အကြီးအကဲများ၏ နှစ်ခြိုက်ခံရ၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၃
Vol. 12 Ch. 158
ဤအောင်ပွဲကြောင့် ငါးဖမ်းကုန်သည်အဖွဲ့မှ ညီနောင်ငယ်များ၏ဝင်ငွေသည် ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ချေရှိသည်ဟု ခန့်မှန်းမိသည်။
မြို့တစ်မြို့ကို ဦးဆောင်ရခြင်း၏အကျိုးရလဒ်အဖြစ် စီမံခန့်ခွဲမှုသည်လည်း ပိုမိုတိုးတက်လာလိမ့်မည်ပင်။
ကုန်သည်အဖွဲ့ညီနောင်များသည် ပျော်ရွှင်မြူးထူးစွာသော ကြွေးကြော်သံများနှင့် အားပေးခုန်ပေါက်ရင်း စိတ်လှုပ်ရှားပျော်ရွှင်လျက် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကြနေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချောင်ကုန်သည်အဖွဲ့သားများသည်တော့ စိတ်ပျက်လက်ပျက်နှင့် ခေါင်းငိုက်စိုက်ကျနေကြပြီး မျက်နှာများညှိုးငယ်နေကြသည်။
ထိုစဉ် ယွီမိသားစု၏အိမ်တော်ထိန်းသည် ချန်ကျဲ့အား မုန်းတီးစွာကြည့်နေခဲ့သည်။ သူ၏စိတ်နှလုံးမှာ ဒေါသမီးများ တောက်လောင်နေ၏။
“ချန်ကျိုစစ်၊ မင်းက ငါတို့ရဲ့သခင်ကြီးယွီကို သတ်ရဲတယ်ပေါ့လေ၊ ဒီကိစ္စကို ဒီတိုင်း မထားလိုက်နိုင်ဘူး!”
သူ၏မျက်လုံးအစုံမှာ ပြင်းထန်လွန်းလှစွာသော အမုန်တရားများဖြင့် ပြည့်လျှံနေသည်။
သို့သော် ထိုအချိန်၌ အိမ်တော်ထိန်းသည် လူအုပ်ကြားထဲ မထင်မရှားရှိနေသဖြင့် မည်သူမျှ သတိမထားမိခဲ့ကြပေ။
ထို့နောက် စွင်းပုအာမှ ပြောသည်။
“ချန်ကျိုစစ် အခုအချိန်ကစပြီး ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရာထူးကို ကိုယ်စားပြုတဲ့ ဒီအလံကို ကိုင်ဆောင်နိုင်ပါပြီ”
ထိုအခါ ချန်ကျဲ့မှ ရုတ်တရက် ပြောလာ၏။
“ခဏလေးပါ!”
အားလုံးသည် ချန်ကျဲ့ကို အားအံ့အားသင့်စွာ ကြည့်လာကြကာ ချန်ကျဲ့ ပြောမည့်စကားကို အာရုံစိုက်နားစွင့်နေကြသည်။ ထို့နောက် ချန်ကျဲ့မှ ပြောသည်။
“လူကြီးမင်းတို့၊ ကျွန်တော် ဒီတစ်ကြိမ်မှာ ပြိုင်ပွဲစင်ပေါ် ရောက်လာခဲ့ရတာက ဖိအားပေးမှုကြောင့်ပါ။ ဒါက ကျွန်တော် ထင်ရာစိုင်းပြီး အရဲစွန့်လုပ်မိခဲ့ရုံပါပဲ။ ကျွန်တော့်ရဲ့ ဒီအောင်နိုင်မှုက ဦးစီးမှူးဝူရဲ့ ပြုစုပျိုးထောင်မှု၊ သင်္ဘောခေါင်းဆောင်၂ ညီနောင်လီရဲ့ လမ်းညွှန်မှုနဲ့ ငါးဖမ်းကုန်သည်အဖွဲ့က ညီနောင်တွေရဲ့ အားပေးမှုတွေကြောင့် ရရှိခဲ့တာလို့ မှတ်ယူခံစားမိပါတယ်”
“ဒါကြောင့် ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရာထူးကို ကိုယ်စားပြုတဲ့ ဒီအလံကို ကိုင်ဆောင်သင့်တဲ့သူက ကျွန်တော်မဟုတ်ဘဲ ဦးစီးမှုးဝူပါပဲ!”
“သူက ကျွန်တော်တို့ ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးဖြစ်ပြီးတော့ ကျွန်တော်အပါအဝင် ငါးဖမ်းကုန်သည်အဖွဲ့သားအားလုံးကို ကိုယ်စားပြုတဲ့သူ ဖြစ်ပါတယ်။ ဒီအောင်နိုင်မှုဂုဏ်သရေက အားလုံးနဲ့ သက်ဆိုင်သင့်ပါတယ်”
ချန်ကျဲ့သည် စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် အစပိုင်းတွင် တွန့်ဆုတ်နေခဲ့သော်ငြား ထို့နောက်တွင်မူ သူတို့၏နှလုံးသားထဲတွင် နွေထွေးမှုတစ်မျိုးကို ခံစားလိုက်ကြရသည်။
ချန်ကျိုစစ်ကို ကြည့်ပါလေ၊ သူသည် ရေသောက်တဲ့အခါတွင် ရေတွင်းတူးပေးခဲ့သူကို မမေ့လျော့ချေ။ ဤသို့အချိန်မျိုးတွင် သူ့အနား ရှိနေပေးခဲ့သူများကို ကျေးဇူးတင်ကြောင်း ဖော်ပြနေပေသည်။
သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းသည် မျက်ရည်ကျမတတ် ခံစားသွားရသည်။ ချန်ကျဲ့သည် အောင်ပွဲရရှိပြီးနောက်တွင်လည်း သူ၏အမည်ကို ထည့်သွင်းပြောလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ထိုစဉ် ဝူကျုံးသည်လည်း အံ့ဩသွားခဲ့၏။ သို့သော် ချန်ကျဲ့၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။
ချန်ကျဲ့သည် အောင်နိုင်မှုအတွက် ဂုဏ်ပုဒ်အလုံးစုံကို သူ့အား ပေးအပ်ခဲ့သည်။ ဝူကျုံးသည် မြူခိုးထုနယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် မိမိဘာသာ ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ရွာအကြီးအကဲရာထူးပြိုင်ပွဲကို လက်လွှတ်ရလုနီးပါးအထိ ဖြစ်ခဲ့ရသည်။
ဖန်းရှစ်ကျုံးသည် သမားတော်ကြီးပိုင်အပေါ် လေးစားမှုထားရှိရမည်ဖြစ်ရာ ဝူကျုံးကို ပြင်းပြင်းထန်ထန် အပြစ်မဆိုနိုင်ပေ။ သို့သော် လက်အောက်ငယ်သားများထဲတွင် မကျေနပ်မှုကို မျိုသိပ်ထိန်းချုပ်ထားသူများ သေချာပေါက် ရှိနေလိမ့်မည်ဖြစ်သည်။
သို့ရာတွင် ချန်ကျဲ့မှ အောင်နိုင်မှုအတွက် ဂုဏ်ပုဒ်ကို ရယူရန် လက်လျှော့လိုက်ခြင်းကြောင့် ထိုလူများမှာ နှုတ်ပိတ်သွားရပေလိမ့်မည်။ အနည်းဆုံးတော့ သူ၏ အကျိုးဆောင်မှုနှင့် အပြစ်တို့သည် တစ်ခုနှင့်တစ်ခု ချေဖျက်ပြီး ဖြစ်သွားမည်ဖြစ်၏။
ထိုသို့တွေးတောလိုက်ပြီးနောက် ဝူကျုံးသည် စိတ်ခံစားချက်များ ပြည့်လျှံလာရသောကြောင့် မည်သို့စကားမျိုး ပြောသင့်သည်ကိုပင် မသိတော့ချေ။
ထိုအချိန်တွင် ချန်ကျဲ့သည် ဝူကျုံးအား လက်ဟန်ပြလိုက်သည်။ ဝူကျုံးသည် ခဏမျှ တုံ့ဆိုင်းနေခဲ့သော်ငြား ထို့နောက်တွင် စင်ပေါ်သို့ တက်သွားခဲ့သည်။
“ကျိုစစ်၊ ဒါက မင်းရဲ့ အောင်ပွဲဖြစ်သင့်တာလေ”
ချန်ကျဲ့ ပြုံးလိုက်သည်။
“ဦးလေးကျုံး၊ ကျွန်တော်တို့က မိသားစုတွေပဲလေ၊ အဲဒီလိုစကားတွေ ပြောဖို့မလိုပါဘူး။ မြန်မြန်လေး အလံကို ကိုင်မြှောက်လိုက်ပါတော့”
ထိုအခါ ဝူကျုံးသည် ချန်ကျဲ့၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“အတူတူ လုပ်ရအောင်!”
ကျိုစစ်သည် ဝူကျုံး၏စကားကို မငြင်းပယ်နိုင်ေပ။ သို့ဖြင့် ရွာအကြီးအကဲဟူသော စာလုံးများ ပန်းထိုးထားသော အလံကို နှစ်ယောက်အတူတူ ကိုင်လိုက်ကြပြီး အတူတကွ ပင့်မြှောက်လိုက်သည်။
ထို့နောက်တွင် ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ ကြွေးကြော်သံများ ပဲ့တင့်ထပ်လာခဲ့၏။
“ကျိုစစ် ကျိုစစ် ကျိုစစ်!”
ထိုအခိုက်အတန့်တွင် သူတို့သည် ချန်ကျိုစစ်၏အမည်ကို အော်ဟစ်နေခဲ့ကြသည်။ ချန်ကျဲ့၏ အခွင့်အရေးကို လက်လျှော့ပေးခဲ့သည့် အပြုအမူကြောင့် သူတို့သည် စိတ်လှုပ်ရှားသွားခဲ့ကြကာ ချန်ကျဲ့အား ထောက်အားပေးခံမှုသည် ပိုမိုခိုင်မာလာခဲ့သည်။
ကုချင်းဖုန်းသည် ထိုမြင်ကွင်းကို မျက်လုံးအိမ်တို့်မှေးကျုံးလျက် စောင့်ကြည့်နေခဲ့သည်။ သူ၏အကြည့်များတွင် အေးစက်သည့်အငွေ့အသက်များ ထင်ဟပ်နေပေသည်။
အဲဒီကောင်လေးက အန္တရာယ်ရှိတဲ့ကောင်ပဲ။ အဲဒီကောင်လေးက တိုက်ခိုက်သတ်ဖြတ်ဖို့ပဲ သိနားလည်ပြီး တခြားဘာမှ မသိဘူးဆိုရင် ကိစ္စမရှိသေးဘူး။ ဒါပေမဲ့ ဒီကောင်လေးက လူတွေရဲ့စိတ်ကို ဘယ်လိုသိမ်းပိုက်ရမယ်ဆိုတာ ကောင်းကောင်းသိနေတယ်။ အဲဒီလိုလူမျိုးက အန္တရာယ်အများဆုံးပဲ။
ဖန်းရှစ်ကျုံး၏အမြင်၌မူ
ချန်ကျဲ့သည် အခြေအနေကို ကောင်းစွာ သိနားလည်သူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာဖြစ်သော ဆက်ဆံရေးများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူဖြစ်သည်။
ချန်ကျဲ့သည် တိုက်ခိုက်နိုင်စွမ်းရှိသည့် သာမန် အရည်အချင်းရှိသူတစ်ဦးမျှသာ ဖြစ်ပါက တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ်သာ ပြုစုပျိုးထောင်နိုင်ခဲ့လိမ့်မည်။ သို့သော် သူသည် တိုက်ခိုက်နိုင်ရုံမျှမက လူတို့၏စိတ်နှလုံးကို သိမ်းပိုက်နိုင်ပြီး လူ့လောကကြီးအကြောင်း နားလည်သူဖြစ်ပါလျှင် စီမံအုပ်ချုပ်ရေးအထိ ပျိုးထောင်နိုင်စွမ်းရှိကာ အုပ်ချုပ်မှုခေါင်းဆောင်ပိုင်းတွင်လည်း အောင်မြင်သူတစ်ဦး ဖြစ်လာနိုင်ပေမည်။
ထိုသို့တွေးတောရင်းဖြင့် ဖန်းရှစ်ကျုံး၏ ပါရမီရှိသူများကို ပျိုးထောင်ပေးလိုသော စိတ်ဆန္ဒများမှာ ပိုမိုပြင်းထန်လာခဲ့သည်။
ထိုစဉ် ဖန်းရှစ်ကျုံးသည် ကုချင်းဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“လောင်ကု!”
“အင်း?”
ကုချင်းဖုန်းသည်လည်း ဖန်းရှစ်ကျုံးကို ပြန်လှည့်ကြည့်လာရာ အကြည့်ချင်းဆုံသွား၏။ ထို့နောက် ဖန်းရှစ်ကျုံးမှ ပြောသည်။
“ပျိုးပင်တစ်ပင်က ကြီးထွားလာဖို့မလွယ်ကူးဘူး။
ငါတို့လို အသက်ကြီးတဲ့သူတွေက ဆွဲနှုတ်တဲ့သူလည်း မဖြစ်သင့်ဘူး”
ထိုစကားကို ကြားလိုက်သည်တွင် ကုချင်းဖုန်းသည် ‘ဟွန်း’ကနဲသရော်သံပြု၍ ပြောသည်။
“ခင်ဗျား စိတ်ဝင်စားလို့လား”
ဖန်းရှစ်ကျုံးက ပြန်ပြောသည်။
“အင်း ငါ သူ့ကို သားအဖြစ် မွေးစားမလားလို့”
“အဲဒါက ကြီးမားတဲ့လုပ်ဆောင်မှုကြီးပဲ၊ ခင်ဗျား သူ့ကို နည်းနည်းလောက်ထပ်ပြီး စောင့်မကြည့်တော့ဘူးလား။ ခင်ဗျားရဲ့ တခြားမွေးစားသားတွေကရော မကန့်ကွက်ကြဘူးလား”
ဖန်းရှစ်ကျုံးက ပြောသည်။
“ငါ သားတစ်ယောက်မွေးစားတာကို သူတို့မှာ ဘာများ လက်မခံစရာအကြောင်းရှိမှာတဲ့လဲ”
ထိုအခါ ကုချင်းဖုန်းသည် အသာအယာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ကြည့်ရတာ ခင်ဗျား ဆုံးဖြတ်ချက်ချပြီးပြီထင်တယ်”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ဒီတော့ လောင်ကု၊ ခင်ဗျား သူ့ကို အာရုံမထားနဲ့တော့။ မဟုတ်ရင် ငါ့တို့ဆက်ဆံရေးက တကယ်ပဲ ပြတ်တောက်သွားလိမ့်မယ်”
ကုချင်းဖုန်းမှ ရယ်မောလိုက်ပြီး ပြောသည်။
“စိတ်မပူပါနဲ့၊ လူငယ်လေးတစ်ယောက်နဲ့ ဖက်ပြိုင်နေရလောက်အောင်အထိ ငါက သဘောထားသေးသိမ်တဲ့လူမဟုတ်ပါဘူး။ ပြီးတော့ ပြိုင်ပွဲမှာ ရှုံးတာကရှုံးတာပဲ၊ ဘာမှ ပြဿနာမဟုတ်ဘူး။ ချောင်ကုန်သည်အဖွဲ့က အရှုံးကို လက်ခံနိုင်ပါတယ်”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ဒါဆိုရင်တော့ ညီနောင်ကုကို ကျေးဇူးတင်ပါတယ်ဗျာ”
ကုချင်းဖုန်းက ပြောသည်။
“အင်း…တခြားကိစ္စမရှိတော့ဘူးဆိုရင် ငါသွားတော့မယ်။ ကုန်သည်အဖွဲ့မှာ ဖြေရှင်းစရာလေးတွေ ရှိနေသေးလို့”
ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။
“ဂရုစိုက်ပါ”
ကုချင်းဖုန်း ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဖုန်းရွှမ်မှ ရှေ့တိုးလာပြီး ပြောသည်။
“မွေးစားအဖေ၊ ကုချင်းဖုန်းက ညီလေးကို မတိုက်ခိုက်လောက်ပါဘူးနော်”
“ညီလေး?”
ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်အား အံ့အားသင်စွာ ကြည့်လိုက်သည်။ ဖုန်းရွှမ်မှ ဆက်ပြောသည်။
“မွေးစားအဖေ သဘောကျနေပြီဆိုမှတော့ ချန်ကျိုစစ်က အလိုလိုပဲ ညီလေးဖြစ်သွားပြီပေါ့”
ဘေးတွင်ရှိနေသော ကျန်းချွမ်သည် ဖုန်းရွှမ်အား အထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ပြောသည်။
“ဟုတ်ပါတယ် မွေးစားအဖေ”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ဟုတ်တယ်၊ ငါစိတ်ဝင်စားနေတာ မှန်ပေမဲ့ အဲဒီကလေးဘက်က ဘယ်လိုတွေးလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်”
“ကုချင်းဖုန်းအတွက်ကိုတော့ စိတ်မပူပါနဲ့။ စည်းမျဉ်းတွေရှိနေတာဖြစ်လို့ သူ အဲဒီစည်းမျဉ်းတွေကို မဆင်မခြင် မချိုးဖောက်ရဲပါဘူး”
ထိုသို့ပြောပြီးနောက် ဖန်းရှစ်ကျုံးသည် ကျန်းချွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“ဒါနဲ့ ရှန်းထောင်မြို့ ရွာအကြီးအကဲရာထူးက မမျှော်လင့်ဘဲ ငါတို့လက်ထဲပြန်ရောက်လာတာ တကယ့်ကို အံ့အားသင့်စေတဲ့ အကျိုးအမြတ်တစ်ခုပဲ။ ဒါပေမဲ့ တစ်ချို့လူတွေကိုတော့ ကိုင်တွယ်ဖြေရှင်းဖို့ လိုသေးတယ်။ သားငယ်၂၊ မင်း မြန်မြန်လှုပ်ရှားရလိမ့်မယ်”
ထိုအခါ ကျန်းချွမ်သည် ချက်ချင်း အရိုအသေပေးလိုက်ပြီး ပြောသည်။
“မွေးစားအဖေ စိတ်ချပါ၊ သစ္စာဖောက်ကို ဖမ်းမိထားပြီး မနက်ဖြန်မနက်မှာ ရှန်းထောင်မြို့ကို ခေါ်ဆောင်လာမယ်လို့ အခုလေးတင် သတင်းရထားပါတယ်”