အကြီးအကဲများ၏ နှစ်ခြိုက်မှု၊ ချန်ကျဲ့၏အောင်မြင်မှုလမ်းကြောင်း_၆
Vol. 12 Ch. 161
ယခုအချိန်မှ စတင်၍ ချန်ကျဲ့အား ပြဿနာရှာလိုသူများမှာ နှစ်ကြိမ်ပြန်စဉ်းစားရန် လိုအပ်လာလေပြီ။
ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ခြေတစ်ဖက်ဒူးထောက်ချ၍ ဤသို့ပြောလိုက်ချင်လှသည်။
“ကျိုစစ်က ဘဝသက်တမ်းတစ်ဝက်လောက်ကို ရည်ရွယ်ချက်မရှိ လေလွင့်နေခဲ့ပြီး အရှင့်ကို ရှာဖွေမတွေ့ရှိခဲ့ရတဲ့အတွက် နှမြောတသမိရပါတယ်။ အရှင်သာ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော် အရှင့်ရဲ့ မွေးစားသားဖြစ်လာဖို့ ဆန္ဒရှိပါတယ်”ဟူ၍။
“မွေးစားအဖေ”ဟူသော အခေါ်အဝေါ်သည် မရေမတွက်နိုင်သော အရင်းအမြစ်များကို ရည်ညွှန်း၏။
ကြီးကျယ်ခမ်းနားသည့်အရာများကို ရယူနိုင်ရန်အတွက် ကိုယ်တိုင်ကြိုးစားအားထုတ်မှုအပြင် ကောင်းမွန်သည့် ကျောထောက်နောက်ခံကို အချိန်ကိုက်ရွေးချယ်ခြင်းသည်လည်း အလွန်အရေးကြီးသည်။
လက်ရှိတွင် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့၏မျှော်လင့်ချက်များအတိုင်း ကွက်တိ ကိုက်ညီသည်။
သို့သော် ချန်ကျဲ့သည် အတော်လေး ထိန်းသိမ်းနိုင်၏။ သူ့အား မွေးစားသားအဖြစ် ဖန်းရှစ်ကျုံးမှ အသိအမှတ်ပြု လက်ခံလိုခြင်းဖြစ်ပြီး ဤအခွင့်အရေးကို သူ့အတောင်ပံအောက်သို့ အရောက်သယ်ဆောင်လာပေးခြင်း ဖြစ်သည့်တိုင်…
သူကိုယ်တိုင်သည်လည်း ထိုအခွင့်အရေးကြောင့် စိတ်လှုပ်ရှားပျော်ရွှင်မိသည့်တိုင်… အလွန်တရာ စိတ်အားထက်သန်ပြင်းပြဟန် ပြုမူခြင်းငှာ မသင့်တော်ပေ။ ချက်ချင်းကြီး ဒူးထောက်ချ၍ ခယ အရိုအသေပေးခြင်းမှာ အလွန်ရှက်စရာကောင်းလိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် ချန်ကျဲ့သည် အလွန်တရာမှ တွန့်ဆုတ်တွေဝေနေဟန် ပြုမူလိုက်ပေသည်။
ချန်ကျဲ့၏ဘေးရှိ သမားတော်ပိုင်မှာ အလွန် စိတ်လှုပ်ရှားဝမ်းမြောက်သွားခဲ့ကာ ချန်ကျဲ့ကို စားပွဲခုံအောက်မှ ခြေကန်ပြီး သတိပေးလာ၏။
ဤသည်မှာ တကယ့်ကို ကောင်းမွန်လွန်းသည့် အခွင့်အရေးကြီးဖြစ်သည်။ ပိုင်ဝမ့်ကျင်းသည် ငါးဖမ်းကုန်သည်အဖွဲ့တွင် အဆက်အသွယ်များစွာ ရှိပါသည့်တိုင် သူ၏ထိုအဆက်အသွယ်အားလုံးကို အသုံးချလျှင်သော်မှ ဖန်းရှစ်ကျုံးအား တစ်စုံတစ်ယောက်ကို မွေးစားသားအဖြစ် အသိအမှတ်ပြုစေရန် ဖျောင်းဖျခြင်းငှာ လုံလောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဤသည်မှာ တောင်းဆိုသော်မှ မရနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်၏။
ချန်ကျိုစစ်၊ ဒီအခွင့်အရေးကို မင်းရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ မင်းဆီ ရောက်လာအောင် မင်းကိုယ်တိုင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ အဲဒါကိုမှ အမိအရ မဖမ်းဆုပ်ရင်တော့ မင်းကိုယ်မင်း ရှန်းထောင်မြို့မှာ အငြိမ်းစားယူဖို့သာ နုတ်ထွက်စာတင်လိုက်တော့!
ဘာလို့များ ရည်မှန်းချက်တွေကို သိမ်းဆည်းထားနေဦးမှာလဲ။
ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်လိုက်သည်။ သမားတော်ပိုင်မှ ပြောလိုက်သည်။
“သဘောတူလိုက်! ခန်းမအရှင်သခင်ဖန်းက အလွယ်တကူ သားမွေးစားတတ်တဲ့သူ မဟုတ်ဘူး!”
“ဟုတ်တယ် ကျိုစစ်၊ ဒါက အခွင့်အရေးကောင်းပဲ၊ သဘောတူလိုက်!”
ဘေးရှိ ဝူကျုံးမှလည်း တိုက်တွန်းလာသည်။
ဤညစာစားပွဲတွင် ဝူဟုန် ရှိမနေသည်မှာ ကံကောင်း၏။
ဝူဟုန်သည် ငါးဖမ်းကုန်သည်အဖွဲ့သား မဟုတ်သောကြောင့် သူသည် ကျန်းလီယဲ့နှင့်အတူ တခြားတစ်နေရာတွင် ညစာစားနေပေသည်။
ဝူဟုန် ဒီမှာရှိနေခဲ့လျှင် သူသည်လည်း ချန်ကျဲ့ကို လက်ခံလိုက်ပါရန် တိုက်တွန်းလိမ့်မည်ပင်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးတစ်ဦး၏ မွေးစားသားဖြစ်လာရန်မှာ အလွန်ခက်ခဲသည်ဟု ဆိုကြ၏။
ထို့ပြင် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးများသည် သင့်ထံမှ ဘာကိုမှ ပြန်တောင်းဆိုလိမ့်မည် မဟုတ်ပေ။ သူ၏ ဤအိုမင်းနေသည့် အသက်အရွယ်တွင် သူ့ကို ကူညီပေးမည့်လူများ ရှိနေပြီးဖြစ်၏။ သို့သော် သင့်အတွက်မူ အကန့်အသတ်မရှိသော ချမ်းသာကြွယ်ဝမှုနှင့် အင်အားအာဏာများကို ဆောင်ကြဉ်းပေးနိုင်ပေသည်။
အရူးမှသာ ဖန်းရှစ်ကျုံး၏ မွေးစားသားဖြစ်ရခြင်းအား ငြင်းပယ်ပေလိမ့်မည်။
ဖန်းရှစ်ကျုံးသည် အလွန်စိတ်ရှည်ပေသည်။ သေရည်ကို အေးအေးလူလူ သောက်သုံးေနသည်။ ထို့နောက် ဖုန်းရွှမ်လည်း ပြောလာ၏။
“ကျိုစစ် မွေးစားအဖေက အလွယ်တကူ မွေးစားလေ့မရှိဘူး။ မင်း မွေးစားအဖေရဲ့ ကြင်နာထောက်ထားတဲ့ ကမ်းလှမ်းမှုကို မငြင်းပယ်သင့်ဘူး၊ သဘောတူလိုက်ပါ!”
ကျန်းချွမ်သည်တော့ ဘာမှမပြောပေ။
သို့သော် သူ၏မျက်လုံးများမှာ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေ၏။
ဒီအရူးကောင်က တကယ်ပဲ ငြင်းမတဲ့လား။
“မွေးစားအဖေ”ဆိုတဲ့ အခေါ်အဝေါ်လေးတစ်ခုက အနည်းဆုံး နှစ်သုံးဆယ်စာ ရုန်းကန်မှုကို ဖြည့်ဆည်းပေးနိုင်တယ်။ အဲဒါကိုများ အဲဒီကောင်က ‘ကျွန်တော့်ရဲ့အနာဂတ်အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မှီခိုပါမယ်။ ယောက်ျားတစ်ယောက်က တခြားလူတစ်ယောက်ကို ဘယ်လိုများ မွေးစားအဖေအဖြစ် လက်ခံနိုင်ပါ့မလဲ။ ကျွန်တော် ချန်ကျိုစစ်က အဲဒီလိုအရာမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး’လို့ ပြောထွက်လာတဲ့အထိ ရိုးစင်းနုံအမယ်လို့ သူ တကယ်ကြီး ထင်နေရော့သလား။
ထို့သို့ပြောထွက်ခဲ့လျှင်တော့ ကျန်းချွမ်သည် ပြန်သွားပြီး မီးရှူးမီးပန်းများ ဖောက်လွှတ်၍ ပွဲတော်ကျင်းပရန် ပြင်ဆင်ပစ်လိုက်ပေမည်။
ထို့နောက် သူ၏အဆက်အသွယ်များကို အသုံးပြုရန် အခွင့်အရေးရှာ၍ သူ့အား သေချာကိုယ်တွယ်ဖြေရှင်းလိုက်ပေမည်။
သူကိုယ်တိုင် မလှုပ်ရှားလျှင်သော်မှ တပည့်တူလေး၏ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေသော ကုချင်းဖုန်းသည် ချန်ကျိုစစ်ကို ရှင်းပစ်လောက်ပေသည်။
ချန်ကျိုစစ်သည် ဖန်းရှစ်ကျုံး၏ မွေးစားသားမဟုတ်ကြောင်း သိသွားခဲ့ပါလျှင် ထိုအကြောင်းပြချက်ဖြင့် ဤကောင်စုတ်လေးအား လာရောက်သုတ်သင်ပစ်လောက်၏။
“မွေးစားအဖေ”ဟူသည့် အခေါ်အဝေါ်ကို သိမ်နုပ်သည့်အရာဟု တွေးထင်လိမ့်မည်လော။ ၎င်းသည် အင်အားကြီးသူ၏ အကာအကွယ်၊ ချမ်းသာကြွယ်ဝမှုနှင့် အင်အားအာဏာတို့၏ ကမ်းလှမ်းချက်ဖြစ်ပေသည်။
အို ချန်ကျိုစစ်ရယ်၊ မင်းက အဲဒါမျိုးကို ငြင်းပယ်နိုင်လောက်တဲ့အထိ တုံးအရူးနှမ်းနေဖို့ ငါမျှော်လင့်ပါရဲ့!
ချန်ကျဲ့သည်လည်း ထိုအရာအားလုံးကို သိပါ၏။ အားလုံး၏ ဖျောင်းဖျမှုများကို နားထောင်ပြီးနောက်တွင် ချန်ကျဲ့သည် ထရပ်ကာ ဖန်းရှစ်ကျုံးအား နည်းစနစ်ကျနစွာသော ကိုယ်နေဟန်ထားဖြင့် အရိုအသေပြုလိုက်သည်။ ထို့နောက် ပြောသည်။
“ခန်းမအရှင်သခင်က ကျိုစစ်ကို မွေးစားသားအဖြစ် လက်ခံပေးလိုတာက ကျွန်တော့်ရဲ့ အတိတ်ဘဝရှစ်ခုစာ ကောင်းချီးတော်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အကန့်အသတ်ရှိတဲ့ အရည်အချင်းနဲ့ သင်ယူမှုစွမ်းရည်က အရှင့်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှာကို စိုးရိမ်မိပါတယ်။ အဲဒါကြောင့် ကျွန်တော် တွန့်ဆုတ်နေခဲ့တာပါ”
“ဒါပေမဲ့ ကျွန်တော့်ရဲ့ဆရာ၊ ဦးလေးကျုံးနဲ့ အစ်ကိုဖုန်းတို့ရဲ့အကြုံပြုစကားတွေကို နားထောင်ပြီးနောက်မှာ အားလုံးရဲ့ ကောင်းမွန်တဲ့စိတ်သဘောထားကို ကျွန်တော် နားလည်ပါတယ်။ ခန်းမအရှင်သခင်သာ ကျွန်တော့်ကို အထင်အမြင်မသေးဘူးဆိုရင် ကျွန်တော့်အနေနဲ့ အရှင့်ကို ကျွန်တော့်ရဲ့ မွေးစားဖခင်အဖြစ် လက်ခံဖို့ဆန္ဒရှိပါတယ်။ ကျိုစစ် ဒီဘဝတစ်သက်တာလုံး နောင်တရှိမှာ မဟုတ်ပါဘူး!”
ထိုအခါ ဖန်းရှစ်ကျုံးသည် အားရပါးရ ရယ်မောလေသည်။
“ဟားဟားဟား… ကောင်းတယ် ကောင်းတယ်၊ ကျိုစစ် ငါမင်းကို မွေးစားသားအဖြစ် ခေါ်မယ်။ ငါတို့ထွက်ခွာတဲ့အခါ မင်းရဲ့မိသားစုကိုပါခေါ်ပြီး ငါ့နဲ့အတူ စီရင်စုဆီ လိုက်ခဲ့ပေါ့”
“အဲဒီအခါကျ ငါတို့ရဲ့ သားအဖ ဆက်ဆံရေးကို အတည်ပြုဖို့အတွက် ပွဲတော်တစ်ခု စီစဉ်ကျင်းပမယ်။ တစ်ချိန်တည်းမှာပဲ ကျားဖြူခန်းမရဲ့ညီနောင်တွေနဲ့ တခြားဒေသခွဲတွေရဲ့ ငါးဖမ်းကုန်သည်အဖွဲ့သား အားလုံးလည်း သူတို့ရဲ့ ကြီးကြပ်ရေးမှူးအသစ်လေးကို အသိအမှတ်ပြုနိုင်အောင်လို့လေ”
ထိုအခါ ချန်ကျဲ့သည် လက်သီး၊လက်ဝါးယှက်လျက် အရိုအသေပြုတုံ့ပြန်သည်။
“ခန်းမအရှင်သခင်ရဲ့ စီစဉ်မှုအတိုင်း လိုက်နာပါ့မယ်”
“ငါ့ကို ခန်းမအရှင်သခင်လို့ ခေါ်နေတုန်းပဲလား”