ရွှေသန္ဓေတည်ဆောက်ခြင်း
Vol. 19 Ch. 271
လုယန် စိတ်အာရုံအတော်ရှုပ်ထွေးနေသည်။ အပြင်လောကအာရုံခံစားမှုများ အကြီးအကျယ်လျော့ကျသွားသည်။ သူ့ကိုတိုက်ခိုက်နေသည့် ရွှေသန္ဓေအဆင့်သက်ရှိများကိုသာ အာရုံခံနိုင်သည်။ ကျန်သည့်အရာအားလုံး ဝေဝါးနေသည်။
သို့သော် သူ့ဒန်ထန်ဘေးပတ်လည်တွင် ဝန်းရံနေသည့်မြူခိုးများ တဖြေးဖြေးလျော့ပါးလာသည်။ ထိုမြူထုကို ရှင်းထုတ်လိုက်ရုံဖြင့် နောက်ဘက်မှ အလင်းစက်ဝန်းကို မြင်ရတော့မလို ဖြစ်နေသည်။
ကျားခေါင်းခြင်္သေ့ခန္ဓာနှင့် သားရဲတစ်ကောင် သူ့ကိုခုန်အုပ်သည်။ ကျားနဂါးမျိုးဆက်ဖြစ်သည်။ ရေနေသတ္တဝါဖြစ်ပြီး ကုန်းပေါ်တွင်လည်း ခဏနေနိုင်သည်။ မူထန်မြက်က လုယန်ကိုအမဲလိုက်ဖို့ ကန်တစ်ခုမှ ထိုသားရဲကို သီးသန့်ရွေးခေါ်လာခြင်းဖြစ်သည်။
ကျားနဂါးတိုက်ခိုက်မှုကို အာရုံခံမိသဖြင့် လုယန် ရသာသုံးပါးမီးတောက်စစ် မှုတ်ထုတ်လိုက်သည်။ မီးတောက်များက ချင်ဖုန်းဓားဆီရောက်သွားသည်။
ထက်မြက်သည့် ချင်ဖုန်းဓားစွမ်းအားကို မီးတောက်စစ်က နောက်ထပ်အားဖြည့်ထားသည်။
ကျားနဂါး အော်ဟစ်ဟိန်းဟောက်၍ ဝင်လာသည်။ လုယန် လက်ကောက်ဝတ်ကိုလှည့်ပြီး "ဖြတ်ဓား"ဟု အော်ဟစ်လိုက်သည်။ ချင်ဖုန်းဓားက ကျားနဂါးဦးခေါင်းကို ပိုင်းဖြတ်သွားသည်။ ခေါင်းပြတ်က သူ့ခြေရင်းသို့ လိမ့်လာသည်။ သွားရည်ယိုချင်စရာ အသားမီးကင်နံ့ ထွက်လာသည်။
ဖြတ်ဓားပညာကို သုံးလိုက်ခြင်းဖြစ်သည်။ ခွဲဓားပညာလောက် စွမ်းအားမကြီးသော်လည်း ဝိညာဉ်စွမ်းအင်ကုန်ခမ်းမှုနည်းသည်။ အထပ်ထပ်သုံးနိုင်သည်။ တစ်ချက်ချင်းတိုက်ခိုက်ရာတွင် နည်းနည်းပိုအားသာသည်။
မူထန်မြက်က ကျားနဂါးအလောင်းကို ထပ်ထိန်းချုပ်ရန် ကြိုးစားသည်။ သို့သော် လုယန်က ကြိုတွက်ထားပြီးဖြစ်သည်။ ဖြတ်ဓားပညာကို ထပ်သုံးပြီး ကျားနှစ်ဂါးကို ရှစ်ပိုင်းပိုင်းလိုက်သည်။
ခြေသုံးချောင်းလိပ်နှင့်တူသည့် သားရဲတစ်ကောင် သူ့ခြေရင်းတွင်ပေါ်လာသည်။ ပါးစပ်ထဲတွင်ငုံထားသည့်သဲများဖြင့် လုယန်၏အရိပ်ကို မှုတ်ထုတ်သည်။
အရိပ်ကို အဆိပ်မှုတ်၍ ရန်သူကိုသတ်ဖြတ်နိုင်စွမ်းရှိသည် 'ယွီ'သားရဲဖြစ်သည်။
သိစိတ်အာရုံဖြန့်ထားသဖြင့် ယွီသားရဲ၏လှုပ်ရှားမှုကို သူမြင်ပြီးဖြစ်သည်။ ချင်ဖုန်းဓားတွင် ရသာသုံးပါးမီးတောက်ဖန်တီး၍ သူ့အရိပ်ကို နေရာပြောင်းလိုက်သည်။
ထို့နောက် လက်ပြန်ထိုးဓားချက်ဖြင့် မာကျောသည့် အစိမ်းပုပ်ရောင်လိပ်ခွံကို ထိုးဖောက်၍သတ်လိုက်သည်။
မြွေဟောက်တစ်ကောင်နှင့် ဖေးဝေ့သားရဲတို့ သူ့ဘေးနှစ်ဘက်မှ ပေါ်လာပြန်သည်။ နှစ်ကောင်လုံးက ရှေးဟောင်းမြွေမျိုးဆက်များဖြစ်သည်။ သူ့ကို ရစ်ပတ်ရန်ကြိုးစားသည်။
မြေပြင်ထောင်ဆွဲပညာကိုသုံး၍ မြွေဟောက်ကို မြေတိုက်ခန်းသို့ ပို့သည်။ ထို့နောက် မြေအောက်သို့အောင်းသည်။ မြေကြီးထဲတွင် ချင်ဖုန်းဓားကို လွတ်လပ်စွာ သုံး၍မရသဖြင့် လက်နှစ်ဘက်တွင် မီးတောက်စစ်ဖန်တီးပြီး အရဟတ်လက်သီးကို သုံးသည်။ မီးတောက်လက်သီးရာများကြောင့် မြေပြင်တစ်ခုလုံး ခြစ်ခြစ်တောက်ပူလာသည်။ မြွေဟောက်မင်သက်မိနေစဉ် ဒန်ထန်ကို ထိုးချေဖျက်ဆီးလိုက်သည်။
မြေပြင်ပေါ်ပြန်တက်ချိန်တွင် ဖေးဝေ့၏ နောက်ဘက်တွင် ပေါ်လာသည်။ မဟာအားဖြည့်ဆေးတစ်လုံးသောက်၍ ဝိညာဉ်စွမ်းအားကိုပြန်ဖြည့်သည်။ ထို့နောက် ချင်ဖုန်းဓားဖြင့် ဖေးဝေ့ကို နှစ်ပိုင်းဖြတ်လိုက်သည်။
"ယုံတောင်မယုံနိုင်ဘူးကွာ။ ဒီလောက်ရွှေသန္ဓေအဆင့်တွေအများကြီး ရှိတာတောင် မင်းကိုမသတ်နိုင်ဘူး။ မင်းက အခြေတည်အဆင့်ပဲရှိတာပါ။ ခုခံမနေနဲ့။ အသေခံလိုက်တော့"
မူထန်မြက် ထိတ်လန့်လာပြီး စိုးရိမ်စိတ်ကို ကျယ်လောင်သည့်ခြိမ်းခြောက်စကားဖြင့် ဖုံးဖိရန်ကြိုးစားသည်။
ကျားနတ်ဆိုးနှင် မြွေဟောက်သားရဲသည် သူအားထားရသည့် လက်ရုံးများဖြစ်သည်။ လုယန်ကဲ့သို့ပင် စွမ်းရည်မြင့်ပြီး အလားအလာကောင်းသည့် သားရဲများဖြစ်သည်။ သို့သော် လုယန်က သူတို့ကို အလွယ်တကူသတ်ဖြတ်ခဲ့သည်။
လုယန်၏စွမ်းအား ပိုတိုးလာသည်ကို မူထန် ခံစားမိသည်။ စွမ်းအင်ထိန်းချုပ်မှုလည်း ပိုသေသပ်လာသည်။ လှုပ်ရှားမှုများက သွက်လက်ချောမွေ့သည်။ တိုက်ခိုက်နည်းများ တဖြေးဖြေးပိုအဆင့်မြင့်လာသည်။ အားနည်းနည်းစိုက်ရုံဖြင့် ပြိုင်ဘက်ကိုအနိုင်ယူနိုင်လာသည်။
ထိုပြောင်းလဲမှုကို ရပ်တန့်ပစ်ရမည်။
သူ့အာရုံကို နတ်မယ်ဆီမှ လုယန်ဆီသို့ ပြောင်းလိုက်သည်။ လုယန်ကိုတိုက်ခိုက်ဖို့ သားရဲများ ထပ်လွှတ်သည်။
နတ်မယ်လည်း လုယန်၏အပြောင်းအလဲကို သတိထားမိသဖြင့် ပြုံးနေသည်။
နောက်ထပ်နောက်ထပ်သားရဲများစွာ လုယန်ကို တိုက်ခိုက်သည်။ လုယန်က ဓားဖြင့်သတ်သည်။ အရဟတ်လက်သီးဖြင့် သားရဲများ၏ဒန်ထန်ကို ဖျက်ဆီးပစ်သည်။
သို့သော် လုယန်၏ ရုပ်ခန္ဓာအခြေအနေက တဖြေးဖြေးယိုယွင်းလာသည်။ ဓားပညာများနှင့် အရဟတ်လက်သီးကို အဆက်မပြတ်သုံးနေရသဖြင့် ဝိညာဉ်စွမ်းအား လျော့ပါးလာသည်။ မဟာအားဖြည့်ဆေးများ အဆက်မပြတ်သောက်နေသည့်တိုင် ထိုလျော့ပါးမှုကို ထိန်းမထားနိုင်။
ရွှေသန္ဓေအဆင့်များ အုပ်လိုက်ဝိုင်းဝန်းတိုက်ခိုက်သဖြင့် သူဒဏ်ရာအပြင်းအထန်ရသွားသည်။ ဘယ်ဘက်လက် ကျိုးသွားသည်။ ကျောနှင့်ဝမ်းဗိုက်တွင် နက်ရှိုင်းသည့်ပြတ်ရှရာများရှိပြီး အရိုးများပေါ်နေသည်။
တစ်ကိုယ်လုံးသွေးချင်းချင်းနီရဲ၍ ခြေလှမ်းများ ယိမ်းယိုင်နေသည်။
ထိုအတိုင်းဆိုလျှင် မကြာမီ သူအားအင်ကုန်ခန်း၍ သေတော့မည်။ မူထန်၏ဆန္ဒ ပြည့်သွားတော့မည်။
ဝမ်းသာစရာအခြေအနေဖြစ်သော်လည်း မူထန်မြက် မပျော်နိုင်။
လုယန်ဒဏ်ရာများ တဖြေးဖြေးတိုးလာသော်လည်း မျက်လုံးများများ လဝန်းကဲ့သို့ တောက်ပနေသည်။ မှောင်မဲနေသည့် တောအုပ်ထဲတွင် ထူးထူးခြားခြားပေါ်လွင်နေသည်။
"မင်းဘာရယ်နေတာလဲ။ ဘာရယ်နေတာလဲကွ"
မူထန်မြက် အော်ဟစ်လိုက်သည်။ လုယန်သူ့ကို လှောင်နေသည်ဟု ခံစားရသည်။
အမှန်တကယ် လုယန် ရယ်မောနေသည်။ ဟက်ဟက်ပက်ပက်ရယ်မောနေသည်။
"မရယ်သင့်ဘူးလား။ ရွှေသန္ဓေအဆင့်တွေအုပ်လိုက်ဝိုင်းတိုက်တာတောင် ငါ့လိုအခြေတည်ထိပ်တန်းအဆင့်တစ်ယောက်ကို မနိုင်ဘူး။ ငါမပျော်သင့်ဘူးလား။
ငါကဘဲ သန်မာလွန်းနေတာလား။ ဒါမှမဟုတ် ဒီရွှေသန္ဓေအဆင့်ကောင်တွေကပဲ အားနည်းလွန်းတာလား"
လုယန် တစ်လှမ်းချင်း မူထန်မြက်ဆီ လျှောက်သွားသည်။ ပြင်းထန်သည့် ဒဏ်ရာများကြာင့် လေးငါးကြိမ် လဲကျလုနီးပါးဖြစ်သည်။ သို့တိုင်အောင် မူထန်၏စိတ်ကို ထိတ်လန့်ခြောက်ခြားအောင် စွမ်းဆောင်နိုင်သည်။
မူထန်မြက် သွေးရူးသွေးတန်းဖြင့် လုယန်ကို အားလုံးဝိုင်းတိုက်ရန် သားရဲများကို အမိန့်ပေးလိုက်သည်။ အတိအကျထိန်းချုပ်နိုင်ဖို့ကို သူအရေးမစိုက်တော့။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ထိုလူသားပါရမီရှင်ကို အမှုန့်ချေပစ်ချင်သည်။
လုယန် ဓားကိုပင်မကိုင်နိုင်တော့။ လက်သီးနှစ်ဘက်ဖြင့် ရင်ဆိုင်တိုက်ခိုက်သည်။ နောက်ဆုံးလက်ကျန်စွမ်းအင်ကို ညှစ်ထုတ်သည်။
ထိုအချိန်တွင် သူ့ဒန်ထန်မှ မြူထူလည်း တဖြေးဖြေးပို၍ပါးလာသည်။
သို့မဟုတ် နောက်ဘက်မှ အလင်းစက်ဝန်းက စုပ်ယူနေသည်ဟုပြောလျှင် ပိုမှန်သည်။ စက်ဝန်းက ပို၍ပြည့်စုံလာသည်။
တစ်စုံတစ်ခုကို နားလည်လာသလို လုယန်ခံစားရသည်။
"ဒါက တောနက်ထဲက တိုက်ပွဲတွေကနေ တဖြေးဖြေးစုစည်းပြီးရလာတဲ့ တိုက်ပွဲအတွေ့အကြုံလား"
သူ့ခန္ဓာကိုယ် စတင်ပြောင်းလဲလာသည်။ ဝမ်ဗိုက်နှင့်ကျောကုန်းမှ ဒဏ်ရာများ တဖြေးဖြေးသက်သာလာပြီး အနာကျက်သွားသည်။ ကျိုးနေသည့်လက် ထူးထူးဆန်းဆန်း ပြန်ဆက်သွားသည်။ သန္ဓေ၊ စွမ်းအင်နှင့် ဝိညာဉ်တို့ ပေါင်းစပ်သွားသည်။ မီးတုတ်တစ်ခု လောင်ကျွမ်းသကဲ့သို့ အဆက်မပြတ် လောင်စာဖြည့်နေသည်။ အသက်ဓာတ်မီးတောက် ပို၍တောက်ပလာသည်။
မြူများ လုံးဝပျောက်သွားသည်။ အလင်းစက်ဝန်း၏ ပုံစံအစစ်ပေါ်လာသည်။ လုံးဝန်းသည့် ရွှေသန္ဓေတစ်ခုဖြစ်သည်။
မယုံနိုင်လောက်အောင် ဆန်းကြယ်သည့် ရွှေသန္ဓေဖြစ်သည်။ ပြိုင်ဘက်ကင်းလက္ခဏာမျိုး ရှိသည်။ ထိုသန်ေတစ်ကြိမ်လည်ပတ်လိုက်သည်နှင့် လုယန်၏ အားအင်ချိနဲ့မှုများ ပျောက်ကွယ်သွားသည်။
အဆုံးစမဲ့စွမ်းအားများ ပေါက်ကွဲထွက်လာသည် အခြေတည်ဆင့်စွမ်းအားထက် များစွာကျော်လွန်သွားသည်။
ထိုစွမ်းအားလွှမ်းမှိုးမှုကြောင့် အခြေတည်အဆင့်၏အကန့်အသတ် ကြေမွပျက်စီးသွားသည်။
ရွှေသန္ဓေအဆင့်။
"ယာကျိ၊ သူ့ကိုသတ်လိုက်"
ရွှေသန္ဓေအဆင့်ရန်သူအုပ်စုတွင် ထူးခြားသည့် သားရဲတစ်ကောင်ရှိသည်။ ဝံပုလွေခန္ဓာကိုယ် နဂါးဦးခေါင်းရှိသည့် ကြမ်းတမ်းရက်စက်သည့်သားရဲ ယာကျိဖြစ်သည်။ နဂါးနှင့်ဝံပုလွေမှ မွေးဖွားသည်။ ပါးစပ်တွင် ဓားတစ်ချောင်းကိုက်၍ လုယန်ကို စိုက်ကြည့်နေသည်။
ထိုသားရဲသည် ခေါင်းကိုးလုံးမြွေနှင့် အဆင့်တူ တောနက်၏အုပ်ချုပ်သူတစ်ယောက်ဖြစ်သည်။ သို့သော် လုယန်အတွက် ဘာမှအရေးစိုက်စရာမရှိ။
လက်ညှိုးနှင့်လက်ခလယ်ကိုဆန့်ထုတ်၍ ဓားရိပ်တစ်ခု ဖန်တီးသည်။
"သွားတော့"
ဓားရိပ်က အောက်သို့ကျဆင်းလာသည် ထို့နောက် ပျောက်ကွယ်သွားသည်။
လုယန်ကို စိုက်ကြည့်နေသည့်ယာဇီ အမြီးမှခေါင်းအထိ သွေးကြောင်းတစ်ခုပေါ်လာသည်။
လုယန် လေတစ်ချက်အသာမှုတ်လိုက်သည်။ ယာဇီ၏ခန္ဓာကိုယ် နှစ်ခြမ်းကွဲ၍ ဘေးနှစ်ဘက်ကို လဲကျသွားသည်။
ထိုဓားရိပ်တွင် လုယန်၏ စွမ်းအားအကြီးဆုံး ခွဲဓားစွမ်းအားပါသည်။
"မင်းက ရွှေသန္ဓေအဆင့်ကို တက်သွားပြီပေါ့"
မူထန်မြက် လုယန်ကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။ အစောပိုင်းက အံ့ဩခဲ့သည်များထက် ပိုအံ့ဩရသည်။ ထိုအဆင့်တက်နည်းမျိုး သူတစ်ခါမှမကြားဖူး။
လုယန် မူထန်မြက်ကို အရေးမစိုက်တော့။ ဤမြက်ပင် သူ့ကို အန္တရာယ်မပေးနိုင်တော့။ အသစ်ဖြစ်ပေါ်လာသည့် သူရွှေသန္ဓေကိုသာ လေ့လာနေသည်။
"ဒီရွှေသန္ဓေမှာ ငါမတွေ့ဖူးသေးတဲ့ လျှို့ဝှက်နက်နဲ့မှုတွေအများကြီး ပါနေပုံပဲ။ ရှေးမှတ်တမ်းတွေမှာလည်း ဒီသန္ဓေမျိုးအကြောင်း ဖော်ပြမထားဘူး။ ဒါဆို ဒီရွှေသန္ဓေက ထူးခြားလို့ပဲဖြစ်မယ်။ ငါဘယ်လိုနာမည်ပေးရင်ကောင်းမလဲ။...အဲ..ဟုတ်ပြီ။ ကမ္ဘာဦးချီသန္ဓေလို့ခေါ်မယ်"
နာမည်ရွှေးပြီးချိန်မှာပင် ထာဝရနတ်မယ်၏ စိတ်လှုပ်ရှားနေသည့်စကားသံ သူ့နားထဲတွင် ပဲ့တင်ထပ်၍ပေါ်လာသည်။
"အဲဒါ ငါ့ရဲ့ပြိုင်ဘက်ကင်းသန္ဓေပဲ။
လုယန် အရူးကောင်။ ငါ့ရွှေသန္ဓေမျိုး နင်မတည်ဆောက်ဘူးလို့ ပါးစပ်ကပြောပေမယ့် နင့်အတွင်းစိတ်ထဲမှာတော့ ငါ့ရဲ့ပြိုင်ဘက်ကင်းသန္ဓေဟာ နင့်အတွက်အကောင်းဆုံးဆိုတာ သိနေတယ်မဟုတ်လား"
ဘေးပတ်လည်မှသားရဲများကို ရှင်းလင်းပြီးနောက် နတ်မယ်က လုယန်ကို တံတောင်ဖြင့်တို့၍ မျက်စိတစ်ဖက်မှိတ်ပြသည်။ သူအပြုံးက ဝေဆာနေသည်။
"...ဘယ်လို"
*************************************