← Chapters

အပြီးပြတ်ရှင်းလင်းခြင်း

Vol. 19 Ch. 273

အပြီးပြတ်ရှင်းလင်းခြင်း

Vol. 19 Ch. 273

ညရောက်လာသည်။ လုယန် မူထန်မြက်နှုတ်သွားသည့်နေရာပတ်လည်တွင် ရွှေသန္ဓေအဆင့်အလောင်းများ ငြိမ်သက်စွာလဲလျောင်းနေသည်။

မထင်မှတ်ပဲ မျက်စိလည်၍ ရောက်လာသူအဖို့ အလောင်းများပြန့်ကျဲနေသည့် ခြောက်ခြားဖွယ်မြင်ကွင်းကိုမြင်လျှင် ကြောက်လန့်တကြား ထွက်ပြေးကြပေလိမ့်မည်။

မီးခိုး‌ရောင်သဏ္ဌာန်တစ်ခု လေထဲမှပျံဆင်းလာသည်။ အပျက်အစီးများကိုကြည့်ပြီးနောက် အသုံးမတင်တော့သည့် မူထန်မြက်ပင်၏ အမြစ်များကိုကောက်ကိုင်၍ မျက်မှောင်ကျုံ့သွားသည်။

"ဒါဘယ်သူ့လက်ချက်လဲ"

သူ့ဒေါသများ အလိပ်လိုက်ထွက်လာသည်။ နှစ်ချီ၍ကြိုတင်ပြင်ဆင်ခဲ့သမျှ အလဟဿဖြစ်သွားသည်။ ဤကိစ္စ အဖြေတစ်ခုတော့ ရှိရမည်။

နတ်ဆိုးနယ်မြေ အဝေးတစ်နေရာတွင် မူထန်မြက်၏လှုပ်ရှားမှုကို အာရုံခံမိသဖြင့် သူအပြေးလာခဲ့သည်။

ကံဆိုးစွာဖြင့် သူနောက်ကျသွားသည်။ မူထန်မြက်ကို လူတစ်ယောက်ယူသွားသည်။

"ခြေရာခံပုံရိပ်"

ရှုပ်ထွေး၍ ရေးကျသည့် တံဆိပ်တစ်ခု လက်ဖြင့်ရေးဆွဲသည်။ လှုပ်ရှားမှုမြန်လွန်းသဖြင့် လက်များက အရိပ်လိုဖြစ်နေသည်။

သူကျွမ်းကျင်သည့် သဘာဝလွန်စွမ်းအားဖြစ်သည်။ အချိန်ကိုနောက်ပြန်ရစ်၍ အတိတ်အဖြစ်အပျက်များကို ပြန်ကြည့်နိုင်သည်။

အလင်းလွှာတစ်ခု ပေါ်လာသည်။ ထိုအလင်းလွှာတွင် ရွှေသန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက် မူထန်မြက်ကို နှုတ်ယူလိုက်သည်။ အချိန်နောက်ပြန်ရစ်နိုင်သည့် သူ့စွမ်းရည်က ထိုမျှသာရှိသည်။

"အတင့်ရဲလှချည်လားကွ။ ရွှေသန္ဓေအဆင့်လူသစ်တစ်ယောက်က ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်တယ်ပေါ့။ မင်းမျက်နှာကို ငါမှတ်ထားမယ်"

မီးခိုးရောင်လူ အံကိုတင်းတင်းကြိတ်၍ လုယန်၏ပုံရိပ်ကို စိုက်ကြည့်နေသည်။ ထိုလူကိုတွေ့အောင်ရှာမည်။ မူထန်မြက်ကို ပြန်ယူပြီး သူ့ကိုအမှုန်ချေပစ်မည်။

"ကျုပ်က မထင်မရှားလူတစ်ယောက်ပါ။ ဘာလို့ကျုပ်ကို မှတ်ထားမှာလဲ"

ပျင်းရိပျင်းတွဲစကားသံတစ်ခု ဘေးတစ်နေရာမှပေါ်လာသည်။

"ဘယ်သူလဲ"

မီးခိုးရောင်လူ လန့်ဖျတ်သွားသည်။ မူထန်မြက်ပျောက်သွားသဖြင့် သူ့စိတ်များ ရှုပ်ထွေးနေသည်။ အနီးအနားတွင် လူတစ်ယောက်ရှိနေသည်ကို သတိမထားမိ။

"မင်းကိုး၊ ငါ့ရှေ့ကို လာရဲသေးတယ်ပေါ့"

လုယန်ကို မီးခိုးရောင်လူ မျက်လုံးမှေး၍ ကြည့်နေသည်။ မူထန်မြက်ကိုနှုတ်၍ သူ့အစီအစဉ်ကို ဖျက်ဆီးသည်။ ယခု သူ့ရှေ့တွင် ပေါ်လာရဲသည်။ သူ့ကို ဒေါသကင်းသူထင်ဟန်ရှိသည်။ ရွှံလူသားတစ်ယောက်ဟု ထင်နေပုံရသည်။

'မဟုတ်သေးဘူး။ သူက ရွှေသန္ဓေအဆင့်ပဲရှီတာ။ ငါဘယ်လောက်စိတ်ထွေးပြားနေနေ ရွှေသန္ဓေအဆင့်တစ်ယောက် အနားမှာပုန်းနေတာကိုတော့ ငါအာရုံမခံမိတာမဖြစ်နိုင်ဘူး။...ဒါထောင်ချောက်ပဲ"

ချက်ချင်း ကောင်းကင်သို့ ပျံတက်၍ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် ပိုက်ကွန်တစ်ခု ကောင်းကင်မှကျလာပြီး သူ့ကိုဖုံးအုပ်သွားသည်။

"မူထန်မြက်ကို လျှို့ဝှက်မွေးမြပြီး သက်ရှိတွေကို အန္တရာယ်ပေးတယ်။ ဒီနေရာမှာ တရားစီရင်တာခံမလား။ ဒါမှမဟုတ် ငါတို့နဲ့ပြန်လိုက်ခဲ့ပြီး ရုံးတင်စစ်ဆေးမှုခံယူမလား"

တပ်မှူးကျန်းက လေဟာနယ်တစ်ခုမှ ထွက်လာပြီး လုယန်ဘေးတွင် ရပ်လိုက်သည်။ သူ့မျက်နှာက ဒေါသရိပ်ပြည့်နေသည်။

လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူဆယ်ယောက် ကောင်းကင်ပိုက်ကို ထိန်းချုပ်သည်။ မီးခိုးရောင်လူ မည်သည့်နည်းလမ်းဖြင့် ကြိုးစားသည်ဖြစ်စေ လွတ်အောင်မရုန်းနိုင်။

သူ့မျက်လုံးကို နည်းနည်းမှေးထားသည်။ မီးခိုးရောင်လူ၏ ပညာရပ်များက အတော်ရှေးဆန်သည်။ ခေတ်သစ်ကျင့်ကြံသူများ ထိုနည်းလမ်းမျိုးမသုံးကြ။

"ကြည့်ရတာ သူကရှေးခေတ်ကကျင့်ကြံသူဖြစ်မယ်။ မူထန်မြက်ကို ဆေးအဖြစ်သန့်စင်ပြီး သူ့ကျင့်စည်စွမ်းအားမြှင့်ဖို့ လျှို့ဝှက်မွေးမြူထားတာပဲ"

လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူများသည် ကျင့်စဉ်စွမ်းအား အပြောင်းအလဲများသည်။ သို့သော် မတိုက်ခိုက်နိုင်ဟု မဆိုလို။

ထိုဆယ်ယောက်၏ ကျင့်စဉ်အဆင့်လည်း မတည်ငြိမ်ပါ။ သို့သော် စုစည်းခြင်းအဆင့်စွမ်းအားမျိုးရှိနေသူ အနည်းဆုံးနှစ်ယောက်တော့ အမြဲတမ်းရှိသည်။

ထို့ပြင် မြေပြင်တွင် တပ်မှူးကျန်းရှိသည်။ စုစည်းခြင်းအဆင့်သုံးယောက်ရှိလျှင် ကောင်းကင်ပိုက်ကို အသက်သွင်းဖို့ လုံလောက်သည်။

ဤကောင်းကင်ပိုက်သည် ရှားနန်းတော်ရတနာတိုက်မှ ရတနာတစ်ခုဖြစ်သည်။ နတ်ဆိုးကျူးကျော်မှုကိုတားဆီးရန် တောင်ကြားမြို့တွင်ထားသည့် ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းမှ အကြီးအကဲမျိုးတစ်ယောက်မဟုတ်လျှင် ထိုပိုက်ကွန်က ဘယ်သူ့ကိုမဆို ထိန်းချုပ်နိုင်သည်။

မီးခိုးရောင်လူသည် ထိုမျှလောက်ကျင့်စဉ်အဆင့်မရှိ၍သာ မူထန်မြက်ကို မွေးမြူထားခြင်းဖြစ်သည်။

"သူ့ကိုခေါ်သါားတော့"

တပ်မှူးကျန်း အမိန့်ပေးလိုက်သည်။ လေဟာနယ်သန့်စင်အဆင့်ဆယ်ယောက်က မီးခိုးရောင်လူကို နတ်ဆိုးချုပ်တောင်ကြားသို့ ဆွဲခေါ်သွားသည်။

"မူထန်မြက်ရဲ့နောက်ကွယ်မှာ လူတစ်ယောက်ရှိတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ"

အပြန်လမ်းတွင် တပ်မှူးကျန်းက စိတ်ဝင်တစားမေးသည်။

"မူထန်မြက်ကိုယ်တိုင်တောင် သူ့ကိုလူတစ်ယောက်က မွေးထားတယ်ဆိုတာ မသိဘူး"

မူထန်မြက်ကို သူကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့ပြီးဖြစ်သည်။

"သံသယဖြစ်စရာ အကြောင်းနှစ်ချက်ရှိတယ်။...ပထမတစ်ချက်က မူထန်မြက်ပေါက်တဲ့နေရာဟာ တိုက်ဆိုင်လွန်းနေတယ်။ သူက ရွှေသန္ဓေအဆင့်တွေကိုပဲ ထိန်းချုပ်နိုင်တာ။ ရွှေသန္ဓေအဆင့်သားရဲနဲ့ကျင့်ကြံသူအများစုရှိတဲ့ တောနက်ထဲမှာ ကွက်တိကျပေါ်လာတယ်။ တစ်ယောက်ယောက်က သူအမဲလိုက်ဖို့လွယ်အောင် တမင်စိုက်ပျိုးထားသလိုဖြစ်နေတယ်"

"ငါလည်း ဒါတော့စဉ်းစားမိတယ်။ တိုက်ဆိုင်မှုသက်သက်ရော မဖြစ်နိုင်ဘူးလား"

"အဲဒီမှာ ဒုတိယအကြောင်းရင်း ပေါ်လာတယ်။ မင်းတော့မသိလောက်ဘူး တပ်မှူးကျန်း၊ ငါနဲ့မူထန်မြက် တိုက်ပွဲမှာ ငါ့ရဲအဝေးပို့မှော်အဆောင်ကိုတားဆီးဖို့ ပထမဆုံး မှော်စက်ဝန်းတစ်ခု သူသုံးတယ်။ အဝေးပို့မှော်အဆောင်ဆိုတာ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖန်တီးထားတာပါ။ မူထန်မြက်က ရွှေသန္ဓေအဆင့်တွေကိုပဲ ထိန်းချုပ်နိုင်တာလေ။ မှော်အဆောင်ကို ဘယ်လိုတားဆီးရမယ်ဆိုတာ သူမသိနိုင်ဘူး။

ပြီးတော့ ရွှံ့အိုင်ကို ရွှေ့ပြောင်းဖို့ မဟာတောင်တန်းရွှေ့မှော်စက်ဝန်းကို သုံးတယ်။ ဒါကလည်း မူထန်မြက်မသိနိုင်တဲ့ မှော်စက်ဝန်းမျိုးပဲ။

တစ်ယောက်ယောက်က သူရှင်သန်နိုင်ဖို့ ဒီနည်းလမ်းတွေကို သင်ပေးခဲ့တာပဲဖြစ်ရမယ်လေ။ မူထန်မြက် ဒီအကြောင်းသိသွားမှာစိုးလို့ သူ့မှတ်ဉာဏ်ကို ပြောင်းလဲထားတာ။

မူထန်မြက်ဟာ စုစည်းခြင်းအဆင့်ကျင့်ကဲ့သူတစ်ယောက်ကို အဆင့်ငယ်တစ်ခုတက်ဖို့ ကူညီနိုင်တယ်ဆိုတော့ နောက်ကွယ်ကလူဟာ သေချာပေါက် စုစည်းခြင်းအဆင့်ပဲဖြစ်မယ်။

သူ့အတွက်အရေးပါတဲ့ မူထန်မြက်ပေါ်မှာ သေချာပေါက် မှော်အမှတ်အသား ထားခဲ့မှာပဲ။ အမှတ်အသားပျောက်သွားတာနဲ့ ဒီလူရောက်လာမှာပဲ။ ဒါကြောင့် နောက်ကွယ်ကလူကို ကူဖမ်းပေးဖို့ တပ်မှူးကျန်းကို အကူအညီတောင်းတာပါ"

တပ်မှူးကျန်း လက်ယမ်းပြသည်။

"အကူညီတောင်းတယ်လို့ မပြောပါနဲ့။ ကာကွယ်ရေးမှူးတစ်ယောက်အနေနဲ့ ဒါက ငါ့တာဝန်ပါ။ မင်းကိုတောင် ငါကကျေးဇူးတင်သင့်တာ။ မင်းကြောင့်သာမဟုတ်ရင် မူထန်မြက်နဲ့ နောက်ကွယ်မှာပုန်းနေတဲ့လူက လူတွေကိုဘယ်လောက်ကြာအောင် ဒုက္ခပေးနေဦးမယ်မသိဘူး"

နှစ်ယောက်သား စကားပြောရင်း နတ်ဆိုးချုပ်တောင်ကြားသို့ ပြန်ရောက်လာသည်။

တပ်မှူးကျန်းက မီးခိုးရောင်လူကို ညတွင်းချင်းစစ်မေးရမည်ဖြစ်၍ လုယန်နှင့် လမ်းခွဲထွက်သွားသည်။

တည်းခိုခန်းသို့ လုယန် ပြန်သည်။ မုန်ကျင်းကျိူးတို့သုံးယောက်က လုယန်ရွှေသန္ဓေအဆင့်တက်သည့်အတွက် ဂုဏ်ပြုစားသောက်ပွဲ ပြင်ဆင်ထားသည်။

"လာဟေ့၊ လုယန်ရွှေသန္ဓေအဆင့်ရောက်သွားတဲ့အတွက် ဂုဏ်ပြုကြမယ်"

လေးယောက်သား ခွက်မြှောက်၍ တစ်ချီတည်းကုန်အောင်မော့ကြသည်။

"လုယန်က အဆင့်တက်သွားပြီဆိုတော့ ငါတို့လည်းမြန်မြန်တိုးတက်အောင် အရှိန်မြှင့်မှဖြစ်မယ်။ ငါ့မှာတော့ စိတ်ကူးတစ်ချို့ရျိတယ်။ မင်းတို့နှစ်ယောက်ကရော ဘယ်လိုလဲ"

မုန်ကျင်းကျိုးက မေးသည်။

"ကျွန်မက ပုံရိပ်ယောင်နဲ့ပတ်သက်တဲ့ ရွှေသန္ဓေတစ်ခုတည်ဆောက်ဖို့ စဉ်းစားနေတာ။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာဖို့လိုသေးတယ်"

"ကျုပ်ကတော့ ဘယ်လိုရွှေသန္ဓေတည်ဆောက်မယ်ဆိုတာတောင် မဆုံးဖြတ်ရသေးဘူး"

အရိုးရိုင်းက နည်းနည်းရှက်နေဟန်ဖြင့် ပြုံးပြသည်။

"စိတ်မလောပါနဲ့။ ငါတို့မှာ အချိန်တွေအများကြီးရှိသေးတာပဲ။ လုယန်ကလွဲရင် မျိုးဆက်တူတွေထဲမှာ ငါတို့သုံးယောက်က ကျင့်စဉ်တိုးတက်မှု အမြန်ဆုံးပါ။ စိတ်လောဖို့မလိုပါဘူး"

မုန်ကျင်းကို အရိုးရိုင်းကို အကြံပေးသည်။ အရိုးရိုင်း ခေါင်းငြိမ့်သည်။

"ငါ့ကျင့်စဉ်အဆင့်တည်ငြိမ်အောင် ဂိုဏ်းကိုပြန်ဖို့လိုတယ်။ မနက်ဖြန် လှေပျံတစ်စီးရှိတယ်။ ဒီတော့ မင်းတို့နဲ့ တောနက်ထဲကို ငါမလိုက်တော့ဘူး"

သုံးယောက်လုံး နားလည်ကြသည်။ လုယန်က ရွှေသန္ဓေအဆင့်ရောက်ပြီဖြစ်၍ သူတို့နှင့်အတူ နတ်ဆိုးသားရဲများကို အမဲလိုက်လျှင် အခက်အခဲရင်ဆိုင်ရမည်ဟူသည့်စိတ်မျိုး လုံးဝရှိတော့မည်မဟုတ်။ သူတို့လေ့ကျင့်မှုအတွက် ထိရောက်မှုလျော့ပါးသွားမည်။

နောက်တစ်နေ့မနက်စောစောတွင် တောင်ကြားမြို့မှ ‌ဒေသထွက်လက်ဆောင်ပစ္စည်းတစ်ချို့ဝယ်သည်။ မူထန်မြက်ကိုယူ၍ မုန်ကျင်းကျိုးတို့ကိုနှုတ်ဆက်ပြီး လှေပျံပေါ်တက်သွားသည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ သူ့ဘာသာပျံသန်းသွားဖို့ မရွေးချယ်သည်မှာ အကြောင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်က တာအိုလမ်းစဉ်ဂိုဏ်းနှင့် နတ်ဆိုးချုပ်တောင်ကြားမြို့သည် ခရီးဝေးလွန်းသည်။ ရွှေသန္ဓေအဆင့်၏ ဝိညာဉ်စွမ်းအားသိုလှောင်မှုပမာဏဖြင့် မလုံလောက်။ မကြာခဏရပ်၍ အနားယူရမည်။ သိပ်အဆင့်မပြေ။

နောက်တစ်ချက်က သူအမြင့်ကြောက်သောကြောင့်ဖြစ်သည်။

သို့သော် ပထမတစ်ချက်ကသာ အဓိကဖြစ်ပါသည်။

လှေပျံအခန်းထဲ၌ တောက်ပသည့်သူ့ပြိုင်ဘက်ကင်းသန္ဓေကို လေ့လာချင်စိတ်ပေါ်လာသည်။ သိစိတ်နယ်မြေသို့ သူဝင်သွားသည်။ ထာဝရနတ်မယ်က အိပ်ပျော်နေသည်။

နတ်မယ်သည် နေ့နှင့်ညမခွဲခြားသည်မှာ သိသာလှသည်။

"အဲ..လုယန်။ နင်ဘာလို့ဒီရောက်နေတာလဲ'

နတ်မယ် မျက်လုံးကိုပွတ်၍ လုယန်ကို အိပ်ချင်မူးတူးနှုတ်ဆက်သည်။

အစက ပြိုင်ဘက်ကင်းသန္ဓေအကြောင်း လုယန် မေးချင်ခဲ့သည်။ သို့သော် တကယ်နှုတ်မှထွက်လာချိန်တွင် စကားလုံးပြောင်းသွားသည်။

"နတ်မယ်၊ နည်းနည်းထပ်အိပ်လိုက်ပါဦးလား"

"အင်း"

နတ်မယ် ချက်ချင်းပြန်အိပ်သွားသည်။

လုယန် - "..."

ကျုပ်က ယဉ်ကျေးမှုအရပဲ ပြောလိုက်တာပါ။

*************************************

All Chapters