← Chapters

အကြီးအကဲများ၏ နှစ်ခြိုက်မှု၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၂

Vol. 12 Ch. 157

အကြီးအကဲများ၏ နှစ်ခြိုက်မှု၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၂

Vol. 12 Ch. 157

၎င်းသည် တရားရုံးတော်အား အပြင်ပန်းတွင် ခန့်ငြားတောက်ပ၍ ကြီးကျယ်ခမ်းနားသည့်ပုံစံ ထင်ဟပ်စေသည်။ သို့သော် အခြေခံအုတ်မြစ်မှာမူ လုံးလုံးလျားလျား ပုပ်ဆွေးနေခဲ့လပြီ။

သာ့ချန်ပြည်ကြီးသည် တည်ကြည်ထည်ဝါစွာ ရပ်တည်နေဆဲဖြစ်သော်ငြား ထိုသို့ရပ်တည်နိုင်နေရသည့် အကြောင်းရင်းမှာ အခြေခံအုတ်မြစ် မထိခိုက်မပျက်စီးသေးသော အခြားမျိုးနွယ်စုဖြစ်သည့် မုလန်လူမျိုးများ ရှိနေခြင်းကြောင့်ဖြစ်၏။

သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်သည့်အချိန်များအတွင်း အလိုလိုက်အကြိုက်ဆောင်ခံရ၍ နေထိုင်ခဲ့ရခြင်းသည် မုလန်လူမျိုးများကို ကျဆုံးခန်းဆီသို့ ဦးတည်သွားနေစေသည်။

သို့ဖြစ်ရာ သာ့ချန်ပြည်ကြီးသည် ကျဆင်းသည့်အချိန်သို့ ရောက်ရှိနေခဲ့လေပြီ။

ကျန်းလီယဲ့ သက်ပြင်းချလိုက်၏။ တရားရုံးတော်အကြောင်း စဉ်းစားလိုက်သည်နှင့် ကူကယ်ရာမဲ့မှုကို ခံစားရပေသည်။

“ညီငယ်၂ ကြည့်ရတာတော့ ငါတို့ရဲ့မွေးစားအဖေက အဲဒီကောင်လေးရဲ့ အထုံပါရမီမှာ စိတ်လှုပ်ရှားသွားပြန်ပြီထင်တယ်”

ဖုန်းရွှမ်သည် မနီးမဝေးရှိ ကျန်းချွမ်ကို ပြောလိုက်သည်။

…

ထိုအခါ ကျန်းချွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“မွေးစားအဖေ ဆန္ဒရှိတဲ့အရာကို ငါတို့က ဘာများလုပ်နိုင်မှာတဲ့လဲ။ ဒါပေမဲ့ အခုတော့ ကုန်သည်အဖွဲ့မှာ အဲဒီကောင်လေးကို ပေးဖို့အတွက် ရာထူးနေရာ အပိုရှိမနေဘူး”

ထိုအခါ ဖုန်းရွှမ်သည် ရယ်မောလေသည်။

“တကယ်ပဲ ရာထူးနေရာ မရှိတာလား ဒါမှမဟုတ် ညီငယ်၂က သူ့လက်ထဲက အင်အားနည်းနည်းလေးကို လက်လွှတ်ဖို့ တွန့်ဆုတ်နေတာလား”

“အစ်ကိုကြီးရော ကိုယ့်ရဲ့အင်အားကို လက်လွှတ်ဖို့ ဆန္ဒရှိရဲ့လား”

ကျန်းချွမ်သည် ဖုန်းရွှမ်ကိုကြည့်လိုက်သည်။ ဖုန်းရွှမ်မှ ပြောသည်။

“ငါ ဂရုမစိုက်ဘူး။ မင်းငါ့ကို သိပါတယ်။ ငါက အဲဒီအရာတွေကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းကတော့ မတူဘူး”

ကျန်းချွမ်မှ အေးစက်စွာ ပြောသည်။

“အစ်ကိုကြီး ငါ့ရှေ့မှာ ဟန်ဆောင်မနေစမ်းပါနဲ့။ အစ်ကိုကြီး တကယ်သာ ဂရုမစိုက်ရင် ငါနဲ ဒီလောက်နှစ်တွေအကြာကြီး ရုန်းကန်နေခဲ့မှာတဲ့လား”

ဖုန်းရွှမ်သည် အားရပါးရ‌ရယ်မောလိုက်ပြီးနောက် ပြောသည်။

“အဲဒါက မင်းကို ကူညီပေးဖို့အတွက်ပဲ။ ငါဘယ်တုန်းကများ ညီ‌ငယ်နဲ့ တိုက်ခိုက်ခဲ့ဖူးလို့လဲ။ ဒါပေမဲ့ ငါမင်းကို အကြံပေးလိုက်မယ်၊ မွေးစားအဖေက အဲဒီချန်ကျိုစစ်ကို သဘောကျနေပြီဆိုတော့ မင်းရဲ့ယောက်ဖလေးကို ဒီထက်ပိုပြီး ဖုံးကွယ်ထားလို့ မရတော့မှာ စိုးမိတယ်”

“သူ့ကို အမြန်လက်လွှဲပေးလိုက်တော့။ သူက ကုန်သည်အဖွဲ့ကို သစ္စာဖောက်ပြီး အပြင်လူနဲ့ ပူးပေါင်းခဲ့တာ၊ “ဓားသုံးချက် အပေါက်၆ပေါက်” ပြစ်ဒဏ်‌ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ဖုန်းရွှမ်သည် ကျန်းချွမ်ကို ကြည့်လိုက်သည်။

ကျန်းချွမ်၏မျက်နှာမှာ မကောင်းလှပေ။ သူ၏ ဘာမှသုံးစားမရသော ယောက်ဖလေး ကျောင်းရွှမ်သည် သူလာကယ်မည်ကို စောင့်မျှော်နေပေသည်။

သူ့ကိုကယ်ရမယ်?

သူဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်လိမ့်မှာပဲ။

ထိုအခိုက်အတန့်၌ ဖုန်းရွှမ်မှ ပြောသည်။

“ဒါနဲ့ ညီငယ်၂၊ ငါမင်းကို နောက်တစ်ခု ထပ်ပြီး သတိပေးပါရစေ။ မွေးစားအဖေက သူ့ကို အသက်ရှင်လျက် ဖမ်းခိုင်းတာနော်။ အဲဒီလို သစ္စာဖောက်ကောင်ကို မိသားစုစည်းမျဉ်းအရ အပြစ်ပေးရမှာ။ အကယ်၍များ သူက ကြိုတင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရင် နောက်ကျ ရှင်းပြဖို့ ခက်ခဲသွားလိမ့်မယ်!”

“အစ်ကိုကြီး ဘာကိုဆိုလိုတာလဲ”

ကျန်းချွမ်သည် ဖုန်းရွှမ်ကို စူးစိုက်ကြည့်နေ၏။ ဖုန်းရွှမ်မှ ပြုံးလိုက်ပြီး ပြောသည်။

“ညီငယ်၂ မင်းက မျက်နှာသာ မလိုချင်ဘူးဆိုရင် ဒီအစ်ကိုကြီးက မင်းအတွက် ရယူပေးမယ်… ငါ ကျောင်းရွှမ် ပုန်းနေတဲ့နေရာကို အတိအကျသိထားတယ်။ ညီငယ်၂ အကုန် မင်းအပေါ်ပဲ မူတည်ပါတယ်”

“အစ်ကိုကြီးက ကျွန်တော့်ကို အရှက်ခွဲဖို့ကြိုးစားနေတာလား”

ကျန်းချွမ်သည် ဖုန်းရွှမ်ကို ခက်ထန်စွာ အော်ဟစ်လိုက်၏။

ဖုန်းရွှမ်သည် ရယ်မောလိုက်သည်။

“မင်းကို အရှက်ခွဲတယ်ဆိုတာ ဘာပြောတာလဲ။ အပြစ်သားကို အပြစ်ပေးတယ်ဆိုတာ ဖြစ်သင့်တဲ့အရာပဲလေ မဟုတ်ဘူးလား”

ဖုန်းရွှမ်၏ ပျော်ရွှင်တက်ကြွနေသော အမူအရာကိုမြင်သောအခါ ကျန်းချွမ်သည် အံတင်းတင်းကြိတ်ထားလိုက်၏။ သို့သော် တစ်ခုခုပြုလုပ်ရန်အတွက်မူ သူ့မှာ အင်အားမရှိပေ။

ကျန်းချွမ်သည် အနည်းငယ် ညွှန်ကြားခဲ့ပြီးနောက် လှည့်ထွက်သွား၏။

ချက်ချင်းပင် အနီးကပ် လူယုံတော်များသည် စီရင်စုမြို့သို့ အပြေးနှင်ကြတော့သည်။

ဖုန်းရွှမ်သည် ပြုံးလျက်ပြော၏။

“အဲဒီလိုမှပေါ့ ညီငယ်၂ရဲ့”

“ညီငယ်၂ မင်းစောင့်ကြည့်နေ၊ မင်းရဲ့လူတွေ ငါ့ကို အပြစ်မပြုမိစေနဲ့။ ပြီးတော့ မင်းလည်း အဲဒီချန်ကျိုစစ်ကို မုန်းသင့်ပါတယ်‌လေ။ သူ့ကြောင့်သာ မဟုတ်ခဲ့ရင် မင်းရဲ့ယောက်ဖလေးက ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးဖြစ်နေလောက်ပြီ ဟားဟား…”

ဖုန်းရွှမ်သည် အားရပါးရ ရယ်မောနေခဲ့သည်။

ကျန်းချွမ်၏မျက်နှာမှာ ရေခဲတမျှ အေးစက်နေခဲ့ပြီး စကားမဆိုပေ။ သို့သော် သူ၏မျက်လုံးများသည် ချန်ကျဲ့ကို အန္တရာယ်ပြုလိုသည့် အငွေ့အသက်များ ထင်ဟပ်နေခဲ့သည်။

ပြိုင်ပွဲကွင်း၌ အားပေးချီးမြှောက်သံများ၊ ဒေါသသံများဖြင့် ပြည့်‌နှက်နေသည်။ ကုချင်းဖုန်း၏မျက်နှာသည်လည်း ရေခဲတမျှ အေးစက်နေခဲ့ကာ ဖန်းရှစ်ကျုံးသည်တော့ သူ၏မျက်နှာထက်ရှိ ပျော်ရွှင်မှုကို မသိသာစေရန် ခက်ခက်ခဲခဲ ထိန်းသိမ်းနေရလေသည်။

ဖန်းရှစ်ကျုံးသည် ပါရမီရှင်များကို အလွန်နှစ်ခြိုက်သဘောကျ၏။ သူ အကြိုက်ဆုံး အဆိုစကားမှာ ချောင်ချောင်း၏ “ကျိုးကုန်းက ကိုယ့်ကိုယ်ကိုယ် အန်ထွက်စေတဲ့အခါ ကောင်းကင်အောက်ရှိ အရာအားလုံးက သူ့ထံ လှည့်လာသည်”ဟူ၏။

ထို့ကြောင့် ဖန်းရှစ်ကျုံးသည် ပါရမီရှင်များကို အလွန်နှစ်ခြိုက်ပြီး ၎င်းနှစ်ခြိုက်သဘောကျမှုကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။

ထို့ပြင် ချန်ကျဲ့ကဲ့သို့သော ပါရမီရှင်မျိုးသည် မကြာခဏ တွေ့နိုင်သည်မျိုး မဟုတ်ပေ။

ထိုသို့လေထုအခြေအနေအလယ်၌ ပြိုင်ပွဲ၏အစီအစဉ်တင်ဆက်သူ ခေါင်းဆောင်ဟောင်း စွင်းပုအာသည် စင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာ၏။

စွင်းပုအာ၏ ဦးဆောင်မှုနောက်မှ လိုက်ပါလာသော စီရင်စုမှ ခေါ်ယူထားခဲ့သည့် သမားတော်သည် သေဆုံးကြောင်း အတည်ပြုရန်အတွက် ယွီပင်း၏အခြေအနေ စစ်ဆေးသည်။

လုံးဝ သေဆုံးကြောင်း အတည်ပြုခြင်းပင်။

လည်ပင်းရိုးများသည် လုံးလုံးလျားလျား ကျိုးသွားခဲ့ပြီး လေပြွန် ဆုတ်ပြဲသွားသည်။ ဦးခေါင်းအတွင်းရှိ သွေးကြောအားလုံး ပွင့်ထွက်ကုန်သည်။ နည်းနည်းလောက်ပဲ ထပ်အားစိုက်လိုက်ပါက ယွီပင်း၏ ဦးခေါင်းမှာ ပြုတ်ထွက်သွားလောက်ပေသည်။

ယွီပင်းကို ဘယ်လိုမှ ကယ်တင်၍ မရနိုင်တော့ပေ။

သမားတော်သည် စွင်းပုအားကို ခေါင်းခါပြသည်။ စွင်းပုအာသည် အသာအယာ ခေါင်းညိတ်တုံ့ပြန်လိုက်ပြီးနောက် ကြေညာသည်။

“လူကြီးမင်းတို့ ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ ပြိုင်ပွဲစင်မြင့်ပေါ်မှာ အနည်းငယ် ထိမိ ခိုက်မိ၊ တိုက်မိ ဆောင့်မိတယ်ဆိုတာ မရှောင်လွှဲနိုင်တဲ့ အရာတွေပါပဲ”

ထိမိ ခိုက်မိ၊ တိုက်မိ ဆောင့်မိတာလား?

ထိုစကားကိုကြားလိုက်သည်တွင် ပွဲကြည့်ပရိသတ်များမှာ မျက်လုံးပြူးကုန်ကြ၏။

လူတစ်ယောက်ရဲ့ဦးခေါင်း ပြုတ်ထွက်လုနီးပါး အခြေအနေဖြစ်သွားတာကို ထိမိ ခိုက်မိ၊ တိုက်မိ ဆောင့်မိတာတဲ့လား။ ယွီပင်းက သေအောင် ရိုက်သတ်ခံလိုက်ရတာကို သူတို့က အဲဒါကို ထိမိ ခိုက်မိ၊ တိုက်မိ ဆောင့်မိတာလို့ ခေါ်တယ်တဲ့!

ကောင်းပါပြီလေ။ ဒါဆိုလည်း သူတို့မိသားစုရဲ့ ထိမိ ခိုက်မိ၊ တိုက်မိ ဆောင့်မိတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အတော်လေး ရက်စက်ကြမ်းကြုတ်လို့ ဖြစ်ပါလိမ့်မယ်!

သို့တိုင် စွင်းပုအာမှ ဆက်ပြောသည်။

“အဲဒါကြောင့် အားလုံးပဲ စိတ်အေးအေးထားကြပါ။ အခု ဦးစီးမှူးယွီ သေဆုံးသွားတာကြောင့် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချန်ကျိုစစ်က စိန်ခေါ်သူဖြစ်သွားပါပြီ။ အခု ချောင်ကုန်သည်အဖွဲ့က တစ်ယောက်ယောက်များ သူ့ကို စိန်ခေါ်ချင်ပါသလား”

ချောင်ကုန်သည်အဖွဲ့ဘက်ခြမ်းတွင် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

သူတို့သည် မိမိ၏အင်အားကို သိပါ၏။

ငါတို့ရဲ့သခင်ကြီးကတောင် လက်ဝါးရိုက်ချက်တစ်ချက်နဲ့ အသတ်ခံလိုက်ရတာကို ငါတို့မှာ ဘယ်လိုလုပ်ပြီး အခွင့်အရေးရှိနိုင်မှာတဲ့လဲ။

ဒါက အဆင်အခြင်မဲ့ ရဲရင့်ပြရမယ့်အချိန် မဟုတ်ဘူး။ အခုနေ ထွက်သွားလိုက်ပြီး လက်ဝါးတစ်ချက်နဲ့ အသတ်ခံလိုက်ရတာက သူရဲကောင်းဖြစ်စေမှာ မဟုတ်ဘူး။ များသောအားဖြင့် အပြောခံရမှာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်ဆိုတဲ့ စကားပဲ။

ပြိုင်ပွဲစင်မြင့်ပေါ်မှာ တိုက်ခိုက်တာက စစ်မြေပြင်မှာ ရန်သူတွေနဲ့ တိုက်ခိုက်ရတာနဲ့ မတူဘူး။

စစ်မြေပြင်မှာ ကိုယ့်ဘက်က အနိုင်မရနိုင်တာကို သိနေရင်တောင်မှ ရှေ့ဆက်ချီတက်ရင် သူရဲကောင်းအဖြစ် သတ်မှတ်ခံရနိုင်တယ်။

သို့သော် ကုန်သည်အဖွဲ့များ၏ ပြိုင်ပွဲများတွင် ထိုသို့အပြုအမူကို အားမပေးကြပေ။ သို့မဟုတ်ပါက လူတစ်စုသည် ကျော်ကြားမှုနှင့် တိုးတက်မှုအတွက် မည်သည့်အရာကိုမဆို အသုံးချလုပ်ဆောင်ကြပေလိမ့်မည်။ ထိုသို့ဖြစ်ပါက မည်သို့မျှ မကောင်းမွန်နိုင်ပေ။

ရလဒ်အနေဖြင့် အဖွဲ့တွင်းဆုံးရှုံးမှုလည်း ကြီးမားလိမ့်မည်။

သို့ဖြစ်ရာ ထိုသို့ အလွန်အကျွံ အားစိုက်ထုတ်သော အပြုအမူများသည် များသောအားဖြင့် လူအများ ပျက်ရယ်ပြုဖွယ်အဖြစ်သို့ ရောက်ရှိသွားတတ်၏။

ထို့ကြောင့် အချိန်တစ်ခုအထိ ချန်ကျဲ့ကို စိန်ခေါ်ရန် မည်သူမျှ ရှေ့ထွက်မလာခဲ့ပေ။

စွင်းပုအာသည် ချောင်ကုန်သည်အဖွဲ့သားများကို တစ်ချက်ကြည့်လိုက်ပြီး ထို့နောက် ပြောသည်။

“ကောင်းပြီ၊ ဘယ်သူမှ စိန်မခေါ်တော့ဘူးဆိုရင် ကျုပ် သုံးအထိ ရေတွက်ပါမယ်။ အဆုံးထိ ဘယ်သူမှ စိန်‌မခေါ်ခဲ့ရင် အနိုင်ရရှိသူက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချန်ကျိုစစ် ဖြစ်ပါလိမ့်မယ်!”

ရေတွက်မှု စတင်လေပြီ။

“သုံး!”

“နှစ်!”

“တစ်!”

“ဒီနေ့ပြိုင်ပွဲရဲ့ အနိုင်ရရှိသူကတော့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချန်ကျိုစစ် ဖြစ်ပါတယ်!”

ခေါင်းဆောင်ဟောင်း စွင်းပုအာသည် အသံဩဇာပြည့်ဝစွာဖြင့် ကြေညာလိုက်၏။

နောက်တဒင်္ဂ၌ ငါးဖမ်းကုန်သည်အဖွဲ့ဘက်ခြမ်းမှ ပျော်ရွှင်စွာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့သည်။

“အား! ငါတို့နိုင်ပြီ ငါတို့နိုင်ပြီ!”

အားလုံးသည် ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။ ယခုတွင် သူတို့၏ ငါးဖမ်းကုန်သည်အဖွဲ့သည် ရှန်းထောင်မြို့ကို ဩဇာလွှမ်းမိုးသည့် ကုန်သည်အဖွဲ့ ဖြစ်လာမည်ဖြစ်ရာ လက်ဆုပ်လက်ကိုင် ပြနိုင်သော အကျိုးအမြတ်များစွာကို သယ်ဆောင်လာပေတော့မည်။

All Chapters