သေဒဏ်ချဖို့ သဘောတူသည်
Vol. 19 Ch. 285
မဟာယန်ကောင်တီမြို့စား မိုတန်ရှင်းသည် တရားမျှတမှု ဘက်မလိုက်မှုတို့ကြောင့် နာမည်ကျော်သည်။ 'လူမှန်ကြီးမို'ဟူသည့် နာမည်ပြောင်ကို ရထားသည်။ နယ်ခံအဖွဲ့အစည်းများ လာဘ်ထိုး၍ မျက်နှာချိုသွေးကြသော်လည်း သူစိတ်မယိုင်။ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။
သေမျိုးနှင့်ကျင့်ကြံသူများကို တန်းတူဆက်ဆံသည်။ ကျင့်ကြံသူများကို အထူးတလည်အရေးပေးဆက်ဆံခြင်းမရှိ။ ထို့ပြင် သူသည် မဟာယန်ကောင်တီတွင် စွမ်းအားအကြီးဆုံးကျင့်ကြံသူဖြစ်သည်။ ဝိညာည်ပြောင်းအလတ်တန်းဆင့်ရှိသည်။
နိုင်ငံ့ကံကြမ္မာစွမ်းအားကလည်း သူ့ကိုထောက်ပံ့ထားသဖြင့် ဘယ်သူမှ သူ့အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်။
ခရီးသွားလုပ်ငန်းကိုလည်း အားကြိုးမာန်တက် ထောက်ပံ့အားပေးခဲ့သည်။ ခရီးသွားများကို ပို၍ဆွဲဆောင်နိုင်စေရန် ယန်ကောင်တီတွင် တမူထူးခြားသည့် အချက်အပြုတ်ပညာရပ်များ ပေါ်ပေါက်လာအောင် ဆောင်ရွက်သည်။ ဒေသစီးပွားရေးကို မြှင့်တင်သည်။ သူ့အုပ်ချုပ်မှုအောက်တွင် မဟာယန်ကောင်တီ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။
သို့သော် အခုရက်ပိုင်း သူ့စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေသည့် ထင်မထားသည့် ကိစ္စနှစ်ခု ကြုံရသည်။
ပထမတစ်ခုက စွန့်ပစ်တောင်တန်းများပေါ်တွင် ရုံးတော်မှစစ်တပ်များ တပ်စွဲထားခြင်းဖြစ်သည်။ နတ်ဆိုးဂိုဏ်းတစ်ခု၏ စခန်းနေရာကို ရှာတွေ့သည်ဟု သတင်းရသည်။ ပြိုကွဲသွားသည့် ထာဝရဂိုဏ်းနှင့် ပတ်သက်သလား၊ ကျန်သည့်နတ်ဆိုးသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းလား သေချာမသိ။
တပ်ဖွဲ့များကို တပ်မှူလွီက ဦးဆောင်သည်။ စစ်တပ်ရာထူးမြင့်မားသည့် စုစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။ တပ်မှူးလွီရှိနေသဖြင့် ကောင်တီနယ်စားသာဖြစ်သည့် မိုတန်ရှင်း စိုးရိမ်စရာမလိုတော့။
နောက်ကိစ္စတစ်ခုက နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက် ထောင်ကျနေခြင်းဖြစ်သည်။ အင်ပါယာထက် တစ်ဆင့်သာနိမ့်သည်။ မသေမျိုးငါးဂိုဏ်းဝင် တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ ကူးဖြတ်ခြင်းအဆင့်အောက်တွင် စွမ်းအားအကြီးဆုံး၊ ယနေ့ခတ်၏ စွမ်းအားအကြီးဆုံးဓားသမား၊ တစ်လောကလုံးတွင် ရန်သူများဝိုင်းနေသူ တာအိုရှင်ဝစီပိတ်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုပုဂ္ဂိုလ်ကြီးက လိုက်လျောညီထွေရှိပါသည်။ ခုခံခြင်းမရှိဘဲ ထောင်ထဲတွင်နေသည်။ သူသာခုခံလျှင် မိုတန်ရှင်း ထိန်းချုပ်နိုင်မည်မဟုတ်။
ဥပဒေကြောင်းအရ မိုတန်ရှင်းက စီရင်ခွင့်ဩဇာရှိသည်။ တာအိုရှင်ဝစီပိတ်ကျူးလွန်သည်ကလည်း အသေးအဖွဲပြစ်မှုသာဖြစ်သည်။ ထောင်ထဲတွင် ရက်ပိုင်းလောက်သာနေရမည်။ သို့သော် ဝစီပိတ်၏ မြင့်မားသည့်အဆင့်အတန်းကြောင့် သူ့အမှုကို ရုံးတော်သို့ အစီရင်ခံလိုက်သည်။
ထို့ပြင် နောက်ထပ်ပြဿနာတစ်ခုလည်း သူကြုံရသည်။ တာအိုရှင်ဝစီပိတ်သည် ထောင်ကျနေသော်လည်း ထောင်ထဲတွင် ပုံပြင်ပြောနေသည်။ လူအတော်များများ စိတ်ဝင်စားကြသည်။
ဥပမာ လူတစ်ယောက် ငွေပြားတစ်ချို့ခိုးသည်။ ဥပဒေအရ ထောင်ငါးရက်ကျသည်။ သူ့မိသားစု ထောင်ဝင်စာလာတွေ့သည်။ အကျဉ်းထောင်က နေ့ညမရွေး သက်တောင်သက်သာရှိသည်။ တစ်ဘက်ထောင်ခန်းထဲတွင် စုစည်းခြင်းအဆင့်စွမ်းအားရှင် ပုံပြောနေသည်။ ထိုငါးရက်တာက ပုံမှန်ထက်ပင် ပို၍ပျော်စရာကောင်းသည်။
ထိုလူ့အတွေ့အကြုံက တစ်နည်းနည်းဖြင့် အပြင်သို့ သတင်းပြန့်သွားသည်။ လူပေါင်းများစွာ သူ့လိုလိုက်လုပ်ကြသည်။ ထောင်ခန်းအားလုံး ပြည့်သွားသည်။ အကြောင်းမသိသူများအဖို မဟာယန်ကောင်တီတွင် ဆိုးသွမ်းသည့်ရာဇဝတ်သားများ ပြည့်နေသဖြင့် အကျဉ်ထောင်တစ်ခုလုံး နေရာလပ်မကျန်တော့ခြင်းဟု ထင်ကောင်းထင်ကြမည်။
ထိုကောလဟာလသာ အင်ပါယာ၏နားသို့ ပေါက်သွားလျှင် မိုတန်ရှင်း၏ နာမည်ဂုဏ်သတင်းအားလုံး ပျက်စီးသွားနိုင်သည်။ သူကိုယ်တိုင်လည်း ရှင်းပြနိုင်မည်မဟုတ်။ ပုံပြင်လာနားထောင်သူများကြောင့် အကျဉ်းထောင်ပြည့်နေပါသည်ဟုပြောလျှင် ဘယ်သူယုံမည်နည်း။
သို့သော် ကံကောင်းထောက်မစွာဖြင့် ရုံးတော်က ဤကိစ္စကို အလေးအနက်ထားသည်။ တရားရေးဝန်ကြီးကိုယ်တိုင် ဝစီပိတ်အမှုကိုဖြေရှင်းရန် မဟာန်ယန်ကောင်တီသို့ ပျံသန်းလာသည်။
"သခင်၊ တရားရေးဝန်ကြီး ရောက်ခါနီးပါပြီ"
လက်ထောက်တစ်ယောက်က တီးတိုးပြောသည်။ မိုတန်ရှင်း သာမန်ဝတ်စုံကိုချွတ်၍ အရာရှိဝတ်စုံဝတ်ပြီး ကြိုဆိုရန် အပြင်သို့ထွက်သည်။
သူထွက်လာချိန်မှာပင် တရားရေးဝန်ကြီး ကောင်းကင်မှဆင်းလာသည်။ လက်ထောက်တပည့်များပင် ပါမလာ။ ရေးကြီးသုတ်ပြာ လာခဲ့ရဟန်တူသည်။
တရားရေးဝန်ကြီး ရှုရှင်းသည် အရပ်မြင့်၍ သန်မာထွားကျိုင်းသည်။ တည်ကြည်သည့်မျက်နှာထားရှိသည်။ သားနားသည့် သူ့အဝတ်အစားများက မြင့်မားသည့် သူ့အဆင့်အတန်းကို ထင်ဟပ်နေသည်။ ဥပဒေကျွမ်းကျင်သူဖြစ်၍ အင်ပါယာ၏ ယုံကြည်အားကိုးမှုကို ရထားသူဖြစ်သည်။
"သခင်ရှု၊ တာအိုလမ်းစဉ်ဂိုဏ်းကိစ္စနဲ့ ပတ်သက်ပြီး..."
ရှုရှင်း လက်ကာပြသည်။
"အသေးစိတ်အချက်အလက်တွေ အားလုံးငါသိပြီးပြီ။ ဒီသူခိုးအိုဝစီပိတ်ကို သေဒဏ်ချဖို့ ငါသဘောတူတယ်"
"အဲ..ဒါပေမယ့် တာအိုလမ်းစဉ်ဂိုဏ်းချုပ်က..."
"သေဒဏ်ပဲ"
ရှုရှင်း အလေးအနက်ထပ်ကြေညာသည်။
သူ့သဘောထားကိုကြည့်၍ ကောလဟာလစကားတစ်ခုကို မိုတန်ရှင်း ပြန်သတိရလာသည်။ နန်းမြို့တော်ဆီ ကျောက်တုံးတစ်တုံး ပစ်လိုက်လျှင်ပင် ဝစီပီတ်၏မုန်းတီးနေသည့် အရာရှိတစ်ယောက်ကိုထိလိမ့်မည်ဟူ၏။
ကဗျာတစ်ပုဒ်ပင် ရှိသေးသည်။
"ကောင်းကင်အောက်တွင် သင့်ကိုဘယ်သူမမှတ်မိဘဲ နေလိမ့်မလဲ"
ဝစီပိတ်ကို ရည်ညွှန်းခြင်းဖြစ်သည်။
"သူခိုးအိုဝစီပိတ်ကို သွားတွေ့ရအောင်"
ရှုရှင်း မိုတန်ရှင်းကို ထောင်ထဲသို့ ဒရွတ်တိုက်ဆွဲခေါ်သွားသည်။
မဟာယန်ကောင်တီတွင် ဝစီပိတ်ထောင်ကျနေသည်ဟု ကြားသဖြင့် မိတ်ဆွေများနှင့် ညစာစားဖို့ချိန်းထားသည်ကိုပင်ဖျက်၍ သူအပြေးတစ်ပိုင်း လာကြည့်ခြင်းဖြစ်သည်။
ထောင်တစ်ခုလုံး ဆူညံနေသည်။ ဆိုးသွမ်းသည့် ရာဇဝတ်သားများ သောင်းကျန်းနေသယောင်ထင်ရသည်။
သေချာနားထောင်ကြည့်လျှင် လူတစ်ယောက် ထောင်ထဲတွင် ပုံပြောနေခြင်းဖြစ်ကြောင်း နားလည်လာပေလိမ့်မည်။
"အဲဒီ့နေ့က တာအိုလမ်းစဉ်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ချင်ကျိုးနန်နဲ့ငါ အလယ်ပိုင်းတိုက်နယ်ကိုဖြတ်ပြီး ခရီးသွားနေတယ်။ ကောင်းကင်မျက်လုံးအစွမ်းကိုသုံးလိုက်တော့ အလွန်အဆင့်မြင့်တဲ့ အလောင်းစွမ်းအင်ရောင်တွေဖုံးနေတဲ့ ဂူသင်္ချိုင်းတစ်ခု ငါတို့တွေ့တယ်။ အလောင်းဘုရင်အဆင့် ဖုတ်ကောင်တစ်ကောင်မွေးဖွားလာတာဖြစ်မယ်လို့ ငါတွက်ဆလိုက်တယ်။
အစကတော့ ငါတို့နှစ်ယောက် ဂိုဏ်းကိုပြန်ပြီး အင်အားအကူခေါ်ပြီးမှ အလောင်းဘုရင်ကို ဝိုင်းမလို့ပါပဲ။ ဒါပေမယ့် အလောင်းဘုရင်က ငါတို့ကိုမြင်သွားတော့ မြေအောက်ကိုလျှိုးပြီး ထွက်ပြေးဖို့ကြိုးစားတယ်။
ငါချက်ချင်းလှုပ်ရှားတယ်။ 'ကောင်းကင်လွန်မသေမျိုးပျံ'ဓားချက်နဲ့ စတိုက်ခိုက်တယ်။ မှော်စက်ဝန်းအလွှာတွေနဲ့ ထူထဲတဲ့မြေသားကို ထိုးဖောက်ပြီး အလောင်းဘုရင်ရဲ့ ပြေးလမ်းကို ပိတ်ဆိုလိုက်တယ်။ ဒါကိုမြင်တော့ အလောင်းဘုရင်က ဖုတ်ကောင်တပ်ဖွဲ့ကို ဦးဆောင်ပြီး ငါနဲ့ချင်ကျိုးနန်ကို တိုက်ခိုက်ကြတယ်။
ငါတို့က ဘယ်သူတွေလဲ။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲလေ။ အလောင်းဘုရင်လေးတစ်ယောက်က ငါတို့ကိုနိုင်မယ်လို့ ဘာကြောင့်ထင်နေသလဲတော့မသိဘူး။
အလောင်းဘုရင်က သူ့မူလပုံစံအစစ်ကို ပြတယ်။ မြေပြင်ကို ခြောက်ကပ်အက်ကွဲနေတဲ့နေရာတစ်ခုအဖြစ် ပြောင်းလိုက်တယ်။ မြေအောက်မီးတောက်နဲ့ ဆက်သွယ်တယ်။ မိုးမြေကို မီးပင်လယ်အဖြစ်ပြောင်းတယ်။
ငါ့ဓားတစ်ချက်ဝင့်လိုက်တော့ လေနဲ့တိမ်တိုက်တွေ မုန်တိုင်းထန်သွားတယ်။ မိုးမြေကြားမှာ အမှောင်ကျသွားတယ်။ ချင်ကျိုးနန်က သူ့မိုးမြေအသွင်ကိုပြောင်းတယ်။ လက်တစ်ချောင်းဟာ တောင်တန်းတစ်ခုစာလောက်ကြီးမားတယ်"
ထောင်သားများက ဝစီပိတ်ကို စိတ်ဝင်တစားစိုက်ကြည့်နေသည်။ အနှောက်အယှက်ဖြစ်မည်စိုး၍ အသက်ပင်ပြင်းပြင်းမရှူရဲ။
ဝစီပိတ်၏ ပြောင်မြောက်သည့် ပုံပြောပညာက မရှိကို အရှိထင်လာအောင် စွမ်းဆောင်နိုင်သည်။ လူအားလုံး တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့နေရသလို ခံစားရသည်။
ရှုရှင်းမျက်နှာတွင် ဇဝေဇဝါဖြစ်နေသည့်အရိပ်မျိုး ပေါ်လာသည်။ သူအမှတ်မမှားလျှင် ဝစီပိတ်နှင့်မဟာအကြီးအကဲတို့ အဖြစ်အပျက်သည် ဂူသင်္ချိုင်းတစ်ခုတည်ဆောက််ဖို့ မြေတူးရင်း သင်္ချိုင်းအစစ်တစ်ခုကို တူးမိခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ယောက် ဂူဖောက်သူခိုးများဟု အထင်မှားခံရသည်။
အလောင်းဘုရင်နှင့် ဖုတ်ကောင်တပ်ဖွဲ့ဇာတ်လမ်းက ဘယ်နားကပါလာသည်မသိ။
ဝစီပိတ်ကို သူမတွေ့ခဲ့ရသည့် နှစ်ပိုင်းအတွင်း လိမ်ဆင်ဇာတ်လမ်းဖန်တီးမှုပညာသာ တိုးတက်လာသယောင်ရှိသည်။
ဝစီပိတ်သူ့ကိုလှည့်စားခဲ့သည့် အတိတ်ကကိစ္စများကို ပြန်သတိရလာသဖြင့် ရှုရှင်း အံတင်းတင်းကြိတ်လုက်သည်။
နောက်ဆုံးတော့ ထိုမြေခွေးအို သူ့လက်ထဲရောက်လာပြီဖြစ်သည်။
"ဝစီပိတ်၊ မင်းအတော်ဇိမ်ကျနေတာပဲ"
ရှုရှင်း ပြုံး၍ပြောလိုက်သည်။
ထောင်ထဲမှလူအားလုံး ဒေါသရိပ်ပြည့်နေသည့် မျက်လုံးများဖြင့် ရှုရှင်းကိုလှည့်ကြည့်လာသည်။ သူတို့ပုံပြင်နားထောင်နေသည်ကို လာနှောက်ယှက်သဖြင့် အတော်ရိုင်းသည့်လူဟု မြင်ကြသည်။
ရှုရှင်း၏သားနားသည့်ဝတ်စုံနှင့် နောက်ဘက်မှကပ်ပါလာသည့် မိုတန်ရှင်းကိုကြည့်၍ ရှုရှင်းသည် အဆင့်မြင့်အရာရှတစ်ယောက်ဖြစ်ကြောင်း ရိပ်စားမိကြသည်။
ဘယ်လောက်မြင့်သည်ကိုတော့ သူတို့မသိ။
ရှုရှင်းကိုမြင်သည်နှင့် ဝစီပိတ်က တဟားဟားအော်ရယ်နေသည်။
"အားလုံးကို ကျုပ်မိတ်ဆက်ပေးပါ့မယ်။ ဒါက သခင်ရှုရှင်းတဲ့။ လက်ရှိတရားရေးဝန်ကြီးပါ"
"ဝစီပိတ်၊ မင်းငါ့ကို နည်းနည်းလောက်လေးစားပေးရင် ပိုကောင်းလိမ့်မယ်။ မင်းထောင်ထဲမှာ ဆယ်ရက်နေရမလား ဆယ်နှစ်နေရမလားဆိုတာ ငါ့ဆုံးဖြတ်ချက်အပေါ်မူတည်တယ်ကွ"
မုတန်ရှင်းက နောက်ဘက်မှ တီးတိုးအကြံပေးသည်။
"သခင်ရှု၊ ဒါက ဥပဒေအရ ဆုံးဖြတ်ရမှာပါ"
သခင်ရှု ဒေါသဖြင့် လှည့်ကြည့်သည်။ မိုတန်ရှင်း ကြောက်သွားပြီး အမြန်ခေါင်းငုံ့လိုက်သည်။
ထို့နောက် သခင်ရှု ဝစီပိတ်ကို ပြန်လှည့်ကြည့်သည်။ ပြုံးရွှင်သည့်အမူအရာ ပြန်ပေါ်လာသည်။
ထောင်ထဲမှာပင် မသေမျိုးတစ်ယောက်ဟန်ပန်မျိုးရှိနေသည့် ဝစီပိတ်က ပြန်မေးသည်။
"မင်းငါ့ဆီက ဘာလိုချင်တာလဲ။ ငါတို့ အပြင်ထွက်ပြီး အမှန်အကန်တိုက်ခိုက်ကြမလား။ ငါနိုင်ရင် မင်းငါ့ကိုလွှတ်ပေး။ ငါရှုံးရင် မင်းငါ့ကိုဒီနေရာမှာ ကြိုက်သလောက် ထိန်းချုပ်ထားလို့ရတယ်"
ထိုစကားကြားပြီးနောက် ရှုရှင်း စားပွဲကိုလက်ဖြင့်ရိုက်လိုက်သည်။
"ကောင်းပြီလေ။ ငါသဘောတူတယ်။
ရွှေသန္ဓေအဆင့်၊ နတ်ဝိညဉ်အဆင့်၊ ဝိညာဉ်ပြောင်းအဆင့်တို့တွင် ဝစီပိတ်ကိုရှုံးနိမ့်ခဲ့သော်လည်း သူသည် ယခု တရားရေးဝန်ကြီးဖြစ်သည်။ ဆိုးသွမ်းသည့် ရာဇဝတ်သားများ မရေမတွက်နိုင်အောင် နှိပ်ကွပ်ခဲ့သည်။ ကျင့်စဉ်စွမ်းအာရော တိုက်ပွဲအတွေ့အကြုံအရပါ ဝစီပိတ်ကို သူမကြောက်။
သော့ခတ်ထားသည့် သံကြိုးကို သူဆွဲဖြတ်၍ ထောင်တံခါးကို ဖွင့်လိုက်သည်။
"ထွက်ခဲ့"
ဝစီပိတ် မပွင့်တပွင့်ပြုံး၍ မိုတန်ရှင်းကို လှမ်းပြောသည်။
"သခင်မို၊ မင်းမြင်တယ်နော်။ ငါကထွက်ပြေးဖို့ကြိုးစားတယ်။ သခင်ရှုက ငါထွက်ပြေးမယ့်အစီအစဉ်ကို သဘောတူတယ်။ ငါ့အတွက် သူကိုယ်တိုင်တောင် အချုပ်ခန်းတံခါးဖွင့်ပေးတယ်။ ဒီကိစ္စမှာ ငါကအဓိကတရားခံပါ။ သူက ကြံရာပါပေ့ါ။ သူ့ကိုလည်း မင်းထောင်ထဲထည့်ထားသင့်တယ်"
မိုတန်ရှင်း နှစ်စက္ကန့်လောက်စဉ်းစားသည် ထို့နောက် ရှေ့တိုးလာပြီး ယဉ်ကျေးသည့်အမူအရာဖြင့် ပြသည်။
"တာအိုလမ်းစဉ်ဂိုဏ်းချုပ်ပြောတာမှန်တယ်။ သခင်ရှု၊ ခင်ဗျားက ကျုပ်ရှေ့မှာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တယ်။ ဒီတော့...ကျေးဇူးပြုပြီး ဝင်ပါခင်ဗျာ"
ရှုရှင်း - "..."
ဝစီပိတ်၊ ထောင်ကျနေတာတောင် ငါ့ကို အရူးလုပ်နိုင်သေးတယ်ပေါ့။
****************************************