးချူ ခေါင်းခါရမ်းလိုက်သည်။

“မဟုတ်ဘူး မဟုတ်ဘူး၊ ကျိုစစ်က သေချာပေါက် အဲဒီလောက် ပေါ့ပြက်တဲ့သူ မဟုတ်နိုင်ဘူး၊ အမ်း ငါသိပါတယ်!”

ရှောင်ဟူသည် ကျိုးချူကို မကျေမနပ်ကြည့်လိုက်၏။

သူ ထပ်ပြီး သိပြန်ပြီ!

ထို့နောက် ကျိုးချူမှ ပြောသည်။

“ငါသိတယ်၊ ငါတကယ် သူ့ကိုနားလည်တယ်။ ကျိုစစ်က တမင်သက်သက် အားနည်းတဲ့ပုံစံ ပြလိုက်တာပဲ။ သူက သူ့ရဲ့ပြိုင်ဘက်ကို သိုင်းကွက်နှစ်ကွက်အတွင်း အနိုင်ယူမယ်လို့ပြောခဲ့တယ်။ သေချာပေါက် သူ့စကားကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူးလေ၊ ယွီပင်းလည်း ယုံကြည်ခဲ့မှာ မဟုတ်ဘူး။ ယွီပင်းရဲ့ အထက်စီးဆန်ပုံနဲ့ သူက ကျိုစစ်ကို အထင်သေးလျှော့တွက်မှာပဲ။ ကျိုစစ်က ဒီပြိုင်ပွဲကို ထက်မြက်တဲ့နည်းဗျူဟာနဲ့ အနိုင်ယူခဲ့တာပဲ။ ဘယ်လိုတောင် ထက်မြက်ပြောင်မြောက်လိုက်တဲ့ အစီအစဉ်လဲ။ ကျိုစစ်က တကယ့်ကို အထင်ကြီးလောက်ပါပေတယ်”

ရှောင်ဟူသည် ကျိုးချူပြောနေသည့် စကားများမှာ အမြဲ ပေါက်ကရတွေချည်းဟုသာ ခံစားနေရလျက် ကျိုးချူကို ကြည့်နေခဲ့သည်– အခုချိန်ထိတောင်မှ သူ့ကိုယ်သူ သိနားလည်ပါတယ်ဆိုပြီး လှည့်စားနေတုန်းပဲဟ!

ထို့နောက် ကျိုးချူသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောလာပြန်သည်။

“ထက်မြက်တယ် ထက်မြက်တယ်၊ ရှောင်ဟူ မင်း တကယ်ကို မင်းရဲ့အစ်ကိုကျိုစစ်ဆီကနေ ကောင်းကောင်းသင်ယူရမယ်နော်”

“ဟုတ်ကဲ့ပါ”

ချန်ရှောင်ဟူမှာ ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေပေးလိုက်ရလေသည်။

ထိုစဉ် လဲလျောင်းနေသော သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းသည်လည်း မျက်လုံးအပြူးသားဖြင့် အံ့ဩနေပေသည်။

သူနိုင်သွားတယ်၊ သူ တကယ် နိုင်သွားတယ်!

ဝူးးးးးး….

ခန္ဓာကိုယ် ဖွံ့ဖွံ့ထွားထွားဖြင့် ယောကျ်ားကြီးသည် မထိန်းချုပ်နိုင်စွာဖြင့် ရှိုက်ငိုတော့၏။

ထို့နောက်တွင် အခြားသောငါးဖမ်းကုန်သည်အဖွဲ့သားများသည်လည်း ပျော်ရွှင်ဝမ်းမြောက်စွာ အားပေးကြ၏။

သူတို့ အနိုင်ရခဲ့ခြင်းမှာ မယုံကြည်နိုင်လောက်စရာပင်။ သူတို့ တကယ်ပဲ အနိုင်ရခဲ့ပါ၏။

ထို့ပြင် ဤအောင်နိုင်မှုသည် ကုန်သည်အဖွဲ့သို့ ဝင်ရောက်လာခဲ့သည့်အချိန် မကြာမြင့်သေးသော အဖွဲ့ဝင်အသစ်လေးမှ ရယူပေးခဲ့သော အောင်နိုင်မှုဖြစ်သည်။

ဘာကို အသစ်လေးလဲ၊ အခုကစပြီး ချန်ကျိုစစ်က ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အထင်ကရပဲ။

ဘယ်သူ သူ့ကို အသစ်လေးလို့ ခေါ်ရဲလဲ၊ ငါ အဲဒီလူရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်။

ငါးဖမ်းကုန်သည်အဖွဲ့သားများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ပဲ့တင်ထပ်လောက်အောင် အော်ဟစ်အားပေးကြသည်။

“ငါတို့နိုင်ပြီ၊ ဟားဟားဟား ငါတို့နိုင်ပြီ ငါတို့နိုင်ပြီ!”

“ကျိုစစ် ကျိုစစ် ကျိုစစ်!”

ရာချီသော ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ချန်ကျဲ့၏နာမည်ကို သံပြိုင်ဟစ်ကြွေးကြသည်။ အချိန်တစ်ခုအထိ ချန်ကျိုစစ်ဟူသည့်အမည်သည် ရှန်းထောင်တစ်မြို့လုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။

ထိုအချိန်၌ ချောင်ကုန်သည်အဖွဲ့သားများသည် ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ဖြစ်နေကြ၏—

တကယ်ပဲ ငါတို့ရဲ့ သခင်ကြီးယွီ ရှုံးသွားတာလား။ ပြီးတော့လည်း သေအောင် အရိုက်ခံလိုက်ရသေးတယ်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ!

သူတို့ မယုံကြည်နိုင်ပေ။ သို့သော် လဲကျနေသော ယွီပင်း၏အလောင်းသည် သူတို့အား ယုံကြည်ချင်သည်ဖြစ်စေ၊ မယုံကြည်ချင်သည်ဖြစ်စေ ယုံကြည်ရမည်ဟု ပြောနေသည့်အလားပင်။

ထို့ပြင် လူအုပ်ကြီးထဲ၌ စူးယွင်ကျင်းသည်လည်း ချန်ကျဲ့၏ ထိုသို့ပုံစံကိုကြည့်နေခဲ့ရင်း ပါးစပ်ကိုလက်ဖြင့်ဖိအုပ်ကာ မျက်ရည်များ စီးကျနေခဲ့သည်။

သူ နိုင်သွားပြီ၊ သူမ၏ခင်ပွန်းသည်မှ အနိုင်ရခဲ့လေပြီ!

All Chapters