← Chapters

ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်_၃

Vol. 12 Ch. 165

ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်_၃

Vol. 12 Ch. 165

စူးယွင်ကျင်းသည် မြေရှင်ပဒေသရာဇ်စနစ် လူမှုအဖွဲ့အစည်း၏ ကန့်သတ်ချုပ်ချယ်ထားသော စံသတ်မှတ်ချက်များအတွင်း ကြီးပြင်းလာရသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူမ၏အတွေးများသည်လည်း ဤခေတ်အခါ၏ အမျိုးသမီးများ၏ မျှော်လင့်ချက်များနှင့် လိုက်လျောညီထွေပင် ဖြစ်‌၏။

ထို့ကြောင့် ချန်ကျဲ့၏အနာဂတ်နှင့် စပ်လျဉ်း၍ သူမသည် ထိုအခြင်းအရာများကို မျှော်လင့်ထားပြီးသားဖြစ်ကာ လက်လည်း လက်ခံနိုင်ပေသည်။

ချန်ကျဲ့ သူမကို ချစ်မြတ်နိုးနေသ၍ လုံလောက်သည်ဖြစ်၏။

သခင်မပိုင်နှင့် စူးယွင်ကျင်းတို့သည် စိတ်နှလုံးအတွင်းမှ စကားတို့ကို အပြန်အလှန် ပြောဆိုခဲ့ကြသည်။ သခင်မပိုင်သည် သူမ၏ ဘဝအတွေ့အကြုံများကို ပြန်ပြောပြခဲ့ပြီး စူးယွင်ကျင်းသည် အကြီးဖြစ်သူ၏ သင်ကြားပြသမှုများကို အာရုံစူးစိုက်စွာ နားထောင်သည်။ သူမ အသုံးချနိုင်မည့် အရာများကိုမူ မှတ်သားထားလိုက်သည်။

ဥပမာ သခင်မပိုင်သည် ဝူကျုံးမှ ယီဟုန်ဂေဟာကို သွားခဲ့သည့်အကြောင်းကို ပြောပြခဲ့သည်။ ဝူကျုံး ပြန်လာသောအခါ သခင်မပိုင်သည် ငိုကြွေးခြင်း၊ ရန်ရှာခြင်း မရှိပေ။ ဝူကျုံးကို မူလအတိုင်း ပုံမှန်ဆက်ဆံသည်။

သို့သော် ဝူကျုံးကိုယ်တိုင်သည်တော့ စိတ်မလုံနိုင်ဘဲ အကျင့်စာရိတ္တပျက်ပြားမိသည်ဟု ခံစားရကာ ထိုအချိန်မှစတင်၍ သူမအပေါ် ပို၍ကောင်းမွန်စွာ ဆက်ဆံလာခဲ့ပြီး သူ၏အပြုအမူများကို ပို၍ဆင်ခြင်လာခဲ့သည်။

“ယွင်ကျင်း မှတ်ထား၊ ယောက်ျားက အမှားလုပ်ခဲ့ပြီး မင်းကလည်း သူ့ကို မကွာရှင်းချင်ဘူးဆိုရင် ထုတ်မပြနဲ့။ မင်းဘက်က အဆက်မပြတ် ငြင်းခုံရန်ရှာနေရင် သူက မင်းအပေါ်မှာ ပိုပြီးတော့တောင် ငြီးငွေ့လာလိမ့်မယ်။ သူ့မှာ အပြင်မှာ စွဲမက်ဖို့ကောင်းတာရှိနေရင် ဆွဲဆောင်ခံသွားရလိမ့်မယ်။ အဲဒီအခါကျ မင်းရဲ့ငိုကြွေးမြည်တမ်းမှုတွေက ဘာမှ အသုံးမဝင်နိုင်တော့ဘူး။ မင်းသူ့ကို တခြားမိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲကို တွန်းပို့မိလိမ့်မယ်…”

…

တည်းခိုခန်းတွင် တစ်နေ့လည်ခင်းလုံး အနားယူပြီးနောက် ညနေခင်းတွင် သခင်မပိုင်နှင့် ဝူကျုံးတို့ အရင်ထွက်ခွာသွားကြသည်။

ချန်ကျဲ့၊ စူးယွင်ကျင်းနှင့် ကလေးမလေး စူးယွင်ရွေ့တို့သည်တော့ ကျန်ရစ်ခဲ့သည်။

ဒီနေ့ ချန်ကျဲ့သည် အကြောင်းရင်းနှစ်ခုကြောင့် သမားတော်ပိုင်၏နေအိမ်တွင် မနေတော့ပေ။ ပထမအချက်မှာ ကျားဖြူခန်းမအရှင်သခင် ဖန်းရှစ်ကျုံးသည် ပိုင်မိသားစုနေအိမ်တွင် နေထိုင်သောကြောင့် ပိုင်မိသားစုသည် သူတို့၏ အကြီးဆုံးဧည့်သည်နားခိုခန်းကို သီးသန့်ထားပေးရလေရာ ချန်ကျဲ့တို့ဇနီးမောင်နှံအတွက် နေစရာ မရှိတော့ပေ။

ဒုတိယအချက်မှာ ချန်ကျဲ့တို့မိသားစုသည်လည်း အိမ်ပြန်၍ ပစ္စည်းများထုပ်ပိုးရန် လိုအပ်သောကြောင့် ဖြစ်သည်။

သူတို့သည် စီရင်စုမြို့သို့ တန်ဖိုးရှိသည့်အရာတချို့ ယူဆောင်သွားရန် ရည်ရွယ်ထား၏။

ထို့ကြောင့် သူတို့သည် ရှန်းထောင်မြို့ထဲရှိ ချန်ကျဲ့ နီဝမ့်ကျွင်းနှင့် ဆုံတွေ့ခဲ့သည့် ဖက်ထုပ်ဆိုင်တွင် ညစာစားခဲ့ကြသည်။

“သူဌေး အသားဖက်ထုပ်သုံးပွဲပေးပါ”

ချန်ကျဲ့ ဆိုင်ပိုင်ရှင်ကို အော်ပြောလိုက်သည်။ မကြာမီတွင် ဆိုင်ပိုင်ရှင်သည် ဖက်ထုပ်များ အသင့်လာချပေးသည်။ ကလေးမလေးသည် ဖက်ထုပ်ကြီးတစ်ခုကို အမြန် ပါးစပ်ထဲ ထိုးထည့်လိုက်၏။ သို့သော် ဖက်ထုပ်သည် အရမ်းပူနေသေးသောကြောင့် ပါးစပ်မပိတ်နိုင်ဘဲ ပါးစပ်ဟလျက် လေရှိုက်သွင်းနေရသည်။ သို့‌တိုင် သူမသည် ပါးစပ်ထဲရှိ ဖက်ထုပ်ကို ထွေးထုတ်မပစ်ခဲ့ပေ။

“ဖြေးဖြေး ဖြေးဖြေး”

စူးယွင်ကျင်းသည် ဘေးဘက်မှ အသာအယာ ယပ်ခပ်ပေး‌လိုက်သည်။

“ဘယ်သူမှ ရွေ့ရွေ့နဲ့ လုစားမနေပါဘူး”

ထိုစဉ် ချန်ကျဲ့သည် စူးယွင်ကျင်းကိုကြည့်လျက် မေးသည်။

“မိန်းမ အဒေါ်ပိုင်က မင်းကို ဘာတွေပြောခဲ့လဲ”

ချန်ကျဲ့သည် သခင်မပိုင်မှ စူးယွင်ကျင်းကို ပြောခဲ့သည့်စကားများကို အရမ်းသိချင်ပါ၏။

စူးယွင်ကျင်းသည် ခေါင်းခါရမ်း၍ ပြန်ပြောသည်။

“ဘာမှမဟုတ်ပါဘူး”

“ဘာလဲ။ မင်းက ယောက်ျားနဲ့ စိတ်ထဲက စကားတွေကို‌ မမျှဝေချင်တော့ဘူးပေါ့လေ”

ထိုအခါ စူးယွင်ကျင်းသည် အချိန်တစ်ခုကြာ တိတ်ဆိတ်သွား၏။ ထို့နောက်မှ ပြောလာသည်။

“အဒေါ်ပိုင်က ဦးလေးကျုံးက ယီဟုန်ဂေဟာကို သွားခဲ့ပြီး သူ့ကို သစ္စာဖောက်တဲ့လုပ်ရပ် တစ်ခုခုကို လုပ်ခဲ့တယ်လို့ ထင်ရတဲ့အကြောင်း ပြောပြခဲ့တာပါ”

“တကယ်လား?!”

ချန်ကျဲ့ လန့်ဖျပ်သွားပြီး အမြန်မေးလိုက်သည်။

“အဒေါ်ပိုင် အတည်ပြုပြီးရဲ့လား”

စူးယွင်ကျင်းမှ ပြောသည်။

“တစ်ခါတလေ မိန်းကလေးတွေရဲ့ အလိုလိုသိစိတ်က အရမ်းတိကျတယ်။ ဒီတိုင်း ထုတ်မပြောချင်ရုံပဲလေ”

ချန်ကျဲ့မှ မေးသည်။

“အဲဒါက ဦးလေးကျုံးကို အထင်လွဲမှား‌နေတာ ဖြစ်နေခဲ့ရင်ရော”

“ဖြစ်နိုင်ပါ့မလား”

စူးယွင်ကျင်းသည် ချန်ကျဲ့ကို ကြည့်နေသည်။

အကြောင်းအရင်း တိတိကျကျမရှိပါဘဲ ချန်ကျဲ့သည် မလုံမလဲဖြစ်လာရကာ ပြောလိုက်သည်။

“မင်းဘာလို့ ကိုယ့်ကို အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ။ သွားခဲ့တာ ကိုယ်မှ မဟုတ်ဘဲ”

ထိုအချိန်တွင် ကလေးမလေးသည် ချန်ကျဲ့ကို မော့ကြည့်လာပြီး မေးမြန်းသည်။

“အစ်ကိုကြီး ယီဟုန်ဂေဟာဆိုတာက စားသောက်ဆိုင်လား။ အဲဒီမှာ ဝက်ခြေထောက်ဆစ်အကြီးကြီးတွေ ရှိလားဟင်”

ထိုအခါ ချန်ကျဲ့၏မျက်နှာမှာ မအီမသာဖြစ်သွားရပြီး ပြန်ပြောလိုက်သည်။

“ကလေးလေး ပေါက်ကရတွေ လျှောက်မေးမနေနဲ့တော့။ အဲဒီမှာ ဝက်ခြေဆစ်တွေ မရောင်းဘူး၊ ပင်လယ်စာပဲ ရောင်းတာ”

“ပင်လယ်စာဆိုတာ ဘာလဲ”

ပင်လယ်ဟူသည် ဘာမှန်းမသိသော ကလေးမလေးသည် နားမလည်နိုင်သဖြင့် မေးလာသည်။

ချန်ကျဲ့မှ ပြောသည်။

“မင်း အသက်ကြီးလာရင် သိပါလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် စူးယွင်ကျင်းကိုကြည့်၍ ပြောလိုက်သည်။

“အဲဒီတော့ အ‌ဒေါ်ပိုင်က မင်းကို အဲဒါပဲ ပြောခဲ့တာလား”

“အင်း။ ကျွန်မကို ယောက်ျားကို သေချာစောင့်ကြည့်ဖို့လည်း ပြောခဲ့သေးတယ်။ လောကကြီးမှာ အစာမခိုးတဲ့ကြောင် မရှိဘူးတဲ့”

“အဟွတ် အဟွတ်…”

ချန်ကျဲ့ ချောင်းဆိုးသွားရပြီး ထို့နောက် အလေးအနက် ပြောသည်။

“မိန်းမ မင်းစိတ်ချထားပါ။ ကိုယ်က မင်းပြောနေတဲ့ အဲဒီလိုကြောင်မျိုး မဟုတ်ပါဘူး”

“တကယ်လား”

စူးယွင်ကျင်း၏ မယုံသင်္ကာအကြည့်သည် ချန်ကျဲ့၏ကိုယ်ပေါ်သို့ ကျရောက်နေဆဲပင်။

ချန်ကျဲ့သည် လက်မြှောက်လျက် မိမိမှာ ဒုတိယထပ်သို့ ခိုးတက်သွားမည့်သူ မဟုတ်ပါကြောင်း စိတ်ချစေရန် ဖျောင်းဖျနေခဲ့သည်။

တစ်ပြိုင်နက်တည်းပင် စကားဝိုင်းအကြောင်းအရာကို ပြောင်းလဲလိုက်၏။ ထိုအကြောင်းအရာတွင် အချိန်အကြာကြီး ရစ်ဝဲမနေလိုပါချေ။

ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ချန်ကျဲ့သည် စူးယွင်ကျင်း၊ ကလေးမလေးတို့နှင့်အတူ အိမ်ပြန်လာခဲ့သည်။

သူတို့ ရှန်းထောင်ရွာသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့သည် တစ်စုံတစ်ရာ ကွာခြားနေသည်ဟု ခံစားနေရ၏။ အကြောင်းမှာ လမ်းမတွင် ဆုံတွေ့ခဲ့ရသည့် လူငယ်များသည် သူ့ကို ဖော်ရွေစွာဖြင့် “ညီနောင်ကျိုစစ်”ဟု နှုတ်ဆက်နေကြသောကြောင့်ပင်။ သူတို့၏ အသံများထဲရှိ မျက်နှာချိုသွေးနေသည့် လေယူလေသိမ်းမှာလည်း ပြည့်လျှမ်းနေခဲ့သည်။

ယခင်က ရွာတွင် အားကောင်းသည့် ကျောထောက်နောက်ခံမရှိခဲ့သော စူးယွင်ကျင်းသည် အနိုင်ကျင့်ခံခဲ့ရသည်မှာ သက်ညှာမှု မရှိခဲ့ပေ။ သို့သော် ယခုတွင်တော့ အားလုံးသည် သူမကို “မရီး”ဟု ရိုသေလေးစားစွာဖြင့် နှုတ်ဆက်ကြ၏။

အသက်ကြီးသူများသည်တော့ စူးယွင်ကျင်းကို ကြင်နာဖော်ရွေစွာ ဆက်ဆံကာ ဤသို့ အမြဲ မှတ်ချက်ပြု၏။

“ယွင်ကျင်းက ယောက်ျားကောင်းနဲ့ လက်ထပ်ယူခဲ့တာပဲ”

ချန်ကျဲ့သည် သူတို့၏ချီးမွမ်းစကားများတွင် ရှက်ရွံ့လာရ၏။

ငါက တကယ်ပဲ သူတို့ပြောသလောက် ကောင်းမွန်ရဲ့လား။

မည်သို့ပင်ဖြစ်စေ သဘောထားအပြုအမူများ ပြောင်းလဲသွားခြင်းသည် သိသာလွန်းလှသည်မှာ အလွယ်တကူ သိမြင်နိုင်သည်အထိပင် ဖြစ်၏။

ချန်ရှောင်ဟူနှင့် တွေ့မှသာ အကြောင်းအရင်းကို သိခဲ့ရသည်။ အကြောင်းမှာ ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏ မွေးစားသားအဖြစ် သတ်မှတ်ခံခဲ့ရပြီး မကြာမီတွင် စီရင်စုမြို့သို့ သွားကာ သခင်လေးတစ်ပါးဖြစ်တော့မည်ဟူသော သတင်းသည် တစ်ရွာ‌လုံး ပျံ့နှံ့သွား‌သောကြောင့် ဖြစ်လေသည်။

ထိုသတင်းကိုကြားရသည်တွင် ရွာသူရွာသားအားလုံးမှာ အံ့အားမင်သက်ကုန်ကြသည်။

ရွာသားတစ်ယောက်မှ မေးသည်။

“ဟေး ဘယ်ဟာက ပိုအဆင့်မြင့်တာလဲ။ ဖန်းရှစ်ကျုံးရဲ့ မွေးစားသားဖြစ်ရတာလား၊ ငါတို့ရဲ့ ဒေသပိုင် ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးဖြစ်ရတာလား”

ချက်ချင်းပင် တစ်ယောက်မှ ပြန်ဖြေသည်။

“အဲဒါကို မေးနေစရာ လိုသေးလို့လား။ သေချာပေါက် ဖန်းရှစ်ကျုံးရဲ့မွေးစားသားက အဆင့်မြင့်တာပေါ့။ ပြီးတော့ စီရင်စုမြို့ကိုလည်း လိုက်သွားရမှာ။ စီရင်စုမှာ နေထိုင်ရမယ့် ဘဝကိုပဲ စဉ်းစားကြည့်စမ်းပါဦး။ ဒီမှာထက် အများကြီးပိုပြီး သက်သောင့်သက်သာရှိတယ်ကွ!”

“ဟုတ်တယ် ငါမင်းကိုပြောမယ်။ ဖန်းရှစ်ကျုံးမှာ သားအရင်းမရှိဘူး။ သူ့ရဲ့မွေးစားသားဖြစ်သွားတယ်ဆိုတာ ဖန်းရှစ်ကျုံးရဲ့ရာထူးပိုင်ဆိုင်မှုတွေကို အမွေဆက်ခံခွင့်ရှိတယ်လို့ ဆိုလိုတာပဲ။ ကျားဖြူခန်းမက ကျိုစစ်ရဲ့အပိုင်တောင် ဖြစ်သွားနိုင်တယ်။ အခု ပြောကြည့်ပါဦး၊ ဘယ်ဟာက ပိုအဆင့်မြင့်လဲလို့”

“ကျားဖြူခန်းမလား!”

ထိုစကားတွင် အားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ စီရင်စုဆိုင်ရာ ကုန်သည်အဖွဲ့၏ ခန်းမအရှင်သခင်ဟူသည် ရာဇဝတ်သားဖမ်းဆီးရေးအရာရှိအပြင် စီရင်စု ရာဇဝတ်တရားသူကြီးနှင့်ပင် အဆင့်အတန်းတူညီကြောင်း သူတို့ သိထားကြပါ၏။ သာမန်လူများဖြစ်ကြသည့် သူတို့အတွက်မူ ထိုသူတို့မှာ အရှင်သခင်ကြီးများ ဖြစ်ကြပေသည်။

၎င်းအဆင့်အတန်းသည် သူတို့အတွက် အလှမ်းဝေးကွာလွန်း၏။

ဤအဆင့်အတန်းနိမ့် သာမန်အရပ်သားများအတွက်မူ သူတို့၏ ဘဝတစ်သက်တာလုံးတွင် မြင်တွေ့ဖူးနိုင်သည့် အဆင့်အတန်းအမြင့်မားဆုံး ပုဂ္ဂိုလ်ကြီးမှာ ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးသာ ဖြစ်သည်။

ယခု၌ သူတို့သည် ချန်ကျိုစစ်၏ အနာဂတ်ကို ကြားသိလိုက်ရသောအခါ အကြွင်းမဲ့ အားကျနေကြတော့သည်။

ကျေးလက်ဒေသရှိ ကျောင်းသားတစ်ဦးမှ ဂုဏ်သတင်းကြီးသည့် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးနောက် မြို့ကြီးတွင် အခြေချရန် ထွက်ခွာသွားပြီး ဘဝတည်ဆောက်ခြင်းကဲ့သို့ အလားတူဖြစ်ပေသည်။

All Chapters