ငါအမြဲပြောခဲ့သားပဲ
Vol. 19 Ch. 272
"ဒါက ပြိုင်ဘက်ကင်းသန္ဓေလား"
လုယန် ဘယ်လိုပြောရမှန်းမသိတော့။
ရွှေသန္ဓေတည်ဆောက်နည်း အတွေးအမြင်များစွာ သူလေ့လာခဲ့သည်။ စိတ်ကူးစိတ်သန်းရဖို့ ပင်ပင်ပန်းပန်းကြိုးစားရှာဖွေခဲ့သည်။ နောက်ဆုံး သေလုမျောပါးတိုက်ခိုက်ပြီး ထူးခြားသည့်ရွှေသန္ဓေကို တည်ဆောက်နိုင်ခဲ့သည်။
ယခု ထိုမသေမျိုးက ဤရွှေသန္ဓေကို သူပြိုင်ဘက်ကင်းသန္ဓေနှင့် အတူတူပါဟု ပြောနေသည်။
"အား..ငါနင့်ကိုပြောသားပဲ။ တိုက်ပွဲတွေ အဆက်မပြတ်နွှဲ၊ အကြောက်အရွံ့မရှိစိန်ခေါ်ပြီး တိုက်ပွဲတစ်ရာအနိုင်ရင် ငါ့ထက်သာတဲ့လူ ဘယ်သူမှမရှိဘူးဆိုတဲ့ ပြိုင်ဘက်ကင်းစိတ်ဓာတ်မျိုး ပေါ်လာတယ်။ ဒီစိတ်ဓာတ်ကို အသုံးချပြီး ဝိညာဉ်စွမ်းပင်လည်ပတ်လိုက်ရင် သန္ဓေတစ်ခုတည်ဆောက်လို့ရပြီပေါ့။
ဒီအခြေအနေရောက်မှတော့ ဟန်ဆောင်မနေပါနဲ့။ နင်က ငါ့ခြေရာကို အတိအကျလိုက်နင်းပြီး နင့်သန္ဓေကို အောင်မြင်အောင်တည်ဆောက်နိုင်ခဲ့ပြီပဲ"
သူ့ကိုအတုယူခဲ့ကြောင်း ဝန်ခံရမည်ကို လုယန်ရှက်နေခြင်းဖြစ်မည်ဟု သူတွေးလိုက်သည်။
"ဒါဘာမှ ရှက်စရာမလိုပါဘူး။ ငါ့နောက်ကိုသာလိုက်ပါ။ ခေတ်အဆက်ဆက် နင်လွှမ်းမိုးနိုင်စေရမယ်လို့ ငါအာမခံတယ်။ ငါ့ရဲ့စွမ်းအားအမြင့်ဆံးအခြေအနေ ပြန်ရောက်ရင် ငါကပထမ၊ နင်က ဒုတိယ၊ ဟိုကောင်မလေးယွမ်ကျိက တတိယဖြစ်လာလိမ့်မယ်"
နတ်မယ်ပြောပြခဲ့သည့် ပြိင်ဘက်ကင်းရွှေသန္ဓေတည်ဆောက်သည့် အတွေ့အကြုံကို လုယန်ပြန်သတိရလာသည်။
"နတ်မယ်၊ ခင်ဗျားရဲ့ရွှေသန္ဓေ ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုပြီး ခင်ဗျားပြောပြဖူးတာမှတ်မိလား"
......
သူပြောခဲ့သည်က..
"ငါရဲ့ ရွှေသန္ဓေက အတုမဲ့ရွှေသန္ဓေပါ။ ပြိုင်ဘက်ကင်းရွှေသန္ဓေလို့ နာမည်ပေးခဲ့တယ်။ ဒီရွှေသန္ဓေတည်ဆောက်နည်းအကြောင်း ငါလူတိုင်းကိုပြောပြတာမဟုတ်ဘူး။ ငါနဲ့အတူနေရင် ဘယ်လောက်အကျိုးရှိလဲ မြင်ပြီမဟုတ်လား"
နတ်မယ် ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။ သူ့ကို လုယန် လေးစားလာစေချင်သည်။.
"သေချာအောင်လို့ ထပ်မေးချင်တယ်။ တိုက်ပွဲတစ်ရာအနိုင်ယူခဲ့တယ်ဆိုတာက အဆင့်တူချင်းလား။ တစ်ဆင့်နိမ့်တဲ့လူတွေကိုလား"
"တစ်ဆင့်နိမ့်တဲ့လူတွေကိုပေါ့"
ထို့နောက်တွင် နတ်မယ်က အားအကောင်းဆုံး ရွှေသန္ဓေပိုင်ရှင်နှစ်ယောက်ကို တစ်ကိုယ်တိုက်ခိုက်အနိုင်ယူခဲ့သည်ဟုပြောသည်။
"အဲဒီတုန်းက ခင်ဗျားရဲ့ကျင့်စဉ်အဆင့်က ဘာလဲ"
"နတ်ဝိညာဉ်အဆင့်လေ"
"ထင်သားပဲ"
.......
"မှတ်မိပါတယ်။ ကျင့်စဉ်တစ်ဆင့်မြင့်တဲ့လူတွေကိုတိုက်ခိုက်တာလေ။ ရွှေသန္ဓေကျင့်ကြံသူတွေကို အခြေတည်အဆင့်နဲ့ ငါအနိုင်ယူခဲ့တာလေ။ ဒါအဆင့်တစ်ဆင့်မြင့်တာပဲမဟုတ်လား"
နတ်မယ် ဟုတ်တိုင်းမှန်ရာကို ပြောသည်။ လုယန်ဘာကြောင့်ထိုမျှအံ့ဩနေသည်မသိတော့။
လုယန် - "..."
မသေမျိုးမဖြစ်မီက သူ့အလှနှင့် တိုက်ပွဲစွမ်းရည်ကြောင့် နာမည်ကျော်ကြာသည်ဟု သူအမြဲပြောခဲ့သည်မဟုတ်ပါလား။
သူ့လို တိုက်ပွဲစွမ်းရည်ကြောင့် နာမည်ကျော်သူတစ်ယောက်အနေဖြင့် ကိုယ့်ထက်တစ်ဆင့်မြင့်သူကို တိုက်ခိုက်ရမည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ပါလား။
လုယန် ထိုသို့တွေးသည်ကိုလည်း အပြစ်မဆိုသာ။ နတ်မယ်သည် သူ့ကိုဘယ်တော့မှ ကောင်းကောင်းမွန်မွန် လမ်းညွှန်ခဲ့သည်မဟုတ်။ သူ့ထက် တစ်ဆင့်နိမ့်သူများကို အနိုင်ယူခဲ့သည့်အကြောင်းသာ မကြာခဏ ဂုဏ်ဖော်၍ ကြွားလုံးထုတ်ခဲ့သည်။
ထို့ကြောင့် နတ်မယ်ကို ရှေးခေတ်ဟာသလူပျက်တစ်ယောက်လိုသာ သဘောထားခဲ့သည်။ သူ့အကြံဉာဏ်များကို အလေးအနက်မထားခဲ့။
နတ်မယ်၏ လမ်းညွှန်ချက်များ နားထောင်ရသည်ထက် အမယွမ်ဆီ အကြံတောင်းသည်က ပိုကောင်းသည်။
သို့သော် အမယွမ်လည်း အဖြေတစ်ခု ပေးချင်မှပေးနိုင်မည်။
နတ်မယ်၏ ကျင့်ကြံနည်းများကို ယုံကြည်အားကိုး၍မရဟု အမြဲတွေးခဲ့သည်။
အမယွမ်၏ နည်းလမ်းများကလည်း ဆန်းဆန်းပြားပြားနိုင်လွန်းသယောင်ရှိသည်။
ဘယ်သူ့ကိုမှ အတုခိုး၍မရ။
"ငါအခြေတည်အဆင့်မှာတုန်းက ထူးခြားတဲ့ပါရမီစွမ်းကို ငါထုတ်ပြခဲ့တယ်။ အခြေတည်အဆင့်တွေထဲမှာ ငါကပြိုင်ဘက်ကင်းပဲ။ အဓိကဂိုဏ်းကြီးတွေက ကောင်းကင်ကောင်းချီးခံဆိုတဲ့ သားတော်သမီးတော်တွေ၊အဓိပဓိရုပ်ခန္ာပိုင်ရှင်တွေ..ဘယ်သူမှ ငါ့ကိုမယှဉ်နိုင်ဘူး။ ဒါကြောင့် ငါ့ပါရမီကို မနာလိုဖြစ်ကြတယ်။
အဲဒီပါရမီရှင်တွေရဲ့ တာအိုကာကွယ်သူတွေက ငါ့ကို အနာဂတ်အန္တရာယ်တစ်ခုလို့ ယူဆပြီး ရှင်းပစ်ချင်ကြတယ်။ ဒါပေမယ့် သူတို့က နာမည်ကျော်တွေဆိုတော့ အငယ်တစ်ယောက်ကို အနိုင်ကျင့်ရင် နာမည်ပျက်မှာကိုလည်း မလိုချင်ကြဘူး။ ဒါကြောင့် တိုက်ခိုက်ရင်းနဲ့ အဆင့်တက်နိုင်စွမ်းရှိတဲ့ အခြေတည်ထိပ်တန်းအဆင့် ကျင့်ကြံသူတွေကို လွှတ်ကြတယ်။ အဲတော့ ငါရှုံးသွားရင်လည်း အများအမြင်မှာ သိပ်မဆိုးဘူးလေ။
ဟား...အဲဒီပြိုင်ဘက်တွေက ငါ့ကိုနိုင်မယ်လို့ ထင်ကြတာ။ ရွှေသန္ဓေအဆင့်တက်တော့ရော ဘာထူးမှာလဲ။ သူတို့အားလုံးက သုံးစားမရပါဘူး။ ငါ့ကို ဘယ်သူမှမနိုင်ဘူး။
ငါသူတို့ကို ဆက်တိုက်အနိုင်ယူတယ်။ တိုက်ပွဲမှာ ငါ့စွမ်းရည်ကိုထက်အောင်သွေးတယ်။ ပြိုင်ဘက်ကင်းစွမ်းအင်ရောင်ပေါ်လာတယ်။ ငါသန္ဓေကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့တယ်"
နတ်မယ်က သာမန်ထမင်းစားရေသောက်ကိစ္စကဲ့သို့ ပုံမှန်လေသံဖြင့် ပြောနေသည်။
"ငါ့ရွှေသန္ဓေမျိုး တစ်ခါမှမပေါ်ခဲ့ဖူးဘူး။ ငါက ပြိုင်ဘက်ကင်းဆိုတော့ ဒါကိုပြိုင်ဘက်ကင်းသန္ဓေလို့ပဲ နာမည်ပေးလိုက်တာပေါ့။
ကဲပါ..ဒီခန္ဓာက စွမ်းအားကုန်ခါနီးပြီ။ ကျန်တာနင်ပဲဆက်လုပ်တော့။ နောက်ကျရင် ပြိုင်ဘက်ကင်းရွှေသန္ဓေကို ဘယ်လိုသုံးရမလဲဆိုတာ ငါသင်ပေးမယ်။ ဝါး..."
ကိုယ်ပွား၏ အားနည်းချက်က ပင်မခန္ဓာကိုယ်လို ဝိညာဉ်စွမ်းအင် ပြန်ဖြည့်၍မရခြင်းဖြစ်သည်။ စွမ်းအင်ကုန်သွားလျှင် ထပ်ဖြည့်မရတော့။
ထာဝရနတ်မယ် အကြောဆန့်၍ တစ်ချက်သမ်းဝေလိုက်သည်။ ကိုယ်ပွားခန္ဓာက မြေထဲသို့ စိမ့်ဝင်သွားသည်။ နတ်မယ်ဝိညာဉ်က သိစိတ်နယ်မြေသို့ ပြန်လာသည်။
မည်သို့ဆိုစေ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသဖြင့် ဆုကြေးအနေဖြင့် သူကောင်းကောင်းအိပ်ခွင့်ရှိပါသည်။
မူထန်မြက် တစ်ချိန်လုံး အသံတိတ်နေခဲ့သည်။ လူသာဆိုလျှင် ယခုချိန် သူကြောက်ချွေးပြန်နေပေလိမ့်မည်။
လုယန်က ကိုယ်ပွားနှင့် စကားပြောနေသော်လည်း ဝိညာဉ်အာရုံဖြင့် သူ့ကိုသေချာစောင့်ကြည့်နေမှန်း မူထန်မြက် သိသည်။ သူနည်းနည်းလှုပ်ရှားသည်နှင့် လုယန်၏ဓားချက်နှင့် ရင်ဆိုင်ရမည်။
"သူ့ကိုမြန်မြန်တား..."
သူစကားမဆုံးမီ လုယန်၏သဏ္ဌာန်က လျှပ်စီးအလင်းကဲ့သို့ မှုန်ဝါးသွားပြီး လမ်းပိတ်ထားသည့် သားရဲများကို ဘေးသို့တွန်းထုတ်၍ သူ့ရှေ့တွင် ချက်ချင်းပေါ်လာသည်။
"မင်းဘယ်သူ့ကို တားချင်နေတာလဲ"
လုယန် ခါးကုန်း၍ မူထန်မြက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့စကားသံက အေးစက်နေသည်။
ရွှေသန္ဓေအဆင့်သို့ ရောက်လာပြီဖြစ်၍ စွမ်းအားရော အမြန်နှုန်းပါ များစွာတိုးတက်လာသည်။
မူထန်မြက်ကို ရှင်းပြခွင့်မပေးဘဲ အမြစ်မှဆွဲနှုတ်လိုက်သည်။
အမြစ်များက နွံအိုင်တစ်ခုလုံး ပြန့်နှံ့နေသည်။ လုယန်ဆွဲနှုတ်လိုက်ချိန်တွင် အမြစ်များကြားတွင် ပိတ်မိနေသည့် အရိုးများစွာ ပေါ်လာသည်။ မူထန်စားသောက်ခဲ့သည့် လူနှင့်သားရဲတို့၏ အရိုးများဖြစ်သည်။
လုယန်မျက်လုံးများ ပို၍အေးစက်လာသည်။ အရိုးများကို တစ်ခုချင်းဖယ်ရှားသည်။ အမြစ်များကို ဆွဲဖြုတ်၍ ဘေးသို့လွှင့်ပစ်သည်။
မူထန်မြက်ကိုယူ၍ နွံအိုင်မှ ထွက်လာခဲ့သည်။ လမ်းတွင် သားရဲတစ်ကောင် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို ကြုံရသည်။ သားရဲကို ဓားဖြင့်ခုတ်သတ်ပြီးနောက် ယခုရောက်နေသည့် တည်နေရာအကြောင်း ကျင့်ကြံသူကိုမေးသည်။
ရွှေသန္ဓေအခြေခံဆင့်သားရဲအား လုယန်အလွယ်တကူသတ်လိုက်သည်ကို မြင်သဖြင့် ထိုကျင့်ကြံသူ ကြောက်လန့်သွားသည်။ လုံးဝမလိမ်ရဲဘဲ တည်နေရာကို လေးလေးစားစာပြောပြသည်။
တွက်ချက်ကြည့်ပြီးနောက် နတ်ဆိုးချုပ်တောင်ကြားနှင့် မိုင်ခြောက်ရာအကွာသို့ ရောက်နေကြောင်း သိလိုက်ရသည်။ သိပ်မဝေးလှပါ။
နတ်ဆိုးချုပ်တောင်ကြားသို့ လုယန်ပြန်လာနေချိန်တွင် မုန်ကျင်းကျိုးတို့လူစုက ဂိတ်တံခါး၌ စိတ်ပူပန်စွာစောင့်ဆိုင်းနေသည်။ သူတို့ဘေးတွင် ပန်းရောင်နှုတ်ခမ်းနှင့် ဖြူဖွေးသည့်သွားတန်းများရှိသည့် လူငယ်တစ်ယောက်ကို ရှိသည်။ လုယန်ထက် နည်းနည်းအသက်ငယ်ပုံရသည်။
"မူထန်မြက်က အကိုလုကို ဘယ်ခေါ်သွားတာလဲ'
ထောင်ယော်ယဲ့ ဗျာများနေသည်။ အကူအညီခေါ်ပြီး လုယန်ကို သူတို့သွားရှာခဲ့သည်။ နွံအိုင်ရှိခဲ့သည့်နေရာတွင် တွင်းနက်ကြီးတစ်ခုသာ တွေ့ရသည်။
"စိတ်မပူပါနဲ့။ လုယန်မှာ နောက်ဆုံးဝှက်ဖဲတစ်ခု ရှိပါတယ်။ သူဘာမှဖြစ်မှာမဟုတ်ပါဘူး"
မုန်ကျင်းကျိုး နှစ်သိမ့်လိုက်သည်။ အမှန်တော့ သူလည်း နည်းနည်းစိုးရိမ်နေသည်။
"ငါပြန်လာပြီဟေ့"
လုယန်၏ ပျော်ရွှင်စွာ အော်ဟစ်သံ ထွက်လာသည်။ အားလုံးပျော်ရွှင်သွားကြသည်။
"လုယန်"
"အကိုလု"
"အကိုလု"
လုယန်က တောက်ပသည့် အဖြူရောင်ဝတ်စုံဖြင့် ခါးတွင်ဓားရှည်နှင့်ကျောက်စိမ်းတံဆိပ်ချိတ်ထားသည်။ အနိုင်ယူလာသည့် မူထန်မြက်ကို ကိုင်ထားသည်။ ခေါင်းအစခြေအဆုံး ခံ့ညားထည်ဝါနေသည်။
"မူထန်မြက်ကို ကိုယ်ဘာသာရင်ဆိုင်ခဲ့တာလား"
လုယန်လက်ထဲမှ မူထန်မြက်ကို မုန်ကျင်းကျိုး သတိထားမိသည်။
"ငါ့ကို ဘယ်လိုလူထင်လို့လဲ။ ဘာမဟုတ်တဲ့ ဒီမူထန်မြက်လောက်ကို ငါအသာလေးဆွဲနှုတ်နိုင်ပါတယ်"
"သူက ရွှေသန္ဓေတည်ဆောက်ပြီးပြီပဲ"
ပန်းရောင်နှုတ်ခမ်းနှင့်လူငယ်က ရုတ်တရက် တအံ့တဩ ပြောလိုက်သည်။ မူထန်မြက်၏ ထူးခြားချက်များအကြောင်း သူကြားဖူးသည်။ ရွှေသန္ဓေအဆင့်တက်ပြီးစတွင် ထိုမြက်မျိုးကို အနိုင်ယူဖို့ဆိုသည်မှာ သူစွမ်းနိုင်သည့်အရာမဟုတ်။
"မင်းရဲ့ရွှေသန္ဓေကို တည်ဆောက်ပြီးပြီလား"
မုန်ကျင်းကျိုး အရင်ဦးဆုံးတည်ဆောက်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုထင်ထားသည်။ သို့သော် လုယန်က အနိုင်ယူသွားပြန်သည်။
"ဒါနဲ့ သူက..."
"ငါမိတ်ဆက်ပေးမယ်။ ဒါက ကျန်းထိုင်ရန်ပါ။ နတ်ဆိုးချုပ်တောင်ကြားရဲ့ ကာကွယ်ရေးမှူးပေါ့။ ငါပြန်ရောက်ရောက်ချင်း မင်းကိုကယ်ဖို့ သူ့ကိုအကူအညီတောင်းခဲ့တာ"
"သခင်ကျန်းကို ဂါရဝပြုပါတယ်"
ကျန်းထိုင်ရန် လက်ဝှေ့ယမ်းပြသည်။
"မင်းက ငါ့ထက်အများကြီး ပိုအောင်မြင်မယ့်လူပါ။ လောကဝတ်တွေမလိုပါဘူး"
"အကိုလုက ကံဆိုးမှုကို ကောင်းချီးအဖြစ်ပြောင်းပြီး ရွှေသန္ဓေကို အောင်အောင်မြင်မြင်တည်ဆောက်နိုင်ခဲ့တာပဲ။ ကျုပ်တို့မျိုးဆက်မှာ ဒီလိုလုပ်နိုင်တာ သူပမထမဆုံးပဲ။ ကျုပ်တို့ မြို့ထဲကိုပြန်ပြီ ဂုဏ်ပြုပွဲလုပ်ကြမယ်လေ"
အရိုးရိုင်းက အကြံပြုသည်။
လုယန် ခေါင်းခါသည်။
"အခုတော့ မဖြစ်သေးဘူး။ ရှင်းစရာကိစ္စတစ်ခု ကျန်သေးတယ်။...တပ်မှူးကျန်း၊ တောင်ကြားမြို့မှာ လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူ ဘယ်နှယောက်ရှိလဲ"
********************************************