အခန်း ၁၆၇
Vol. 12 Ch. 167
အခန်း (၁၆၇)
ချန်ကျဲ့သည် စီရင်စုမြို့သို့ ရှောင်ဟူကဲ့သို့ လူယုံတစ်ဦး ခေါ်သွားရမည်ဟု တွေးထားခဲ့သည်။ လက်ရှိတွင် ရှောင်ဟူသည် သန်မာနေပြီဖြစ်၏။ အထူးသဖြင့် သမားတော်ပိုင် ပြင်ဆင်ပေးသည့် အရေပြားသန့်စင်ဆေးရည်ကို စိမ်ပြီးနောက်တွင် အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။
ရှောင်ဟူ၏ အထုံပါရမီသည် ချန်ကျဲ့ထက် အမှန်တကယ်ပင် အနည်းငယ် ပိုသာလွန်ပါ၏။
ချန်ကျဲ့သည် အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် အရေပြားသန့်စင်ဆေးရည်ကို သုံးကြိမ်အသုံးပြုခဲ့ရသည်။ သမားတော်ပိုင်သည် ဆေး၅ကြိမ်စာ ပြင်ဆင်ပေးထားခဲ့သည်။ ထို့ကြောင့် ကျန်ရှိသည့် ဆေးနှစ်ကြိမ်စာကို ရှောင်ဟူကို ပေးထားခဲ့သည်။
ထိုဆေးနှစ်ကြိမ်စာဖြင့် ရှောင်ဟူသည် အရေပြားသန့်စင်ခြင်းအဆင့်၏ ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနိုင်ခဲ့ပြီး သာမန်ယာလုပ်သားများထက် စွမ်းဆောင်ရည် ပိုမိုအားကောင်းသာလွန်နိုင်ခဲ့သည်။
မကြာမီ၌ ရှောင်ဟူသည် လူ၁၅ယောက်အုပ်စုနှင့်အတူ ပြန်ရောက်လာခဲ့ပြီး လူတန်းနှစ်တန်း စီတန်းစေလိုက်သည်။
ရှောင်ဟူမှ ပြောသည်။
“ခေါ်လိုက်ပါ”
ထိုအခါ လူအုပ်ကြီးသည် တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။
“ညီနောင်ကျိုစစ်!”
ချန်ကျဲ့သည် မိမိနောက်သို့လိုက်ရန် ပြင်ဆင်ထားကြသည့် ထိုလူငယ်တစ်အုပ်ကို ကြည့်လိုက်သည်။ အားလုံးမှာ ၁၈နှစ်၊ ၁၉နှစ်အရွယ် ဝန်းကျင်များ ဖြစ်ကြသည်။
ဤအရွယ်လူငယ်လေးများသည် အိပ်မက်များစွာဖြင့် စိတ်အားအထက်သန်ဆုံး ဖြစ်ကြလိမ့်မည်။ ထိုထက်ပို၍ အသက်ကြီးသူများမှာမူ ဘဝဒဏ်ကြောင့် စိတ်ဝိဉာဉ်များ ကြေမွနေခဲ့လောက်ပြီဖြစ်၏။
ချန်ကျဲ့ ထိုလူငယ်လေးများကို ခပ်သာသာ ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည်။
“မင်းတို့အားလုံး ငါ့နောက်လိုက်ချင်ကြသလား”
လူငယ်လေးများသည် တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်သည်။
“ဟုတ်ကဲ့!”
ချန်ကျဲ့ ပြုံးလိုက်ပြီး မေးလိုက်သည်။
“ဘာလို့ ငါ့နောက်လိုက်ချင်ကြတာလဲ”
လူငယ်လေးများသည် အချင်းချင်းကြည့်နေကြပြီး မည်သို့ဖြေရမည်ကို မသိကြပေ။ ချန်ကျဲ့ သူတို့ထဲမှ တစ်ယောက်ကို ညွှန်ပြလိုက်ပြီး မေးသည်။
“မင်း ဘာလို့လဲ”
လူငယ်လေးသည် ရုတ်ချည်း ဖြေသည် ။
“အောင်မြင်မှုအတွက်ပါ”
“မင်းကရော?”
“ကျွန်တော်က ကျွန်တော့်ရဲ့မိဘတွေ ဂျုံဖြူေပါက်စီ စားသောက်နိုင်ရုံလောက် ပိုကောင်းမွန်တဲ့ဘဝမျိုး ပိုင်ဆိုင်စေချင်လို့ပါ”
“မင်းကရော?”
“ကျွန်တော် ကျွန်တော့်တစ်ဘဝလုံးကို လယ်စိုက်ပြီး မကုန်ဆုံးသွားချင်ဘူး။ ကျွန်တော် အောင်မြင်ချင်တယ်”
လူငယ်အုပ်စုသည် သူတို့၏စိတ်အားထက်သန်မှုများ၊ စစ်မှန်သော ခံစားချက်များကို ပြောပြခဲ့ကြသည်။
ချန်ကျဲ့သည် အချို့ကို နာမည်သိပြီး အချို့ကို မသိပေ။ သို့သော် သူတို့အားလုံးကို မှတ်မိပါ၏။ အများစုသည် ရှန်းထောင်ရွာမှ ဖြစ်ကြပြီး အနည်းငယ်သည် အထက်မက်မွန်ရွာနှင့် အောက်မက်မွန်ရွာတို့မှ ဖြစ်သည်။
ချန်ကျဲ့မှ ပြောသည်။
“အရမ်းကောင်းတယ်။ တကယ်တော့ ကျွန်တော်လည်း အစတုန်းက မင်းတို့လိုပဲ ဒီတစ်ဘဝလုံးကို လယ်ယာလုပ်ငန်းထဲမှာ မကုန်ဆုံးချင်ဘူး၊ မိသားစုကို ကောင်းမွန်တဲ့ဘဝလေး ပိုင်ဆိုင်စေချင်တယ်၊ အောင်မြင်မှုကို လိုလားတယ်၊ လူအားလုံး ကျွန်တော့်ကို လေးစားကြဖို့ မျှော်လင့်ခဲ့တယ်”
“ဒါပေမဲ့ အဲဒါက တကယ်ခက်ခဲတယ်ဗျ။ ကျွန်တော် အောင်မြင်သွားတယ်ဆိုတာနဲ့ပဲ မင်းတို့အားလုံးလည်း အဲဒီလိုဖြစ်လာမယ်လို့ မဆိုလိုဘူးလေ။ ဒါပေမဲ့ မင်းတို့က ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်နောက်လိုက်ဖို့ ဆန္ဒရှိကြတယ်”
“အဲဒီတော့ ကျွန်တော့်အနေနဲ့ မင်းတို့ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေကို လျစ်လျူရှုပြီး လမ်းကြောင်းတစ်ခုတလေတောင် မကမ်းလှမ်းဘဲ မပစ်ပယ်လိုက်နိုင်ဘူး”
“အဲဒါကြောင့် ကျွန်တော် မင်းတို့ကို လက်သီးသိုင်းတစ်ခုသင်ပေးမယ်။ မင်းတို့သာ လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မယ်ဆိုရင် အောင်မြင်နိုင်တယ်။ ပြီးတော့ မင်းတို့အောင်မြင်မှုငယ်အဆင့်ကို ရောက်တဲ့အခါ ကျွန်တော့်ကို ဒါမှမဟုတ် ရှောင်ဟူကို စီရင်စုမှာ လာရှာလှည့်ပါ။ အဲဒီအချိန်က စပြီးတော့ မင်းတို့က ကျွန်တော် ချန်ကျိုစစ်ရဲ့ ညီနောင်တွေပဲ”
“မင်းတို့ မအောင်မြင်ခဲ့ရင်လည်း ကိစ္စမရှိဘူး။ အဲဒီလက်သီးသိုင်းက မင်းတို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုအတွက်တော့ လုံလောက်တယ်။ ဒီလက်သီးသိုင်းကို ကျွမ်းကျင်အောင် တတ်မြောက်နိုင်မယ်ဆိုရင် ငါးဖမ်းကုန်သည်အဖွဲ့ကို ဝင်ရောက်ဖို့ မင်းတို့ရဲ့ကံကောင်းမှုကို စမ်းသပ်ကြည့်လို့ရနိုင်တယ်။ ငါးဖမ်းကုန်သည်အဖွဲ့က မင်းတို့ကို လက်ခံလိုက်ပြီဆိုရင် မင်းတို့က ကျွန်တော် ချန်ကျိုစစ်ရဲ့ မိတ်ဆွေညီနောင်တွေပါပဲ”
“ မင်းတို့ ဒီလက်သီးသိုင်းကို တခြားသူတွေ မင်းတို့ယုံကြည်တဲ့သူတွေကို ပြန်သင်ပေးလို့ ရပါတယ်။ သူတို့တတ်မြောက်သွားခဲ့ရင် သူတို့လည်း ကျွန်တော့်ကို လာရှာလို့ရတယ်။ ကျွန်တော် သူတို့ကိုလည်း ကျွန်တော့်ရဲ့ညီနောင်တွေအဖြစ် လက်ခံပေးမှာပါ”
ချန်ကျဲ့သည် လူအုပ်စုကို ဖြည်းညင်းစွာသော အသံဖြင့် ပြောသည်။
ထိုအခါ လူငယ်အုပ်စုသည် အချိန်ခဏမျှ အံ့ဩမင်သက်ကုန်ကြ၏။ သို့သော် သူတို့သည် ချန်ကျဲ့၏အကြုံပြုချက်ကို လက်ခံကြောင်း ခေါင်းညိတ်သဘောတူကြသည်။
လက်သီးသိုင်းဆိုတာ သင်ယူခွင့်ရဖို့ လွယ်ကူတဲ့အရာမို့လို့လား။
သူတို့ကဲ့သို့ အောက်ခြေလူတန်းစားများသည် လက်သီးသိုင်းကို ရယူနိုင်သည့် အခြေအနေမျိုး မရှိကြပေ။ ချန်ကျဲ့ ဘိုးဘေးကြီးလက်သီးသိုင်းကို ပထမဆုံးအကြိမ် သင်ယူစဉ်ကလည်း ဝူဟုန်ထံမှ သင်ယူခဲ့ရခြင်းဖြစ်ပေသည်။