ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်_၂
Vol. 12 Ch. 164
ဝူကျုံးမှ ပြောသည်။
“သံသယဝင်စရာ တစ်ခုခုရှိရင် အဖေရှိနေတာပဲ။ ခန်းမအရှင်သခင်ဖန်းအနေနဲ့ လှည့်စားရဲမှာ မဟုတ်ပါဘူး။ သေချာပေါက် သူ အဖိုးကြီးကိုတော့ မလုပ်ရဲဘူး”
ထိုစကားများ ပြောနေစဉ်၌ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ချန်ကျဲ့သည် ရေတစ်ခွက်သောက်လိုက်ပြီးနောက် စူးယွင်ကျင်း၏ စူးစမ်းလိုဟန် မျက်နှာအမူအရာကို မြင်လိုက်ရ၍ ပြောလိုက်သည်။
“ကိုယ်တို့ အခုလောလောဆယ် မစီစဉ်ရသေးပါဘူး။ တရားဝင်လက်ခံလိုက်ပြီးလို့ သတ်မှတ်လို့ မရသေးဘူး။ ဒါပေမဲ့ ယွင်ကျင်း ဒီနေ့အိမ်ပြန်ရောက်ရင်တော့ ပစ္စည်းတွေ ထုပ်ပိုးထားလိုက်ပါ။ မနက်ဖြန်ကျရင် ကိုယ်နဲ့အတူ စီရင်စုမြို့ကို လိုက်ခဲ့ရမယ်”
“အာ စီရင်စုကိုလား”
စူးယွင်ကျင်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာခဲ့သည်။ ချန်ကျဲ့ ရှုပ်ထွေးသွားပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ကျွန်မတို့မှာ စီရင်စုမှာ နေထိုင်စရာနေရာတောင် မရှိဘူးလေ…”
စူးယွင်ကျင်းမှ ပြောလိုက်ရာ ချန်ကျဲ့မှ ပြန်လည်တုံ့ပြန်သည်။
“အဲဒါက ဖြေရှင်းလို့ရပါတယ်။ ငါတို့လက်ထဲမှာ ငွေတုံးအချို့ရှိတယ်လေ။ စီရင်စုမြို့မှာ အိမ်တစ်အိမ်က ဘယ်လောက်ကုန်ကျနိုင်လဲဆိုတာ အရင်ကြည့်ကြတာပေါ့။ ကိုယ် ကျားဖြူခန်းမမှာ အခြေတည်နိုင်တဲ့အခါကျ ကိုယ်တို့အတွက် အိမ်တစ်အိမ် ဝယ်နိုင်ပါလိမ့်မယ်”
ထိုအခါ စူးယွင်ကျင်းမှ ထပ်ပေါင်းပြောသည်။
“ကျိုစစ်၊ ကျွန်မအထင်တော့ ရွေ့ရွေ့နဲ့ ကျွန်မနဲ့ အိမ်မှာနေသင့်တယ်ထင်တယ်။ ရှင် ကျားဖြူခန်းမကို သွားတဲ့အခါ ရှင်နဲ့အတူ ငွေတချို့ ဆောင်သွားဖို့ လိုအပ်မှာပဲလေ။ ယောက်ျားတွေဆိုတာ သောက်စားပျော်ပါးတတ်ကြတာ မလွဲမသွေပဲ။ ရှင့်အနေနဲ့ သူတို့ကို ဧည့်ခံကျွေးမွေးဖို့လေးတောင် မတတ်နိုင်ခဲ့ရင် လူတွေက ရှင့်ကို လှောင်ရယ်ကြလိမ့်မှာပေါ့”
“ကျွန်မနဲ့ ရွေ့ရွေ့နဲ့ အိမ်မှာပဲ နေခဲ့မယ်။ ကျွန်မတို့မှာ စားစရာသောက်စရာရှိနေရင် အဆင်ပြေတာပါပဲ။ ရှင် စီရင်စုမှ အခြေကျပြီးတော့မှ ကျွန်မနဲ့ ရွေ့ရွေ့ကို ပြန်လာခေါ်လိုက်ပါ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“မင်းက ကိုယ်နဲ့အတူ စီရင်စုကို မလိုက်ခဲ့ချင်ဘူးလား”
စူးယွင်ကျင်း တိတ်ဆိတ်သွား၏။
ငါ သူနဲ့အတူ စီရင်စုကို လိုက်မသွားချင်တာလား။
မဟုတ်ဘူး။ ငါက သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာကို စိုးရိမ်နေတာပဲ။
ချန်ကျဲ့သည် အဘယ်သို့များ ဇနီးဖြစ်သူ၏ အတွေးတို့ကို နားမလည်ဘဲ ရှိပါအံ့နည်း။ ချန်ကျဲ့ စူးယွင်ကျင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“မင်း တွေးနေတာကို ကိုယ်သိပါတယ်။ မင်းကိုယ်မင်း ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်နေတာ ဟုတ်တယ်မလား။ ဒါပေမဲ့ ယောကျ်ားက စီရင်စုကို သွားမှာလေ။ ကိုယ်ကြားတာတော့ အဲဒီမှာ ပြည့်တန်ဆာအိမ်တွေ အများကြီးရှိတယ်တဲ့။ မင်းယောက်ျား လမ်းမှားရောက်သွားမှာ မကြောက်ဘူးလား”
ပြည့်တန်ဆာအိမ်ဟု ကြားလိုက်သောအခါ စူးယွင်ကျင်း၏ အမူအရာသည် တောင့်ခဲသွား၏။
သို့သော် သူမသည် ပြန်ပြောလာခဲ့သေးသည်။
“ကျွန်မရဲ့ယောက်ျားက အဲဒီလိုလူမျိုး မဟုတ်ဘူး”
ချန်ကျဲ့သည် စူးယွင်ကျင်း၏တုံ့ပြန်မှုကို မြင်သောအခါ ပြော၏။
“ကိုယ်က မင်းနဲ့အတူတူ နေရတာကို အသားကျနေပြီ။ ပြီးတော့ ကိုယ် ယွီပင်းကို သတ်ခဲ့တယ်။ ချောင်ကုန်သည်အဖွဲ့က ကိုယ့်ကို အရိုးထဲအထိ မုန်းတီးနေလိမ့်မှာ။ ကိုယ် မင်းကို ရွာမှာထားခဲ့ရင် စိတ်ချနိုင်မှာ မဟုတ်ဘူး။ မနက်ဖြန်ကျ ကိုယ်နဲ့အတူလိုက်ခဲ့ပါ။ အဲဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ”
ချန်ကျဲ့သည် အလွန်ခိုင်မာနေ၏။ စူးယွင်ကျင်းသည် ထပ်မံပြောဆိုချင်သေးသည်။
ထိုအချိန်၌ သခင်မပိုင်မှ စူးယွင်ကျင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“အရူးမလေး စီရင်စုဆိုတာ တောက်ပနေတဲ့ ကမ္ဘာကြီးပဲ။ ကျိုစစ်က အခု သူ့ကိုယ်တိုင်အတွက် အောင်မြင်မှုတစ်ခု လုပ်ဆောင်နိုင်ခဲ့ပြီး ဖန်းရှစ်ကျုံးရဲ့ မွေးစားသားတောင် ဖြစ်သွားခဲ့ပြီ။ အခုအချိန်မှာ ဘယ်လောက်များတဲ့ မိန်းကလေးတွေက ကျိုစစ်ကို ကပ်တွယ်ချင်နေမလဲဆိုတာ မင်းသိရဲ့လား။ မင်း သူနဲ့အတူ လိုက်သွားပြီး စောင့်ကြည့်မနေဘူးဆိုရင် ဘယ်လိုများ စိတ်ချလက်ချရှိနိုင်ပါ့မလဲ။ ငါ မင်းလောက် ရိုးအတဲ့သူ တွေ့ကို မတွေ့ဖူးပါဘူး”
“အဒေါ်ပြောတာကို နားထောင်၊ အိမ်ပြန်ပြီး ပစ္စည်းတွေထုပ်ပိုးတော့။ မနက်ဖြန်ကျရင် ကျိုစစ်နဲ့အတူ စီရင်စုမြို့ကို လိုက်သွားချည်။ ငွေအတွက်ကတော့ မင်းရဲ့ဦးလေးကျုံးနဲ့ ငါက ငွေတုံးနှစ်ဆယ်ပေးလိုက်မယ်”
“ဟုတ်တယ် ကျိုစစ်၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုဟာ လမ်းမပေါ်မှာတောင် ချမ်းသာကြွယ်ဝမှုကို ရှာဖွေတယ်တဲ့။ မင်းဦးလေးကျုံးက ဒီလွန်ခဲ့တဲ့ရက်တွေမှာ ငွေတွေကို ဆေးပင်တွေ ဝယ်ယူပြီး သုံးပစ်နေခဲ့ရတာ။ ဒီငွေတုံးနှစ်ဆယ်ကို နည်းတယ်လို့ စိတ်ထဲမထားလိုက်နဲ့ဦး။ ယွင်ကျင်းနဲ့အတူ စီရင်စုမြို့ကိုသွားပြီး ပိုကြီးတဲ့အိမ်တစ်လုံးဝယ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမကျဆင်းစေနဲ့”
ဝူကျုံးလည်း ကြားဝင်ပြော၏။
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“မလိုပါဘူး ဦးလေးကျုံး၊ ကျွန်တော့်မှာ ငွေကြေးလုံလုံလောက်လောက် ရှိပါတယ်”
ဝူကျုံးမှ ပြန်ပြောသည်။
“ငွေကြေးလုံလောက်တယ်လား။ ယွင်ကျင်းပြောတာမှန်တယ်။ မင်း ကျားဖြူခန်းမကို ဝင်ရောက်တဲ့အခါ မင်းအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရံဖန်ရံခါ သောက်စားဖို့ ဧည့်ခံကျွေးမွေးရတာမျိုး ရှိလိမ့်မယ်။ အဲဒီအခါ အကုန်အကျများလိမ့်မှာပဲ”
ထိုအခါ သခင်မပိုင်သည် ဝူကျုံးကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“ဟုတ်တယ်၊ အထူးသဖြင့် ယီဟုန်ဂေဟာလို့ခေါ်တဲ့ အဲဒီနေရာကို သွားရမှာ။ မင်းတို့ဦးလေးကျုံးလည်း အဲဒီနေရာကို လူတချို့ခေါ်သွားဖူးတယ်။ အဲဒီတုန်းက ငွေငါးတုံးကုန်ကျခဲ့တယ်လေ”
ဦးလေးကျုံးမှာ မျက်နှာဖြူဖတ်သွားရ၏။
“လန်အာ ကိုယ် နည်းနည်းလေးပဲ သောက်ခဲ့တာပါကွာ။ တကယ် တခြားဘာမှ မလုပ်ခဲ့ရပါဘူး။ ကိုယ်ရှင်းပြတာလည်း အကြိမ်ပေါင်းများစွာရှိနေပါပြီ။ မိန်းကလေးတွေ ခေါ်လိုက်တာက အဲဒီကောင်တွေပါဆိုနေ”
သခင်မပိုင်သည် ဝူကျုံးကို ခပ်တင်းတင်း တစ်ချက်ကြည့်လိုက်ပြီး ထို့နောက်တွင် ယွင်ကျင်း၏လက်ကို ဆွဲယူ၍ ပြောသည်။
“လာ အဒေါ့်နား လာခဲ့၊ အဒေါ် မင်းကို သီးသန့်ပြောစရာရှိတယ်”
ဝူကျုံးသည် လည်ပင်းအကြောလျှော့နေရင်း သခင်မပိုင်တို့ ထွက်သွားသည်ကို ကြည့်နေသည်။ ထို့နောက် ချန်ကျဲ့ကို ဆွဲလိုက်ပြီး ပြောသည်။
“ကျိုစစ် ဦးလေး မင်းကို အကြိမ်ကြိမ် သတိပေးထားမယ်နော်။ တကယ်ပဲ ယီဟုန်ဂေဟာကို သိပ်မသွားနဲ့။ အဲဒီနေရာက တကယ့်ကို ဝိဉာဉ်တွေကို ထောင်ချောက်ဆင်ဖမ်းတဲ့နေရာပဲ။ ငါတို့ရှာဖွေနိုင်တဲ့ ငွေနည်းနည်းလေးက အဲဒီနေရာရဲ့ တစ်ညတာ အသုံးစရိတ်ကိုတောင် မကာမိနိုင်ဘူး”
“အဲဒီနေရာက တကယ့်ကို ရွှေပြုန်းတီးစေတဲ့ တွင်းနက်ကြီးပဲ!”
ဝူကျုံးသည် သူ၏ငွေသုံးခဲ့ရသော အတွေ့အကြုံများကို ပြန်လည်တွေးတောမိရင်း ကြောက်ရွံ့မိဆဲဖြစ်ဟန်ပင်။
ချန်ကျဲ့သည်လည်း တွန့်ဆုတ်သွားရ၏။ ထို့နောက် ဝူကျုံးသို့လှည့်၍ မေးလိုက်သည်။
“ဦးလေးကျုံး ဦးလေး တကယ်ကြီး ဖောက်ပြန်ခဲ့တာတော့ မဟုတ်ပါဘူးနော်”
ဝူကျုံးသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အိတ်ကပ်ထဲမှ ငွေပြေစာမှတ်တမ်းတစ်ခုကို ထုတ်ယူပြသည်။
‘ငွေတုံးသုံးဆယ်’
“ဒါကိုယူသွား။ ဒါက ဦးလေးမှာရှိတာ အကုန်ပဲ၊ မငြင်းနဲ့နော်။ မင်း ပိုက်ဆံရှာနိုင်တဲ့အခါကျမှ ပြန်ဆပ်ပေါ့”
ချန်ကျဲ့သည် ခဏမျှစဉ်းစားနေခဲ့ပြီးနောက်မှ ပြန်ပြောသည်။
“ဒါဆိုလည်း ဦးလေးကို ကျေးဇူးတင်ပါတယ်”
“မလိုပါဘူးကွာ။ အဖေက မင်းကို သူ့ရဲ့မြေးအရင်းလို ဆက်ဆံတာဆိုတော့ ငါလည်း တွန့်တိုလို့ မဖြစ်ဘူးလေ။ ယွင်ကျင်းကိုသာ မသိပါစေနဲ့။ မင်း တကယ်ပဲ စူးစမ်းကြည့်ချင်တယ်ဆိုရင် တစ်ခါလောက် အမြန်လေး သွားကြည့်လိုက်ပေါ့။ တတ်နိုင်သမျှတော့ နည်းနည်းပဲသွားပါ”
ဝူကျုံးမှ အလေးအနက်ပြောသည်။
ထိုစဉ် တည်းခိုခန်းအပြင်ဘက်၌ သခင်မပိုင်သည် စူးယွင်ကျင်းကို အနီးသို့ဆွဲခေါ်၍ ပြောသည်။
“ယွင်ကျင်း အဒေါ် မင်းနဲ့ သီးသန့် စကားတချို့ပြောပါရစေ”
“အဒေါ် ပြောပါ”
“ယောင်္ကျားတွေ အားလုံးက အတူတူပဲ။ အိုးထဲက အစားအသောက်ကိုစားရင်း ဒယ်အိုးကို မျက်စပစ်နေကြတာ။ မင်းရဲ့ဦးလေးကျုံးက လုပ်နိုင်စွမ်းမရှိလို့သာရယ်။ ဒါပေမဲ့ သူလည်း ငယ်ရွယ်တုန်းက စူးစမ်းတတ်တဲ့မျက်လုံးတွေ ရှိခဲ့တာပဲ။ ငါလည်း တချို့အရာတွေကို သိထားပေမဲ့ သူနဲ့ မကွာရှင်းချင်တာကြောင့်သာ မသိချင်ယောင်ဆောင်နေခဲ့တာ။ သူလည်း သူကိုယ့်သူ ငါ့အပေါ် အကြွေးတင်နေမှန်းသိတယ်၊ အဲဒါကြောင့် ငါ့ကို အရာအားလုံးထက် ပိုချစ်ပေးနေခဲ့တာပဲ”
“ကျိုစစ်က သူ့ဦးလေးလို မဟုတ်ဘူး။ သူက လုပ်နိုင်စွမ်းရှိပြီး ရည်မှန်းချက်ကြီးမားတယ်။ သူ့လိုယောက်ျားတွေက မိန်းကလေးတွေကို အဆွဲဆောင်နိုင်ဆုံးပဲ။ မိန်းကလေးတွေ အများကြီးက မီးလျံဆီ ဝိုင်းဖွဲ့လာကြတဲ့ ပိုးဖလံတွေလိုမျိုး သူ့အနားကို စုပြုံဝိုင်းအုံလာကြလိမ့်မယ်။ မင်း ပြင်ဆင်ထားဖို့လိုတယ်”
သခင်မပိုင်သည် ထိုသို့ပြောရင်း စူးယွင်ကျင်းကို ကြည့်နေခဲ့၏။
ထိုစကားများကို နားထောင်ပြီးနောက် စူးယွင်ကျင်းသည် အသာအယာ ခေါင်းညိတ်လိုက်သည်။
“ကျွန်မ နားလည်ပါပြီ အဒေါ်”
သူမသည်လည်း ‘မိန်းမသူတော်ကောင်းတရား’အကြောင်းကို ဖတ်ရှုခဲ့ဖူးပြီး အမျိုးသမီးများအပေါ် လူမှုအဖွဲ့အစည်း၏ မျှော်လင့်ချက်များကို နားလည်ပါသည်။ နာခံရမည့်အချက် သုံးချက်နှင့် သူတော်ကောင်းတရား လေးပါးအပြင် ဤလောက၌ အနည်းငယ်မျှပင်ဖြစ်စေ အောင်မြင်သော ယောက်ျားသားများသည် အမျိုးသမီးတစ်ဦးထက် ပို၍ရှိကြောင်းကိုလည်း သိထားပါ၏။
ဇနီးမယား အများအပြားရှိပြီး ကြင်ယာတော်များ ထားရှိခြင်းမှာ မလွဲမသွေပင်။
ကလေးများ အောင်မြင်ကြီးပွားခြင်းကို ယုံကြည်သည့် ဤခေတ်ကာလ၌ အမျိုးသမီးတစ်ဦးတည်းကိုသာ ချစ်မြတ်နိုးသည့် အမျိုးသားမှာ ပြဿနာရှိနေသည်ဟု သတ်မှတ်ကြပေသည်။ အမျိုးသားတစ်ဦးက ဇနီးတစ်ဦးထဲ ရှိပါလျှင် မသန်စွမ်းဟု ပျက်ရယ်ပြုခြင်းခံရ၏။
ဇနီးသည်များသည် သူတို့၏ခင်ပွန်းသည် ကြင်ယာတော်ယူရာ၌ပင် ကူညီပြင်ဆင်ပေးကြရ၏။
အမျိုးသားတစ်ဦးသည် အမျိုးသမီးတည်းကိုသာ ချစ်မြတ်နိုးခဲ့ပါက အမျိုးသမီးသည် အလွန်အကြူး မနာလိုဝန်တိုတတ်သည်ဟု သတ်မှတ်နိုင်၏။ အမျိုးသမီးသည် ကိုယ်ကျင့်သိက္ခာဆိုင်ရာ ကံကြွေးချစနစ် စည်းမျဉ်းများကို ခံနိုင်ရည်မရှိသူပင် ဖြစ်တော့သည်။