← Chapters

အကြီးအကဲများ၏ နှစ်ခြိုက်မှု၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၄

Vol. 12 Ch. 159

အကြီးအကဲများ၏ နှစ်ခြိုက်မှု၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၄

Vol. 12 Ch. 159

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အင်း မင်းဒီကိစ္စကို ကောင်းကောင်းလုပ်ဆောင်ခဲ့တာပဲ။ အားလုံးကို အသိပေးလိုက်၊ မနက်ဖြန်ကျရင် သစ္စာဖောက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ငါးဖမ်းကုန်သည်အဖွဲ့မှာ ပူဇော်ခန်းမ ခင်းကျင်းစီစဉ်မယ်လို့!”

“ဟုတ်ကဲ့!”

ထိုအခါ ကျန်းချွမ်မှ ရုတ်ချည်း ပြန်လည်တုံ့ပြန်သည်။

ပြိုင်ပွဲကွင်းအတွင်း ဆူညံပွက်လောရိုက်နေသံများမှာ ငြိမ်သက်သွားခဲ့လေပြီ။ ထို့နောက် ဆက်လက်လုပ်ဆောင်ကြသည့်အရာတို့မှာ အတော်လေး ရိုးစင်းလှပေသည်။

ငါးဖမ်းကုန်သည်အဖွဲ့သည် ရှန်းထောင်မြို့ အလယ်ဗဟိုရှိ ရွာအကြီးအကဲအိုးအိမ်သို့ ရွှေ့ပြောင်းခဲ့သည်။ ထို့နောက် ဒီနေ့ဒီအချိန်မှ စတင်၍ မြို့၏ကုန်သည်များသည် ကာကွယ်စောင့်ရှောက်မှုအဖိုးအခကို ရွာအကြီးအကဲအိုးအိမ်သို့ ပေးအပ်ရသည်။ ၎င်းအခကြေးငွေ၏ သုံးဆယ်ရာခိုင်နှုန်းကို ညီနောင်ကုန်သည်အဖွဲ့အဖြစ် ချောင်ကုန်သည်အဖွဲ့ကို လွှဲပြောင်းပေးရသည်။

ကျန်ရှိသည့်အကြောင်းကိစ္စအလုံးစုံကိုမူ ငါးဖမ်းကုန်သည်အဖွဲ့မှ ယုံကြည်စိတ်ချမှုဖြင့် စီမံခန့်ခွဲသည်။

ထို့ပြင် ရှန်းထောင်မြို့၌ ဆားနယ်မြေလေး တစ်ကွက်တည်ရှိ၏။ ၎င်းသည်လည်း ယခုအချိန်မှစ၍ ငါးဖမ်းကုန်သည်အဖွဲ့၏ တာဝန်ယူရမည့်အပိုင်း ဖြစ်သွားခဲ့ပြီး အနည်းဆုံးသော်မှ မြို့တွင်းဆားသုံးစွဲမှု၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ကို ငါးဖမ်းကုန်သည်အဖွဲ့၏ ၎င်းဆားနယ်မြေမှ ဝယ်ယူရပေလိမ့်မည်။

၎င်းသည် ကြောက်ခမန်းလိလိသော ဝင်ငွေကို ကိုယ်စားပြုနေခြင်းပင် မဟုတ်ပါလော။

၎င်းသည် ရွာအကြီးအကဲရာထူးကို ရယူနိုင်ခြင်း၏ အဓိက အကျိုးအမြတ်ဖြစ်ပေသည်။

ထို့ပြင် ရှန်းထောင်မြို့၌ ရှန်းထောင်ကူးတို့ဟု အမည်ရသည့် ကူးတို့သင်္ဘောတစ်ခုလည်း ရှိသည်။

၎င်းကူးတို့သင်္ဘောသည် နှစ်စဉ်နှစ်တိုင်း အလွန်များပြားသည့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်သည်။ ယေဘုယျအားဖြင့် ထိုကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်သည့် လှေသင်္ဘောများကို ချောင်ကုန်သည်အဖွဲ့မှ ပိုင်ဆိုင်ခြင်းဖြစ်သော်ငြား ဆိပ်ကမ်းစီမံခန့်ခွဲခွင့်သည် ရွာအကြီးအကဲ၏ လက်အောက်တွင်ရှိ၏။

ဆိုလိုသည်မှာ ချောင်ကုန်သည်အနေဖြင့် သူတို့၏ကိုယ်ပိုင် အကျိုးအမြတ်များထဲမှ တစ်စိတ်တစ်ပိုင်းကို ငါးဖမ်းကုန်သည်အဖွဲ့ကို ထုတ်ပေးရမည်ဟူ၍ ဖြစ်သည်။

၎င်းမှ ရရှိနိုင်သည့် အကျိုးအမြတ်များကို စိတ်ကူးမှန်းဆကြည့်နိုင်ပါ၏။

ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ နှစ်ဖွဲ့စလုံးသည် အဖွဲ့သားတစ်ထောင်ကျော်ရှိသည့် ကြီးမားသည့် ကုန်သည်အဖွဲ့ကြီးများ ဖြစ်ကြသည်။

ထိုမျှ ကြီးမားသည့် ကုန်သည်အဖွဲ့များကို စီမံခန့်ခွဲခြင်းအတွက် ငွေကြေးပမာဏ အမြောက်အများလည်း လိုအပ်၏။

ထို့ကြောင့် ကုန်သည်အဖွဲ့အတွက် အထောက်အပံ့ဖြစ်နိုင်မည့် သိသာထင်ရှားသည့် အကျိုးအမြတ်များကို လိုအပ်သည်။ ကုန်သည်များထံမှ မဖြစ်စလောက်သော ကာကွယ်စောင့်ရှောက်မှု အခကြေးငွေလေးဖြင့် မလုံလောက်ချေ။

သို့ဖြစ်ရာ ဤကုန်သည်အဖွဲ့ကြီးနှစ်ဖွဲ့သည် ဤနှစ်များအတွင်း တရားရုံးတော်နှင့် မဟာာမိတ်အဖြစ် ကတိကဝတ်ပြုပြီးနောက်၌

တရားရုံးတော်သည် ကုန်သည်အဖွဲ့ကြီးများကို အထူးအခွင့်အရေးများဖြစ်သည့် လောင်းကစားရုံများနှင့် ပြည့်တန်ဆာအိမ်များ ဖွင့်လှစ်ခြင်း၊ ငွေတိုးချေးခြင်းကဲ့သို့သော လုပ်ငန်းများကို ခွင့်ပြုပေးခဲ့သည်။

၎င်းလုပ်ငန်းများသည် ဤခေတ်အခါ၏ အရိပ်လုပ်ငန်းများ ဖြစ်ကြသည်။

ထို့ပြင် ကုန်သည်အဖွဲ့များသည် နောက်ကွယ်တွင် တရားမဝင်လုပ်ငန်းများတွင်လည်း ပါဝင်ပတ်သက်မှုရှိကြ၏။

ယခင်က ပြောခဲ့ဖူးသည့်အတိုင်းပင် သာ့ချန်တိုင်းပြည်ကြီးသည် မြေပြန့်လွင်ပြင်ဒေသကို ကျူးကျော်ဝင်ရောက်လာသည့် တိုင်းတစ်ပါးသား မျိုးနွယ်စုများမှ တည်ထောင်ထားသော တိုင်းပြည်ဖြစ်သည်; ထို့ကြောင့် မုလန်လူမျိုးများသည် ဟန့်လူမျိုးများကို မယုံကြည်ကြပေ။ ဟန့်လူမျိုးများကို ကန့်သတ်ထိန်းချုပ်ရန်အတွက် များပြားလှ‌သော စနစ်‌ပုံစံများကို ချမှတ်ထားရှိလေသည်။

ဥပမာဆိုရသော် ယခင်က အဆင့်အတန်း၄ခု ခွဲခြားသည့်စနစ်ကို ဖော်ပြခဲ့ဖူးသည်။

ဖော်ပြခဲ့ဖူးသည့်အတိုင်းပင် ဟန့်လူမျိုးများသည် အမည်နာမအစား ကိန်းဂဏန်းများကိုသာ အသုံးပြု၍ နာမည်သတ်မှတ်နိုင်သည်။

နောက်ထပ် ဥပမာဆိုရသော် ဟန့်လူမျိုးများအပေါ် ချမှတ်ထားရှိသည့် သံထည်ပစ္စည်းများ အသုံးပြုမှုကန့်သတ်ချက် ဖြစ်သည်။

စည်းမျဉ်းအမိန့်များ အတင်းကျပ်ဆုံးဖြစ်ခဲ့သော အစောပိုင်းကာလများ၌ အိမ်ထောင်စုပေါင်း ဒါဇင်ကျော် နေထိုင်သည့် ရွာတစ်ရွာလုံးတွင်မှ မီးဖိုချောင်သုံး သံထည်ဓားတစ်လက်သာ ပိုင်ဆိုင်ခွင့်ရှိခဲ့လေသည်။

ထိုဓားတစ်လက်အား ဟန့်လူမျိုးများ ရေဆွဲသည့် ရေတွင်းတွင် ချည်နှောင်ထားရပြီး ထိုဓား ပျောက်ဆုံးသွားခြင်း မဖြစ်စေရန် တာဝန်ရှိသူတစ်ယောက်မှ ရက်အနည်းငယ်လျှင်တစ်ကြိမ် လာရောက်စစ်ဆေးသည်။

ခြုံငုံလိုက်သော် မီးဖိုချောင်သုံးဓားသည်လည်း သံထည်ပစ္စည်းတစ်ခုဖြစ်ပြီး သံထည်ဖြင့် ပြုလုပ်ထားရှိသော အရာရာတိုင်းသည် လက်နက်တစ်ခုဖြစ်လာရန် အလားအလာရှိသည်ပင်။

ဟန့်လူမျိုးများ လက်နက်ပိုင်ဆိုင်သွားပါက ပုန်ကန်ကြလိမ့်မည်။

ထို့ကြောင့် သာ့ချန်ပြည်ကြီးသည် သံထည်သုံးစွဲမှုကန့်သတ်ချက် အမိန့်ပြန်တမ်းကို အမြဲ ပြဌာန်းထားရှိ‌ပေသည်။

သို့သော်ငြား ထိုကဲ့သို့သော အမိန့်တော်များသည် တိုင်းပြည်ထိန်းချုပ်မှု အင်အားလျော့နည်းလာသည်နှင့်အမျှ အားနည်းလျော့ရဲလာခဲ့သည်။ စီမံခန့်ခွဲမှုသည် အလွန်တရာ စည်းကျပ်မှု လျော့ရဲလာခဲ့ကာ အမည်ခံသာ ကျန်ရစ်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။

တစ်ချိန်က တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့သော အရာများသည် နောက်ဆုံးတွင်တော့ တစ်စိတ်တစ်ဒေသ လိုက်လျောခွင့်ပြုထားသည့် အခြေအနေသို့‌ ရောက်ရှိလာခဲ့သည်။ ကိန်းဂဏန်းများမဟုတ်သည့် အမည်နာမများကိုလည်း အသုံးပြုလာနိုင်ခဲ့ကြသည်။

သံထည်သုံးစွဲမှုသည်လည်း အတူတူပင်– ယခုကာလ၌ သာမန်မိသားစုများတွင် မီးဖိုချောင်သုံးဓားများ ပိုင်ဆိုင်ထားရှိနိုင်ကာ ထိုဓားပိုင်ဆိုင်မှု အကြောင်းရင်းဖြင့် တရားရုံးတော်သည် ထိုအိမ်ထောင်စုကို ပုန်ကန်ရန်ကြံစည်မှုဖြင့် စွပ်စွဲစီရင်တော့မည် မဟုတ်ပေ။

သို့သော်ငြား သံကြွပ်၊ သံသတ္တုမာ၊ သံသတ္တုရိုင်းများ အပါအဝင် သံထည်ပစ္စည်းများအား အရေအတွက် အများအပြား ရောင်းချခြင်းကိုမူ လုံးလုံးလျားလျား တားမြစ်ထား၏။

အဘယ်ကြောင့်ဆိုသော် ပမာဏများပါက ၎င်းသည် သူပုန်အင်အားစုများကို လက်နက်ထောက်ပံ့မှုဖြစ်နိုင်သည့် အလားအလာရှိသောကြောင့် ဖြစ်သည်။

သို့သော် အတိအကျဆိုရသော် တရားရုံးမှ တားမြစ်ထားသောကြောင့်သာ တိုင်းပြည်ဖရိုဖရဲဖြစ်နေသည့် အချိန်ကာလများတွင် မိမိ၏နေအိမ်ကို ကာကွယ်ရန်အတွက်ဖြစ်စေ၊ တော်လှန်ပုန်ကန်ခြင်းအတွက်ဖြစ်စေ သံထည်ပစ္စည်းများ လက်ဝယ်ရှိမနေဘဲ ဘာမှမလုပ်နိုင်ခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် သံထည်ဈေးနှုန်းသည် အလွန်တရာ ဖောင်းပွနေခဲ့သည်။

ထို့ပြင် ကြီးမားလွန်းလှသည့် အကျိုးအမြတ်ရှိနေသ၍ အန္တရာယ်ကို စွန့်စားလိုသူများ ရှိစမြဲဖြစ်သည် မဟုတ်ပါလော။ ဥပမာ ကုန်သည်အဖွဲ့များဖြစ်သည်။

ပနံသင့်လှစွာပင် မျန့်ရွှေစီရင်စု၌ သံသတ္တုရိုင်းတွင်းနှစ်ခု ရှိနေခဲ့ပြီး ၎င်းတို့သည် လက်ရှိတွင် ကုန်သည်အဖွဲ့နှစ်ခု၏ လက်အောက်၌ ရှိနေပေသည်။

ဤသည်မှာ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့၏ အဓိက အချက်အချာကျသော အကျိုးအမြတ်ဖြစ်၏။

စင်စစ်သော ငွေကြေးဖန်တီးပေးသည့် စီးပွားရေးလုပ်ငန်းများသည် ဤသို့ဖြစ်သည်။ ငါးဖမ်းလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာမူ အခြေခံကျသော လိုအပ်ချက်မျှသာ ဖြစ်ပြီး အမှန်စင်စစ်သော ကြွယ်ဝချမ်းသာမှုသည်တော့ ၎င်းတရားမဝင်လုပ်ငန်းများတွင် တည်ရှိပေသည်။

ရှန်းထောင်မြို့တွင် သတ္တုတွင်းများ မရှိသော်ငြား ဆားနယ်မြေရှိသည်။ ၎င်းသည် လူဦးရေ‌တစ်သောင်းခန့်နီးပါး၏ ဆားသုံးစွဲမှုကို စီမံခန့်ခွဲရာ၌ အရေးပါသည်။

ပြိုင်ပွဲစင်ပေါ်ရှိ ချန်ကျဲ့သည် ရွာအကြီးအကဲရာထူးကိုသာ အနိုင်ရရှိခဲ့သည်ဟု ထင်ရသော်ငြား နောက်ကွယ်တွင်တော့ အလွန်တရာ များပြားလှသည့် အကျိုးအမြတ်များ တည်ရှိနေပေသည်။ ၎င်းတို့သည် ကုန်သည်အဖွဲ့တစ်ခုအနေဖြင့် မလွဲမသွေ အာရုံစိုက်ရသည့်အရာများလည်း ဖြစ်ပေသည်။

ရှန်းထောင်မြို့သည် ကနဦးက ကျားဖြူခန်းမ၏ စီရင်ပိုင်ခွင့်လက်အောက်၌ ရှိနေခြင်းဖြစ်ရာ ဖန်းရှစ်ကျုံးသည် ရှုံးနိမ့်မှုအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ချန်ကျဲ့မှ အနိုင်ရယူခဲ့၏။

ဖန်းရှစ်ကျုံးမှာ ထိုလုပ်ငန်းများကို ထိန်းသိမ်းထားနိုင်သည့်အတွက် အဘယ်သို့များ မကျေနပ်ဘဲ နေနိုင်ပါအံ့နည်း။

ငါးဖမ်းကုန်သည်အဖွဲ့သားများသည် သူရဲကောင်းတစ်ဦးကို ဝန်းရံနေသည့်အလား ချန်ကျဲ့အနီးတွင် စုဝေးကြလျက် ရှန်းထောင်မြို့၏ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သည့် ရှန်းထောင်စားသောက်ဆိုင်သို့ ရှေ့ဆက်သွားကြသည်။

စားသောက်ဆိုင်ပိုင်ရှင်သည် အရာအားလုံး အသင့်ပြင်ဆင်ထားရှိ၏။

မည်သည့် ကြီးကျယ်လှစွာသော ပြိုင်ပွဲကြီးများဖြစ်စေ ဤစားသောက်ဆိုင်တွင် မလွဲမသွေ စားသောက်ပွဲကြီး ကျင်းပကြလိမ့်မည်ဖြစ်၏။

ဤအစီအစဉ်သည် မည်သည့်ဘက်မှ ရှုံးနိမ့်၍ မည်သည့်ဘက်မှ အနိုင်ရရှိသည်ဖြစ်စေ မပြောင်းလဲနိုင်ပေ။

ငါးဖမ်းကုန်သည်အဖွဲ့မှ အနိုင်ရရှိပါက သူတို့ဘက်မှ စားသောက်ပွဲကြီး ကျင်းပကြလိမ့်မည်။ ချောင်ကုန်သည်အဖွဲ့မှ အနိုင်ရရှိပါကလည်း ထို့နည်းတူပင် ဖြစ်၏။

မည်သို့ဖြစ်စေ ရှန်းထောင်စားသောက်ဆိုင်ပိုင်ရှင်သည် အကျိုးအမြတ်ရရှိလိမ့်မည်ပင်။

ယနေ့တွင် စားသောက်ဆိုင်၏ အဓိက စားပွဲဝိုင်းတွင် ဖန်းရှစ်ကျုံးသည် သူ၏မွေးစားသားနှစ်ယောက်ဖြစ်သော ဖုန်းရွှမ်၊ ကျန်းချွမ်တို့အပြင်၊ သမားတော်ပိုင်၊ ဝူကျုံးတို့နှင့်အတူ နေရာယူထားသည်။

ချန်ကျဲ့သည်လည်း ဒီနေ့အောင်နိုင်မှုကြောင့် ချွင်းချက်အနေဖြင့် အဓိက စားပွဲဝိုင်းသို့ ဖိတ်ခေါ်ခံခဲ့ရသည်။

စားသောက်ပွဲကြီး၌ ဖန်းရှစ်ကျုံးသည် သေရည်ခွက်ကို ပင့်မြှောက်လျက် ချန်ကျဲ့ကို အသိအမှတ်ပြုစကားများဖြင့် ချီးမြှောက်သည်။

ချန်ကျဲ့သည် ရှက်ရွံ့နေသည့်အလား ဟန်အမူအရာဖြင့် အကြိမ်ကြိမ်အခါခါ ငြင်းဆန်လျက် အောင်နိုင်မှုဂုဏ်ကို အပြည့်အဝ လက်ခံမယူရဲချေ။ သမားတော်ပိုင်၏ လှုံ့ဆော်ပေးမှုအောက်တွင်မှ ဖန်းရှစ်ကျုံး၏ ချီးမြှောက်မှုကို ပြန်လည်တုံ့ပြန်ခဲ့၏။

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်၍ ပြုံးရယ်လိုက်ပြီး ပြောသည်။

“ကျိုစစ် မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ လူငယ်တစ်ယောက်အနေနဲ့ မင်း အခုရောက်နေတဲ့ အတိုင်းအတာအထိ အောင်မြင်နိုင်ဖို့ဆိုတာ ရှားပါးလွန်းပါတယ်။ မင်းက တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ!”

“ချီးမွမ်းစကားအတွက် ခန်းမအရှင်သခင်ကို ကျေးဇူးတင်ပါတယ်”

ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“ကျိုစစ် မင်း ကျားဖြူခန်းမဌာနချုပ်မှာ အလုပ်လုပ်ဖို့ စဉ်းစားကြည့်ဖူးလား”

ထိုအခါ အားလုံး၏အကြည့်များသည် လျင်မြန်လှသည့် အရှိန်နှုန်းဖြင့် ချန်ကျဲ့ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

ဤသည်မှာ ဖန်းရှစ်ကျုံး၏ နောက်ထပ် စမ်းသပ်စစ်ဆေးမှုတစ်ခုပင်။

ချန်ကျဲ့မှ အလျင်စလို သဘောတူခဲ့လျှင် သူသည် မြန်မြန်ဆန်ဆန် အောင်မြင်မှုကို လိုချင်တပ်မက်နေသည်ဟု သဘောသက်ရောက်ပေမည်။

တွန့်ဆုတ်တွေဝေ၍ တုန်လှုပ်နေခဲ့လျှင်မူ မရိုးဖြောင့်သူဟု ထင်မြင်သွားစေနိုင်၏။

ထို့ကြောင့် အားလုံးသည် ချန်ကျဲ့မှ ဤစမ်းသပ်စစ်ဆေးမှုကို မည်သို့မည်ပုံ ကိုင်တွယ်မည်အား သိချင်စိတ်ပြင်းပြစွာဖြင့် စောင့်ကြည့်နေကြသည်။

ချန်ကျဲ့သည်လည်း ဤသည်မှာ သူ့ကို စမ်းသပ်စစ်ဆေးနေခြင်းဖြစ်ကြောင်း နားလည်ပါ၏။

All Chapters