← Chapters

အကြီးအကဲများ၏ နှစ်ခြိုက်မှု၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၅

Vol. 12 Ch. 160

အကြီးအကဲများ၏ နှစ်ခြိုက်မှု၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၅

Vol. 12 Ch. 160

ချန်ကျဲ့သည်လည်း ၎င်းအင်အားအာဏာရှိသူများသည် အဘယ်‌ကြောင့် ထိုသို့ လူကိုစမ်းသပ်စစ်ဆေးရခြင်းအား နှစ်ခြိုက်ကြသည်လဲ နားမလည်နိုင်ပေ။

ဥပမာ သူ၏ အရင်ဘဝတွင်လည်း ထိုသို့ စိတ်ပိုင်းဆိုင်ရာထက်မြက်မှုဉာဏ်ရည်ကို စမ်းသပ်စစ်ဆေးခြင်းများ ရှိခဲ့ပါ၏။ အကြီးအကဲ၅ဦးပါဝင်သည့် အစည်းအဝေးတွင် ရေ၄ဘူးသာ ရှိပါက ဘယ်လိုလုပ်မည်နည်းကဲ့သို့သော မေးခွန်းများဖြစ်၏။

ဘာလုပ်ရမှာတဲ့လဲ။

အေးဆေးပါလေ။ ရေသောက်ချင်တဲ့ ဖားပြုပ်ကောင်ရှိရင် လက်ထောင်‌ပြလိုက်ပေါ့။ လက်ထောင်တဲ့သူက ရေ‌ရမှာပေါ့… (⁠☉⁠。⁠☉⁠)...

သို့သော် သိချင်နေသည်ဆိုတော့လည်း ချန်ကျဲ့သည် ၎င်းကို စိန်ခေါ်မှုတစ်ခုဟု မခံစားရပါချေ။ ထိုသို့ပြဿနာများမှာ တခြားသူအပေါ် လွှဲပေးလိုက်လို့ ရသည်ပင်။

“ဒါက ခန်းမအရှင်သခင် တကယ်တော့ ကျွန်တော် တကယ်ပဲ အရှင့်ကို ကူညီဖို့အတွက် စီရင်စုကို လိုက်ခဲ့ချင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်က ဆရာ့ဆီကနေ သင်ယူနေတုန်းပဲ ရှိပါသေးတယ်။ ပြီးတော့ ကျွန်တော့်မိသားစုကလည်း ရှန်းထောင်မြို့မှာပဲ ရှိ‌နေတာ၊ ကျွန်တော် သူတို့ကို မထားရစ်ခဲ့နိုင်ပါဘူး”

ထိုအခါ ဖန်းရှစ်ကျုံးသည် သမားတော်ပိုင်ကို ကြည့်လိုက်သည်။

သမားတော်ပိုင်မှ ရယ်မောလိုက်ပြီး ပြော၏။

“ငါ့တပည့်လေးက အရမ်းသိတတ်လိမ္မာတာပဲ။ ဒါပေမဲ့ ကျိုစစ်၊ ခန်းမအရှင်သခင်ဖန်းက မင်းကို သူနဲ့အတူ စီရင်စုကို လိုက်ပြီး အလုပ်လုပ်စေချင်တယ်ဆိုတာ မင်းအတွက် ကံကောင်းမှုပဲ။ မင်းက အရမ်းအရည်အချင်းရှိတဲ့လူတစ်ယောက်ပါ။ မင်းကိုယ်မင်း ဒီရှန်းထောင်မြို့သေးသေးလေးမှာ ပိတ်မနေသင့်ဘူး။ မင်း ခန်းမအရှင်သခင်ဖန်းနဲ့အတူ စီရင်စုကို လိုက်သွားနိုင်ပါတယ်”

“ဒီက မင်းရဲ့ဆရာအတွက်တော့ အများကြီး စိုးရိမ်မနေပါနဲ့လေ။ ပြီးတော့ ရှန်းထောင်မြို့နဲ့ စီရင်စုက အဲဒီလောက်လည်း မဝေးကွာလှပါဘူး။ မင်း ဆရာ့ကို သတိရတဲ့အခါ ပြန်လာလည်လို့ရတယ်”

“ရှစ်ကျုံး၊ ငါ့တပည့်လေးက အရမ်းတော်ပြီး ဉာဏ်ရည်ထက်မြက်တယ်။ သူ စီရင်စုကို ရောက်တဲ့အခါ မင်းသူ့ကို ကောင်းကောင်းဂရုစိုက်ရမယ်နော်”

ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။

“သမားတော်ပိုင်ရယ် ကျိုစစ်က အခုထိ သဘောမတူရသေးဘူးလေဗျာ”

“ငါက သူ့ရဲ့ဆရာပဲ။ ငါ သူ့အစား ဆုံးဖြတ်ချက်ချပေးနိုင်တယ်”

သမားတော်ပိုင်သည် ချန်ကျဲ့၏ရည်မှန်းချက်ကို သိသည်။ ထို့ကြောင့် ချန်ကျဲ့သည် ပို၍ အမြင့်သို့ တက်လှမ်းရန် လိုအပ်ကြောင်းကိုလည်း နားလည်သည်။

သို့သော် ဤသို့အခြေအနေအောက်၌ သမားတော်ပိုင်သည် မိမိ၏တပည့်အား ဖန်းရှစ်ကျုံးနှင့် စီရင်စုသို့ လိုက်ပါရန် စိတ်အားထက်သန်နေသည့်အလား မြန်မြန်ဆန်ဆန် အောင်မြင်ရန်အတွက် လောဘတက်နေသူအဖြစ် မမြင်စေလိုပေ။

မြန်မြန်ဆန်ဆန် အောင်မြင်မှုလမ်းကြောင်းသို့ ရောက်ရှိစေချင်သူမှာ မိမိသာ ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်မျှော်လင့်ချက်အဖြစ် ပြောင်းလဲဖော်ဆောင်လိုက်ခြင်းက ပို၍ကောင်းမွန်နိုင်ပေသည်။ သို့ဖြင့် ကျိုစစ်အား စီရင်စုတွင် ပို၍ တရားဝင်ကျနစွာ အလုပ်လုပ်နိုင်စေမည်။

အခြားသူများမှ ကျိုစစ်အား အဘယ်ကြောင့် စီရင်စုကို လာခဲ့ရသနည်းဟု မေးလာလျှင် ဂုဏ်အသရေအတွက်ဖြစ်စေ၊ ချမ်းသာကြွယ်ဝမှုအတွက်ဖြစ်စေ ကျိုစစ်အနေဖြင့် “ဆရာ့ရဲ့အမိန့်စကားကို မနာခံဖို့ရာ ခက်ခဲပါတယ်”ဟု ဖြေဆိုနိုင်ပေမည်။

မိဘများ၏ ကလေးအပေါ် ချစ်ခြင်းမေတ္တာဟူသည် သူတို့၏ရှေ့ရေးအတွက် စီစဉ်ပေးခြင်းပင် မဟုတ်ပါလော။

သမားတော်ပိုင်သည် ချန်ကျဲ့အတွက် စဉ်းစားဆင်ခြင်ရာ၌ အလွန်စေ့စပ်ပေသည်။

ဖန်းရှစ်ကျုံးသည် သမားတော်ပိုင်၏ သဘောထားကို မြင်တွေ့ပြီးနောက် ချန်ကျဲ့ဘက်သို့ လှည့်လာ၏။

“ကျိုစစ် မင်းဘယ်လိုထင်လဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော်…”

ထိုအခိုက်အတန့်၌ ချန်ကျဲ့မှာ အမှန်တကယ်ပင် စိတ်ထိခိုက်နေခဲ့ပါ၏။ သူ၏ရည်မှန်းချက်သည် အမြင့်သို့တက်လှမ်းပါရန် တိုက်တွန်းနှိုးဆော်နေခဲ့သည်။ သို့သော် သမားတော်ပိုင်၏ သူ့အပေါ် ရိုးသားစစ်မှန်သော ဂရုစိုက်မှုသည် ချစ်ခင်ရသော လူကြီးသူမ,နှင့် ခွဲခွာရမည့်ခံစားချက်ကို ဖြစ်ပေါ်စေ‌ေသာကြောင့် ခက်ခဲစေ‌သည်။

သမားတော်ပိုင်မှ ပြောသည်။

“ဆရာ့စကားကို နားထောင်စမ်းပါ”

ချန်ကျဲ့သည် တွန့်‌ဆုတ်နေခဲ့ပြီးနောက်မှ ပြောသည်။

“ကျွန်တော် ခန်းမအရှင်သခင်ရဲ့အမိန့်ကို နာခံပါ့မယ်”

ထိုအခါ ဖန်းရှစ်ကျုံးသည် ရယ်မောလိုက်၏။ ထို့နောက် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“သမားတော်ပိုင်က မင်းကို နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားတယ်ဆိုတာ ငါသိပါတယ်။ စိတ်ချပါ၊ ငါမင်းကို စိတ်မပျက်စေရပါဘူး။ သမားတော်ပိုင်လည်း ဒီမှာရှိနေတော့ ငါတစ်ခုလောက် ဆွေးနွေးချင်ပါသေးတယ်”

အားလုံးသည် ဖန်းရှစ်ကျုံး၏ ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားကြကာ အာရုံစူးစိုက်လျက် စောင့်ကြည့်လာကြသည်။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကျုပ် ဖန်းရှစ်ကျုံးက အမြဲတမ်း အရည်အချင်းရှိသူတွေကို တန်ဖိုးထားခဲ့သူတစ်ယောက်ပါ။ ကျုပ် ကျိုစစ်ကို အတော်လေး သဘောကျမိတာမလို့ အစကတော့ ကျုပ်ရဲ့တပည့်အဖြစ် ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမဲ့ သူက သမားတော်ပိုင်ဆီ တပည့်ခံပြီး ဖြစ်‌တာကြောင့် ကျုပ်အနေနဲ့ တပါးသူရဲ့ ချစ်မြတ်နိုးရာကို မယူဆောင်သင့်ပေဘူး။ ဒါပေမဲ့လည်း ကျုပ်မှာ တခြားအကြံတစ်ခုရှိပါတယ်”

“အားလုံးလည်း သိကြပါတယ်၊ ကျုပ် ဖန်းရှစ်ကျုံးက သားတွေ မွေးစားလေ့ရှိတယ်ဆိုတာကိုပေါ့။ အခုလက်ရှိ ကျုပ်မှာ မွေးစားသား‌ ၄ယောက်ရှိပါတယ်။ ပြီးတော့ ကျိုစစ် ငါမင်းကို ငါ့ရဲ့ ၅ယောက်မြောက် မွေးစားသားအဖြစ် မွေးစားချင်တယ်။ အဲဒီအတွက် ကျိုစစ်၊ မင်း ဘယ်လိုသဘောရလဲ”

မွေးစားသား!

ထိုစကားတွင် အားလုံးသည် အံ့ဩတကြီးဖြင့် ဖန်းရှစ်ကျုံးကို ကြည့်လာကြသည်။ သူတို့အားလုံးသည် ဖန်းရှစ်ကျုံးမှာ သားအရင်းမရှိကြောင်း သိထားကြ၏။‌ ဆိုလိုသည်မှာ ဖန်းရှစ်ကျုံး၏ မွေးစားသားများသည် အရေးပါအ‌ရာရောက်ကာ မြင့်မားသည့်ဂုဏ်အဆင့်အတန်းတို့ကို ပိုင်ဆိုင်ကြပြီး ဖန်းရှစ်ကျုံး ကွယ်လွန်ပြီးနောက်၌ ကျားဖြူခန်းမကို အမွေဆက်ခံနိုင်မည့် အလားအလာရှိသည်ဟု ဆိုလိုပေသည်။

ဤသည်မှာ အလွန်တရာ ကံကောင်းမှုကြီးပင်။

မည်သူမှလည်း ချန်ကျဲ့ခေါင်းပေါ်သို့ ဤသို့ပြုတ်ကျလာမည်ဟု မခန့်မှန်းမိခဲ့ကြပေ။

ထိုအခိုက်အတန့်၌ ငါးဖမ်းကုန်သည်အဖွဲ့သားများမှာ အသက်ရှူနှုန်း နှေးကွေးသွားကြသည်အထိပင်။

အချို့သူများသည် မနာလိုမှုကြောင့် မျက်လုံးများ စိမ်းဖန့်နေကြ၏– ဖန်းရှစ်ကျုံး၏ မွေးစားသားဖြစ်လာခြင်းသည် ကျားဖြူခန်းမ၏ အရှင်သခင်ငယ် ဖြစ်သွားခြင်းပင် မဟုတ်ပါလော။

လက်ရှိ၌ ဖန်းရှစ်ကျုံး၏ မွေးစားသား၅ဦးသည် ကျားဖြူခန်းမ၏ ကြီးကြပ်အုပ်ချုပ်သူကြီး၄ဦးဖြစ်၏။

တစ်ဦးချင်းစီတိုင်းမှာ အင်အားကို ကိုင်တွယ်သုံးစွဲနိုင်စွမ်းရှိကြပြီး တစ်ဦးချင်းစီတိုင်းမှာ အလွန်မြင့်မားသော အဆင့်အတန်းရှိကြသည်။

၎င်းအဆင့်အတန်းမြင့် ကြီးကြပ်ရေးမှူးများနှင့် နှိုင်းယှဉ်လိုက်ပါက ဒေသတစ်ခု၏ ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးဟူသည် ဘာမျှမဟုတ်တော့ပေ။

မြို့တော်ကြီးမှ အရာရှိနှင့် ဘေးလမ်းကြောင်းမှ အဆင့်၇ အရာရှိတို့ကို နှိုင်းယှဉ်ခြင်းနှင့် အလားတူပင် ဖြစ်သည်။

နှစ်ဦးစလုံးသည် အဆင့်၇ အရာရှိများ ဖြစ်ကြသော်ငြား ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးအလား ကျယ်ပြောလှ၏။

ယခင်က မြစ်ကင်းလှည့်အလုပ်သမားတစ်ဦးသာဖြစ်ခဲ့သည့် ချန်ကျဲ့သည် ယခုတွင်တွင်တော့ ကျားဖြူခန်းမ၏ ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်လာပေတော့မည်။

သူက တစ်ချီတည်းနဲ့ အဆင့်ဘယ်နှဆင့်တောင် ကျော်တက်သွားလိုက်တာလဲ။

ပြီးတော့လည်း အဲဒီလိုဖြစ်ရတာ အားလုံးက ခန်းမအရှင်သခင်ရဲ့ သဘောကျနှစ်ခြိုက်ခံရပြီး သူ့ကို မွေးစားသားအဖြစ် အသိအမှတ်ပြုလိုက်တာကြောင့်တဲ့လေ။

ငါတို့ကိုရော မွေးစားသားအဖြစ် အသိအမှတ်မပြုချင်ဘူးလားကွာ။ ခန်းမအရှင်သခင်ဖန်းရေ ကျွန်တော်လည်း အရှင့်ရဲ့ မွေးစားသားဖြစ်ဖို့ ဆန္ဒရှိပါတယ်လို့– သားအဖြစ် မပြောနဲ့ မြေးအဖြစ်ဆိုတောင် ဆန္ဒရှိပါတယ်လို့!

အာဏာနဲ့ ချမ်းသာကြွယ်ဝမှုအတွက်ဆို အရှက်သိက္ခာဆိုတာလည်း အလကားပဲ။

ပြီးတော့ ခန်းမအရှင်သခင်ဖန်းက အသက်၆၀နီးပါး ရှိနေပြီ။ ကိုယ့်အဖေထက်တောင် အသက်ကြီးသေးတာပဲဟာ သူ့ကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုလိုက်လို့ ဘာများ ဆုံးရှုံးစရာရှိနိုင်မှာတဲ့လဲ။

ဒါက တကယ့်ကို မိုးပေါ်က ပိုင်မုန့်ပြုတ်ကျလာတာပဲလေ။

ထိုသို့အတွေးများဖြင့် အားလုံးသည် ချန်ကျဲ့ကို မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

ချန်ကျဲ့သည် အံ့ဩမင်သက်နေမိ၏။ ဖန်းရှစ်ကျုံးမှ ရုတ်တရက်ကြီး သူ့ကို မွေးစားသားအဖြစ် ခေါ်ယူလာခြင်းကိုမူ ချန်ကျဲ့ မျှော်လင့်မထားခဲ့ပေ။

ထိုသို့ ပိုင်မုန့်ကြီး သူ့ပေါင်ပေါ် ပြုတ်ကျလာရန် လုံးဝ မျှော်လင့်မထားခဲ့ပါချေ။

ဖန်းရှစ်ကျုံးရဲ့ မွေးစားသားဖြစ်ရတဲ့တန်ဖိုးက ပြောနေဖို့တောင် လိုအပ်သေးလို့လား။

ကောင်းကင်ပေါ်ကို အမြန်ဆုံးအလျင်နဲ့ တက်လှမ်းသွားတယ်လို့တောင် ပြောလို့ရတယ်။

ကြီးကြပ်ရေးမှူးရာထူး မရှိလျှင်သော်မှ ကျားဖြူခန်းမကို အမွေဆက်ခံရန် အလားအလာရှိသည့် အချက်ဖြင့်ပင် ချန်ကျဲ့အတွက် လက်ခံရန် လုံလောက်၏။

ချန်ကျဲ့သည် အမြင့်သို့တက်လှမ်းရန်အတွက် ဦးနှောက်ကို ခြစ်ခြုတ်သုံးခဲ့ရပြီး ဤပြိုင်ပွဲစင့်မြင့်ထက်တွင်လည်း အန္တရာယ်ကြား စွန့်စားခဲ့ရသည်။

အဲဒါတွေအားလုံးက ဖန်းရှစ်ကျုံးရဲ့ အာရုံစိုက်မှုကို လိုချင်လို့ပဲ မဟုတ်ဘူးလား။ အခုတော့ အာရုံစိုက်မှုကို ရခဲ့ရုံတင်မကဘဲ သူ့ကို မွေးစားသားအဖြစ်တောင် လက်ခံခေါ်ယူဖို့ ဆန္ဒရှိနေတယ်။ ဒါက တကယ့်ကို မျှော်လင့်မထားတဲ့ စိတ်ကျေနပ်အားရဖွယ် အံ့အားသင့်မှုလေးပါပဲလား။

တစ်ပါးသူရဲ့ လက်အောက်ငယ်သားဖြစ်ရခြင်းနဲ့ တစ်စုံ‌တစ်ယောက်ရဲ့ မွေးစားသားဖြစ်ရတာရဲ့ တန်ဖိုးက ဘာမှကို နှိုင်းယှဉ်စရာရှိမနေဘူး။

လက်အောက်ငယ်သားဟူသည် အပြင်လူသာ ဖြစ်ပြီး မွေးစားသားဟူသည်တော့ ကျားဖြူခန်းမသည် သူ့အပိုင်ဖြစ်လာနိုင်သည့် အလားအလာရှိပေသည်။ သူ၏ လုပ်ဆောင်ချက်များသည်လည်း ပို၍ တရားဝင်ကျနမှု ရှိနိုင်ပေ၏။

ထို့ပြင် ဖန်းရှစ်ကျုံးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအပါအဝင်လည်း ဖြစ်သည်။ ထို့ကြောင့် ဖန်းရှစ်ကျုံး၏ မွေးစားသားဖြစ်ရခြင်းသည် ဂုဏ်သိက္ခာညှိုးနွမ်းလိမ့်မည် မဟုတ်ချေ။ အင်အားကြီးသစ်ပင်ကြီးအား မှီခိုခြင်းဟု သတ်မှတ်နိုင်ပေသည်။

All Chapters